အခန်း ၁၈၁၆
Vol. 122 Ch. 1816
အခန်း (၁၈၁၆)
မိုးကြိုးမြွေဂိုဏ်း တစ်ဂိုဏ်းလုံးကို လိုချင်တယ်
မရေမတွက်နိုင်သော လမ်းစဉ်များထဲတွင်သတ်ဖြတ်ခြင်းလမ်းစဉ်သည် ကျင့်ကြံရန် အခက်ခဲဆုံး လမ်းစဉ်များအနက် တစ်ခုဖြစ်သည်။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို နတ်ဘုရင်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ရန်အတွက် ပြိုင်ဘက်ကင်း ထူးချွန်သူ အမြောက်အမြားကို သတ်ဖြတ်ရန် လိုအပ်၏။
မိုးကြိုးမြွေ နတ်ဘုရင်သည် သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားလိုက်ရလျှင် လက်နက်ချလိုသော စိတ်များ သူ၏ရင်ထဲ၌ ပေါ်ပေါက်လာတော့သည်။
သို့သော် သူ မကျေမနပ် ဖြစ်နေဆဲ အရာတစ်ခု ရှိနေသေး၏။ သူတို့ ရရှိထားသော ထောက်လှမ်းရေး အစီရင်ခံစာများအရ လျှို့ဝှက်လဝန်းနန်းတော်၌ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံသည့် နတ်တစ်ပါးမှ မရှိရာ ဤနတ်သည် လျှို့ဝှက်လဝန်းနန်းတော်မှ မဟုတ်နိုင်ဟု သူက ယူဆလိုက်၏။
အကယ်၍ ဤနတ်ကို သူက စည်းရုံးနိုင်ခဲ့ပြီး မိုးကြိုးမြွေဂိုဏ်းသို့ ဝင်ခိုင်းနိုင်လျှင် ဤအန္တရာယ် ဧကန်မုချ ပြေလည်သွားပေလိမ့်မည်။ အန္တရာယ် ပြေလည်သွားရုံသာမက ဤသတ်ဖြတ်ခြင်း နတ်ဘုရင် ရှိနေခြင်းကြောင့် မိုးကြိုးမြွေဂိုဏ်း၏ အင်အားသည် လျှို့ဝှက်လဝန်းနန်းတော်ကို ချက်ချင်းပင် ကျော်လွန်သွားမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် မိုးကြိုးမြွေဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်လည် သိမ်းပိုက်နိုင်ရန်ပင် ဖြစ်နိုင်ခြေ ရှိနိုင်၏။
မိုးကြိုးမြွေ နတ်ဘုရင်၏ စကားများကို ကြားလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများမှ နတ်များရင်ထဲ၌ တုန်လှုပ်သွားကြသည်။ မိုးကြိုးမြွေ နတ်ဘုရင်က တိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ထိုသို့ ပြောလာခြင်းမှာ လျှို့ဝှက်ဆန်းကြယ်သော သတ်ဖြတ်ခြင်း နတ်ဘုရင်ကို စည်းရုံးလိုခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ထိုလက်အောက်ခံ အင်အားစုများသည် သတ်ဖြတ်ခြင်းနယ်ပယ်ကို ထုတ်ဖော်လိုက်သူက လုချန်းဖြစ်ကြောင်း မသိကြပေ။ ထိုအခိုက်တွင် ထိုသူများလည်း မိုးကြိုးမြွေ နတ်ဘုရင်ကဲ့သို့ပင် ဤသတ်ဖြတ်ခြင်း နတ်ဘုရင်သည် လျှို့ဝှက်လဝန်းနန်းတော်မှ မဟုတ်ဟု ယုံကြည်နေကြ၏။
လျှို့ဝှက်လဝန်းနန်းတော်မှ အပြင်စည်း အကြီးအကဲများ၏ မျက်နှာပေါ်၌သာ ပြုံးစိစိ အမူအရာများ ရှိနေသည်။ လျှို့ဝှက်လဝန်းနန်းတော်မှ သူတို့၏ အတွင်းစည်း အကြီးအကဲကို စည်းရုံးနိုင်မည်ဟု ထင်နေခြင်းက မိုးကြိုးမြွေ နတ်ဘုရင်၏ လက်တွေ့မဆန်သော အိပ်မက်တစ်ခုသာ။
ထိုခဏ၌ မိုးကြိုးမြွေ နတ်ဘုရင်က
“မိတ်ဆွေ... ကျုပ် တို့ မိုးကြိုးမြွေဂိုဏ်းထဲကို ဘာလို့ မဝင်တာလဲ။ လျှို့ဝှက်လဝန်းနန်းတော်က ပေးနိုင်တဲ့အရာမှန်သမျှ ကျုပ် တို့ဂိုဏ်းကလည်း ပေးနိုင်ပါတယ်။ ခင်ဗျားကို လက်ထောက်ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ပေးပါ့မယ်။”
မိုးကြိုးမြွေ နတ်ဘုရင်၏ စကားမဆုံးမီမှာပင် လုချန်း၏ အသံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာ၏။
လုချန်းက
“လက်ထောက် ဂိုဏ်းချုပ် ဖြစ်ရတာထက်... ကိုယ်တော်က မိုးကြိုးမြွေဂိုဏ်း တစ်ခုလုံးကိုပဲ လိုချင်တာ။”
လုချန်း၏ အသံကို ကြားလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများမှ နတ်များ မှင်တက်သွားကြသည်။
ဤအသံက အကြီးအကဲချန်း၏ အသံ မဟုတ်ပါလား။
အကြီးအကဲချန်းက ဘယ်အချိန်က နတ်ဘုရင်တစ်ပါး ဖြစ်သွားရသနည်း။
အပြင်စည်း အကြီးအကဲများ၏ လုချန်းအပေါ် ဆက်ဆံပုံအရ သူ၏ အဆင့်အတန်း မရိုးရှင်းကြောင်း သူတို့ သိထားသော်လည်း လက်အောက်ခံ အင်အားစုများမှ နတ်အများစုကတော့ သူသည် လျှို့ဝှက်လဝန်းနန်းတော် ကျောင်းတော်သခင်၏ တပည့်ရင်း ဖြစ်နေခြင်းကြောင့်ဟု ထိုသို့အလေးပေး ဆက်ဆံခြင်းဟုသာ ယူဆထားကြသည်။
ထိုအခိုက်တွင် လုချန်း၏ စကားကို ကြားလိုက်ရသော မိုးကြိုးမြွေ နတ်ဘုရင်လည်း အံ့အားသင့်သွား၏။ အထူးသဖြင့် “ကိုယ်တော် “ ဟု သုံးနှုန်းလိုက်ခြင်းကြောင့် ဤစကားပြောနေသူမှာ ချင်နိုင်ငံ ကို တည်ထောင်သူဖြစ်မည်ဟု သူ ချက်ချင်းပင် သံသယဝင်သွားတော့သည်။
ချင်နိုင်ငံ၏ သခင်သည် တကယ်တမ်း၌ နတ်ဘုရင်တစ်ပါး ဖြစ်နေသည်ဟု တွေးတောမိသောအခါ အချို့သောအရာများကို ခန့်မှန်းမိသွားသည့် မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်နှာ ချက်ချင်းပင် ပျက်ယွင်းသွား၏ ။
ချင်နိုင်ငံ အတွင်း၌ နတ်ဘုရင်တစ်ပါး ရှိနေသဖြင့် လျှို့ဝှက်လဝန်းနန်းတော်က ကိုယ်တိုင်မလှုပ်ရှားပဲ ချင်နိုင်ငံ ကိုသာ ဝင်ရောက်ခိုင်းခြင်း ဖြစ်နိုင်၏။ ချင်နိုင်ငံ နှင့် လျှို့ဝှက်လဝန်းနန်းတော်အကြား တစ်စုံတစ်ရာသော ပူးပေါင်းဆောင်ရွက်မှု ရှိနေမည်မှာ ဧကန်မုချပင်။
ချင်နိုင်ငံ သည် နယ်မြေချဲ့ထွင်နိုင်ရန် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုအချို့ကို စည်းရုံးကာ သဲရှင် ဂိုဏ်း၏ သစ္စာဖောက်မှုကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း လျှို့ဝှက်လဝန်းနန်းတော်သည် ခက်ခဲသော ရန်သူဖြစ်သည့် မိုးကြိုးမြွေဂိုဏ်းကို ဖယ်ရှားရန်အတွက် အင်အား အနည်းငယ်သာ အသုံးပြုရန် လိုအပ်သည်။
ထိုအချက်ကို သိလိုက်ရသောအခါ မိုးကြိုးမြွေ နတ်ဘုရင် နှာခေါင်းရှုံ့လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်က အကွက်ကျကျ စဉ်းစား ထားခြင်းပင်။
လုချန်းနှင့် ယွမ်ယုတိတို့၏ ပတ်သက်မှုကို မိုးကြိုးမြွေ နတ်ဘုရင် မသိပေ။
သူ၏အမြင်တွင် ချင်နိုင်ငံနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့သည် အကြောင်းပြချက်အချို့ကြောင့် ပူးပေါင်းဆောင်ရွက်နေကြသည့် မတူညီသော အင်အားစုနှစ်ခုသာ ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်သည် နဂါးနယ်မြေအတွင်းရှိ ဆန့်ကျင်ဘက် အင်အားစုများကို ရှင်းလင်းရန်နှင့် သတိပေးချက် ထုတ်ပြန်ရန် လိုအပ်နေပြီး ချင်နိုင်ငံ ကတော့ နတ်ဘုရားနိုင်ငံ တည်ထောင်ရန် နယ်မြေများ လိုအပ်နေသဖြင့် ဤအင်အားစုနှစ်ခုကြား ပူးပေါင်းမှုမှာ သဘာဝကျလှသည်။
ထိုစဉ် မိုးကြိုးမြွေ နတ်ဘုရင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ ရန်တိုက်ပေးလိုက်၏။
မိုးကြိုးမြွေ နတ်ဘုရင်က
“မိတ်ဆွေ... လျှို့ဝှက်လဝန်းနန်းတော်သခင်က ခင်ဗျားကို ဘာတွေ ကတိပေးထားလဲ ကျုပ် မသိပေမဲ့... ခင်ဗျားက သူတို့ကို ကူညီပြီး မိုးကြိုးမြွေဂိုဏ်းကို တကယ် နှိမ်နင်းပေးလိုက်ရင် ခင်ဗျားတို့က သူတို့ရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်လာလိမ့်မယ်။”
“ကျုပ်တို့နဲ့ ယှဉ်ရင် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရင်က သူတို့အတွက် ပိုပြီး ခြိမ်းခြောက်မှု ဖြစ်စေမှာ မလွဲဘူး။ လျှို့ဝှက်လဝန်းနန်းတော်က ခင်ဗျားကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး။”
“ဒါကြောင့်... ကျုပ် ခင်ဗျားကို နယ်မြေအချို့ ပေးပါ့မယ်။ ကျုပ်တို့ မဟာမိတ်ဖွဲ့ရအောင်။ ခင်ဗျားကို နတ်ဘုရားနိုင်ငံ တည်ထောင်ဖို့ ကျုပ် ကူညီပေးဖို့ ဆန္ဒရှိပါတယ်။”
“မိတ်ဆွေ... လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ပရိယာယ်ကို အောင်မြင်ခွင့်မပြုပါနဲ့။”
မိုးကြိုးမြွေ နတ်ဘုရင်၏ ရန်တိုက်ပေးမှုကို ကြားလျှင် လုချန်း ခပ်တိုးတိုး ရယ်မောလိုက်၏။ နတ်ဘုရင်၏ ကျိန်စာသည် အသုံးပြုရန် အချိန်ကန့်သတ်ချက် ရှိနေသဖြင့် မိုးကြိုးမြွေ နတ်ဘုရင်ကို လျင်မြန်စွာ အနိုင်ယူရန် လိုအပ်နေရာ အချိန်ဖြုန်းရန် သူ့၌ အစီအစဉ် မရှိပေ။
လုချန်း တိတ်ဆိတ်နေသည်ကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင်လည်း သူ စည်းရုံးဖျောင်းဖျနိုင်ပြီဟု ထင်မှတ်ကာ အခွင့်အရေးကို အရယူ၍ ဆက်လက် ပြောဆိုရန် ပြင်လိုက်၏။
ထိုစဉ် သတ်ဖြတ်ခြင်းနယ်ပယ်အတွင်း၌ ထိတ်လန့်ဖွယ်ရာ ဖိအားများကို ထုတ်လွှတ်နေသော နတ်ဓားကို ကိုင်ဆောင်ထားသည့် မြင့်မားသော နိယာမပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာကာ ဓားကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။ ကြီးမားလှသော သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေသည့် ထိုတိုက်ခိုက်မှုသည် မိုးကြိုးမြွေ နတ်ဘုရင်ထံသို့ ဦးတည်သွားရာ ထိုမြင်ကွင်းကို မြင်လိုက်ရသော မိုးကြိုးမြွေ နတ်ဘုရင်လည်း ချက်ချင်းပင် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။
တစ်ဖက်လူက သူ၏စကားကို နားထောင်နေသည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း တိုက်ခိုက်မှု စတင်နေပြီ ဖြစ်၏။
မိုးကြိုးမြွေ နတ်ဘုရင်က
“ခင်ဗျားက ဒီလောက်တောင် ခေါင်းမာနေမှတော့... ကျုပ်လည်း အသေအလဲ တိုက်ရုံပဲ ရှိတာပေါ့။”
မိုးကြိုးနတ်ဘုရား စစ်စည်တော်.....
သူ ပြောလိုက်သည်နှင့် မိုးကြိုးမြွေ နတ်ဘုရင်၏ ရှေ့မှောက်၌ ဧရာမ စစ်စည်တော်ကြီးတစ်ခု ပေါ်ထွက်လာ၏။ စည်တော်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လျှပ်စီးတန်းများ အလွန် ကြမ်းတမ်းလာသည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးမြွေ နတ်ဘုရင်၏ လက်ထဲ၌ စည်တီးတံ နှစ်ခု ပေါ်လာ၏။ မိုးကြိုးမြွေ နတ်ဘုရင်သည် သူ၏ စွမ်းအား ရှိသမျှကို အသုံးပြုကာ ညာဘက်လက်ကို မြှောက်၍ စည်တီးတံဖြင့် စည်တော်ကို ရိုက်ခတ်လိုက်သည်။
နောက်တစ်ခဏတွင် စည်တော်ကြီးထံမှ မိုးကြိုးစွမ်းအားများ ပါဝင်နေသော အသံလှိုင်းများ ထွက်ပေါ်လာကာ လုချန်းထံသို့ တိုးဝင်သွားတော့၏။ မိုးကြိုးစွမ်းအားများ ပါရှိသော အသံလှိုင်းများနှင့် သတ်ဖြတ်ခြင်း ဓားဝိညာဉ်တို့ ထိပ်တိုက်ရင်ဆိုင်မိလျှင် ပြင်းထန်လှသော ပေါက်ကွဲမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး သတ်ဖြတ်ခြင်းနယ်ပယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။
မိုးကြိုးမြွေ နတ်ဘုရင်က ကောင်းကင်အဆင့် နတ်လက်နက်တစ်ခုကို ထုတ်သုံးလိုက်သည်ကို မြင်လျှင် ဤတိုက်ခိုက်မှု တစ်ခုတည်းနှင့် မိုးကြိုးမြွေ နတ်ဘုရင်ကို အနိုင်ယူရန် မလုံလောက်နိုင်ကြောင်း လုချန်း သိလိုက်၏။ ထို့နောက် သူ၏ နတ်သတ်ဓားကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သတ်ဖြတ်ခြင်းစွမ်းအားများကို တစ်ကျော့ပြန် စုစည်းလိုက်သည်။
နောက်တစ်ခဏတွင် သတ်ဖြတ်ခြင်းနယ်ပယ်အတွင်း၌ သွေးရောင်လွှမ်းသော လမ်းစဉ်တစ်ခု ပေါ်ထွက်လာ၏။
ထိုလမ်းစဉ်ကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင် ခဏခန့် မှင်တက်သွားသော်လည်း တစ်ဖက်လူက သတ်ဖြတ်ခြင်းလမ်းစဉ်၏ စွမ်းအားကို အသုံးပြုတော့မည်ကို သိလိုက်သဖြင့် သတိပြန်ဝင်လာသည်။ မိုးကြိုးမြွေ နတ်ဘုရင်ကလည်း မိုးကြိုးလမ်းစဉ်၏ စွမ်းအားကို တုံ့ပြန်အသုံးပြုလိုက်ရာ သူ၏ နိယာမပုံရိပ်အထက်တွင် လျှပ်စီးတန်းများ လည်ပတ်နေသော လမ်းစဉ်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
တစ်ခဏချင်းမှာပင် သတ်ဖြတ်ခြင်းနယ်ပယ်အတွင်း၌ သွေးနီရောင်နှင့် အပြာရောင် ဟူသော ဆန့်ကျင်ဘက် အရောင်နှစ်ခု ပေါ်ထွက်လာတော့၏။
သတ်ဖြတ်ခြင်းစွမ်းအားများကို စုစည်းပြီးနောက် လုချန်းက
“ပိလော့ နဂါးပြာဟိန်းသံ”
ဟု ကြွေးကြော်ကာ နတ်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
နောက်တစ်ခဏ၌ သတ်ဖြတ်ခြင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဧရာမ သွေးနဂါးကြီးတစ်ကောင် ရှေ့သို့ ပြေးထွက်သွားတော့၏။ သွေးနဂါးကြီး သူ ထံသို့ တိုက်ရိုက် ဦးတည်လာသည်ကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင်ကလည်း လမ်းစဉ်စွမ်းအားများကို အသုံးပြုကာ လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားလျက် မိုးကြိုးနတ်ဘုရား စည်တော်ကို မနားတမ်း ရိုက်ခတ်လိုက်သည်။
စည်သံ ပို၍ ကျယ်လောင်လာပြီး အသံလှိုင်းများတွင် ပါရှိသော မိုးကြိုးစွမ်းအားများမှာလည်း ပို၍ ကြမ်းတမ်းလာ၏။ ထို့နောက် မိုးကြိုးစွမ်းအားများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် အဝေးရှိ သွေးနဂါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်မိကြတော့၏။
လမ်းစဉ်စွမ်းအားနှစ်ခု ထိပ်တိုက်ရင်ဆိုင်မိလျှင် စူးရှလှသော အလင်းတန်းများ ရုတ်ချည်း ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းနယ်ပယ်အတွင်းရှိ လူတိုင်းနီးပါးကို မျက်စိကျိန်းသွားစေသည် ။
စူးရှသော အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားချိန်၌ သွေးနဂါးကြီးသည် ပျောက်ကွယ်သွားခြင်း မရှိပဲ မိုးကြိုးမြွေ နတ်ဘုရင်၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လူတိုင်း အံ့အားသင့်စွာ သိလိုက်ရ၏။ သတ်ဖြတ်ခြင်းစွမ်းအားများ သူ ထံသို့ တိုက်ရိုက် တိုးဝင်လာသည်ကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ပေါ်ပေါက်လာကာ သူ၏ကိုယ်ပေါ်ရှိ အကာအကွယ် နတ်လက်နက်ကို အလျင်အမြန်ပင် အသက်သွင်းလိုက်သည် ။
တစ်ခဏချင်းမှာပင် မိုးကြိုးမြွေ နတ်ဘုရင်ထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာတော့၏။
--
…………