← Chapters

အခန်း ၁၈၁၉

Vol. 122 Ch. 1819

အခန်း ၁၈၁၉

Vol. 122 Ch. 1819

အခန်း (၁၈၁၉)

အကူအညီတစ်ခု တောင်းခံခြင်း

မိုးကြိုးမြွေဂိုဏ်းသည် ချင်နိုင်ငံထံ အရှုံးပေးပြီးနောက် မိုးကြိုးမြွေဂိုဏ်း၏ မြို့အားလုံးကို ချင်နိုင်ငံထဲ သိမ်းပိုက်စေခဲ့၏။ ထို့နောက် လုချန်းသည် အခြေအနေကို စစ်ဆေးရန် ထိုဂိုဏ်းသို့ ကိုယ်တိုင် သွားရောက်ခဲ့၏။

နေဝင်တောင်တန်း၏ အနောက်ဘက် ချိုင့်ဝှမ်းတစ်ခုတွင် မိုးကြိုးမြွေဂိုဏ်း တည်ရှိသည်။ ထိုနေရာတွင် နတ်အငွေ့အသက်များ ကြွယ်ဝပြီး မြေမျက်နှာပြင် အလွန်ညီညာသောကြောင့် နတ်မြို့တစ်မြို့ တည်ထောင်ရန် အကောင်းဆုံးနေရာပင် ဖြစ်၏။

မိုးကြိုးမြွေဂိုဏ်း တည်ရှိရာ ချိုင့်ဝှမ်းကို မြို့တော်အဖြစ် အသုံးပြုရန် လုချန်း မဆိုင်းမတွပင် ဆုံးဖြတ်လိုက်သည်။ ဂိုဏ်းတစ်ခုလုံးကို ပြန်လည်တည်ဆောက်ရန်လည်း မိုးကြိုးမြွေဂိုဏ်း တပည့်များကို သူ ညွှန်ကြားလိုက်၏။

အချိန်တိုအတွင်း မိုးကြိုးမြွေဂိုဏ်း၏ ကြီးမားသော ပြောင်းလဲမှုများကို မြင်လျှင် နတ်ဘုရင် မိုးကြိုးမြွေ စိတ်မကောင်း ဖြစ်ရသည်။ ဤနေရာမှ ယာယီထွက်ခွာသွားပြီး ပြန်လည်တည်ဆောက်မှုများ ပြီးစီးမှသာ ပြန်လာရန်ပင် သူက စဉ်းစားမိ၏။

မိုးကြိုးမြွေချိုင့်ဝှမ်း အထက်တွင် ဧကရာဇ်မြို့တော်ကို ကြိုးစားပမ်းစား တည်ဆောက်နေကြသော အောက်ဘက်ရှိ နတ်များကို နတ်လှေ၏ ကုန်းပတ်ပေါ်၌ ရပ်လျက် လုချန်း စောင့်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် တစ်ခုခုကို လုချန်း ရုတ်တရက် သတိရသွားသည်။

သူ့ဘေးရှိ မိုးကြိုးမြွေနတ်ဘုရင်ကို လုချန်းက

“မိုးကြိုးမြွေနတ်ဘုရင် ... ကျုပ်ရဲ့ နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီးရင် ခင်ဗျားက မိုးကြိုးမြွေကျောင်းတော်ကို တည်ထောင်ပြီး ကျောင်းသားတွေ လက်ခံနိုင်တယ်။”

လုချန်း၏ စကားကို ကြားလျှင် မိုးကြိုးမြွေနတ်ဘုရင် အနည်းငယ် မှင်တက်သွား၏။ မိုးကြိုးမြွေဂိုဏ်း မရှိတော့သော်လည်း သူနှင့် သက်ဆိုင်သော ကျောင်းတော်တစ်ခု တည်ထောင်နိုင်ခြင်းက အနည်းဆုံးတော့ အမွေအနှစ်တစ်ခု ကျန်ရှိစေမည် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ထိုကျောင်းတော်ကို အခြေခံပြီး သူ၏ အင်အားစုကို သူ တည်ဆောက်နိုင်ခြင်း ဖြစ်၏။

ဤအချက်ကို သဘောပေါက်သွားလျှင်

မိုးကြိုးမြွေ နတ်ဘုရင်က လုချန်းကို

“ကျေးဇူးတင်ပါတယ် ဘုရင်ကြီး”

ထိုအခိုက်တွင် မိုးကြိုးမြွေနတ်ဘုရင်က

“ကျုပ်မှာ မေးခွန်းတစ်ခုရှိပါတယ်... ဘုရင်ကြီးကို မေးမြန်းခွင့်ပြုပါ”

လုချန်း ခပ်အေးအေးပင်

“မေးပါ”

မိုးကြိုးမြွေနတ်ဘုရင်က

“ဘုရင်ကြီးရဲ့ အစွမ်းနဲ့ဆိုရင် တခြားနယ်ပယ်တွေမှာ နတ်ဘုရားနိုင်ငံ တည်ထောင်ဖို့က ပိုလွယ်ကူမှာပါ... ဘုရင်ကြီးက ဘာကြောင့် အရိုင်းနယ်မြေကို လာဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ ကျုပ် သိချင်မိပါတယ်။”

သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသော နတ်ဘုရင်တစ်ပါးအတွက် နတ်ဘုရားနိုင်ငံ တည်ထောင်ခြင်းက သာမန်နတ်သခင်များထက်ပင် ပိုလွယ်ကူပေလိမ့်မည်။ ထို့ပြင် အခြားနယ်မြေများတွင် လူဦးရေ ပိုထူထပ်သောကြောင့် နတ်မြို့အနည်းငယ်ကို သိမ်းပိုက်ရုံဖြင့် နတ်ဘုရားနိုင်ငံကို တည်ထောင်နိုင်ပေသည်။

အရိုင်းနယ်မြေကတော့ လူဦးရေ ကျဲပါးလှသည်။ ထို့ကြောင့် နတ်ဘုရားနိုင်ငံ တည်ထောင်ရန် အင်အားစုများစွာကို သိမ်းသွင်းရမည်ဖြစ်ရာ အချိန် ပိုကုန်ဆုံးစေမည် ဖြစ်၏။

အရေးအကြီးဆုံးအချက်မှာ နတ်ဘုရင်များသည် ပုံမှန်အားဖြင့် ကံစွမ်းအားများ စုဆောင်းရန်အတွက် နတ်ဘုရားနိုင်ငံ တည်ထောင်လေ့ရှိကြပြီး ထိုမှတစ်ဆင့် အဆင့်တက်နိုင်ရန် သူတို့၏ အစွမ်းကို မြှင့်တင်ကြခြင်း ဖြစ်သည်။ နတ်ဘုရားနိုင်ငံတွင် လူဦးရေ များပြားပြီး အစွမ်းထက်သူများ ပိုရှိလေလေ ကံစွမ်းအား ပိုတိုးတက်လေလေ ဖြစ်၏။

လုချန်းသည် ကံစွမ်းအားကိုသာ လိုလားသည်ဆိုလျှင် အစွမ်းထက်သူ မများလှသော အရိုင်းနယ်မြေကဲ့သို့ နေရာမျိုးထက် အစွမ်းထက်သူများ ပေါများသည့် အရှေ့ပိုင်းနယ် သို့မဟုတ် အလယ်ပိုင်းနယ်တို့တွင် နတ်ဘုရားနိုင်ငံ တည်ထောင်ခြင်းက ပို၍ သင့်လျော်လိမ့်မည်။

အစွမ်းထက်သူများပြားသဖြင့် နယ်မြေချဲ့ထွင်ရန် ခက်ခဲနိုင်သော်လည်း သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်သော နတ်ဘုရင်တစ်ပါးအနေနှင့် အလယ်ပိုင်းနယ် သို့မဟုတ် အရှေ့ပိုင်းနယ်မှ နတ်သခင်များ ဝင်မနှောင့်ယှက်ပါက နတ်ဘုရားနိုင်ငံ တည်ထောင်ခြင်းက သူ့အတွက် အလွန်လွယ်ကူပေလိမ့်မည်။

အရိုင်းနယ်မြေတွင် တစ်စုံတစ်ရာသော ထူးခြားသည့် ရတနာများ သို့မဟုတ် အခွင့်အရေးများကို လုချန်း တွေ့ရှိထားသည်ဟု နတ်ဘုရင် မိုးကြိုးမြွေ မသင်္ကာဖြစ်မိရ၏။ ထိုကြောင့်သာလျှင် နတ်အငွေ့အသက် ကျဲပါးပြီး ကျယ်ဝန်းသော်လည်း လူသူကင်းမဲ့သည့် ဤနေရာတွင် နတ်ဘုရားနိုင်ငံ တည်ထောင်ရန် သူ လာရောက်ခြင်း ဖြစ်မည်။

မိုးကြိုးမြွေနတ်ဘုရင်၏ မေးခွန်းကို ကြားလျှင် လုချန်း၏ နောက်၌ ပါလာသော အခြားနတ်များအားလုံးက သူ့ကို ခေါင်းလှည့်ကြည့်လိုက်ကြ၏။ ထိုမေးခွန်းကို သူတို့လည်း အလွန် သိချင်နေကြသည်။

ထိုအခိုက်တွင် လုချန်းက တည်ငြိမ်စွာပင်

“ကျုပ်ရဲ့ အဖော်က အရိုင်းနယ်မြေကို လာလို့ပါ။”

ထိုအရာကို ကြားလျှင် လူတိုင်း ခဏခန့် မှင်တက်သွားကြ၏။

ဒီအကြောင်းပြချက်သက်သက်ပဲလား။

သူ့အဖော်က အရိုင်းနယ်မြေကို လာလို့ သူက လိုက်လာတာတဲ့လား။

ဤစကားက သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည့် နတ်ဘုရင်တစ်ပါး ပြောရမည့်စကားမျိုးလား။

မည်သည့်အချိန်ကစ၍ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်သော နတ်ဘုရင်တစ်ပါးက အချစ်ရေးအရှုပ်အထွေးများတွင် နစ်မောနေတတ်သနည်း။

ဘုရင်ကြီးက သူတို့ကို တကယ့်အကြောင်းရင်းကို မပြောပြချင်၍သာ ဖြစ်မည်ဟု သူတို့ တွေးလိုက်ကြသည်။ ထို့ကြောင့် ဤအကြောင်းအရာကို သူတို့ ဆက်မမေးတော့ပေ။

မည်သို့ပင်ဆိုစေ သူ အရိုင်းနယ်မြေတွင် ရှိနေပါက ဘာကြောင့် ဤနေရာသို့ လာခဲ့သည်ကို နောက်ဆုံးတွင် သူတို့ သိရမည်သာ ဖြစ်၏။

…….

ချင်နိုင်ငံ၏ ဧကရာဇ်မြို့တော် တည်ဆောက်ရေး အလွန် ချောမွေ့ခဲ့သည်။ မိုးကြိုးမြွေဂိုဏ်း၏ နယ်မြေဟောင်းပေါ်တွင် နတ်မြို့တစ်မြို့ တည်ဆောက်ရန် နှစ်နှစ်ပင် အချိန်မယူခဲ့ပေ။

မြို့တော် ပြီးစီးသွားသည်နှင့်အမျှ ချင်နိုင်ငံ၏ ကျော်ကြားမှုလည်း ပိုပျံ့နှံ့လာ၏။ နတ်ဘုရင် သုံးပါး ရှိသည့် နိုင်ငံအကြောင်း သတင်းများက နဂါးနယ်မြေ ပြင်ပရှိ အရိုင်းအင်အားစုများအထိပင် ရောက်ရှိသွားသည်။

…….

ချင်နိုင်ငံ။

မြို့တော်။

ကျင့်စဉ်ခန်းမတစ်ခုအတွင်း၌ လုချန်း၏ ကိုယ်ပွား တင်ပျဉ်ခွေ ထိုင်နေသည်။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အစွမ်းများ လျင်မြန်စွာ တိုးပွားလာသည်ကို သူ ရုတ်တရက် ခံစားလိုက်ရ၏။ သူ ဘာမှမလုပ်နိုင်ခင်မှာပင် နတ်အငွေ့အသက် အမြောက်အမြားက သူ့ခန္ဓာကိုယ်မှ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ့ဘာသူ ရည်ရွယ်ချက်ရှိရှိ မကျင့်ကြံခဲ့သလို၊ ယွမ်ယုတိနှင့်လည်း စုံတွဲကျင့်စဉ် မကျင့်ခဲ့ပေ။

သို့သော် သူ ဤအတိုင်းပင် အဆင့်တက်သွားခဲ့ပေပြီ။

မကြာမီမှာပင် ဖြစ်ပျက်နေသည့်အရာကို လုချန်း နားလည်သွား၏။ ချင်နိုင်ငံ၏ ကံစွမ်းအားသည် အလွန် ကြွယ်ဝလာခဲ့ပြီး နတ်ဘုရားနိုင်ငံ တည်ထောင်ရန် လုံလောက်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုမျှ ကြွယ်ဝသော ကံစွမ်းအားများက သူ့အပေါ်တွင် ရှိနေသဖြင့် အဆင့်မတက်ပဲ နေရန်ပင် ခက်ခဲလှသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောနတ် အဆင့်ကို ခံစားရင်း လုချန်း မျက်လုံးဖွင့်လိုက်၏။ နတ်ဘုရားနိုင်ငံကို တည်ထောင်ရန် အချိန်တန်ပြီဟုလည်း သူ တွေးလိုက်သည်။

ထိုအတွေးနှင့်အတူ နတ်ဘုရင် မိုးကြိုးမြွေနှင့် လုကျန့်ကျီထံသို့ လုချန်း အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။

“ပြင်ဆင်ထားကြ... နောက်ဆယ်ရက်နေရင် နတ်ဘုရားနိုင်ငံကို တည်ထောင်တော့မယ်။”

လုချန်း၏ သတင်းစကားကို ကြားလျှင် လူတိုင်း အလွန် စိတ်လှုပ်ရှားသွားကြသည်။ အထူးသဖြင့် ချင်နိုင်ငံသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည့် နတ်ဘုရင်ခံများမှာ ပို၍ စိတ်လှုပ်ရှားနေကြ၏။

နတ်ဘုရားနိုင်ငံကို တည်ထောင်ပြီးသည်နှင့် လူတိုင်းသည် ထိုနိုင်ငံ၏ ကံစွမ်းအား လွှမ်းမိုးမှုကို ရရှိကြမည်ဖြစ်ရာ သူတို့၏ အဆင့်နှင့် စွမ်းအားကို ယခုထက် မြင့်တင်နိုင်ကြပေလိမ့်မည်။

အစိတ်လှုပ်ရှားဆုံးသူများမှာ မိုးကြိုးမြွေနတ်ဘုရင်နှင့် နတ်ဘုရင်ခံ သဲရှင်တို့ ဖြစ်ကြ၏။ မိုးကြိုးမြွေဂိုဏ်းကို ဖျက်သိမ်းလိုက်ကတည်းက ဂိုဏ်း၏ ကံစွမ်းအား အထောက်အပံ့ မရှိတော့သဖြင့် သူတို့၏ စွမ်းအား သိသိသာသာ လျော့နည်းသွားခဲ့သည်။

နတ်ဘုရားနိုင်ငံ တည်ထောင်မည့်အချိန်ကို သူတို့ စိတ်အားထက်သန်စွာ စောင့်စားနေခဲ့ကြခြင်း ဖြစ်၏။ လွန်ခဲ့သော နှစ်နှစ်အတွင်း နဂါးနယ်မြေရှိ အင်အားစုများနှင့် လူများ၏ အသိအမှတ်ပြုမှုကို ရရှိစေရန် ချင်နိုင်ငံ၏ ဩဇာအာဏာကို ချဲ့ထွင်ဖို့ သူတို့ ကြိုးစားခဲ့ကြသည်။

မကြာမီမှာပင် ချင်နိုင်ငံ နတ်ဘုရားနိုင်ငံအဖြစ် အဆင့်မြှင့်တော့မည်ဟူသော သတင်း နဂါးနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ဤသတင်းကို မည်သည့်အင်အားစုကမှ အံ့သြခြင်း မရှိကြပေ။ နတ်ဘုရင် သုံးပါး ရှိသော နိုင်ငံတစ်နိုင်ငံက နတ်ဘုရားနိုင်ငံအဖြစ် မပြောင်းလဲခြင်းကသာ ထူးဆန်းသောအချက် ဖြစ်ပေလိမ့်မည်။

……

လျှို့ဝှက်လဝန်းနန်းတော်။

ယွမ်ယုတိ၏ အိပ်ဆောင်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ယွမ်ယုတိသည် ရေခဲနန်းတော်အတွင်း၌ တည်ငြိမ်စွာ ထိုင်နေ၏။ ထိုအခိုက်တွင် တစ်စုံတစ်ခုကို သူမ ခံစားလိုက်ရပြီး လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း ဖြစ်ပျက်နေသည်များကို စစ်ဆေးရန် သူမ၏ လှပသော မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။

ချင်နိုင်ငံကို နတ်ဘုရားနိုင်ငံအဖြစ် လုချန်း အဆင့်မြှင့်တော့မည်ကို သိလျှင်ပင် ယွမ်ယုတိ၏ အမူအရာ ပြောင်းလဲခြင်း မရှိပေ။ နတ်ဘုရားနိုင်ငံတစ်ခုကို လုချန်း တည်ထောင်လိမ့်မည်ဟု သူမ ကြိုတင်သိထားပြီး ဖြစ်သောကြောင့်ဖြစ်၏။

သူမအတွက်တော့ လုချန်း နတ်ဘုရားနိုင်ငံ တည်ထောင်သည်ဖြစ်စေ မတည်ထောင်သည်ဖြစ်စေ ဘာမှ ထူးခြားမနေပေ။

ထိုအခိုက်တွင် သူမ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ ထိုလူယုတ်မာ ရေခဲနန်းတော်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူမ အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

ထိုလူယုတ်မာသည် နတ်ဘုရားနိုင်ငံကို တည်ထောင်တော့မည်ဖြစ်ရာ ယခု ဘာကြောင့် သူမထံ လာရသနည်းဟု ယွမ်ယုတိ တွေးနေမိ၏။

နတ်ဘုရားနိုင်ငံ တည်ထောင်ရန် ကောင်းကင်ဘုံလမ်းစဉ်၏ အသိအမှတ်ပြုမှုကို လိုအပ်သည်။ မည်သူပင်ဖြစ်စေ နတ်ဘုရားနိုင်ငံ တည်ထောင်ရာတွင် အာရုံစိုက်မှု အပြည့်ရှိရမည် ဖြစ်၏။

မဟုတ်ပါက ကျရှုံးသွားနိုင်ပြီး ကောင်းကင်ဘုံလမ်းစဉ်၏ အသိအမှတ်ပြုမှုကို ရရှိမည် မဟုတ်ပေ။ ကောင်းကင်ဘုံလမ်းစဉ်၏ အသိအမှတ်ပြုမှု မရှိပဲနှင့် နတ်ဘုရားနိုင်ငံ၏ ကံစွမ်းအားကို ရရှိနိုင်မည် မဟုတ်ပေ။

ခဏအကြာတွင် ရေခဲနန်းတော်ထဲသို့ လုချန်း ဝင်လာ၏။

ယွမ်ယုတိက အရင်စမေးလိုက်သည်။

“ရှင် ဘာလာလုပ်တာလဲ”

လုချန်း ပြုံးလျက်

“ကျုပ် ဆရာ့ဆီက အကူအညီတစ်ခု တောင်းချင်လို့ပါ။”

လုချန်း၏ ပြုံးစိစိမျက်နှာကို မြင်လျှင် အရေးကြီးကိစ္စ မဟုတ်ကြောင်း ယွမ်ယုတိ ချက်ချင်း သိလိုက်၏။

ထို့ကြောင့် သူမက အေးစက်စွာပင်

“ရှင်က နတ်ဘုရားနိုင်ငံရဲ့ အရှင်သခင် ဖြစ်တော့မှာပဲ... ကျွန်မ ရှင့်ကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး။”

လုချန်း နတ်ဘုရားနိုင်ငံ အရှင်သခင် ဖြစ်သွားလျှင် ချင်နတ်ဘုရားနိုင်ငံ၏ အင်အားသည် လျှို့ဝှက်လဝန်းနန်းတော်ထက်ပင် သာလွန်သွားနိုင်သည်။ လုချန်း အပါအဝင် ချင်နတ်ဘုရားနိုင်ငံတွင် နတ်ဘုရင် သုံးပါး ရှိနေပြီဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်က သူ့အတွက် အကူအညီ ဖြစ်တော့မည် မဟုတ်ပေ။

လုချန်းက ပြုံးလျက်

“ဒါပေမဲ့ အခုက အဲ့ဒီလို မဟုတ်သေးဘူးလေ”

ယွမ်ယုတိ အေးစက်စွာဖြင့်

“ရှင် တကယ် ဘာလုပ်ချင်နေတာလဲ”

--

…………

All Chapters