← Chapters

အခန်း ၁၈၂၂

Vol. 122 Ch. 1822

အခန်း ၁၈၂၂

Vol. 122 Ch. 1822

အခန်း (၁၈၂၂)

ကောလာဟလထဲမှ လကွယ်ဂိုဏ်း

ကျောက်စိမ်းလိပ်ပေါ်ရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ဖတ်ပြီးနောက် နှင်းခဲလ နတ်ဘုရင် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

ချင်နတ်ဘုရား နိုင်ငံလား။

လျှို့ဝှက်လဝန်းနန်းတော်သည် လွန်ခဲ့သည့် အချိန်အနည်းငယ်ကမှ အရိုင်းနယ်မြေထဲ အကြောင်းပြချက်မရှိပဲ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ယခုတော့ ချင်နတ်ဘုရား နိုင်ငံ ဆိုတာက ထပ်မံ ထွက်ပေါ်လာပြန်ပေပြီ။

ထို့ပြင် ထိုနတ်ဘုရား နိုင်ငံ၏ အရှင်သခင်သည်သတ်ဖြတ်ခြင်း စွမ်းအားကို ကိုင်စွဲထားသည့် နတ်ဘုရင် တစ်ပါး ဖြစ်နေသေး၏။

သတ်ဖြတ်ခြင်း လမ်းစဉ်ဖြင့် ကျင့်ကြံသည့် နတ်ဘုရင် တစ်ပါးသည် လူဦးရေ ထူထပ်သည့် နယ်မြေများ သို့မဟုတ် စစ်ပွဲကြီးများ ဖြစ်ပွားတော့မည့် မြောက်ပိုင်းနယ်သို့ မသွားပဲ ဘာ့ကြောင့် အရိုင်းနယ်မြေထဲတွင် နတ်ဘုရား နိုင်ငံ တည်ထောင်ရန် ရွေးချယ်ရသနည်း။

သူ၏ ရည်ရွယ်ချက်က အဘယ်နည်း။

မဟာအင်အားကြီး အင်အားစုတစ်စုက အရိုင်းနယ်မြေ၏ လျှို့ဝှက်ချက်အချို့ကို သိသွားပြီး ဤနေရာတွင် နယ်ရုပ်တစ်ရုပ် လာရောက် ချထားခြင်းများလား။

နှင်းခဲလ နတ်ဘုရင် ခေတ္တ စဉ်းစားနေမိ၏။ ဤကျောက်စိမ်းလိပ်ရှိ အချက်အလက်များအရ ချင်နတ်ဘုရား နိုင်ငံနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့၌ ပုံမှန်မဟုတ်သော ပတ်သက်မှု ရှိနေပုံရသည်။

ချင်နတ်ဘုရား နိုင်ငံနှင့် လျှို့ဝှက်လဝန်းနန်းတော် နှစ်ခုလုံးသည် မဟာအင်အားကြီးအင်အားစု တစ်ခုခုက အရိုင်းနယ်မြေအတွင်းသို့ စေလွှတ်ထားသည့် နယ်ရုပ်များ ဖြစ်နိုင်ပေသည်။

နှင်းခဲလ နတ်ဘုရင် အတန်ကြာ စဉ်းစားပြီးနောက် သူ၏ ရှေ့မှောက်ရှိ နတ်ဘုရင်ခံကို

“ချင်နတ်ဘုရား နိုင်ငံနဲ့ လျှို့ဝှက်လဝန်းနန်းတော်တို့ရဲ့ နောက်ခံကို စုံစမ်းဖို့ နည်းလမ်းရှာပါ။ သူတို့နောက်ကွယ်မှာ ဘယ်လို အင်အားစု ရှိနေတယ်ဆိုတာ မသိရသေးခင်အထိ ကျုပ်တို့ဂိုဏ်းရဲ့ တည်ရှိမှုကို ထုတ်မပြမိစေနဲ့။”

နတ်ဘုရင်ခံက

“ကောင်းပါပြီ မြို့တော်ဝန်”

ဟု ပြန်ပြောရင်း တစ်စုံတစ်ခုကို သတိရသွားကာ

“မြို့တော်ဝန်... ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ အစီရင်ခံရမလား”

ဟု မေးလိုက်၏။

နှင်းခဲလ နတ်ဘုရင်က ခပ်အေးအေးပင်

“ဒီအင်အားစု နှစ်ခုက ဘယ်သူ့ရဲ့ နယ်ရုပ်တွေလဲဆိုတာ မသိရသေးခင်အထိတော့ ဂိုဏ်းချုပ်ကို အကြောင်းကြားဖို့ မလိုသေးပါဘူး။”

အရိုင်းနယ်မြေထဲတွင် အခြားအင်အားစုများ လာရောက် ချထားသည့် နယ်ရုပ်များ မနည်းလှပေ။ ပြင်ပအင်အားစု တစ်ခုကို တွေ့တိုင်း ဂိုဏ်းချုပ်ကို အစီရင်ခံနေရမည် ဆိုပါက ဂိုဏ်းချုပ် အနေနှင့် ကျင့်ကြံရန် အချိန်ပင်ရှိတော့မည် မဟုတ်ပေ။

နတ်ဘုရင်ခံက

“နားလည်ပါပြီ...ကျုပ် ဆောင်ရွက်လိုက်ပါ့မယ်”

ဟု ပြောပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားတော့၏။

နတ်ဘုရင်ခံ ထွက်သွားပြီးနောက် နှင်းခဲလ နတ်ဘုရင်သည် ကမ္ဘာငယ်၏ အဝင်ဝသို့ ကြည့်ကာ

“မကြာခင်မှာ ထျန်းရန်နတ်ဘုရား နယ်မြေကတော့ ကစဉ့်ကလျား ဖြစ်တော့မှာပဲ။ ပိုပြီး ရှုပ်ထွေးလေလေ ပိုကောင်းလေလေပဲ...”

ဟု တစ်ဦးတည်း ရေရွတ်လိုက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ပေါင်းနှစ်ဆယ် ကုန်ဆုံးသွား၏။

ထိုနှစ်ပေါင်းနှစ်ဆယ်အတွင်း မြောက်ပိုင်းနယ်မှ နတ်ဆိုးဧကရာဇ် တောင်ဘက်သို့ ချီတက်လာသည့် သတင်းများ အဆက်မပြတ် ရောက်ရှိလာ၏။ “နတ်ဆိုးဧကရာဇ်” ၏ စွမ်းအားမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးမားလာရာ ထျန်းရန်နတ်ဘုရား နယ်မြေ၏

မဟာအင်အားကြီးများလည်း ငြိမ်မနေနိုင်တော့ပဲ နတ်ဆိုးဧကရာဇ်ကို ဝိုင်းဝန်း တိုက်ခိုက်ရန် မြောက်ဘက်သို့ စစ်တပ်များ စေလွှတ်လိုက်ကြ၏။

မြောက်ဘက်တွင် တိုက်ပွဲကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများထဲ၌ နတ်ဘုရင် အချို့ပင် အသက်ဆုံးရှုံးခဲ့ကြရ၏။

လုချန်းသည် မြောက်ပိုင်းနယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အာရုံစိုက်နေသော်လည်း ဝင်ရောက် စွက်ဖက်ရန် စိတ်ကူးမရှိပေ။

ရွှမ်ချင်းယွမ်သည် စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီနေသော်လည်း သူ၏ လက်ရှိ စွမ်းအားက သူမကို သိမ်းပိုက်နိုင်လောက်သည့်အထိ မရှိသေးပေ။

ထို့ကြောင့် ဖြည်းဖြည်းချင်းသာ သူ လုပ်ဆောင်လို၏။ ထို့ကြောင့် ယွမ်ယုတိတို့လူစုကို ရင်သွေး ရယူရန်သာ တိုက်တွန်းထားသည်။

လုချန်း၏ အုပ်ချုပ်မှုအောက်တွင် ချင်နတ်ဘုရား နိုင်ငံသည် အရိုင်းနယ်မြေ၌ နာမည်တစ်လုံး ရလာခဲ့ပြီး လုချန်းလည်း အရိုင်းနယ်မြေအကြောင်းကို ပို၍နက်နက်ရှိုင်းရှိုင်း သိ လာခဲ့သည်။

ထိုနှစ်ပေါင်းနှစ်ဆယ်အတွင်း လကွယ်ဂိုဏ်းအကြောင်းကို လုချန်း များစွာ ကြားသိခဲ့ရသဖြင့် ထိုအဖွဲ့အစည်းအပေါ် ပို၍စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။

ကောလာဟလများအရ လကွယ်ဂိုဏ်းတွင် နတ်သခင် တစ်ပါး ရှိနေသည်ဟု ဆိုကြသည်။ အကယ်၍ ထိုကောလာဟလထဲမှ လကွယ်ဂိုဏ်းမှာ တကယ် ရှိနေပါက ၎င်းသည် တောင်ပိုင်းနယ်ရှိ ခမ်းနားသော ကောင်းကင်ခန်းမကဲ့သို့ပင် အရိုင်းနယ်မြေ၏ မဟာအင်အားကြီးတစ်ခု ဖြစ်နေမည်မှာ ဧကန်မုချပင်။

သို့သော် ထိုကဲ့သို့ အစွမ်းထက်သည့် အင်အားစု တစ်ခုက လူမသိအောင် ပုန်းအောင်းနေခြင်းမှာလည်း အလွန်ပင် ထူးဆန်းလှသည်။ ပုံမှန်အားဖြင့် မဟာအင်အားကြီးများသည် အနီးနားရှိ အားနည်းသော အင်အားစုများကို ခြောက်လှန့် လေ့ရှိကြ၏။ လကွယ်ဂိုဏ်းကဲ့သို့ အသွားအလာ လျှို့ဝှက်လွန်းသည့် အင်အားစုမျိုးမှာ ရှားပါးလှသဖြင့် လကွယ်ဂိုဏ်း တကယ် ရှိ၊ မရှိကို လုချန်း သံသယ ဝင်လာမိ၏။

……

ချင်နတ်ဘုရား နိုင်ငံ။

မြို့တော်။

နန်းတော်စာကြည့်ဆောင်။

လုချန်းသည် နတ်စွမ်းအားကို အသုံးပြုပြီး လကွယ်ဂိုဏ်းနှင့် ပတ်သက်သည့် သတင်းများ ပါဝင်သော ကျောက်စိမ်းစာလိပ်များကို ဖတ်နေ၏။ ထိုစဉ် လုချန်း တစ်စုံတစ်ခုကို တွေးမိသွားပြီး မိုးကြိုးမြွေ နတ်ဘုရင်ကို ချက်ချင်း အမိန့်ထုတ်၍ ခေါ်ယူလိုက်၏။

မကြာမီမှာပင် မိုးကြိုးမြွေ နတ်ဘုရင် စာကြည့်ဆောင်ထဲသို့ ရောက်ရှိလာသည်။ မိုးကြိုးမြွေ နတ်ဘုရင်က

“ဘုရင်ကြီး ကို ဂါရဝပြုပါတယ်။ ကျုပ်ကို ဘာကိစ္စ အတွက်များ ခေါ်ယူရတာပါလဲ။”

လုချန်းက တိုက်ရိုက်ပင်

“မိုးကြိုးမြွေ နတ်ဘုရင်လည်း လကွယ်ဂိုဏ်းအကြောင်း ကြားဖူးမှာပေါ့။”

ထိုအရာကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင် ခေတ္တ တုံ့ဆိုင်းသွား၏။ ဘုရင်ကြီးက လကွယ်ဂိုဏ်းအကြောင်းကို ဘာ့ကြောင့် ရုတ်တရက် မေးရသနည်းဟု သူ အလေးအနက် စဉ်းစားသွာမိသည်။

မိုးကြိုးမြွေဂိုဏ်း လကွယ်ဂိုဏ်းထဲသို့ ဝင်ရန် ကြိုးစားခဲ့သည့် အကြောင်းကို ဘုရင်ကြီး သိသွားသဖြင့် သူ ကို သတိပေးနေခြင်းများလား။

မိုးကြိုးမြွေ နတ်ဘုရင် ချက်ချင်း မတုံ့ပြန် သည်ကို မြင်လျှင် လုချန်းက

“မိုးကြိုးမြွေ နတ်ဘုရင် အများကြီး မတွေးပါနဲ့။ ကျုပ်က အရိုင်းနယ်မြေရဲ့ ဒီကောလာဟလထဲက မဟာအင်အားကြီးအုပ်စုကို စိတ်ဝင်စားရုံ သက်သက်ပါ။”

မိုးကြိုးမြွေ နတ်ဘုရင်က

“အမှန်အတိုင်း ပြောရရင် အစတုန်းက လျှို့ဝှက်လဝန်းနန်းတော်က မိုးကြိုးမြွေဂိုဏ်းကို တိုက်ခိုက်လာမှာ စိုးရိမ်လို့ လကွယ်ဂိုဏ်းထဲကို ဝင်ဖို့ ကျုပ် စိတ်ကူးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျုပ် လွှတ်လိုက်တဲ့ လူတွေက လကွယ်ဂိုဏ်းကို ဘယ်လိုမှ ရှာမတွေ့ခဲ့ကြဘူး။ အဲဒီဂိုဏ်းက တကယ် မရှိပဲ ကောလာဟလသက်သက်ပဲလားလို့တောင် ထင်ရပါတယ်။”

လုချန်း မိုးကြိုးမြွေ နတ်ဘုရင်ကို ခေါ်ယူခဲ့ခြင်းက မိုးကြိုးမြွေဂိုဏ်းလည်း လကွယ်ဂိုဏ်းကို ရှာဖွေခဲ့ဖူးကြောင်း သူစုံစမ်း သိရှိခဲ့သောကြောင့် ဖြစ်၏။ မိုးကြိုးမြွေ နတ်ဘုရင်ထံတွင် လကွယ်ဂိုဏ်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် ပိုရှိနိုင်မလားဟု သူ သိလိုသည်။

သို့သော် လကွယ်ဂိုဏ်းကို ရှာဖွေရန်က တကယ် လွယ်ကူပုံ မရပေ။

သူတို့၏ တည်ရှိမှု အစအနများကို အကုန်လုံး ဖျောက်ဖျက်ထားနိုင်ခြင်းမှာ လကွယ်ဂိုဏ်းသည် အရိုင်းနယ်မြေ တစ်ခုလုံးအပေါ် ကြောက်မက်ဖွယ်ကောင်းသည့် ထိန်းချုပ်မှုမျိုး ရှိနေခြင်းကို ပြသနေသည်ဟု လုချန်း တွေးလိုက်၏။

ထို့နောက် မိုးကြိုးမြွေ နတ်ဘုရင်က သတိကြီးစွာဖြင့်

“ဘုရင်ကြီး ... လကွယ်ဂိုဏ်းအကြောင်းကို အခုလို စုံစမ်းနေတာက သူတို့တွေ ချင်နတ်ဘုရား နိုင်ငံ ထဲကို ဝင်ရောက် စွက်ဖက်နေလို့များလား။”

လုချန်း သတိ ပြန်ဝင်လာပြီး ခပ်အေးအေးပင်

“ကျုပ်က သိချင်ရုံ သက်သက်ပါ။ ဒါပေမဲ့ လကွယ်ဂိုဏ်းက ချင်နတ်ဘုရား နိုင်ငံ ထဲကို ဝင်ရောက် စွက်ဖက်နေသလား ဆိုတာကတော့ မသေချာသေးဘူး။”

လကွယ်ဂိုဏ်းသည် အလွန်ပင် လျှို့ဝှက်လွန်းလှသဖြင့် သူတို့ မသိလိုက်ပဲ ချင်နတ်ဘုရား နိုင်ငံ ထဲသို့ ရောက်နေတာလည်း ဖြစ်နိုင်သည်။ သို့သော် လကွယ်ဂိုဏ်း ဤမျှအထိ ပုန်းအောင်းနေနိုင်ခြင်းမှာ သူတို့တွင် ဝိညာဉ်ရှာဖွေခြင်းမှ ကာကွယ်နိုင်သည့် အစွမ်း သို့မဟုတ် ကျင့်စဉ် တစ်ခုခု ရှိနေသောကြောင့် ဖြစ်ရမည်။

မဟုတ်ပါက လကွယ်ဂိုဏ်းမှ အဖွဲ့ဝင် တစ်ဦးတစ်ယောက်သာ အခြားအင်အားစုတစ်ခု၏ ဖမ်းဆီးခြင်းကို ခံရလျှင် လကွယ်ဂိုဏ်း၏ အကြောင်း ပေါ်ပေါက်သွားမည် ဖြစ်သည်။ သို့သော် လကွယ်ဂိုဏ်းသည် ယနေ့တိုင် ကောလာဟလ အဆင့်မှာပင် ရှိနေသေး၏။

ဟုတ်ပါသည်။

လုချန်းကတော့ ဤကိစ္စကို စိုးရိမ်ခြင်း မရှိပေ။

အကယ်၍ သူ၏ အနီးနားရှိ လူတစ်ယောက်ယောက်က လကွယ်ဂိုဏ်းနှင့် ပူးပေါင်းလိုက်ပါက ဝိညာဉ်ရှာဖွေခြင်း မလုပ်ပဲ နှင့်ပင် သူ၏ စနစ်က ချက်ချင်း သိ နိုင်သည် မဟုတ်ပါလား။

မိုးကြိုးမြွေ နတ်ဘုရင်က ဆက်လက်၍

“ဘုရင်ကြီး ... အကယ်၍ ဒီကောလာဟလထဲက လကွယ်ဂိုဏ်းက တကယ် ရှိနေတယ် ဆိုရင် ဘုရင်ကြီးက သူတို့ကို စုံစမ်းနေတာကို သူတို့တွေလည်း သိနေလောက်ပြီ။ လကွယ်ဂိုဏ်းက မဟာအင်အားကြီးတစ်ခု ဖြစ်တဲ့အတွက် ချင်နတ်ဘုရား နိုင်ငံ အပေါ် သူတို့ ဘယ်လို သဘောထား ရှိတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဘုရင်ကြီး အနေနှင့် သတိထားသင့်ပါတယ်။”

လုချန်း စဉ်းစားလိုက်၏။ အကယ်၍ လကွယ်ဂိုဏ်းသည် အရိုင်းနယ်မြေကို လျှို့ဝှက် ထိန်းချုပ်ထားသည့် မဟာအင်အားကြီး တစ်ခု ဆိုလျှင် သူတို့ အနေနှင့် ချင်နတ်ဘုရား နိုင်ငံ အကြောင်းကို မသိပဲ နေမည် မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်နှင့် ချင်နတ်ဘုရား နိုင်ငံ နှစ်ခုလုံးမှာ ပြင်ပအင်အားစုများ ဖြစ်ကြ၏။ အကယ်၍ သူသာ လကွယ်ဂိုဏ်းကို ဆက်လက် စုံစမ်းနေမည် ဆိုပါက သူတို့ဘက်က ရန်လိုလာနိုင်သည်။

လုချန်းက

“မိုးကြိုးမြွေ နတ်ဘုရင်ဆီမှာ လကွယ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေ အများကြီး စုဆောင်းထားတာ ရှိသလား။”

လုချန်း၏ ဆိုလိုရင်းကို မိုးကြိုးမြွေ နတ်ဘုရင် ချက်ချင်း နားလည်သွားပြီး သူ ပိုင်ဆိုင်သမျှ လကွယ်ဂိုဏ်းနှင့် ပတ်သက်သည့် သတင်းများကို မှတ်ဉာဏ်ပုလဲ တစ်ခုထဲသို့ ထည့်သွင်းကာ လုချန်းကို ပေးလိုက်၏။

မိုးကြိုးမြွေ နတ်ဘုရင်က

“တခြား ကိစ္စ မရှိတော့ရင် ကျုပ်ကို သွားခွင့်ပြုပါဦး”

လုချန်းက

“အင်း”

ဟုသာ ပြန်တုံ့ပြန်လိုက်၏။

မိုးကြိုးမြွေ နတ်ဘုရင်လည်း ဂါရဝပြုပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

မိုးကြိုးမြွေ နတ်ဘုရင် ထွက်သွားပြီးနောက် မိုးကြိုးမြွေ နတ်ဘုရင် ပေးခဲ့သည့် လကွယ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းများကို လုချန်း ပြန်လည် စုစည်းလိုက်၏။

အကယ်၍ ထိုသတင်းများကသာ အမှန်ဆိုလျှင် အရိုင်းနယ်မြေရှိ အင်အားစု အချို့သည် လကွယ်ဂိုဏ်း၏ လက်အောက်ခံများ ဖြစ်သင့်သည်။ သူ၏ ကိုယ်ပွား အချို့ကို စေလွှတ်၍ စုံစမ်းခိုင်းလိုက်ရုံဖြင့် လကွယ်ဂိုဏ်းမှ လူများနှင့် တွေ့ဆုံနိုင်မည် ဖြစ်ရာ လကွယ်ဂိုဏ်းအကြောင်းကို ဆက်လက် စုံစမ်းနေရန် မလိုတော့ပေ။

လကွယ်ဂိုဏ်းအကြောင်းကို သိသိသာသာ လိုက်လံ စုံစမ်းနေခြင်းက သူတို့၏ အာရုံစိုက်မှုကို ခံရနိုင်သောကြောင့် ဖြစ်သည်။

--

All Chapters