← Chapters

အခန်း ၁၈၂၇

Vol. 122 Ch. 1827

အခန်း ၁၈၂၇

Vol. 122 Ch. 1827

အခန်း (၁၈၂၇)

ကျောင်းတော်သခင်၏ သံသယ

လုချန်း၏ မျက်စိရှေ့တွင် အလင်းတန်းများ ပြန်လည်ပေါ်ပေါက်လာချိန်၌ သူ့ကိုယ်သူ ယွမ်မုန့်နန်းဆောင်အတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ယွမ်မုန့်နန်းဆောင် တစ်ခုလုံးကို အရောင်အသွေးစုံလင်လှသည့် နတ်မျက်ရွဲများဖြင့် ထုဆစ်ထားပြီး ထိုမျက်ရွဲများမှ ထွက်ပေါ်လာသော တောက်ပသည့် ရောင်စဉ်တန်းများကြောင့် နန်းဆောင်တစ်ခုလုံးမှာ အိပ်မက်ကမ္ဘာတစ်ခုနှယ် ဖြစ်နေ၏။

ထိုအခိုက်အတန့်တွင် အရောင်အသွေးစုံလင်သော ပါးလျသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် နတ်သခင် ယွမ်မုန့်သည် လုချန်းကို ကျောခိုင်းလျက် နန်းဆောင်အတွင်း ရပ်နေ၏။

လုချန်းက ဂါရဝပြုရင်း

“ကျောင်းတော်သခင်... ကျုပ်ကို ဘာကိစ္စများ ရှိလို့ ခေါ်ယူရတာပါလဲ။”

ထိုစဉ် နတ်သခင် ယွမ်မုန့်က သူ့ဘက်လှည့်ကာ လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး

“လျှို့ဝှက်လဝန်း ကျောင်းတော်မှာ နေရတာ အသားကျပြီလား။”

လုချန်း ခဏခန့် မှင်တက်သွား၏။ နတ်သခင် ယွမ်မုန့်က သူ နေထိုင်ရ အဆင်ပြေ မပြေကို မေးမြန်းရန်အတွက်သာ သီးသန့်ခေါ်ယူခဲ့သည်ဟု လုချန်း မယုံကြည်ပေ။

ချက်ချင်းပင် စနစ်ကို အသုံးပြု၍ နတ်သခင် ယွမ်မုန့်၏ အချက်အလက်များကို လုချန်း စစ်ဆေးလိုက်ရာ သူမ သူ့အပေါ် မည်သို့ ကြံစည်နေသည်ဆိုသည့် နောက်ဆုံးရ အချက်အလက်များကို တွေ့လိုက်ရသည်။

သူမသည် သူ့ထံမှ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ရယူရန် ရည်ရွယ်နေကြောင်း သိသွားသည့်အတွက် လုချန်း စိတ်ထဲ ရယ်မောလိုက်၏။

လုချန်းက

“ကျောင်းတော်သခင်... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ မိန့်ကြားပါ။”

လုချန်းကို လှည့်ဖြားရန် မလွယ်ကူကြောင်း သိသွားသည့်အတွက် နတ်သခင် ယွမ်မုန့်က

“မြောက်ပိုင်းနယ်မှာ လောလောလတ်လတ် ဖြစ်ပျက်နေတာတွေကို ရှင် ကြားမိမှာပေါ့။”

လုချန်းက

“ကျုပ်က မကြာသေးခင် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေတာဆိုတော့ အပြင်က ကိစ္စတွေကို သိပ်မသိရသေးပါဘူး။”

နတ်သခင် ယွမ်မုန့်က

“အခုဆိုရင် မြောက်ပိုင်းနယ်ရဲ့ နယ်မြေ ထက်ဝက်နီးပါးဟာ နတ်ဆိုးဧကရာဇ်ရဲ့ စစ်တပ်လက်အောက်ကို ရောက်သွားပြီ။ မြောက်ပိုင်းနယ်က အင်အားစုတွေဟာ ခက်ခက်ခဲခဲ ခုခံနေရတယ်။ နတ်စွမ်းအားအပေါ် ကောင်းကင်နတ်ဆိုးစွမ်းအားရဲ့ ဖိနှိပ်မှုကလည်း အရမ်းကို သိသာလွန်းတယ်။ တကယ်လို့ နတ်ဆိုးဧကရာဇ်သာ ဆက်ပြီး စွမ်းအားကြီးလာပြီး သူ့ရဲ့ အစွမ်းတွေ အပြည့်အဝ ပြန်ရလာမယ်ဆိုရင် ဒါက ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးအတွက် ကပ်ဘေးကြီးပဲ။”

ထိုသို့ပြောရင်း နတ်သခင် ယွမ်မုန့် လုချန်းကို ကြည့်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိသည်ကို တွေ့လိုက်ရ၏။

သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ရင်း

“တောင်ပိုင်းနယ်က ခမ်းနားသော ကောင်းကင်ခန်းမက ရှင့်ကို ဖမ်းဝရမ်း ထုတ်ထားတယ်။ ရှင့်ဆီမှာ မိစ္ဆာစွမ်းအားကို တန်ပြန်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ သူတို့က အခိုင်အမာ ပြောနေကြတယ်။”

“ဒါဟာ ကျင့်စဉ်တစ်ခုလား... ဒါမှမဟုတ် ရတနာတစ်ခုလားဆိုတာ ကျွန်မ မသိပေမဲ့ မိစ္ဆာစွမ်းအားကို တန်ပြန်နိုင်တယ်ဆိုရင်တော့ ကောင်းကင်နတ်ဆိုးကို နှိမ်နင်းရာမှာလည်း တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိနိုင်လိမ့်မယ်။”

ထိုအရာကို ကြားလျှင် လုချန်း သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွား၏။ သူမသည် ခမ်းနားသော ကောင်းကင်ခန်းမကို အသုံးချကာ သူ့ကို ခြိမ်းခြောက်လိုနေခြင်း ဖြစ်သည်။

တကယ်လို့ သူသာ မိစ္ဆာစွမ်းအားကို တန်ပြန်တဲ့ နည်းလမ်းကို မထုတ်ပေးဘူးဆိုရင် သူ လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ရှိနေ‌ ကြောင်းသတင်းကို ဖြန့်လိုက်မည့် သဘောပင် ဖြစ်သည်။

သို့သော် နတ်သခင် ယွမ်မုန့် ထိုသို့ တကယ် လုပ်လိမ့်မည်ဟု လုချန်း မယုံကြည်ပေ။

ထို့ကြောင့် သူမ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပဲ

“ဒါဟာ ကျုပ်ကို ရှာဖို့ ခမ်းနားသော ကောင်းကင်ခန်းမက သုံးတဲ့ အကြောင်းပြချက်သက်သက်ပါပဲ။ ကျုပ် ကစဉ့်ကလျား ပင်လယ်ကနေ အခွင့်အရေးတွေ အမြောက်အမြား ရခဲ့တယ်လို့ သူတို့က ထင်နေပြီး အဲဒီအခွင့်အရေးတွေကို ကျုပ်ဆီကနေ နှိုက်ထုတ်ချင်နေကြတာပါ။”

“ဒါပေမဲ့ ကျုပ်က အလယ်ပိုင်းနယ်ကို ထွက်ပြေးလာခဲ့ပြီ။ ခမ်းနားသော ကောင်းကင်ခန်းမက တောင်ပိုင်းနယ် တစ်ခုလုံးကို ပိုက်စိပ်တိုက် ရှာပေမဲ့ ကျုပ်ကို မတွေ့လို့ အခုလို ဝရမ်းထုတ်လိုက်တာပဲ ဖြစ်မှာပါ။ ကျုပ်ကို ရှာတွေ့လို့ ဘာအကျိုးမှ မရှိဘူးဆိုရင် တခြား အင်အားစုတွေကလည်း ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီပြီး ရှာပေးကြမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျုပ်ကို ရှာတွေ့လို့ အကျိုးအမြတ် ရနိုင်မယ်၊ အခု ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အင်အားကြီးအုပ်စု အားလုံးက ကျုပ်ကို ဝိုင်းရှာကြတော့မှာပေါ့။”

လုချန်း၏ စကားများကို ကြားလျှင် နတ်သခင် ယွမ်မုန့် ခဏခန့် စဉ်းစားသွား၏။ လုချန်း ပြောတာကလည်း အကျိုးအကြောင်းမဲ့တော့ မဟုတ်ပေ။

ခမ်းနားသော ကောင်းကင်ခန်းမက ပေးပို့လာသည့် စာထဲတွင် လုချန်း၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို တန်ပြန်နိုင်သည့် နည်းလမ်း အသေအချာ ရှိသည်ဟု ဖော်ပြမထားပဲ မိစ္ဆာစွမ်းအားကို တန်ပြန်နိုင်စွမ်း ရှိသည်ဟု သံသယရှိကြောင်းသာ ဖော်ပြထားသောကြောင့် ဖြစ်သည်။

တကယ်လို့ တစ်နေ့နေ့မှာ တခြားအင်အားစုတွေက ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီပြီး လုချန်းကို ဖမ်းပေးလိုက်ပြီး စစ်ဆေးမေးမြန်း သောအခါ ဘာမှမသိရပဲ ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းဖြင့်ပင် ဘာမှတ်ဉာဏ်မှ ရှာမတွေ့ဘူးဆိုပါက ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် သူတို့ သံသယရှိရုံ သက်သက်သာ ဖြစ်ကြောင်း၊ လုချန်းမှာ ထိုကဲ့သို့ နည်းလမ်းမျိုး ရှိတယ်လို့ အသေအချာ မပြောခဲ့ကြောင်း ဆင်ခြေပေး နိုင်သည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က လုချန်း၏ မျက်နှာအမူအရာကို ကြည့်ကာ သူ လိမ်ညာနေသလားဆိုသည်ကို အေးဆေးစွာ စောင့်ကြည့်နေ၏။

လုချန်း၏ မျက်နှာသည် အေးဆေးတည်ငြိမ်နေပြီး လိမ်ညာနေသည့် အရိပ်အယောင် လုံးဝ မရှိပေ။ သူသည် ဝိညာဉ်ရှာဖွေခြင်းကိုပင် ကြောက်ရွံ့ပုံ မပေါ်ပေ။

တကယ်ပဲ လုချန်း ပြောသလို ခမ်းနားသော ကောင်းကင်ခန်းမက သူ့ကို ရှာတွေ့ဖို့အတွက် ဒီလိုအကြောင်းပြချက်ကို သုံးခဲ့တာလား။

နတ်သခင် ယွမ်မုန့်က

“ရှင့်ဆီမှာ ကောင်းကင်နတ်ဆိုးစွမ်းအားကို တန်ပြန်နိုင်တဲ့ နည်းလမ်း တကယ်ပဲ မရှိတာလား။”

လုချန်းက ပြန်လည်မေးခွန်းထုတ်လိုက်၏။

“ကျောင်းတော်သခင်ဆီမှာကော ကောင်းကင်နတ်ဆိုးစွမ်းအားကို တန်ပြန်နိုင်တဲ့ နည်းလမ်း ရှိပါသလား။”

နတ်သခင် ယွမ်မုန့်က

“မရှိဘူး”

လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော်လို မဟာအင်အားကြီးအုပ်စုမှာတောင် မရှိတာကို ကျုပ်ဆီမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”

နတ်သခင် ယွမ်မုန့်က

“ဒါကတော့ အသေအချာ မပြောနိုင်ဘူး။ အထူးသဖြင့် ရှင်က ကစဉ့်ကလျား ပင်လယ်ထဲအထိ ရောက်ခဲ့တဲ့သူဆိုတော့။”

လုချန်းက

“ကစဉ့်ကလျား ပင်လယ်ဆိုတာ ဘေးအန္တရာယ်တွေပဲ ရှိတာပါ။ အခွင့်အရေးဆိုတာ မရှိပါဘူး”

“တကယ်လို့ ကစဉ့်ကလျား ပင်လယ်ထဲမှာ အခွင့်အရေးတွေ ရှိနေမယ်ဆိုရင် နတ်ဆိုးဧကရာဇ် ပြန်ရောက်လာတော့ သူ့ရဲ့ ကျင့်စဉ်အဆင့်တွေ ဒီလောက်ထိ ကျဆင်းသွားမှာ မဟုတ်ဘူး။ နတ်ဘုရင်တစ်ပါး ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားတာက အခွင့်အရေး ပိုရနိုင်မလား၊ နတ်ဧကရာဇ်တစ်ပါး ဝင်သွားတာက ပိုရနိုင်မလားဆိုတာ ကျောင်းတော်သခင် စဉ်းစားကြည့်ပါ။”

“နတ်ဧကရာဇ်တစ်ပါးတောင် ရှာမတွေ့တဲ့ အခွင့်အရေးတွေကို နတ်ဘုရင်တစ်ပါးဖြစ်တဲ့ ကျုပ်က ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။”

ဤအဆင့်တွင် လုချန်း အမှန်အတိုင်း ပြောနေသလားဆိုတာကို နတ်သခင် ယွမ်မုန့် အတိအကျ မသိနိုင်တော့ပေ။

ထို့နောက် သူမက

“နတ်ဆိုးဧကရာဇ်က အခွင့်အရေးတွေ ရှာတွေ့ခဲ့သလား မတွေ့ခဲ့ဘူးလားဆိုတာ သူကိုယ်တိုင်ပဲ သိမှာပါ။”

နတ်သခင် ယွမ်မုန့်က လုချန်းကို တိုက်ရိုက် မရည်ညွှန်းခဲ့သော်လည်း သူ၏ အခြေအနေမှာလည်း အလားတူပင် ဖြစ်သည်။ လုချန်း အခွင့်အရေး ရခဲ့ခြင်း ရှိ၊ မရှိကို လုချန်း ကိုယ်တိုင်သာ အသိဆုံး ဖြစ်၏။

နတ်သခင် ယွမ်မုန့် ခဏခန့် စဉ်းစားလိုက်ပြီးနောက် လုချန်းကို ဆက်လက် မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် ခမ်းနားသော ကောင်းကင်ခန်းမက အဘယ်ကြောင့် ယခုကဲ့သို့ အကြီးအကျယ် ဝရမ်းထုတ်နေရသနည်းဆိုသည်ကို အရင်စုံစမ်းကြည့်ဖို့ လူလွှတ်ရန်သာ သူမ စဉ်းစားလိုက်တော့သည်။

ခမ်းနားသော ကောင်းကင်ခန်းမက ပေးပို့လာသည့် စာထဲက အကြောင်းအရာတွေဟာ တကယ်ပဲ မှန်ကန်နေသလား။

ဒါမှမဟုတ် လုချန်းကို ဖမ်းဖို့အတွက် အကြောင်းပြချက် ပေးနေတာလားဆိုတာကို သူမ သိလို၏။

နတ်သခင် ယွမ်မုန့်က ဆက်လက်၍

“ရှင် လိမ်မပြောဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ ရှင် သွားနိုင်ပြီ။”

လုချန်းက

“ကျုပ်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် ကျောင်းတော်သခင်။”

ထိုစကားများနှင့်အတူ လုချန်း ထွက်ခွာသွား၏။

ထွက်ခွာသွားသော လုချန်း၏ ကျောပြင်ကို ကြည့်ရင်း နတ်သခင် ယွမ်မုန့် စိတ်ထဲ သံသယအချို့ ကျန်ရှိနေဆဲ ဖြစ်၏။

ချက်ချင်းပင် လူအချို့ကို သူမ ခေါ်ယူကာ လုချန်း ကစဉ့်ကလျား ပင်လယ်ကနေ ပြန်ရောက်လာပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမနှင့် သူ့ကြားတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်း စုံစမ်းရန် တောင်ပိုင်းနယ်သို့ စေလွှတ်လိုက်သည်။

လုချန်းသည် ယွမ်မုန့်နန်းဆောင်မှ ထွက်ခွာလာပြီးနောက် ကောင်းကင်တောင်ထိပ်သို့ ပြန်ရန် ပြင်လိုက်စဉ် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် နတ်မိမယ်လေးတစ်ဦး သူနှင့် မလှမ်းမကမ်းမှ ဖြတ်သွားသည်ကို မြင်လိုက်ရ၏။

ထိုအခိုက်အတန့်တွင် ရှုကျင့်ရှူး တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး လုချန်းရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။ သူ့ကို မြင်လိုက်ရလျှင် သူမ ခဏခန့် မှင်တက်သွား၏။

လုချန်းကို သူမ မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် သူ့ကို အလွန် လွမ်းဆွတ်နေမိသည်။ လုချန်း ပေးအပ်ခဲ့သော ပျော်ရွှင်ဖွယ် မှတ်ဉာဏ်များမှာလည်း သူမ၏ အသိထဲတွင် စွဲထင်နေဆဲ ဖြစ်၏။

ရှုကျင့်ရှူးသည် ပင်မတောင်ထိပ်တွင် အရေးပါသူတစ်ဦး ဖြစ်သည့်အတွက် သူမက လုချန်းကို လှည့်ကြည့်လိုက်လျှင် အနီးနားရှိ လူတိုင်းကလည်း သူမ၏ အကြည့်နောက်သို့ လိုက်၍ လုချန်းကို ကြည့်လိုက်ကြ၏။

မွေးဖွားလာတော့မည့် သူတော်စင်မ၏ မိခင်ဖြစ်သူက ကောင်းကင်တောင်ထိပ်၏ တပည့်ရင်းကို အဘယ်ကြောင့် စူးစူးစိုက်စိုက် ကြည့်နေရသနည်းဆိုသည်ကို လူတိုင်းက သိချင်နေကြသည်။

သူမ အနည်းငယ် အမူအရာ ပျက်သွားသည်ကို သတိပြုမိသွားသည့် ရှုကျင့်ရှူးက လုချန်းထံသို့ အသံလှိုင်းဖြင့်

“ရှင်နဲ့ ကျွန်မ စကားပြောလို့ ရမလား”

ဤမိစ္ဆာနတ်မလေးအတွက် လုချန်းမရှိသော ဘဝသည် နေထိုင်ရ အနည်းငယ် ခက်ခဲလှသည်။ သူမသည် လုချန်းနှင့် ပြန်လည် ဆုံတွေ့လိုသော်လည်း သူမ၏ လက်ရှိအဆင့်အတန်းကြောင့် လုချန်းအတွက် ဒုက္ခဖြစ်လာမည်ကို စိုးရိမ်နေမိသည်။

လုချန်း ပြုံးလျက်ပင် အသံလှိုင်းဖြင့်

“ရတာပေါ့”

လုချန်းအတွက်တော့ ဤအရာသည် ရုပ်ခန္ဓာတစ်ခုသာ ဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင်ပင် သူ့ကို ထိခိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှုကျင့်ရှူးနှင့် ပြန်လည်ဆုံတွေ့ခြင်းက သူ့အတွက် ဒုက္ခဖြစ်လာမလားဆိုတာကို မစိုးရိမ်ပေ။

--

………….

All Chapters