အခန်း ၁၈၂၆
Vol. 122 Ch. 1826
အခန်း (၁၈၂၆)
အတွေးတွေသိနေနိုင်တာလား
ယဲ့ချူယောင်နှင့် သူ့အကြောင်းကို ယွမ်ယုတိ တွေးမိတိုင်း ဒေါသအဟုန်က ရင်ထဲတွင် တောက်လောင်လာ၏။ ယခု နတ်သခင် ကောင်းကင်ပင် လုချန်း၏ လက်ချက်ဖြင့် ပျက်စီးသွားနိုင်သည်ဟူသော အတွေးက ထိုဒေါသကို ပို၍ ကြီးထွားစေပြန်သည်။
ထိုလူလိမ် လုချန်းသည် သူ၏ သရုပ်မှန် ဖုံးကွယ်ပြီး သူမ၏ တပည့်အဖြစ် ခံယူခဲ့တာ ပင် မကြာသေးပေ။ ယခု သူက နတ်သခင် ကောင်းကင်၏ တပည့်ရင်းပင် ဖြစ်နေပြန်ပြီ ဖြစ်သဖြင့် သူတို့၏ ပတ်သက်မှုများက အလွန် ရှုပ်ထွေးပွေလီသွား၏။
ထိုလူမိုက် ကျင့်ကြံနေသည့် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ဆိုတာ လူမရွေးပဲ တွေ့သမျှ လှပသော အမျိုးသမီးတိုင်းနှင့် အတူအိပ်ခြင်းလား။
သူမ၏ စိတ်လှုပ်ရှားမှုများကို ယွမ်ယုတိ အမြန်ပင် ထိန်းချုပ်လိုက်၏။
ထိုလူယုတ်မာအတွက်နှင့် ဒေါသထွက်နေစရာ မလိုပေ။ ယခုအချိန်တွင် မည်သို့ပင်ပြောစေကာမူ အပိုသာဖြစ်၏။ တစ်ခုခု ပြောလိုက်၍ လုချန်းက ပြောင်းလဲသွားလိမ့်မည်ဟုလည်း သူမ မယုံကြည်တော့ပေ။
မည်သို့ပင်ဆိုစေ ခွေးမြီးကောက်ကို ကျည်တောက်စွပ်၍ မရတာ အမှန်ပင် ဖြစ်သည်။
တစ်စုံတစ်ခုကို သတိရသွားသည့် လုချန်းက ယွမ်ယုတိကို
“ဆရာ... လျှို့ဝှက်လဝန်းနန်းတော်က ဘာလို့ သူတော်စင်မတွေကို မွေးထုတ်ပေးနေလဲဆိုတာ ခင်ဗျား သိလား။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ ဇဝေဇဝါ ဖြစ်သွားရင်း
“ဒါကို ရှင်က ဘာလို့ မေးနေတာလဲ”
လုချန်းက
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အဓိက လျှို့ဝှက်ချက်ကို ခင်ဗျား သိမသိ ကျုပ် သိချင်လို့ပါ။”
ယွမ်ယုတိ လုချန်းကို ပို၍ နားမလည်နိုင်စွာ ကြည့်လိုက်မိ၏။
လျှို့ဝှက်လဝန်းနန်းတော်၏ အဓိက လျှို့ဝှက်ချက်ဆိုတာ မည်သည့်အရာနည်း။
လုချန်းက
“လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်လာခဲ့တာက ချင်းရှုအတွက်ရော ခင်ဗျားအတွက်ပါ ကံကောင်းခြင်းတစ်ခုပဲ။ အဲ့ဒီအတွက် ခင်ဗျား ကျုပ်ကို ကျေးဇူးတင်သင့်တယ်။”
“ကျုပ်သာ မရှိရင် ချင်းရှုက နန်းတော်ကနေ ထွက်လာမှာ မဟုတ်သလို ချင်းရှုကြောင့် ခင်ဗျားလည်း ဒီကို ရောက်လာမှာ မဟုတ်ဘူးလေ။”
ယွမ်ယုတိက အေးစက်စွာဖြင့်
“ရှင် ဘာကို ဆိုလိုချင်တာလဲ”
လုချန်းက
“လျှို့ဝှက်လဝန်းနန်းတော်က သူတော်စင်မတွေကို မွေးထုတ်ပေးရတဲ့ အကြောင်းရင်းက သက်တမ်းကုန်ခါနီးဖြစ်နေတဲ့ နန်းတော်ရဲ့ နတ်ဧကရာဇ် ဒုတိယအကြိမ် ပြန်လည်မွေးဖွားဖို့အတွက် ခန္ဓာကိုယ်တစ်ခုအဖြစ် အသုံးချဖို့ ပြင်ဆင်ထားတာပါ။”
လုချန်း၏ စကားကို ကြားရလျှင် ယွမ်ယုတိ မျက်မှောင်ကြုတ်သွား၏။
ထိုကဲ့သို့သော အကြောင်းအရာကို သူမ တစ်ခါမှ မကြားဖူးသလို လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်ဧကရာဇ် တစ်ပါး ရှိနေသည်ကိုလည်း မသိခဲ့ပေ။
သို့သော် ဤအရာက နန်းတော်၏ အဓိက လျှို့ဝှက်ချက် ဖြစ်နေပါက လုချန်းက မည်သို့ သိသွားပါသနည်း။
ယွမ်ယုတိက
“ဒါတွေကို ရှင် ဘယ်လို သိတာလဲ”
ယွမ်ယုတိ အံ့အားသင့်သွားရသော်လည်း လုချန်းက သူမကို လိမ်ညာနေသည်ဟု မယူဆမိပေ။
အခြေအနေများက ယခုအထိ ဖြစ်ပျက်နေပြီဖြစ်ရာ လုချန်းအနေနှင့် သူမကို ဤကဲ့သို့သော အရာများဖြင့် လှောင်ပြောင်စရာ အကြောင်းမရှိပေ။
လုချန်းက
“သူတစ်ပါးရဲ့ လျှို့ဝှက်ချက်တွေကို သိမြင်နိုင်တဲ့ အထူးနည်းလမ်းအချို့ ကျုပ်မှာ ရှိတယ်လေ။”
ယွမ်ယုတိ ကစဉ့်ကလျား ပင်လယ်ကို ချက်ချင်း သတိရသွား၏။
လုချန်းသည် ကစဉ့်ကလျား ပင်လယ်မှနေ၍ လူတို့၏ စိတ်ကို ဖတ်ရှုနိုင်သော သို့မဟုတ် အနာဂတ်ကို မြင်နိုင်သော ရတနာ တစ်ခုခု ရရှိထားခြင်း ဖြစ်ကောင်းဖြစ်မည်။
လုချန်းကြောင့်သာ လျှို့ဝှက်လဝန်းနန်းတော်မှ သစ္စာဖောက်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
လုချန်းတွင် လူတစ်ဦးချင်းစီ၏ သရုပ်မှန်ကို သိနိုင်သော ရတနာ ရှိနေသည်ကို သူမ သံသယမဖြစ်ပေ။ သို့သော် ထိုရတနာ၏ စစ်မှန်သော စွမ်းရည်မှာ စိတ်ဖတ်ခြင်း ဖြစ်နိုင်သည်ဟု သူမ တွေးမိသွား၏။
ထိုအတွေးဝင်လာသည်နှင့် ယွမ်ယုတိ မျက်မှောင်ကို ပို၍ ကြုတ်လိုက်မိသည်။
အကယ်၍ ထိုရတနာက စိတ်ဖတ်နိုင်သည်ဆိုပါက လုချန်းက သူမ၏ စိတ်အကြံကိုလည်း ဖတ်နိုင်နေမည် မဟုတ်ပါလား။
ထိုလူယုတ်မာက သူမကို ထွင်းဖောက်မြင်နေသည်ဟု ခံစားရတာ အံ့ဩစရာ မရှိတော့ပေ။
သူက သူမ၏ စိတ်ကို ကြိုတင်သိနေပါက သူမအား အလွယ်တကူ လှည့်စားနိုင်မည် ဖြစ်သည်။
သူမ၏ အေးစက်သော မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ဤလူကို ရှင်းပစ်လိုက်လျှင် ပိုကောင်းမည်ဟု သူမ တွေးတောမိသည်။
သူမက သူနှင့်အတူ ထိုကဲ့သို့သော အပြုအမူမျိုး ပြုလုပ်ချင်နေသည်ကိုသာ သိသွားပါက သူမကို မည်သို့ နှိပ်စက်မလဲဆိုတာ မတွေးဝံ့စရာပင်။
သူမ၏ ခန္ဓာကိုယ်ကို ပို၍ပင် အရှက်မရှိ ကစားတော့မည်မှာ အမှန်ပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိဆီမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။
ယွမ်ယုတိ၏ ဒေါသကို ခံစားမိသော လုချန်းက
“ဆရာ...ဘာဖြစ်လို့လဲ”
ယွမ်ယုတိက
“အစကတည်းက ကျွန်မ ဘာတွေးနေလဲဆိုတာ ရှင် သိနေတာလား။”
လုချန်းက သူမ၏ စိတ်ကို ဖတ်နိုင်သည်ဟု သူမ ပို၍ ယုံကြည်လာမိ၏။ ထိုလူယုတ်မာ ယဲ့ချူယောင်နှင့် ပွေလီနေစဉ်က သူမ တွေ့သွားခဲ့သော်လည်း သူက ဂရုမစိုက်ပဲ ဆက်လက် ပြုမူနေခဲ့သည်။
သာမန်အားဖြင့်ဆိုလျှင် ထိုသို့ အမိဖမ်းခံရပါက သူ စိုးရိမ်သင့်သော်လည်း သူ၏ အရှက်မရှိသော အပြုအမူများအရ သူလုံးဝ မစိုးရိမ်ကြောင်း သိသာလှသည်။ သူမ၏ စိတ်ကို သူ ဖတ်မိထားပုံရ၏။
သူ၏ ကံစွမ်းအားကြောင့် သူမ ဒေါသထွက်လျှင်ပင် ပြင်းပြင်းထန်ထန် အပြစ်ပေးမည်မဟုတ်သလို သတ်မည်မဟုတ်ကြောင်းကိုလည်း သူ သိနေဟန်တူသည်။ထို့ကြောင့်ပင် သူက သူမရှေ့တွင် အတင့်ရဲနေခြင်း ဖြစ်၏။
အထူးသဖြင့် စုံတွဲကျင့်စဉ်ကို အတူ ကျင့်ကြံပြီးနောက်တွင် ထိုလူယုတ်မာက ပို၍ပင် ဆိုးသွမ်းလာပြီး သူမ၏ ခန္ဓာကိုယ်ကို အမျိုးမျိုး ကစားတော့သည်။
လုချန်းက
“ကျုပ်မှာ စိတ်ဖတ်တဲ့ ပညာမျိုး မရှိပါဘူး။ ဆရာ့စိတ်ထဲ ဘာရှိမလဲဆိုတာ ကျုပ်က ဘယ်လိုလုပ် သိမှာလဲ။”
ယွမ်ယုတိ ထပ်ပြီး မမေးတော့ပေ။
လုချန်းက သူမ၏ စိတ်ကို သိနေသည်ဆိုလျှင်ပင် ယခုအချိန်တွင် သူမ ဘာမှ မတတ်နိုင်တော့ပေ။
ထားလိုက်ပါတော့။
သူ လုပ်ချင်သလိုသာ လုပ်ပါစေ။
သူနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းက သူမ၏ စွမ်းအားကို တိုးတက်စေသည်ဆိုလျှင် ကျန်တာ အရေးမကြီးတော့ပေ။
စွမ်းအားသာ တိုးတက်လာမည်ဆိုပါက သူ ကစားချင်သလို ကစားပါစေတော့။
ထိုအခိုက်အတန့်တွင် ရေခဲနတ်သမီးတစ်ယောက် လုံးဝ အလျှော့ပေးလိုက်ပြီ ဖြစ်သည်။ စွမ်းအားကြီးသူတစ်ဦး၏ ဂုဏ်သိက္ခာဆိုတာလည်း သူမအတွက် ဘာမှ မဟုတ်တော့ပေ။
ထိုလူယုတ်မာ၏ နှိပ်စက်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ခံခဲ့ရပြီးဖြစ်ရာ သူမတွင် မည်သည့် ဂုဏ်သိက္ခာမှ ကျန်တော့မည် မဟုတ်ပေ။
ယွမ်ယုတိက
“ရှင် လုပ်စရာ ရှိတာကို အမြန်လုပ်တော့။ ကျွန်မကတော့ လောလောဆယ် ကျင့်ကြံမှာ မဟုတ်ဘူး”
ယွမ်ယုတိ လုချန်းကို ချက်ချင်း ထွက်သွားရန် မခိုင်းခဲ့ပေ။
သူမကဲ့သို့သော နတ်သခင် တစ်ဦးအတွက် ဆယ်စုနှစ်အနည်းငယ်ဆိုတာ ဘာမှ မဟုတ်သလို လုချန်းနှင့် ဤကဲ့သို့ နီးကပ်သော အနေအထားမျိုးဖြင့် နှစ်ပေါင်းတစ်သောင်းကြာ နေထိုင်ရလျှင်ပင် ပြဿနာ မရှိပေ။
မည်သို့ပင်ဆိုစေ ဤအရာသည် လုချန်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး သူ ဤနေရာတွင် ရှိနေခြင်းက အခြားကိစ္စများကို လုပ်ဆောင်ရန်အတွက် အနှောင့်အယှက် မဖြစ်နိုင်ပေ။
ယွမ်ယုတိက ထွက်သွားရန် မပြောသဖြင့် လုချန်း၏ နှုတ်ခမ်းဖျားတွင် အဓိပ္ပယ်ပါသော အပြုံးတစ်ခု ပေါ်လာ၏။
လုချန်း၏ ကောက်ကျစ်သော အပြုံးကို မြင်လျှင် သူ ဘာတွေးနေသည်ကို ယွမ်ယုတိ သိလိုက်ပြီး စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
လုချန်း ယွမ်ယုတိကို ဆက်၍ မစနောက်တော့ပေ။
သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ယွမ်ယုတိ၏ ကိုယ်ပေါ်သို့ လဲလျောင်းလိုက်၏။
သူ၏ ဦးခေါင်းကို သူမ၏ ပခုံးသားပေါ်တွင် တင်ထားရင်း သူမဆီမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့ကို ရှူရှိုက်နေမိသည်။
……
ထိုအချိန်တွင် လုချန်း၏ အခြားသော ကိုယ်ပွားတစ်ခုကတော့ နတ်သခင် ယွမ်မုန့်၏ ယွမ်မုန့်နန်းဆောင်ဆီသို့ ဦးတည်သွားနေပြီ ဖြစ်သည်။
မကြာမီတွင်ပင် လုချန်း ပင်မတောင်ထိပ်သို့ ရောက်ရှိလာ၏။
လုချန်းကို သိသူ မနည်းသော်လည်း ပင်မတောင်ထိပ်ရှိ တပည့်များသည် သူ ဝင်လာသည်ကို မြင်သောအခါ ထူးဆန်းသလို ကြည့်နေကြသည်။
လုချန်း၏ ကျင့်စဉ်အဆင့်သည် အထင်ကြီးစရာ မရှိသော်လည်း တပည့်ရင်းတစ်ဦး၏ ဝတ်စုံကို ဝတ်ဆင်ထားလေ့ရှိသဖြင့် ပင်မတောင်ထိပ်ရှိ တပည့်များကြား နာမည်ကြီးနေခဲ့သည်။ သို့သော် လုချန်းသည် နတ်သခင် ကောင်းကင်၏ တပည့်ဖြစ်လာတာ မကြာသေးသလို သူ၏ ကိုယ်ပွားမှာလည်း အိပ်မောကျနေသည့် အခြေအနေဖြင့် ကောင်းကင်အဆောင်တွင်သာ အနေများခဲ့ရာ သူ့ကို ကိုယ်တိုင်မြင်ဖူးသူ အလွန် ရှားပါးလှ၏။
လုချန်း ဖြတ်သွားပြီးနောက်တွင်တော့ ပင်မတောင်ထိပ်မှ တပည့်များ စူးစမ်းစွာဖြင့် ဆွေးနွေးလာကြသည်။
တပည့်တစ်ဦးက
“ဟိုလူက ဘယ်သူလဲ။ တစ်ခါမှ မမြင်ဖူးပါဘူး”
နောက်တစ်ဦးက
“သူ့ဝတ်စုံကို ကြည့်ရတာ နတ်သခင် ကောင်းကင်ရဲ့ တပည့်ရင်း ဖြစ်ရမယ်။”
“နတ်သခင် ကောင်းကင်က ဘယ်တုန်းက နောက်ထပ် တပည့်ရင်းတစ်ယောက် လက်ခံလိုက်တာလဲ။ ကျုပ်တို့ ဘာလို့ မသိရတာလဲ”
“အဲ့ဒီလူကြည့်ရတာ စွမ်းအားကြီးပုံလည်း မရပါဘူး။ ဘယ်လိုလုပ်ပြီး တပည့်ရင်း ဖြစ်လာတာလဲ။ ပြီးတော့ ပင်မတောင်ထိပ်ကို သူ ဘာလာလုပ်တာလဲ။”
“ဟော... သူက ယွမ်မုန့်နန်းဆောင်ဆီ သွားနေတာပဲ။ ကျောင်းတော်သခင်က သူ့ကို ခေါ်ခိုင်းလိုက်တာများလား”
တပည့်များ၏ စကားသံများကို လုချန်း လျစ်လျူရှုလိုက်၏။
သူသည် မကြာမီတွင်ပင် ယွမ်မုန့်နန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိသွားပြီး အစောင့်တပည့်များကို အကြောင်းကြားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏ အမြင်အာရုံများ မှောင်အတိ ကျသွားတော့သည်။ --
………….