အခန်း ၁၈၃၀
Vol. 122 Ch. 1830
အခန်း (၁၈၃၀)
မိတ်ဆွေဟောင်းကို ဒုက္ခမပေးလိုသူ
ယွမ်ယုတိ ထိုသို့ မေးမြန်းသည်ကို မြင်လျှင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လေ့ကျင့်ခြင်းဖြင့် နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်မည်ဟု သူမ တကယ် မယုံကြည်ကြောင်း လုချန်း သိလိုက်၏။
လုချန်းက ထိုမေးခွန်းကို မတုံ့ပြန်ပဲ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ နတ်ဆိုးနှင့် ရင်ဆိုင်ခဲ့သည့် သူ၏ မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်ခုအတွင်းသို့ တိုက်ရိုက် ကူးယူလိုက်၏။ ထို့နောက် ထိုမှတ်ဉာဏ်ပုလဲကို ယွမ်ယုတိ၏ ချောမွတ်သည့် နဖူးပြင်ထံသို့ ပို့လွှတ်လိုက်သည်။
လုချန်းက
“ကျုပ်ရဲ့ မှတ်ဉာဏ်ကို ဖတ်ကြည့်လို့ ရတယ်”
ယွမ်ယုတိက တုံ့ဆိုင်းမနေပဲ လုချန်း၏ မှတ်ဉာဏ်ပုလဲအတွင်းရှိ မှတ်ဉာဏ်များကို ချက်ချင်း ဖတ်ရှုလိုက်၏။ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ နတ်ဆိုးကို လုချန်း အပြတ်အသတ် နှိမ်နင်းနေသည်ကို မြင်လျှင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လေ့ကျင့်ခြင်းဖြင့် နတ်ဆိုးများကို တကယ် နှိမ်နင်းနိုင်ကြောင်း ယွမ်ယုတိ နောက်ဆုံးတွင် ယုံကြည်သွားတော့သည်။
သို့သော်လည်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ကစဉ့်ကလျား သားရဲအတွင်း၌ လုချန်း သင်ယူခဲ့သည့် ကျင့်စဉ်ထက် အဆင့်များစွာ ပိုမြင့်ကြောင်းကိုတော့ ယွမ်ယုတိ မသိချေ။ ဤနတ်နိယာမ ကျင့်စဉ်သည် မိစ္ဆာစွမ်းအားအပေါ် ပိုမိုကောင်းမွန်သည့် နှိမ်နင်းမှု အာနိသင် ရှိ၏။
အမှန်စင်စစ် လုချန်း ယခင်က သင်ယူခဲ့သည်မှာ ကျင့်စဉ်တစ်ခုမျှသာ ဖြစ်သော်လည်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကတော့ နတ်နိယာမ ကျင့်စဉ်တစ်ခု ဖြစ်၏။ ကျင့်စဉ်တစ်ခုက နတ်နိယာမ ကျင့်စဉ်တစ်ခုကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ထိုအခိုက်အတန့်တွင် လုချန်းက ဆက်လက်၍
“ဒါပေမဲ့ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက နတ်ဆိုးစွမ်းအားအပေါ် နှိမ်နင်းနိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိတယ်ဆိုပေမဲ့ ရန်သူရဲ့ စွမ်းအားက အရမ်းကြီးနေရင်တော့ နှိမ်နင်းနိုင်စွမ်းက ထိရောက်ချင်မှ ထိရောက်မှာ။”
“တကယ်လို့ အခုအချိန်မှာ ကျုပ်က နတ်ဆိုးဧကရာဇ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာရဲ့ အစွမ်းက သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူး။”
ကစဉ့်ကလျား ပင်လယ်မှ ထွက်ခွာလာကတည်းက လုချန်းသည် ရွှမ်ချင်းယွမ်နှင့် တိုက်ရိုက် ရင်ဆိုင်ဖူးခြင်း မရှိသဖြင့် သူမ၏ လက်ရှိ စွမ်းအား မည်မျှအထိ ပြန်လည် ကောင်းမွန်လာသည်ကို သူ မသိချေ။ အကယ်၍ ရွှမ်ချင်းယွမ်သာ နတ်ဧကရာဇ် အဆင့်သို့ ပြန်လည် ရောက်ရှိနေပြီ ဆိုပါက သူမကို သူ ယှဉ်နိုင်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
ထိုစဉ်က ကစဉ့်ကလျား ပင်လယ်အတွင်း၌ နတ်ဧကရာဇ် ရွှမ်ချင်းယွမ်နှင့် သူ အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် ရွှမ်ချင်းယွမ်သည် ကစဉ့်ကလျား ပင်လယ်၏ တိုက်စားမှုကို ခံခဲ့ရသဖြင့် သူမ၏ စွမ်းအားများ အလွန် လျော့နည်းနေသောကြောင့် ဖြစ်၏။ ထို့ပြင် သူမ စိတ်ဖောက်နေသည့် အခြေအနေတွင် ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တကယ်တော့ သူတို့နှစ်ဦး ကစဉ့်ကလျား ပင်လယ်အတွင်း၌ အချိန်မည်မျှ ကြာသည်အထိ တိုက်ခိုက်ခဲ့ကြသည်ကို မသိနိုင်ပေ။
လုချန်းသည် သူ၏ အခြေအနေကို ကောင်းစွာ သိနားလည်သူ ဖြစ်၏။ ယခု သူတို့နှစ်ဦးစလုံး ကစဉ့်ကလျား ပင်လယ်မှ ထွက်ခွာလာခဲ့ကြပြီ ဖြစ်သဖြင့် ရွှမ်ချင်းယွမ်နှင့် ပြန်လည် ရင်ဆိုင်ရပါက အနိုင်ရရန် အခွင့်အလမ်း ရှိမည် မဟုတ်ကြောင်းလည်း လုချန်း သိသည်။
သို့သော်လည်း လုချန်း အလွန် စိတ်ပျက်မနေပေ။ အဓိကအားဖြင့် ရွှမ်ချင်းယွမ်မှာလည်း စနစ်မှ အသိအမှတ်ပြုထားသူ တစ်ဦး ဖြစ်နေခြင်းကြောင့် တစ်ကြောင်းဖြစ်သည်။
ထို့ပြင် သူ့ထံတွင် အခြားသော လျှို့ဝှက်လက်နက် တစ်ခု ရှိနေခြင်းကြောင့် ဖြစ်၏။
သူမသည် စနစ်မှ အသိအမှတ်ပြုထားသော အမျိုးသမီး တစ်ဦး ဖြစ်နေပါက ထိုလျှို့ဝှက်လက်နက်သည် သင့်တော်သည့် အချိန်တွင် ထွက်ပေါ်လာလိမ့်မည်ဟု သူ ယုံကြည်၏။
ထိုအရာကား ယခုချိန်အထိ သူနားမလည်နိုင်သေးသည့်သည့် ပန်းနီရထားဖြစ်၏။ ပန်းနီရထားသည် မည်သည့်အဆင့်ရှိသော ရတနာဖြစ်သည်ကို သူ နားမလည်သေးသော်လည်း ၎င်းသည် နတ်ဧကရာဇ် တစ်ပါးကိုပင် နှိမ်နင်းနိုင်လိမ့်မည်ဟု သူ ကြိုတင် ခံစားနေရသည်။
ရွှမ်ချင်းယွမ်က သူ့ကို တိုက်ခိုက်ရန် တကယ် ကြံစည်လာပါက ထိုပန်းနီရထားသည် သူမကို တားဆီးရန်အတွက် အချိန်မီထွက်ပေါ်လာလိမ့်မည် ဖြစ်၏။
ဤနတ်နိယာမ ကျင့်စဉ်သည် နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်ကြောင်း သိသွားသဖြင့် ယွမ်ယုတိလည်း လုချန်း၏ စကားကို ဆက်လက် နားမထောင်တော့ပဲ အမြန်ဆုံး လေ့ကျင့်ကာ ဤကျင့်စဉ်ကို အပြည့်အဝ တတ်မြောက်နိုင်ရန် ကြိုးစားလိုစိတ်သာ ပြင်းပြနေတော့၏။
သို့သော် ယွမ်ယုတိ လေ့ကျင့်တော့မည့် ဆဲဆဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ
“ဒီနတ်ကျင့်စဉ်ကို နတ်သခင် ယွမ်မုန့်ကို ဘာလို့ သင်မပေးတာလဲ။”
ကောင်းကင်နတ်ဆိုးတပ် တောင်ဘက်သို့ ချီတက်လာခြင်းသည် ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ အခြားသော အင်အားစုများအတွက် ဘေးဒုက္ခကြီး တစ်ခု ဖြစ်ရုံသာမက ၎င်းသည်အရိုင်းနယ်မြေသို့လည်း ကူးစက်လာနိုင်သည်။ အကယ်၍ တစ်နေ့တွင် မဟာအင်အားကြီးအုပ်စုများဖြင့် ဖွဲ့စည်းထားသော မဟာမိတ်တပ်ပေါင်းစု ရှုံးနိမ့်သွားပြီး နတ်ဆိုးတပ် အရိုင်းနယ်မြေသို့ ရောက်ရှိလာပါက လုချန်း၏ ချင်းနတ်ဘုရား နိုင်ငံလည်း ပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်ရနိုင်သည်။
ထို့ကြောင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ပေးအပ်ကာ ထျန်းရန် နတ်ဘုရား နယ်မြေမှ မဟာအင်အားကြီးအုပ်စုများအား နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးတပ်မတော်ကို တိုက်ခိုက်ရာတွင် ကူညီပေးခြင်းက လုချန်းအတွက် တကယ်အကျိုးရှိစေမည် ဖြစ်၏။
မည်သို့ပင်ဆိုစေ ပျက်စီးနေသော ငှက်သိုက်တစ်ခုအောက်တွင် မည်သည့်ဥမှ ဘေးမကင်းနိုင်ပေ။ ထျန်းရန် နတ်ဘုရား နယ်မြေရှိ မဟာအင်အားကြီးအုပ်စုများ ရှုံးနိမ့်သွားသည်နှင့် သူတို့လည်း ဒုက္ခနှင့် ရင်ဆိုင်ရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
လုချန်းက ခပ်ပေါ့ပေါ့ လေသံဖြင့်
“နတ်ဆိုးဧကရာဇ်နဲ့ ကျုပ်က မိတ်ဆွေဟောင်းတွေလေ။ ဒီလို နတ်နိယာမ ကျင့်စဉ်ကို သူတို့လက်ထဲ ထည့်ပေးလိုက်တာက ကျုပ်ရဲ့ မိတ်ဆွေဟောင်းကို ဒုက္ခပေးသလို ဖြစ်မနေဘူးလား။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ ချက်ချင်းပင် မှင်တက်သွား၏။
လုချန်းနှင့် နတ်ဆိုးဧရာဇ်တို့က မိတ်ဆွေဟောင်းတွေတဲ့လား။
ထိုအရာက တကယ် ဖြစ်နိုင်ပါ့မလား။
သူတို့ မည်သည့်အချိန်က ဆုံတွေ့ခဲ့ကြသနည်း။
ထိုစဉ် လုချန်းနှင့် နတ်ဆိုးဧကရာဇ် နှစ်ဦးစလုံး ကစဉ့်ကလျား ပင်လယ်သို့ ရောက်ရှိခဲ့ကြပြီး ထျန်းရန် နတ်ဘုရား နယ်မြေသို့လည်း အချိန်ကာလ တစ်ခုတည်း၌ ပြန်လည် ရောက်ရှိလာကြကြောင်း ယွမ်ယုတိ ရုတ်တရက် သတိရသွား၏။
သူတို့ ကစဉ့်ကလျား ပင်လယ်အတွင်း၌ ဆုံတွေ့ခဲ့ကြတာလို့ ဆိုလိုတာလား။
ထိုသို့ တွေးကြည့်လျှင် လုချန်းနှင့် နတ်ဆိုးဧကရာဇ်တို့ တစ်ဦးကိုတစ်ဦး သိကျွမ်းနေခြင်းက ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။
သို့သော်လည်း သူတို့ မည်သို့ မိတ်ဆွေများ ဖြစ်သွားကြသလဲ ဆိုတာကတော့ ထူးဆန်းနေသည်။
တစ်ဦးမှာ နတ်ဆိုးဧကရာဇ် ဖြစ်ပြီး အခြားတစ်ဦးမှာတော့ ဖြောင့်မတ်သောနတ် တစ်ပါး ဖြစ်နေ၏။
ထို့ပြင် လုချန်းထံတွင် နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်သည့် နတ်နိယာမ ကျင့်စဉ်တစ်ခုလည်း ရှိနေသေးသည်။ လုချန်းသာ ဤနတ်ကျင့်စဉ်ကို လေ့ကျင့်ထားမည်ဆိုပါက နတ်ဆိုးဧကရာဇ်သည် လုချန်း၏ ရှေ့တွင် ဧကန်မုချ သက်သောင့်သက်သာ ရှိမည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူတို့နှစ်ဦး မည်သို့ မိတ်ဆွေများ ဖြစ်နိုင်ကြပါဦးမည်နည်း။
ယွမ်ယုတိ အခြားသော အချက်တစ်ချက်ကိုလည်း ချက်ချင်းပင် တွေးမိသွား၏။
နတ်ဆိုးဧကရာဇ်သည် အမျိုးသမီးတစ်ဦး ဖြစ်နေသည် ဟူသောအချက်ဖြစ်သည်။
ထိုအရာကို တွေးမိသည်နှင့် ယွမ်ယုတိက လုချန်းကို အေးစက်စက်နှင့် ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
ထိုသို့ကြည့်သည်ကို မြင်လျှင် လုချန်းက ပြုံးလျက်
“ဆရာက မယုံဘူးလား”
ယွမ်ယုတိက အေးစက်စက်ဖြင့်
“ရှင် နတ်ဆိုးဧကရာဇ်နဲ့ အိပ်ခဲ့တာလား”
ဤဖြစ်နိုင်ခြေမှအပ ယွမ်ယုတိ အခြား ဘာကိုမှ မစဉ်းစားနိုင်ပေ။ လုချန်းကဲ့သို့သော လူရှုပ်တစ်ယောက်၏ ရှေ့တွင် အမျိုးသားနှင့် အမျိုးသမီးကြား ရိုးရိုးသားသား မိတ်ဆွေဖြစ်မှု ရှိနိုင်သည်ဟု သူမ မယုံကြည်ပေ။
သူနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော အမျိုးသမီးများသည် သူနှင့် အိပ်ခဲ့ကြသူများသာ ဖြစ်လိမ့်မည်။
လုချန်းက
“မအိပ်ရသေးပါဘူး”
ယွမ်ယုတိ တိတ်ဆိတ်သွား၏။
မအိပ်ရသေးဘူးဟုတ်လား။
ထိုသို့ဆိုလျှင် သူ့ထံတွင် ထိုအတွေးမျိုး ရှိနှင့်နေပြီဟု ဆိုလိုခြင်းလား။
ဤလူရှုပ်၏ သတ္တိက တကယ်ပင် အံ့ချိိီးလောက်၏။ သူက နတ်ဆိုးဧကရာဇ်ကိုပင် ပစ်မှတ်ထား ရဲနေသည်။
ဤသို့သော ကိစ္စအတွက် သူသည် သူ၏ အသက်ကိုပင် ထည့်မတွက်ပေ။
ယွမ်ယုတိ တိတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းက
“ဆရာ သိချင်တာ ကျန်သေးလား”
ယွမ်ယုတိက သူမ၏ မျက်လုံးများကို တိုက်ရိုက် မှိတ်လိုက်ကာ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လေ့ကျင့်ရန်အတွက် အာရုံများကို ပြန်လည် စုစည်းလိုက်၏။ လုချန်းနှင့် နတ်ဆိုးဧကရာဇ်တို့၏ ဆက်ဆံရေးနှင့် ပတ်သက်၍ သူမ ဆက်လက် မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်သည်။
လုချန်းအနေနှင့် နတ်ဆိုးဧကရာဇ်နှင့် အိပ်နိုင်လိမ့်မည်ဟု သူမ အနည်းငယ်မှ မယုံကြည်ပေ။
ဤလူရှုပ်သည် သူမနှင့် အိပ်ခွင့်ရခဲ့ခြင်းမှာ တစ်ချို့ အခြေအနေများကြောင့်သာ ဖြစ်ပြီး သူမလည်း စိတ်မပါပဲ လက်ခံခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း နတ်ဆိုးဧကရာဇ် ဆိုသည်မှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးနည်း။
သူမသည် ထျန်းရန် နတ်ဘုရား နယ်မြေကို တစ်ဖန် ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိသူ ဖြစ်သည်။ အကယ်၍ လုချန်းသာ သူမနှင့် အိပ်လိုပါက သူ့တွင် ထိုသို့သော အရည်အချင်း ရှိ မရှိကို အရင်ဆုံး ချိန်ဆကြည့်သင့်သည်။
ယွမ်ယုတိ ဘာမှ ထပ်မပြောတော့သည်ကို မြင်လျှင် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကိုသာ လုချန်း ဆက်လက် လေ့ကျင့်နေတော့၏။
…..
တစ်ဖက်တွင်။
လကွယ်ဂိုဏ်း။
နှင်းခဲလ နတ်မြို့။
နှင်းခဲလ နတ်ဘုရင်သည် ခန်းမဆောင်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေကာ လက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို စွမ်းအားဖြင့် ဖွင့်လှစ်၍ ချင်းနတ်ဘုရား နိုင်ငံနှင့် ပတ်သက်သော စုဆောင်းထားသည့် သတင်းအချက်အလက်များကို ဖတ်ရှုနေ၏။ ထိုအကြောင်းအရာများကို ဖတ်ပြီးနောက် နှင်းခဲလ နတ်ဘုရင် အတွေးထဲတွင် နစ်မြောသွားသည်။
ထို့နောက် သူက ခန်းမဆောင်အတွင်းရှိ သတင်းအချက်အလက် စုဆောင်းမှုအတွက် တာဝန်ရှိသော နတ်ဘုရင်ခံကို ကြည့်ကာ
“ဆိုလိုတာက လျှို့ဝက်လဝန်းနန်းတော်က တောင်ပိုင်းနယ်ကနေ အရိုင်းနယ်မြေဆီကို တိုက်ရိုက် ရွှေ့ပြောင်းလာတာပေါ့ ဟုတ်လား။”
သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်၍ သတင်းအချက်အလက်များစွာကို စုဆောင်းခဲ့ကြပြီး တောင်ပိုင်းနယ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြ၏။ သို့သော်လည်း ဤသတင်းအချက်အလက်များ အားလုံးက နှင်းခဲလ နတ်ဘုရင်အတွက်တော့ အဓိပ္ပာယ်မရှိသကဲ့သို့ ဖြစ်နေ၏။
တောင်ပိုင်းနယ်နှင့် အရိုင်းနယ်မြေသည် အလွန်ပင် ဝေးကွာလှ၏။ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြုလျှင်ပင် လူတစ်ယောက်တည်းကို ရွှေ့ပြောင်းရန်အတွက် နတ်ကျောက်တုံး အမြောက်အမြား ကုန်ကျမည် ဖြစ်၏။
ယခု လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးရွှေ့ပြောင်းခဲ့ခြင်း ဖြစ်ရာ နတ်ကျောက်တုံးများ ကုန်ကျမှုကို ထည့်မတွက်သေးလျှင်ပင် ဤမျှ အဆင့်မြင့်သော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံမျိုး ဤလောကတွင် ရှိသည်ဟု သူတို့ တစ်ခါမှ မကြားဖူးကြ ပေ။
ထိုစဉ် ခန်းမဆောင်အတွင်းရှိ နတ်ဘုရင်ခံက
“သခင်... ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို အမြဲတစေ လိုက်ရှာနေတာပါ။ ကျုပ်တိုလူစု လျှို့ဝှက်လဝန်းနန်းတော်အကြောင်းကို သူတို့ကို အသိပေးသင့်လား။”
ထိုအရာကို ကြားလျှင် နှင်းခဲလ နတ်ဘုရင် သတိပြန်ဝင်လာ၏။ အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်သည် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြု၍ အရိုင်းနယ်မြေသို့ တိုက်ရိုက် ရွှေ့ပြောင်းလာခြင်း ဖြစ်ပါက ထိုနည်းဗျူဟာပုံစံ၏ အဆင့်က အလွန်ပင် မြင့်မားနေမည်မှာ ဧကန်မုချပင် ဖြစ်၏။ အကယ်၍ သူတို့သာ ဤတည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို ရရှိခဲ့မည်ဆိုပါက သူတို့၏ နောင်အနာဂတ် အစီအစဉ်များအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။
--