အခန်း ၁၈၁၇
Vol. 122 Ch. 1817
အခန်း (၁၈၁၇)
မိုးကြိုးမြွေ နတ်ဘုရင် လက်နက်ချခြင်း
မိုးကြိုးမြွေ နတ်ဘုရင်သည် သူ၏ ကာကွယ်ရေး နတ်ရတနာများ အားလုံးကို အသက်သွင်းပြီးနောက် တိုးဝင်လာသော သွေးနဂါးလည်း သူနှင့် ဆယ်ပေခန့်အကွာ၌ ရပ်တန့်သွားသည်။ သို့သော် ထိုသွေးနဂါးမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ဖိအားများက သူ့ကို လှုပ်ရှား၍မရအောင် တားဆီးထားဆဲ ဖြစ်၏။
သတ်ဖြတ်ခြင်း စွမ်းအားများ စီးဝင်နေသည့် ဓားအရှိန်အဝါကို မနည်းခုခံလိုက်နိုင်သည်ကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် အန္တာရာယ်မှ လွတ်မြောက်ပြီဟု သူ ထင်မှတ်လိုက်စဉ်မှာပင် သူ့ရှေ့မှ ရွှေရောင် ကာကွယ်ရေး အလင်းတန်းသည် ဖန်သားပြင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။
ထိုအခါ မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်နှာ တစ်ဖန် ပျက်ယွင်းသွားပြန်၏။ နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်ကို သွေးနဂါးက တိုက်ရိုက် အရှိန်ပြင်းစွာ စီးနင်းတိုက်ခိုက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးမြွေ နတ်ဘုရင် လွင့်စင်ထွက်သွားရပြီး ကောင်းကင်ယံရှိ နိယာမ သူ၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိခိုက်မှုကို ကာကွယ်ရေး နတ်ရတနာများက အတန်ငယ် စုပ်ယူပေးလိုက်သောကြောင့် လုချန်း၏ ဓားစွမ်းအား များစွာ လျော့ပါးသွားခြင်း ဖြစ်သည်။ မိုးကြိုးမြွေ နတ်ဘုရင်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း လျင်မြန်စွာပင် ပြန်လည် ကုစားလိုက်၏။
သတ်ဖြတ်ခြင်း စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်သဖြင့် မိုးကြိုးမြွေ နတ်ဘုရင်သည် သူ၏ လက်သီးကို မသိမသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားရသည်။
သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ သူ၏ စွမ်းအား သိသိသာသာ လျော့နည်းနေ၏။ တစ်ဖက်လူ၏ ကြောက်မက်ဖွယ် တိုက်ကွက်နှင့် သတ်ဖြတ်ခြင်း စွမ်းအားသည် မိုးကြိုးစွမ်းအားထက် သာလွန်နေကြောင်း ထင်ရှားလာရာ ဤလူကို အနိုင်ယူရန်က သူ့အတွက် မဖြစ်နိုင်သလောက်ပင်။
မိုးကြိုးမြွေ နတ်ဘုရင်မှာ ဇဝေဇဝါ ဖြစ်နေ၏။ သတ်ဖြတ်ခြင်း လမ်းစဉ်ဖြင့် နတ်ဘုရင်အဆင့်ကို ရောက်ရှိလာသည့် ဤမျှ အစွမ်းထက်သော သူက အဘယ်ကြောင့် အရိုင်းနယ်မြေကဲ့သို့ နေရာမျိုးသို့ ရောက်လာရသနည်း။
ယုတ္တိဗေဒအရ သတ်ဖြတ်ခြင်းကို ရှေ့တန်းတင်သူတစ်ဦးသည် မြောက်ပိုင်းနယ်သို့သာ သွားသင့်သည်။ ယခု နတ်ဆိုးဧကရာဇ် ပြန်လည် ရောက်ရှိလာပြီဖြစ်ရာ မြောက်ပိုင်း၌ စစ်ပွဲကြီးများ ဧကန်မုချ ပေါ်ပေါက်လာတော့မည်။
ထိုနေရာသည်သာ သတ်ဖြတ်ခြင်းဖြင့် စွမ်းအားတိုးချင်သည့် နတ်တစ်ဦးအတွက် အကောင်းဆုံး စစ်တလင်း မဟုတ်ပါလား။
မိုးကြိုးမြွေ နတ်ဘုရင်က သွေးတစ်ပွက်ကို ထွေးထုတ်လိုက်ပြီးနောက်
“မိတ်ဆွေက ဒီလောက် အစွမ်းထက်နေပါလျက် ဘာ့ကြောင့် အရိုင်းနယ်မြေကို လာရတာလဲ။ မိတ်ဆွေ ရောက်ရှိနေသင့်တဲ့ နေရာက မြောက်ပိုင်းနယ်ပဲ...”
လုချန်းက ခပ်အေးအေးပင်
“ကျုပ် ဘယ်သွားမယ်ဆိုတာက ကျုပ်ရဲ့ လွတ်လပ်ခွင့်ပဲ”
မိုးကြိုးမြွေ နတ်ဘုရင်သည် သူ၏ လက်သီးကို နောက်တစ်ကြိမ် ဆုပ်လိုက်သော်လည်း နောက်ဆုံးတွင် အားကိုးရာမဲ့စွာဖြင့် ပြန်လွှတ်လိုက်ရ၏။ ဆက်လက် ရုန်းကန်နေခြင်းမှာ အပိုသာဖြစ်ကြောင်း သူ သိမြင်သွားပြီဖြစ်၏။
သူကဆက်လက်၍
“ကျုပ် မမှားဘူးဆိုရင် မိတ်ဆွေက နတ်ဘုရား နိုင်ငံတစ်ခုကို တည်ထောင်ဖို့ ကြံရွယ်နေတာ မဟုတ်လား။”
နတ်ဘုရင်တစ်ဦး အင်ပါယာတစ်ခု တည်ထောင်ထားခြင်းက အကြောင်းမဲ့ မဟုတ်နိုင်ပေ။ သူသည် နတ်ဘုရား နိုင်ငံ တည်ထောင်ရန် ပြင်ဆင်နေခြင်း ဖြစ်လိမ့်မည်။
မိုးကြိုးမြွေဂိုဏ်း၏ နယ်မြေကို အလိုရှိနေသည်ကိုပါ ထည့်တွက်ကြည့်လျှင် နတ်ဘုရား နိုင်ငံ တည်ထောင်မည့် အလားအလာမှာ အလွန်ပင် မြင့်မားနေသည်။
မိုးကြိုးမြွေ နတ်ဘုရင်၏ စကားကို လုချန်း တုံ့ပြန်ခြင်း မပြုပေ။
ထိုအစား သတ်ဖြတ်ခြင်း စွမ်းအားများကို တစ်ဖန် စတင် စုဆောင်းလိုက်၏။ လုချန်းက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင်က အလျင်အမြန်ပင်
“ကျုပ် ချင်နိုင်ငံထံမှာ အညံခံပြီး လက်အောက်ခံအဖြစ် အမှုထမ်းဖို့ ဆန္ဒရှိပါတယ်။”
“ကျုပ်သာ ချင်နိုင်ငံနဲ့ ပူးပေါင်းလိုက်ရင် နိုင်ငံရဲ့ ကံစွမ်းအားကို ဧကန်မုချ မြှင့်တင်ပေးနိုင်မှာပါ။ ဒါဆိုရင် နတ်ဘုရား နိုင်ငံကို တည်ထောင်တဲ့အခါ ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ အသိအမှတ်ပြုမှုကို ရဖို့ ပိုပြီး လွယ်ကူသွားပါလိမ့်မယ်။”
လုချန်းအနေနှင့် နတ်ဘုရား နိုင်ငံကို ပို၍ တန်ဖိုးထားလိမ့်မည်ဟု မိုးကြိုးမြွေ နတ်ဘုရင် လောင်းကြေးထပ်လိုက်ခြင်း ဖြစ်၏။ ယေဘုယျအားဖြင့် သတ်ဖြတ်ခြင်း လမ်းစဉ် လျှောက်လှမ်းသူများသည် သတ်ဖြတ်ခြင်းကိုသာ နှစ်သက်ကြသည်။ အကယ်၍ အခြား အခြေအနေမျိုးတွင်သာ တွေ့ဆုံခဲ့ပါက သတ်ဖြတ်ခြင်းကို အခြေခံသည့် နတ်ဘုရင်က သူ့ကို သတ်ပစ်ရန် ဝန်လေးမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ပိုမို အစွမ်းထက်လာစေရန် အားကောင်းသော ပြိုင်ဘက်များကို အမြဲမပြတ် သတ်ဖြတ်နေရသောကြောင့် ဖြစ်သည်။
သို့သော် နတ်ဘုရား နိုင်ငံ တည်ထောင်ရန် စဉ်းစားနေသူတစ်ဦး အနေနှင့်တော့ သတ်ဖြတ်ခြင်း လမ်းစဉ်ကို လိုက်စားသည့် နတ်ဘုရင်ပင် ဖြစ်နေလျှင်ပင် သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို အတန်ငယ် ထိန်းချုပ်ထားလိမ့်မည်ဟု မိုးကြိုးမြွေ နတ်ဘုရင် ယုံကြည်နေ၏။
အကယ်၍ တစ်ဖက်လူက ငြင်းပယ်ပြီး သူ၏ အလောင်းကို နင်းဖြတ်၍ သတ်ဖြတ်ခြင်း လမ်းစဉ်ကိုသာ ဆက်လက် ကျင့်ကြံလိုပါက သူ၏ရှေ့တွင် သေသည်အထိ တိုက်ခိုက်ရန် သို့မဟုတ် လုချန်းနှင့်အတူ အသေခံရန်ဟူသော လမ်းနှစ်သွယ်သာ ကျန်ရှိတော့မည်။
ထိုအခိုက်အတန့်တွင် မိုးကြိုးမြွေ နတ်ဘုရင်စိတ်ထဲ လုချန်းနှင့်အတူ သေဆုံးနိုင်ရန် သူ၏ ဝိညာဉ်ကို ကိုယ်တိုင် ဖျက်ဆီးပစ်ရန်အထိပင် ပြင်ဆင်ထားပြီးဖြစ်၏။
ခဏခန့် အတွေးထဲ နစ်မြောသွားပြီးနောက် လုချန်းက
“ဝိညာဉ်မူလအစ”
ဟု ဆိုလာ၏။
ထိုအရာကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင် ဝေခွဲမရ ဖြစ်သွား၏။ အကယ်၍ သူ၏ ဝိညာဉ်မူလအစကိုသာ အပ်နှံလိုက်ပါက သူ၏ အသက်သည် ရှေ့မှ နတ်ဘုရင်၏ လက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားတော့မည်။
ထိုအခါ သူ၏ ဝိညာဉ်ကို ကိုယ်တိုင် ဖျက်ဆီးပစ်ရန်လည်း မဖြစ်နိုင်တော့ပေ။
မိုးကြိုးမြွေ နတ်ဘုရင် တွန့်ဆုတ်နေသည်ကို လုချန်း မြင်လျှင် သတ်ဖြတ်ခြင်း စွမ်းအားများကို နောက်တစ်ဖန် စုစည်းလိုက်၏။ မိုးကြိုးမြွေ နတ်ဘုရင်နှင့် စကားအရှည်ကြီး ပြောနေရန် သူ့၌ အချိန်မရှိပေ။ သူ့ကို ဖြေရှင်းပြီးနောက် နတ်ဘုရင် လင်ရင်ကို သွားရောက် ကူညီရန် လိုအပ်သေးသည်။
လုချန်းထံမှ ရောက်လာတော့မည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် မိုးကြိုးမြွေ နတ်ဘုရင်လည်း သူ၏ လက်သီးကို တတိယအကြိမ် ဆုပ်လိုက်ပြန်၏။ ဝိညာဉ်မူလအစကို အပ်နှံခြင်း မပြုပဲ ဝိညာဉ်ကို ကိုယ်တိုင် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လျှင်ပင် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ လုချန်းနှင့်အတူ သေဆုံးနိုင်ရန်က မသေချာလှပေ။
သူသည် သေခြင်းထက် ရှင်ခြင်းကိုသာ လိုလားသူဖြစ်၏။ တစ်ဖက်လူသည် သတ်ဖြတ်ခြင်း လမ်းစဉ်ကို လိုက်စားသူ ဖြစ်သော်လည်း နတ်ဘုရား နိုင်ငံ တည်ထောင်တော့မည် ဖြစ်ရာ နတ်ဘုရင်တစ်ဦး၏ စွမ်းအားသည် ချင်နိုင်ငံအတွက် ပို၍ တန်ဖိုးရှိလိမ့်မည်။
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် မိုးကြိုးမြွေ နတ်ဘုရင်လည်း သူ၏ ဝိညာဉ်မူလအစကို ပြတ်သားစွာပင် ထုတ်ဖော် အပ်နှံလိုက်၏။ လေထဲတွင် ဝဲပျံနေသည့် ထိုဝိညာဉ်မူလအစကို မြင်လျှင် လုချန်း လက်ကို မြှောက်လိုက်ရာ သူ၏ လက်ထဲသို့ ထိုအရာ ပျံသန်း ဝင်ရောက်သွားတော့သည်။
နောက်တစ်ခဏ၌ သူ၏ အသက်ကို အခြားသူတစ်ဦးက ထိန်းချုပ်လိုက်သည်ကို မိုးကြိုးမြွေ နတ်ဘုရင် ခံစားလိုက်ရ၏။ ဤအရာသည် အလွန်ပင် နေရထိုင်ရ ခက်ခဲသော ခံစားချက်မျိုး ဖြစ်သော်လည်း အသက်ရှင်သန်နိုင်ရန်အတွက် သူ ကြိုးစား၍ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရမည်။
ထိုအခိုက်အတန့်တွင် မိုးကြိုးမြွေ နတ်ဘုရင်က ရိုသေစွာဖြင့်
“ဘုရင်ကြီးကို ဂါရဝပြုပါတယ်”
မိုးကြိုးမြွေ နတ်ဘုရင် အညံခံလိုက်သည်နှင့် ချင်နိုင်ငံ၏ ကံစွမ်းအားများ သိသိသာသာ မြင့်တက်လာသည်ကို လုချန်း ချက်ချင်းပင် အာရုံခံလိုက်မိ၏။
ထို့နောက် လုချန်းလည်း သတ်ဖြတ်ခြင်း နယ်ပယ်ကို ရုပ်သိမ်းလိုက်၏။ နယ်ပယ် ပျောက်ကွယ်သွားသည်နှင့်အမျှ ကောင်းကင်ယံမှာလည်း ၎င်း၏ မူလအသွင်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
သတ်ဖြတ်ခြင်း နယ်ပယ် ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် မိုးကြိုးမြွေ နတ်ဘုရင်၏ အသံ စစ်တလင်းတစ်ခုလုံး၌ ဟိန်းထွက်သွားခဲ့သည်။
“ဒီနေ့ကစပြီး မိုးကြိုးမြွေဂိုဏ်းဟာ ချင်နိုင်ငံထံမှာ အညံခံလိုက်ပြီ။ မိုးကြိုးမြွေဂိုဏ်းသားအားလုံး အခုချက်ချင်း တိုက်ခိုက်တာကို ရပ်တန့်ကြ။”
ထိုအမိန့်ကို ကြားလျှင် ပြန်လည် တိုက်စစ်ဆင်ရန် ပြင်ဆင်နေသည့် မိုးကြိုးမြွေဂိုဏ်းသားများ ထိုနေရာတင်ပင် ကြောင်အသွားကြ၏။
သူတို့၏ ဂိုဏ်းချုပ်က အညံခံလိုက်တာလား။
ဆိုလိုသည်မှာ သူတို့၏ ဂိုဏ်းချုပ်နှင့် ထိုသတ်ဖြတ်ခြင်း လမ်းစဉ်ကို လိုက်စား နတ်ဘုရင်တို့အကြား အနိုင်အရှုံး အဖြေထွက်သွားပြီဟု ဆိုလိုခြင်း ဖြစ်လိမ့်မည်။
ရှုံးနိမ့်ခြင်း၏ အရသာက မိုးကြိုးမြွေဂိုဏ်းသားတိုင်း၏ ရင်ထဲသို့ စီးဝင်သွားတော့သည်။ သို့သော် သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် နတ်ဘုရင်တစ်ဦးကို အနိုင်ယူရန်က သာမန် နတ်ဘုရင်တစ်ဦးအတွက် မဖြစ်နိုင်သလောက် ဖြစ်ကြောင်း သူတို့ သိထားကြ၏။
တစ်ဖက်လူက အလွန် ဒဏ်ရာပြင်းနေခြင်း သို့မဟုတ် သက်တမ်းကုန်ခါနီး ဖြစ်နေခြင်းမျိုးမှလွဲ၍ အနိုင်ရရန် ခဲယဉ်းလှသည်။
အခြားနည်းလမ်းတစ်ခုမှာ နည်းဗျူဟာ ပုံစံတစ်ခုကို သုံး၍ အချိန်ဆွဲထားရန် ဖြစ်သော်လည်း မိုးကြိုးမြွေဂိုဏ်း၏ နည်းဗျူဟာ ပုံစံများကို အသုံးပြု၍ မရနိုင်တော့ပေ။ ဤအခြေအနေမျိုးတွင် အညံခံခြင်းမှာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လိမ့်မည်။
မိုးကြိုးမြွေ နတ်ဘုရင်၏ ကြေညာချက်နောက်တွင် မိုးကြိုးမြွေဂိုဏ်းနှင့် ချင်နိုင်ငံတို့အကြား တိုက်ပွဲလည်း ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ထိုအခိုက်အတန့်တွင် အဝေးတစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် သဲမုန်တိုင်းများ အလိပ်လိုက် တက်လာ၏။ ထိုအရာသည် နတ်ဘုရင် လင်ရင်နှင့် နတ်ဘုရင် သဲရှင်တို့၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ဖြစ်ကြောင်း ထင်ရှားလှသည်။
လုချန်း၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရင် လင်ရင်နှင့် နတ်ဘုရင် သဲရှင်တို့ ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။
မကြာမီမှာပင် သူတို့နှစ်ဦး တိုက်ခိုက်နေသည့် သဲကန္တာရသို့ လုချန်း ရောက်ရှိသွား၏။ ထိုအချိန်တွင် နတ်ဘုရင် သဲရှင်သည် ပြင်းထန်စွာ ဒဏ်ရာရနေပြီး ပါးစပ်ထောင့်မှလည်း သွေးများ စီးကျနေ၏။ သူ၏ နောက်ကျောဘက်ရှိ နိယာမ ပုံရိပ်မှာလည်း အချိန်မရွေး ပျောက်ကွယ်သွားလုမတတ် ပို၍ ပို၍ ဝေဝါးလာနေပြီဖြစ်သည်။
အခြား နတ်ဘုရင်တစ်ဦး၏ အငွေ့အသက်ကို အာရုံခံလိုက်မိသည်နှင့် တစ်ပြိုင်နက် နတ်ဘုရင် သဲရှင်၏ မျက်နှာ ပျက်ယွင်းသွား၏။ ရောက်ရှိလာသူမှာ မိုးကြိုးမြွေ နတ်ဘုရင် မဟုတ်ပဲ သူစိမ်းတစ်ဦး ဖြစ်နေသည်ကို မြင်လျှင် သူ၏ ရင်ထဲ၌ ထိတ်လန့်မှုများ လှိုင်းထသွားတော့သည်။
ဘာတွေ ဖြစ်နေတာလဲ။
ဘာဖြစ်လို့ ဒီမှာ နောက်ထပ် နတ်ဘုရင်တစ်ဦး ရှိနေရတာလဲ။
မိုးကြိုးမြွေ နတ်ဘုရင်ကော ဘယ်ရောက်သွားပြီလဲ။
လုချန်း ရောက်လာသည်ကို မြင်လျှင် ပင်မစစ်မြေပြင်ရှိ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း နတ်ဘုရင် လင်ရင် သိလိုက်သဖြင့် သူမ၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်၏။
နတ်ဘုရင် သဲရှင်က လုချန်းကို သတိကြီးစွာဖြင့် အကဲခတ်လိုက်ပြီး
“ခင်ဗျားက ဘယ်သူလဲ။ လျှို့ဝှက်လဝန်းနန်းတော်မှာ အမျိုးသား နတ်ဘုရင် မရှိပါဘူး မဟုတ်လား။”
လုချန်းက တည်ငြိမ်စွာပင်
“ကိုယ်တော်က လျှို့ဝှက်လဝန်းနန်းတော်က နတ်ဘုရင် မဟုတ်ဘူးဆိုတာတော့ မှန်ပါတယ်။”
လုချန်း သူ့ကျုပ်ကိုသူ “ကိုယ်တော်” ဟု သုံးစွဲပြောဆိုသည်ကို ကြားလျှင် ဤသူသည် ချင်နိုင်ငံကို တည်ထောင်သူ ဖြစ်ကြောင်း နတ်ဘုရင် သဲရှင် ချက်ချင်းပင် သိမြင်သွား၏။
လျှို့ဝှက်လဝန်းနန်းတော်က ဝင်မပါပဲ အဘယ်ကြောင့် ချင်နိုင်ငံကသာ မိုးကြိုးမြွေဂိုဏ်းကို တိုက်ခိုက်ရန် အင်အားစုဆောင်းခဲ့ကြောင်းကိုလည်း သူ ချက်ချင်းပင် နားလည်သွား၏။ ဤအရာက နတ်ဘုရား နိုင်ငံ တည်ထောင်ရန် အတွက် ဖြစ်ကြောင်း ထင်ရှားလှသည်။
--
…………