အခန်း ၁၈၂၈
Vol. 122 Ch. 1828
အခန်း (၁၈၂၈)
ပြန်လည်တွေ့ဆုံခြင်း
လုချန်း၏ အသံလွှင့်ချက်ကို ရှုကျင့်ရှူး ကြားလျှင် တွေဝေမနေတော့ပဲ တိုက်ရိုက်ပင်
“စီနီယာအကို... မတွေ့တာ ကြာပြီနော်”
ရှုကျင့်ရှူးသည် လူအ မဟုတ်ပေ။ လုချန်းကို အသိအမှတ်ပြုလိုသော်လည်း ထိုမျှများပြားသည့် မျက်လုံးများရှေ့တွင် လုချန်းသည် သူမ၏ လူဖြစ်ကြောင်း လူတိုင်းကို ထုတ်ပြော၍ မဖြစ်နိုင်ပေ။
ထိုသို့သာ သူမ ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်ပါက နောင်တွင် လျှို့ဝှက်လဝန်း ကျောင်းတော်၌ လုချန်း၏ နေထိုင်မှု အတော်ပင် ခက်ခဲသွားပေလိမ့်မည်။
လုချန်းကို ရှုကျင့်ရှူးက စီနီယာအကိုဟု ခေါ်ဝေါ်လိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ လူအားလုံး အံ့အားသင့်သွားကြ၏။
စီနီယာအကို ဟုတ်လား။
ရှုကျင့်ရှူးတွင် စီနီယာအကိုတစ်ယောက် မည်သည့်အချိန်က ရှိနေခဲ့ပါသနည်း။
သူမ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ရောက်ရှိလာသည်မှာ ဆယ်စုနှစ် အနည်းငယ်သာ ရှိသေးသည် မဟုတ်ပါလား။
ထို့ပြင် ယခင်ကလည်း သူမ၌ စီနီယာအကို ရှိကြောင်း မည်သည့်သတင်းမှ ထွက်ပေါ်ခဲ့ဖူးခြင်း မရှိပေ။
အရေးကြီးဆုံးအချက်မှာ ရှုကျင့်ရှူးက ဤလူကို စီနီယာအကိုဟု ခေါ်ဆိုခဲ့ပါက ရှုကျင့်ရှူးကို တပည့်အဖြစ် လက်မခံမီကတည်းက ဤလူသည် နတ်သခင် ကောင်းကင်၏ တပည့်ရင်း ဖြစ်နေရပေမည်။ ရှုကျင့်ရှူးထက် စော၍ တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရပါက လူများအနေနှင့် လုံးဝ မသိပဲ နေကြမည် မဟုတ်ပေ။
လုချန်း၏ ဇစ်မြစ်ကို လူများ ရိပ်ဖမ်းသံဖမ်း တွေးတောနေစဉ် လုချန်းက
“အင်း... မတွေ့တာ ကြာပြီ။ ခင်ဗျား ဒီမှာ နေရတာ အဆင်ပြေရဲ့လား”
ရှုကျင့်ရှူးက
“ကျွန်မ အတော်လေး အဆင်ပြေပါတယ်”
ရှုကျင့်ရှူးက
“ကျွန်မရဲ့ ဆရာဆီ စကားအချို့ ပါးချင်လို့ပါ။ စီနီယာအကို ကျွန်မရဲ့ အဆောင်ကို ခဏလောက် လိုက်ခဲ့ပေးနိုင်မလား။”
ရှုကျင့်ရှူး၏ စကားကို ကြားရလျှင် လူများလည်း မည်သို့မှ သံသယ မဝင်ကြတော့ပေ။ နတ်သခင် ကောင်းကင်၏ တပည့်ရင်း တစ်ယောက်အနေနှင့် ဆရာထံ စကားပါးချင်သည်မှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်၏။
သူမကိုယ်တိုင် ကောင်းကင်တောင်ထိပ်သို့ အဘယ်ကြောင့် မသွားသနည်းဟုမေးလျှင်တော့ ယခု သူမ၏ အဆင့်အတန်းက အလွန်ပင် အရေးပါနေသောကြောင့် ဖြစ်၏။
သူမသည် သူတော်စင်မ၏ မိခင်ဖြစ်ရာ မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်သည့်အတွက် ပင်မတောင်ထိပ်မှ ထွက်ခွာ၍ မရနိုင်ပေ။ ထို့ကြောင့် တခြားတစ်ဦးတစ်ယောက်ကို စကားပါးခိုင်းခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
ရှုကျင့်ရှူး ဘာကြောင့် သူ့ကို ခေါ်နေသလဲဆိုသည်ကို လုချန်း ချက်ချင်း နားလည်သွားပြီး ပြုံးလျက်ပင်
“ကောင်းပြီ... ကျုပ် နားလည်ပြီ”
ထိုစဉ် အာကာသသည် လှိုင်းထသွားပြီးနောက် ရှုကျင့်ရှူး၏ နောက်တွင် နတ်ဘုရင်တစ်ပါး ပေါ်ပေါက်လာ၏။ သူမသည် ရှုကျင့်ရှူးကို ကာကွယ်ရန်အတွက် နတ်သခင် ယွမ်မုန့်က စီစဉ်ပေးထားသူ ဖြစ်သည်။
နတ်သခင် ယွမ်မုန့်၏ စည်းမျဉ်းများအရ ရှုကျင့်ရှူးသည် သူတော်စင်မကို မမွေးဖွားမီအထိ မည်သည့်အမျိုးသားနှင့်မှ နှစ်ယောက်တည်း မရှိသင့်ပေ။ အခု ရှုကျင့်ရှူးက ဤအမျိုးသားကို သူမ၏ အဆောင်သို့ ခေါ်ဆောင်သွားရန် စဉ်းစားနေခြင်းကို နတ်ဘုရင်က ဧကန်မုချ ခွင့်ပြုနိုင်မည် မဟုတ်ပေ။
ထိုနတ်ဘုရင် လုချန်းကို တားဆီးရန် ပြင်လိုက်စဉ်မှာပင် သူမ၏ စိတ်ထဲ၌
“သူတို့ကို နှစ်ယောက်တည်း တွေ့ခွင့်ပြုလိုက်ပါ”
ဟူသော အသံလွှင့်ချက်တစ်ခု ပေါ်လာ၏။
လုချန်းနှင့် ရှုကျင့်ရှူးတို့၏ အချိန်များကို သူမ အလွန်အကျွံ ဝင်ရောက်နှောင့်ယှက်ပါက လုချန်း မကျေမနပ် ဖြစ်သွားနိုင်ကြောင်း နတ်သခင် ယွမ်မုန့် တွေးမိသည်။ လုချန်းထံ၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို ထိန်းချုပ်နိုင်သည့် နည်းလမ်း တကယ် ရှိနေလျှင်ပင် လျှို့ဝှက်လဝန်းကျောင်းတော်ကို ထုတ်ဖော်ပြောပြမည် မဟုတ်ပေ။ ထို့ပြင် အရေးကြီးဆုံးအချက်မှာ ကိုယ်ဝန်ဆောင်မိခင်၏ စိတ်ခံစားချက်ဖြစ်၏။
ရှုကျင့်ရှူး စိတ်ဖိစီးနေပါက ဝမ်းဗိုက်အတွင်းရှိ ကလေးအတွက် မကောင်းနိုင်ပေ။ ကလေး၏ ကြီးထွားမှုကို များစွာထိခိုက်နိုင်ပေသည်။
လုချန်းသည် ရှုကျင့်ရှူး၏ အဖော်ဖြစ်ပြီး သူနှင့် အချိန်အတော်ကြာ ခွဲခွာနေခဲ့ရသဖြင့် သူမ သူ့ကို အလွန် လွမ်းဆွတ်နေပေလိမ့်မည်။ အလွမ်းပြေ စကားပြောခွင့်ပြုခြင်းက ကိစ္စကြီးတစ်ခု မဟုတ်ပေ။
မိခင်ဖြစ်သူ ပိုပျော်ရွှင်လေလေ ဝမ်းဗိုက်အတွင်းရှိ ကလေး ပိုကျန်းမာလာလေလေ ဖြစ်၏။ သူတို့ကို တွေ့ဆုံခွင့်ပြုရုံမျှဖြင့် ကြီးမားသည့် ပြဿနာများ ဖြစ်လာမည် မဟုတ်ပေ။ လုချန်းက သူ၏ ရင်သွေးကို ဒုက္ခပေးလိမ့်မည်ဟု သူမ မယုံကြည်ပေ။
နတ်သခင် ယွမ်မုန့်၏ အသံလွှင့်ချက်ကို ကြားပြီးနောက် အစောင့်အရှောက် နတ်ဘုရင် တိတ်ဆိတ်သွား၏။
သူမ ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ရှုကျင့်ရှူး၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွား၏။ ဤနတ်ဘုရင်သည် သူမကို ကာကွယ်ရန်သာမက စောင့်ကြည့်ရန်အတွက်ပါ ရောက်ရှိနေခြင်း ဖြစ်ကြောင်း သူမ သိထား၏။ နတ်ဘုရင် ရုတ်တရက် ပေါ်လာသဖြင့် ရှုကျင့်ရှူးနှင့် လုချန်းတို့ နှစ်ဦးတည်း တွေ့ဆုံခြင်းကို တားဆီးရန် ကြိုးစားတော့မည်မှာ ထင်ရှားလှသည်။
နှစ်ကိုယ်တည်း တွေ့ခွင့်မရပါက သူမ မည်သို့ အလွမ်းဖြေနိုင်ပါတော့မည်နည်း။ ရှုကျင့်ရှူး စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် နတ်ဘုရင်က ဘာမှမပြောပဲ ပျောက်ကွယ်သွား၏။
ဒါက...
ထိုအရာကို မြင်လျှင် ရှုကျင့်ရှူး မှင်တက်သွား၏။
သူမက သူတို့ကို တားဖို့ လာတာ မဟုတ်ဘူးလား။
ရှုကျင့်ရှူး ဇဝေဇဝါ ဖြစ်သွား၏။ လုချန်းကို ဖိတ်ခေါ်ခြင်းကို တားဆီးရန် မဟုတ်ပါက သူမ အဘယ်ကြောင့် ပေါ်လာသနည်း။
သို့သော် နတ်ဘုရင်က မတားဆီးသဖြင့် လုချန်းကို သူမ၏ အဆောင်သို့ ခေါ်သွားနိုင်ပြီဟု အဓိပ္ပာယ်ရသည်။
ရှုကျင့်ရှူးက
“စီနီယာအကို... ကျွန်မနောက် လိုက်ခဲ့ပါ”
လုချန်းက
“ကောင်းပြီ”
ထို့နောက် ရှုကျင့်ရှူးသည် လုချန်းကို သူမ၏ ကမ္ဘာငယ်အတွင်းရှိ အဆောင်သို့ ခေါ်ဆောင်သွား၏။
ထိုကမ္ဘာငယ်လေးအတွင်း၌ ကျေးငှက်တို့၏ အသံများ ပျံ့လွင့်နေပြီး ပန်းရနံ့များ သင်းပျံ့နေ၏။ ကမ္ဘာငယ်၏ အလယ်ဗဟိုတွင်တော့ နတ်မျက်ရွဲများဖြင့်သာ ထုဆစ်ထားသည့် နန်းဆောင်တစ်ခု ရှိနေသည်။ အရေးကြီးဆုံးမှာ ထိုကမ္ဘာငယ်အတွင်း၌ နတ်အငွေ့အသက်များ အလွန်ထူထပ်လှခြင်း ဖြစ်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်က အဘယ်ကြောင့် ယခုကဲ့သို့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးထားသနည်းဆိုသည်ကို လုချန်း နားလည်၏။ ရှုကျင့်ရှူး၏ ဝမ်းဗိုက်အတွင်းရှိ ကလေးထံ ဝိညာဉ် ကူးပြောင်းရန်အတွက် သင့်တော်သည့် ကိုယ်ထည်တစ်ခု ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနေခြင်းထက် မပိုပေ။
မကြာမီ လုချန်းနှင့် ရှုကျင့်ရှူးတို့ နန်းဆောင်အတွင်းရှိ အခန်းတစ်ခန်းသို့ ဝင်လာကြ၏။ အခန်းအတွင်းသို့ ရောက်သည်နှင့် ရှုကျင့်ရှူးက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ နှုတ်ခမ်းချင်း ထိကပ်လိုက်၏။
ဒါက...
လုချန်း ခဏခန့် လန့်သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်မှု ပြန်ရသွား၏။ သူ ရှုကျင့်ရှူးနှင့် မထိတွေ့ရသည်မှာ ကြာပြီဖြစ်၏။ သူမသည် မိစ္ဆာနတ်တစ်ပါး ဖြစ်ရာ ထိုကဲ့သို့သော ကိစ္စများတွင် တစ်ကြိမ်တစ်ခါ နစ်မျောမိပါက အမြဲတစေ တွေးတောနေတတ်စမြဲ ဖြစ်သည်။
လုချန်းလည်း မငြင်းဆန်ခဲ့ပေ။ အဆုံးတွင် သူမသည် သူ၏ မိန်းမပင် ဖြစ်၏။
သူမ အလိုရှိသမျှကို သူ ဖြည့်ဆည်းပေးရပေမည်။ မကြာမီမှာပင် သူနှစ်ဦး ရင်းနှီးကျွမ်းဝင်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားကြ၏။
ထိုသို့နှင့် တစ်ရက်တာ အချိန် ကုန်ဆုံးသွားတော့သည်။
ကမ္ဘာငယ်၏ အဝင်ဝတွင် စောင့်ဆိုင်းနေသော နတ်ဘုရင်သည် မျက်မှောင်ကြုတ်လျက် အနည်းငယ် စိုးရိမ်နေသည့် အမူအရာ ရှိနေ၏။ အခန်းထဲတွင် တစ်ရက်လုံး အချိန်ဖြုန်းနေကြသဖြင့် ဘာတွေ လုပ်နေကြသနည်းဆိုသည်ကို ရှင်းပြစရာမလိုပဲ သူမ ခန့်မှန်းမိသည်။
ထိုအမျိုးသားနှင့် ရှုကျင့်ရှူးတို့ အတူရှိနေနိုင်ကြောင်း တွေးမိသည်နှင့် နတ်ဘုရင်လည်း ရှုကျင့်ရှူး၏ ဝမ်းဗိုက်အတွင်းရှိ ကလေးအတွက် စိုးရိမ်မကင်း ဖြစ်လာ၏။
ထိုအခါ လုချန်း၏ အခြေအနေကို နတ်သခင် ယွမ်မုန့်ထံ တိုက်ရိုက် အစီရင်ခံလိုက်၏။
ထိုအကြောင်းကို ကြားလျှင် နတ်သခင် ယွမ်မုန့် သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
တစ်ရက်ခန့်သာ ရှိသေးသည် မဟုတ်ပါလား။
သူတို့ မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် လုချန်းနှင့် သူမတို့ကို အလွမ်းသယ်ခွင့်ပြုခြင်းက သဘာဝကျသည်ဟု ယူဆကာ သူမ လျစ်လျူရှုထားလိုက်သည်။
သို့သော် လုချန်း ထိုနေရာ၌ ခြောက်လတိုင်တိုင် နေထိုင်သွားလိမ့်မည်ဟု နတ်သခင် ယွမ်မုန့် မထင်မှတ်ထားခဲ့ပေ။ လစဉ်လတိုင်း နတ်ဘုရင်က လုချန်းနှင့် ရှုကျင့်ရှူးတို့အကြောင်းကို အစီရင်ခံသော်လည်း လုချန်း သူ၏ ရင်သွေးကို ဒုက္ခမပေးလောက်ဟု နတ်သခင် ယွမ်မုန့်က ဆက်လက်ယုံကြည်နေဆဲ ဖြစ်သဖြင့် လျစ်လျူရှုထားခဲ့၏။
သို့သော် လုချန်း ရှုကျင့်ရှူးနှင့် အတူရှိနေတာ အလွန်ကြာလာသဖြင့် နတ်သခင် ယွမ်မုန့် မကျေမနပ် ဖြစ်လာခဲ့သည်။
ထို့ကြောင့် သူမ နတ်အာရုံကို အသုံးပြု၍ ရှုကျင့်ရှူး၏ ကမ္ဘာငယ်ကို စစ်ဆေးလိုက်ရာ ထိုနှစ်ဦး ထိုကိစ္စတွင် နစ်မျောနေကြသည်ကို တွေ့လိုက်ရ၏။
နတ်သခင် ယွမ်မုန့်၏ မျက်နှာလည်း ရေခဲပမာ အေးစက်သွားတော့သည်။
ခြောက်လတိုင်တိုင် ဤကဲ့သို့သော ကိစ္စများကို လုပ်ဆောင်နေပါက ရှုကျင့်ရှူး၏ ဝမ်းဗိုက်အတွင်းရှိ ကလေးကို ထိခိုက်စေနိုင်သည်။
နတ်များ၏ ရင်သွေးသည် မိခင်ဝမ်းဗိုက်အတွင်း ကတည်းက အသိစိတ် စောစောစီးစီး ဖြစ်တည်လာနိုင်ပြီး ပြင်ပတွင် ဖြစ်ပျက်နေသည်များကို သိနိုင်ကြောင်း သတိထားရန် အလွန် အရေးကြီးလှသည်။ လျှို့ဝှက်လဝန်းနန်းတော်က အလိုရှိသည့် သူတော်စင်မ၌ ဖြူစင်သည့် ဝိညာဉ် ရှိရပေမည်။
တကယ်လို့ မိခင်ဝမ်းဗိုက်အတွင်းမှာ ကတည်းက မသင့်တော်သည့် ကိစ္စရပ်များကို သိသွားပါက ဝိညာဉ် ညစ်နွမ်းသွားနိုင်ပြီး နတ်ဧကရာဇ် ယူလန် ဘဝသံသရာ ကူးပြောင်းရန်အတွက် သင့်တော်သည့် ကိုယ်ထည်တစ်ခု ဖြစ်လာတော့မည် မဟုတ်၏။
မဖြစ်ပေ။
ဒါကို ဆက်ပြီး ခွင့်ပြုထားလို့ မရနိုင်ပေ။
ချက်ချင်းပင် နတ်သခင် ယွမ်မုန့် လက်ကို မြှောက်လိုက်ရာ လုချန်း ရုတ်တရက် ဝေဝေဝါးဝါး ဖြစ်သွား၏။ သူ သတိပြန်ဝင်လာချိန်တွင် ရှုကျင့်ရှူး၏ ဘေး၌ မဟုတ်တော့ပဲ ကောင်းကင်ဆောင်ရှိ သူ၏ အခန်းထဲသို့ ပြန်လည် ရောက်ရှိနေသည်ကို တွေ့လိုက်ရပေသည်။
ဒါက... ထိုစဉ် နတ်သခင် ယွမ်မုန့်၏ အသံ ပဲ့တင်ထပ်လာ၏။
“ကျင့်ရှူး သူတော်စင်မကို မမွေးဖွားမချင်း ရှင်တို့ နောက်ထပ် တွေ့ခွင့်မရှိတော့ဘူး။”
--
…………..