အခန်း ၁၈၂၁
Vol. 122 Ch. 1821
အခန်း (၁၈၂၁)
ကောင်းကင်ဘုံ၏ အသိအမှတ်ပြုမှု
လုချန်း ခန့်မှန်းထားသည့်အတိုင်း ကောင်းကင်ဘုံ လမ်းစဉ်နှင့် ဆက်သွယ်ရန် ကြိုးစားသောအခါ ကံစွမ်းအား မလုံလောက်သဖြင့် ကောင်းကင်ဘုံ လမ်းစဉ်က တုံ့ပြန်ခြင်း မရှိသည်ကို တကယ်ပင် တွေ့ရှိရ၏။
သို့သော် ထိုခဏတွင် နတ်ဂိုဏ်း၏ ကံစွမ်းအား အချို့ ချင်နိုင်ငံထံသို့ စီးဝင်လာပြီး ထိုကံစွမ်းအားများ၏ ပံ့ပိုးမှုကြောင့် ချင်နိုင်ငံ၏ ကံစွမ်းအားသည် ခရမ်းရောင်မှရောင်စုံအဖြစ် ပြောင်းလဲသွား၏။
ထိုအချိန်မှာပင် ချင်နိုင်ငံ မြို့တော်၏ ကောင်းကင်ယံ၌ ထူထပ်သော တိမ်မည်းများ ပေါ်ပေါက်လာပြီး ထိုတိမ်တိုက်များထဲတွင် ကောင်းကင်မိုးကြိုးများ တဂျိန်းဂျိန်း မြည်ဟည်းနေ၏။
မျက်လုံးများကို မှိတ်ထားသော်လည်း ကောင်းကင်ယံမှ အခြေအနေကို လုချန်း အာရုံခံနိုင်သည်။
လုချန်း အတန်ငယ် ဇဝေဇဝါ ဖြစ်သွား၏။
ကံစွမ်းအားများ ပြောင်းလဲသွားတာ ထင်ရှားသော်လည်း ကောင်းကင်ဘုံ လမ်းစဉ်နှင့် ဆက်သွယ်၍ မရသေးပေ။
ထိုသို့ ဖြစ်မည့်အစား ထိုကောင်းကင်ဖြစ်စဉ်များအရ ချင်နိုင်ငံအား နတ်ဘုရား နိုင်ငံအဖြစ် တက်လှမ်းလာခြင်းကို ကောင်းကင်ဘုံ လမ်းစဉ်က ဆန့်ကျင်နေသကဲ့သို့ပင်။
နတ်ဘုရား နိုင်ငံ တည်ထောင်ခြင်း ကျရှုံးတော့မည်ဟု လုချန်း ထင်မှတ်လိုက်စဉ်မှာပင် ကောင်းကင်ယံရှိ တိမ်မည်းများ ရုတ်တရက် စတင် ကွဲလွင့်သွားပြီး ကောင်းကင်တစ်ခုလုံး၌ ရောင်စုံအလင်းတန်းများ ဖြာထွက်လာ၏။
ဤအရာက...
နောက်တစ်ခဏတွင် နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားများ သူ၏ ကိုယ်တွင်းသို့ စီးဝင်လာသည်ကို လုချန်း ခံစားလိုက်ရပြီး သူ၏ ကျင့်စဉ်အဆင့်မှာလည်း ရွှေနတ် အဆင့်သို့ ချက်ချင်းပင် တက်လှမ်းသွားကာ နတ်ဘုရင်ခံ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလို ရွှေနတ်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွား၏။
ကျရှုံးလိမ့်မည်ဟု ထင်ထားသော်လည်း ယခုကဲ့သို့ အောင်မြင်သွားသဖြင့် လုချန်း၏ စိတ်ထဲ များစွာ ဝမ်းမြောက်သွားသည်။ သို့သော် စောစောက ပေါ်ပေါက်လာသည့် တိမ်မည်းများကတော့ ထူးဆန်းလှသည်။ ထိုစဉ်က ဖြစ်စဉ်အရဆိုလျှင် ကောင်းကင်ဘုံ ကပ်ဘေး ကျရောက်လာရမည် ဖြစ်သော်လည်း မကျရောက်ခဲ့ပေ။
တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် ဖြစ်လိမ့်မည်။
နတ်ဘုရား နိုင်ငံကို တည်ထောင်ပြီးသွားပြီ ဖြစ်သဖြင့် လုချန်းလည်း အများကြီး မစဉ်းစားတော့ပေ။ နိုင်ငံ၏ နယ်မြေကို ဆက်လက် ချဲ့ထွင်ပြီး ကံစွမ်းအားများ တိုးပွားလာပါက သူ၏ ကျင့်စဉ် တိုးတက်မှု အရှိန်မှာလည်း ပိုမိုလျင်မြန်လာပေလိမ့်မည်။
နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားများ ပေါ်ထွက်လာမှုနှင့်အတူ ပလ္လင်အောက်ရှိ လူများ၏ ကျင့်စဉ်နှင့် စွမ်းအားမှာလည်း အနည်းနှင့်အများ ဆိုသလို တိုးတက်လာကြ၏။ ထိုအခါ ချင်နတ်ဘုရား နိုင်ငံသည် ကောင်းကင်ဘုံ လမ်းစဉ်၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီဖြစ်ကြောင်း လူတိုင်း သိသွားကြပြီး ပလ္လင်အောက်ရှိ လူများအားလုံးက လုချန်းကို
“ဧကရာဇ်ကို ဂါရဝပြုပါတယ်။ ချင်နိုင်ငံ ထာဝရ တည်တံ့ပါစေ။ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။”
ဤနည်းဖြင့် ချင်နတ်ဘုရား နိုင်ငံကို တရားဝင် တည်ထောင်နိုင်ခဲ့သည်။
……
တစ်ချိန်တည်းမှာပင်။
လျှို့ဝှက်လဝန်းနန်းတော်။
ရေခဲနန်းတော်။
အိပ်ချင်မူးတူး ဖြစ်နေသော ယွမ်ယုတိသည် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားများ သိသိသာသာ မြင့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် ချက်ချင်းပင် သတိပြန်ဝင်လာ၏။
အသိစိတ် ပြန်ဝင်လာလျှင် ထိုလူယုတ်မာ လုချန်း မရပ်မနား ဆိုးသွမ်းနေဆဲ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ၏ မျက်နှာ ချက်ချင်းပင် အေးစက်သွား၏။ ဤလူသည် သူမကို တကယ့်ကို အကျင့်မကောင်းသော မိန်းမတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်။
သို့သော် ယွမ်ယုတိသည် ထိုကိစ္စများကို အာရုံမစိုက်နိုင်သေးပေ။ ရုတ်တရက် မြင့်တက်လာသော ကံစွမ်းအားများဆီသို့သာ သူမ၏ အာရုံ ရောက်ရှိသွား၏။ စူးစမ်းကြည့်လိုက်လျှင် ထိုပိုလျှံနေသော ကံစွမ်းအားများက ချင်နတ်ဘုရား နိုင်ငံထံမှ စီးဝင်လာခြင်း ဖြစ်သည်ကို သူမ တွေ့ရှိလိုက်ရ၏။
ထိုအခိုက်တွင် ချင်နတ်ဘုရား နိုင်ငံနှင့် လျှို့ဝှက်လဝန်းနန်းတော်သည် တစ်သားတည်း ဖြစ်သွားသလောက်ပင် ရှိနေပေပြီ။ ချင်နတ်ဘုရား နိုင်ငံကို တည်ထောင်ပြီးနောက် ကံစွမ်းအားများ အလုံးအရင်းနှင့် တိုးပွားလာပြီး ပိုလျှံသော အစိတ်အပိုင်းများ လျှို့ဝှက်လဝန်းနန်းတော်ထံသို့ စီးဝင်လာခြင်း ဖြစ်၏။
ဤကဲ့သို့ ကံစွမ်းအားများ စီးဝင်လာမှုက ချင်နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားသည် လျှို့ဝှက်လဝန်းနန်းတော်ထက် များစွာ သာလွန်နေကြောင်း ဖော်ပြနေသည်။ လုချန်းတွင် အစကတည်းက ကြီးမားသော ကံစွမ်းအားများ ရှိနေသဖြင့် သူ တည်ထောင်သော နိုင်ငံတွင် ကံစွမ်းအားများ ပေါများနေတာက သာမန်ဖြစ်စဉ် ဖြစ်သဖြင့် ယွမ်ယုတိ အလွန် အံ့သြခြင်း မရှိပေ။
သို့သော် ယခု ချင်နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားများမှာ လျှို့ဝှက်လဝန်းနန်းတော်ထံ စီးဝင်လာပြီ ဖြစ်သဖြင့် နောင်တွင် ချင်နတ်ဘုရား နိုင်ငံနှင့် လျှို့ဝှက်လဝန်းနန်းတော်သည် အောင်မြင်လျှင်လည်း အတူတူ၊ ကျရှုံးလျှင်လည်း အတူ ဖြစ်သွားလိမ့်မည်။
ဤလူယုတ်မာသည် ဤကဲ့သို့ ရလဒ်မျိုး ရရန် ကြံစည်နေကြောင်း သိထားသော်လည်း အဆုံးတွင် သူ အောင်မြင်သွားသဖြင့် ယွမ်ယုတိ အတန်ငယ် စိတ်တိုသွား၏။
ထိုစဉ် လုချန်းလည်း ယွမ်ယုတိ၏ အကြည့်ကို သတိထားမိသွားပြီး ယွမ်ယုတိ၏ အေးစက်သော မျက်ဝန်းများကို ကြည့်ကာ
“ဆရာ...ဘာလို့ ဆက်ပြီး မကြိုးစားတော့တာလဲ”
ယွမ်ယုတိက
“ရှင့်ရဲ့ အကြံအစည် အောင်မြင်သွားပြီပဲ။ အခု ထွက်သွားလို့ ရပြီ။”
လုချန်းက
“ဆရာကလည်း ဒီလောက်ထိ အလျင်စလို လုပ်ဖို့ မလိုပါဘူး။”
ယွမ်ယုတိက မျက်နှာသေဖြင့်
“ဒီနေ့အတွက် ဒီလောက်ဆို တော်ပြီ”
သူ့ကို နှင်ထုတ်နေသော ယွမ်ယုတိ၏ ပြတ်သားမှုကို မြင်လျှင် လုချန်းက
“ဒါဆိုရင်လည်း ကောင်းပါပြီ”
ထိုသို့ ပြောပြီးနောက် လုချန်း ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ ထလိုက်မည် အပြုတွင် ယွမ်ယုတိက ရုတ်တရက်
“နေဦး”
လုချန်းက ယွမ်ယုတိ၏ အေးစက်သော မျက်လုံးများကို ဇဝေဇဝါဖြင့် ကြည့်ကာ
“ဘာဖြစ်လို့လဲ”
ယွမ်ယုတိ ခဏခန့် တိတ်ဆိတ်သွားပြီးနောက်
“ဆက်... ဆက်လုပ်...”
သူ အောင်မြင်သွားပြီ ဖြစ်သဖြင့် သူမဘက်ကလည်း သူ့ထံမှ အကျိုးအမြတ် ပိုရရန် လိုအပ်၏။ မဟုတ်ပါက သူမသာ များစွာ နစ်နာရမည် ဖြစ်ကြောင်း ယွမ်ယုတိ တွေးလိုက်၏။
သူမ၏ သတ်ဖြတ်ခြင်း လမ်းစဉ်အပေါ် အာရုံခံနိုင်စွမ်းသည် ပိုမိုမြင့်မားလာပြီး သတ်ဖြတ်ခြင်း စွမ်းအားများကိုလည်း ပို၍ အသုံးချနိုင်လာသည်။ ဤအတိုင်းသာ ဆက်လက် ကျင့်ကြံနေပါက သတ်ဖြတ်ခြင်း စွမ်းအားကို အပြည့်အဝ တတ်မြောက်ရန် များစွာ ကြာမြင့်တော့မည် မဟုတ်ပေ။
ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း၏ နှုတ်ခမ်းအစုံသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီးနောက်
“အင်း... ရပ်လိုက်တာက ပိုကောင်းမယ် ထင်တယ်။ ဆရာလည်း အနားယူဖို့ တကယ် လိုအပ်နေတာပဲ။”
ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး သူမ၏ အေးစက်သော မျက်လုံးများထဲမှ အေးစက်သော အလင်းတန်းများ ဖြာထွက်လာ၏။ သူမက ဆက်လုပ်ရန် သဘောတူလိုက်သော်လည်း ဤလူက ယခုမှ ငြင်းပယ်နေပြန်သည်။
ယွမ်ယုတိသည် လူအ မဟုတ်ပေ။ လုချန်း၏ လက်ရှိ အမူအရာက တကယ် ထွက်သွားချင်နေပုံ မရပဲ သူမကို စကားလုံးများဖြင့် သိသိသာသာပင် မလေးမစား လုပ်နေခြင်း ဖြစ်၏။
“ထွက်သွားခိုင်းတာ ခင်ဗျားပဲ မဟုတ်လား။ အခုကျမှ ဘာလို့ ဆက်လုပ်ခိုင်းနေတာလဲ။ ဆက်လုပ်စေချင်ရင်တော့ တောင်းဆိုမှပေါ့”
ဟု သူက ပြောနေသကဲ့သို့ပင်။
သူ့ကို အေးစက်စွာ စိုက်ကြည့်နေသော ယွမ်ယုတိကို မြင်လျှင် လုချန်းက ထွက်ခွာတော့မည့် ပုံစံမျိုးဖြင့်
“ချင်နတ်ဘုရား နိုင်ငံကို အခုမှ တည်ထောင်ထားတာ ဆိုတော့ ကိုင်တွယ်ရမယ့် ကိစ္စတွေ အများကြီးပဲ။ ကျုပ် အရင် သွားလိုက်ပါဦးမယ်။”
လုချန်း ထတော့မည် အပြုတွင် ယွမ်ယုတိက နတ်သခင်၏ ဖိအားများကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး လုချန်းကို တိုက်ရိုက် ဖိနှိပ်ထားလိုက်၏။ သူမ၏ လက်မောင်းများဖြင့် လုချန်းကို ဆွဲလိုက်ရင်း ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ကိုပါ တစ်ပြိုင်နက်တည်း အသုံးပြုလိုက်၏။
ယွမ်ယုတိ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်၏။ ဤကဲ့သို့ အလျှော့အတင်း ကစားနေရတာကို သူမ ငြီးငွေ့လှပြီ ဖြစ်သဖြင့် သူနှင့် ဆက်ပြီး စကားများမနေတော့ပေ။ သူမသည် နတ်သခင် တစ်ဦး ဖြစ်သဖြင့် သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်သည် မဟုတ်ပါလား။
ယွမ်ယုတိ၏ တက်ကြွသော အပြုအမူကို မြင်လျှင် လုချန်းလည်း အားနာမနေတော့ဘဲ ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို စတင် အသုံးပြုလိုက်တော့၏။
……
တစ်ချိန်တည်းမှာပင်။
အရိုင်းနယ်မြေအတွင်းရှိ ကမ္ဘာငယ်တစ်ခု၌။
ထိုကမ္ဘာငယ်၏ ကောင်းကင်ယံတွင် သွေးရောင်လခြမ်း တစ်စင်း လွင့်ပျံနေပြီး ကမ္ဘာတစ်ခုလုံးအား သွေးရောင် လွှမ်းနေသဖြင့် အလွန်ပင် ဖိအားများသော အငွေ့အသက်များ ဖြစ်ပေါ်နေ၏။ သို့သော် ထိုသွေးလမင်း၏ အောက်တွင်တော့ သက်ရှိများဖြင့် ပြည့်နှက်နေပြီး ထိုကမ္ဘာငယ်တွင် ပြည့်စုံသော နိယာမများ ရှိနေသည်။
ထိုကမ္ဘာငယ်အတွင်း၌ နတ်မြို့ပေါင်း များစွာ ရှိနေပြီး မြို့တိုင်းတွင် နတ်ဘုရင် တစ်ပါးစီက အုပ်ချုပ်နေကြ၏။
ထိုအခိုက်တွင် စည်ကားလှသော နတ်မြို့တစ်မြို့၏ အထက်၌ ဆံပင်ဖြူနှင့် လူတစ်ယောက်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး နောက်တစ်ခဏတွင် သူ၏ ဘေး၌ နတ်ဘုရင်ခံ တစ်ဦး ပေါ်လာ၏။
နတ်ဘုရင်ခံက
“မြို့တော်ဝန်... မိုးကြိုးမြွေဂိုဏ်းကတော့ အမြစ်ပြတ် သွားပါပြီ။”
ထိုအရာကို ကြားလျှင် နှင်းခဲလ နတ်ဘုရင်သည် ခပ်အေးအေးပင် ရှိနေ၏။ သာမန်ဂိုဏ်းတစ်ခုမျှသာ ဖြစ်သဖြင့် ပျက်စီးသွားတာ ထူးဆန်းသော ကိစ္စ မဟုတ်ပေ။
သို့သော် မိုးကြိုးမြွေဂိုဏ်းတွင် နတ်ဘုရင် တစ်ပါး ရှိနေသဖြင့် ထိုဂိုဏ်းကို အမြစ်ပြတ်အောင် လုပ်နိုင်သော အင်အားစု၌လည်း ဧကန်မုချ နတ်ဘုရင်တစ်ပါး ရှိနေရမည် ဖြစ်သဖြင့် နှင်းခဲလ နတ်ဘုရင်က
“ဘယ်ဂိုဏ်းက လုပ်တာလဲ”
မိုးကြိုးမြွေဂိုဏ်းသည် ယခင်က သူတို့၏ လကွယ်ဂိုဏ်း အကြောင်းကို စူးစမ်းခဲ့ဖူးရာ ထိုအကြောင်းကို လကွယ်ဂိုဏ်းက သိထားပြီး ဖြစ်သည်။ သို့သော် ဂိုဏ်းတစ်ဂိုဏ်းက ပူးပေါင်းလိုရုံမျှဖြင့် လကွယ်ဂိုဏ်း အနေနှင့် သူ့ကိုယ်သူ ချက်ချင်း ထုတ်ဖော်ပြသမည် မဟုတ်ပေ။
သို့သော်လည်း လကွယ်ဂိုဏ်းသည် မိုးကြိုးမြွေဂိုဏ်းကို စစ်ဆေးရမည့် စာရင်းထဲတွင် ထည့်သွင်းထားပြီး ဖြစ်၏။ အကယ်၍ မိုးကြိုးမြွေဂိုဏ်းသာ စစ်ဆေးမှုကို အောင်မြင်ခဲ့လျှင် လကွယ်ဂိုဏ်းသို့ ပူးပေါင်းခွင့် ရနိုင်သော်လည်း ယခုအခါ အမြစ်ပြတ်သွားပြီ ဖြစ်သဖြင့် ထိုစစ်ဆေးမှု ရှုံးနိမ့်သွားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
နှင်းခဲလ နတ်ဘုရင်၏ ရှေ့မှောက်ရှိ နတ်ဘုရင်ခံက ဘာမှမပြောပဲ သူ၏ အာကာသ လက်စွပ်ထဲမှ ကျောက်စိမ်းလိပ် တစ်ခုကို ထုတ်လိုက်၏။ နှင်းခဲလ နတ်ဘုရင်သည် ထိုကျောက်စိမ်းလိပ်ကို အဝေးမှပင် လှမ်းယူလိုက်ပြီး အတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။
--
……………