အခန်း ၆၄၉
Vol. 47 Ch. 649
အခန်း ၆၄၉ - ကြီးမားသော အကျိုးအမြတ်၊ ထိုက်ယင်ကျောက်စိမ်းယုန်၏ အနှစ်သာရသွေးကို ရရှိခြင်း (၂)
ဤဝိညာဉ်ကြောများ အားလုံးသည် နဂါးကြောအိမ်ရာအင်းနှင့် တိမ်တိုက်အိပ်မက် ခြေရာခံအင်းများ အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့ကြ၏။
ဝုန်း~~ ဂျိန်း~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝိညာဉ်ကြော တစ်ခုစီတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ လုံးလုံးလျားလျား ဉာဏ်အလင်းပေးခြင်းကို ခံလိုက်ရပုံပေါ်၏။
ဝိညာဉ်ရေးရာများ ပေါက်ဖွားလာခဲ့သည်။ ထို့နောက် ဟိန်းဟောက်နေသော ဧရာမနဂါးကြီး တစ်ကောင် အဖြစ်သို့ အသွင်ပြောင်းသွားခဲ့၏။
ကောင်းကင်ထင်းရူး တောင်တန်းတစ်ခုလုံးသည် နဂါးများကို မွေးဖွားပေးလိုက်သကဲ့သို့ပင်။
ဤနေရာအား နဂါးသိုက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။ အဆုံးအစမရှိသော ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများသည် လျင်မြန်စွာ စုစည်းလာကြသည်။ ထို့နောက် နဂါးကြောများ၏ ထိန်းချုပ်ခြင်းကို လုံးဝ ခံလိုက်ရလေ၏။
၎င်းတို့သည် မြေကြီးနက်ရှိုင်းသော နေရာ၌ နဂါးများရေကူးနေသကဲ့သို့ အဆက်မပြတ် သွားလာကူးခတ်နေကြ၏။
"နဂါးကြောအိမ်ရာအင်းဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ။"
"အချိန်တစ်ခုပေးလိုက်ရင် ဒီနဂါးကြောတွေ အကုန်လုံး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားနိုင်တယ်။ အဆင့် ၅ ဝိညာဉ်ကြောတစ်ခုအဖြစ်တောင် ဆင့်ကဲပြောင်းလဲသွားနိုင်သေးတယ်။"
ကျန်းဖန်သည် မြေကြီးအောက်နက်ရှိုင်းသောနေရာမှ နဂါးကြောများကို အာရုံခံနိုင်နေ၏။
နဂါးကြောအိမ်ရာအင်း၏ စွမ်းအားအောက်တွင် ၎င်းတို့သည် စတင်ပေါင်းစပ်လာကြသည်။
မြစ်ပေါင်းရာနှင့်ချီပြီး ပင်လယ်အတွင်းသို့ စီးဝင်ပေါင်းစပ်သွားသကဲ့သို့ပင်။
အမှန်တကယ်တော့ ဤသည်မှာ ဝိညာဉ်ကြောများကို ဉာဏ်အလင်းပေးသည့် ရှေးဟောင်းနည်းလမ်း တစ်ခုပင် ဖြစ်သည်။
ဟင်းလင်းပြင်ကမ္ဘာတွင် အဆင့်မြင့်ဝိညာဉ်ကြောများစွာ မရှိလေ့မရှိပေ။
သို့သော် နဂါးကြောအိမ်ရာအင်း၏ စွမ်းအားအောက်တွင် အဆင့်နိမ့် ဝိညာဉ်ကြောများစွာသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကြသည်။
ထို့နောက် အဆင့်မြင့်ဝိညာဉ်ကြော တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွား၏။ ထို့ကြောင့် ရှေးခေတ်ကာလတွင် အဆင့်မြင့်ဝိညာဉ်ကြောများသာ တည်ရှိခဲ့ကြပြီး အဆင့်နိမ့်များ လုံးဝမရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကြောများအားလုံးသည် ရှည်လျားသော ဝိညာဉ်စွမ်းအင်မြစ်ကြီး တစ်ခုအဖြစ်သို့ ပေါင်းစပ်သွားကြသောကြောင့် ဖြစ်သည်။
သို့ရာတွင် ရှေးခေတ်ကာလက ကောင်းကင်နှင့်မြေကြီး အပြောင်းအလဲများကြောင့် အဆင့်မြင့်ဝိညာဉ်ကြော များစွာသည် လုံးလုံးလျားလျားပြိုကွဲသွားခဲ့ရ၏။
သေးငယ်သော စမ်းချောင်းငယ်များစွာ အဖြစ်သို့ ကွဲထွက်သွားခဲ့ရသည်။
ဧရာမမြစ်ကြီးတစ်ခု ဖြတ်တောက်ခံရပြီး စမ်းချောင်းငယ်လေးများစွာ အဖြစ် ကွဲထွက်သွားသကဲ့သို့ပင်။
ယခုအခါ ကျန်းဖန်ပြုလုပ်နေသည်မှာ ဤစမ်းချောင်းငယ်လေးများကို တစ်ခုတည်းဖြစ်အောင် ပြန်လည် ပေါင်းစပ်ပေးနေခြင်း ဖြစ်သည်။
အပိုင်းပိုင်းကွဲနေသော နယ်မြေများကို ပြန်လည်ပေါင်းစည်းနေခြင်းနှင့် တူညီလှပေသည်။
"အင်း... တိမ်တိုက်အိပ်မက် ခြေရာခံအင်းတွေလည်း ရှိသေးတာပဲ။ စပြီး သက်ဝင်လှုပ်ရှားလိုက်ရအောင်။"
အတွေးတစ်ခုနှင့်အတူ ကျန်းဖန်သည် ဝိညာဉ်ကြောများ၏ နက်ရှိုင်းသောနေရာ၌ ပေါင်းစပ်ထားသည့် တိမ်တိုက်အိပ်မက် ခြေရာခံအင်းများကို ချက်ချင်း သက်ဝင်လှုပ်ရှားစေလိုက်၏။
ဂျိန်း~~~ ဝုန်း~~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် တိမ်တိုက်အိပ်မက် ခြေရာခံအင်း တစ်ခုစီတိုင်းသည် မှေးမှိန်သော အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်၏။ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအားများနှင့် ပဲ့တင်ထပ်သွားသည်။
ထို့နောက် ၎င်းတို့ကိုဗဟိုပြု၍ ကြီးမားကျယ်ပြန့်သော အဖြူရောင်မြူခိုးများကို ထုတ်လွှတ်လိုက်လေ၏။
တိမ်တိုက်အိပ်မက် ခြေရာခံအင်း တစ်ခုတည်းဆိုလျှင်မူ ဘာမျှထူးခြားမည် မဟုတ်ပေ။ သို့သော် ရာနှင့်ထောင်နှင့်ချီသော အင်းများ၏ စွမ်းအားများ စုပေါင်းသွားသောအခါ၌မူ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသွားလေပြီ။
ဧရာမအဖြူရောင် မြူခိုးကြီးသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားတော့၏။
ထွက်သက်ဝင်သက် အကြိမ်အနည်းငယ် အတွင်းမှာပင် ကောင်းကင်ထင်းရူး တောင်တန်းတစ်ခုလုံးသည် အဖြူရောင်မြူခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့၏။
ကောင်းကင်ထင်းရူး တောင်တန်းတွင် နေထိုင်ကြသော မိစ္ဆာသားရဲများ အားလုံးသည် တွေဝေသွားကြသည်။ ဘာတွေဖြစ်ပျက်နေမှန်း လုံးဝမသိရှိကြတော့ပေ။
အဖြူရောင်မြူခိုးများနှင့် ဖွဲ့စည်းထားသော ဧရာမသားရဲကြီး တစ်ကောင်က ကောင်းကင်ထင်းရူး တောင်တန်းကို တစ်ကိုက်တည်း ဝါးမျိုပစ်လိုက်သကဲ့သို့ပင်။
ထို့အပြင် ဤသည်မှာ သာမန် အဖြူရောင်မြူခိုးမျိုး မဟုတ်ချေ။
ဝိညာဉ်အာရုံများကို ကမောက်ကမဖြစ်စေပြီး ပုံရိပ်ယောင်များ ဖန်တီးပေးနိုင်သည့် ထူးခြားသော အစီအရင်စွမ်းအင်များလည်း ပါဝင်နေသေး၏။
အကယ်၍ ပြင်ပမှသက်ရှိများသာ ဤမြူခိုးများအတွင်းသို့ ခြေလှမ်းမိသွားပါက၊ ကောင်းကင်ထင်းရူး တောင်တန်းအတွင်း၌ လုံးလုံးလျားလျား ပိတ်မိသွားကြမည် ဖြစ်သည်။
ကျန်းဖန်က ခွင့်မပြုသရွေ့ အဆင့် ၄ အောက်သက်ရှိများသည် ဤနေရာ၌သာ ပိတ်မိနေမည် ဖြစ်သည်။ ဘယ်တော့မျှ ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။
"တိမ်တိုက်အိပ်မက် ခြေရာခံအင်းနဲ့ နဂါးကြောအိမ်ရာအင်းတို့ ပေါင်းစပ်သွားတဲ့စွမ်းအားက အဆင့် ၃ အထက်တန်းအဆင့် အစီအရင်တစ်ခုနဲ့တောင် ယှဉ်လို့ရနေပြီပဲ။"
"ဒီအတိုင်းဆိုရင်တော့ ကောင်းကင်ထင်းရူးတောင်တန်းက အနာဂတ်မှာ ငါတို့မူလအင်းဂိုဏ်းရဲ့ နယ်မြေဖြစ်လာတော့မှာ သေချာတယ်။"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ မူလအင်းစုတ်တံသည် အလွန်အမင်း ကျေနပ်အားရသွား၏။
သိသာထင်ရှားသည်မှာ အင်းအမြောက်အမြား ပေါင်းစပ်လိုက်သော စွမ်းအားသည် အစီအရင်တစ်ခု၏ စွမ်းအားထက် လုံးဝ မလျော့နည်းခြင်းပင် ဖြစ်သည်။
အနှစ်သာရအားဖြင့်ဆိုရလျှင် အစီအရင် ဆိုသည်မှာ သဘာဝတရားနှင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို လှုံ့ဆော်အသုံးပြုသည့် နည်းလမ်းတစ်ခု သက်သက်သာ ဖြစ်သည်။
သို့သော် အင်းများသည်လည်း အလားတူအကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။
ထို့အပြင် အင်းများသည် အစီအရင်များထက် အရင်းအမြစ်များကို ပိုမိုသက်သာစေသေး၏။
သေချာသည်မှာ ဤသည်ကိုစွမ်းဆောင်နိုင်သော အင်းဆရာဆိုသည်မှာ အလွန်အမင်း ရှားပါးလွန်းလှသည်။
ဤအင်းများကို ပြီးပြည့်စုံခြင်း အဆင့်အထိ ကျင့်ကြံနိုင်မှသာ ဤမျှလောက် အမြင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော် ဤလောကကြီးတွင် ဤသို့လုပ်နိုင်သည့်အင်းဆရာ ဘယ်နှစ်ယောက်များ ရှိမည်နည်း။
"အမှန်ပဲ။ ကောင်းကင်ထင်းရူးတောင်တန်းတစ်ခုလုံး မြူခိုးတွေနဲ့ ဖုံးလွှမ်းသွားပြီ။"
"ယွမ်ယင်းအဆင့်အောက် ကျင့်ကြံသူတွေ ဝင်လာမယ်ဆိုရင် အခြေခံအားဖြင့် သေလမ်းကိုးသွယ် ရှင်လမ်းတစ်သွယ်ကို ရင်ဆိုင်ရမှာပဲ။"
"ယွမ်ယင်းကျင့်ကြံသူတွေက မြူခိုးတွေကို ဖောက်ထွက်နိုင်တယ်ဆိုရင်တောင် အင်းတွေရဲ့တည်နေရာကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။"
"သူတို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားမယ်ဆိုရင်တောင် ဒီရဲ့လျှို့ဝှက်ချက်တွေကို သိနိုင်မှာ မဟုတ်ဘူးလေ။"
အသွင်သောင်းပြောင်းဆေးမီးဖိုသည်လည်း ဤအချက်ကို သဘောတူပေသည်။
ယနေ့ခေတ် သခင်ဖြစ်သူသည် ဧရာမအင်အားစုကြီး တစ်ခုကို တည်ဆောက်ပြီး ကာကွယ်ပေးနိုင်စွမ်းရှိနေပြီ ဖြစ်ကြောင်း ၎င်းကခံစားလိုက်ရ၏။
ကောင်းကင်ထင်းရူး တောင်တန်းသည် ယွမ်ယင်းအဆင့် အင်အားစုတစ်ခု၏ စတင်ရာနေရာ ဖြစ်လာပေလိမ့်မည်။
ဤအခိုက်အတန့်တွင် အနောက်ပိုင်းတိုက်ကြီးပေါ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာနေသော အင်အားကြီးဂိုဏ်း တစ်ခုကို ၎င်းက မြင်တွေ့နေရသကဲ့သို့ပင်။
"ပြီးတော့ ကောင်းကင်ထင်းရူးတောင်တန်းထဲမှာ အရင်းအမြစ်တွေ အများကြီးရှိတယ်။"
"ဝိညာဉ်ကျောက်တုံးသတ္တုကြောတွေအပြင် တခြားသတ္တုအရင်းအမြစ်တွေလည်း အများကြီးရှိသေးတာ။"
"ဒီသတ္တုတွေကို မူလအင်းဂိုဏ်းက ကျင့်ကြံသူတွေ လွှတ်ပြီး တူးဖော်လို့ရတယ်။"
မိစ္ဆာတုန်ခါမှုခေါင်းလောင်းသည် မူလအင်းဂိုဏ်း၏ နောက်ထပ်လှုပ်ရှားမှုများ အတွက် စတင် အစီအစဉ်ဆွဲနေပြီ ဖြစ်သည်။
"သွားကြရအောင်။"
ကျန်းဖန်၏ပုံရိပ်သည် လင်းလက်သွားပြီး ထိုနေရာမှ လျင်မြန်စွာထွက်ခွာသွားခဲ့၏။
ကောင်းကင်ထင်းရူးတောင်တန်းအား ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည့် နောက်ထပ်အဆင့်များကို မူလအင်းဂိုဏ်း၏ အခြား ရွှေအမြုတေ ကျင့်ကြံသူများက ကိုင်တွယ်ဆောင်ရွက်နိုင်သည်။
အရာအားလုံးကို သူကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေရန် မလိုအပ်ပေ။
…
ရက်အနည်းငယ် ကြာပြီးနောက်။
တံစဉ်းအင်းဆက်မျိုးနွယ် ကျင့်ကြံသူအမြောက်အမြား ဤနေရာသို့ ရောက်လာကြ၏။ အဆင့် ၄ အကြီးအကဲတစ်ဦးလည်း ပါဝင်သည်။
မည်သို့ပင်ဆိုစေကာမူ တံစဉ်းအင်းဆက်မျိုးနွယ်၏ အကြီးအကဲချုပ်နှင့် အဆင့် ၃ အထက်တန်းလွှာ အများအပြားသည် ကောင်းကင်ထင်းရူး တောင်တန်း၌ ကျဆုံးသွားခဲ့သည် မဟုတ်လော။
ဤသည်က တံစဉ်းအင်းဆက် မျိုးနွယ်တစ်ခုလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်သွားစေခဲ့၏။
ဤကဲ့သို့သောဆုံးရှုံးမှုမျိုးမှာ သူတို့အတွက် အရင်က တစ်ခါမှ မကြုံဖူးသောကိစ္စပင် ဖြစ်သည်။
ထို့ကြောင့် သဘာဝကျကျပင် သူတို့၏အကြီးအကဲချုပ်အား မည်သူက သတ်ဖြတ်သွားခဲ့သည်ဆိုသည့် အမှန်တရားကို ရှာဖွေချင်ကြပေသည်။
"ဘာတွေဖြစ်နေတာလဲဟ။"
"ကောင်းကင်ထင်းရူးတောင်တန်းဆိုတာ သာမန်တောင်တန်းတစ်ခု မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး မြူခိုးအထူကြီးတွေ ဖုံးလွှမ်းသွားရတာလဲ။"
တံစဉ်းအင်းဆက်မျိုးနွယ်၏ အကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်၏။ ၎င်း၏ရှေ့၌ အဖြူရောင်မြူခိုးများ ဖုံးလွှမ်းနေသော ကောင်းကင်ထင်းရူး တောင်တန်းကို အလွန်အမင်း တည်ကြည်လေးနက်စွာ စိုက်ကြည့်နေခဲ့သည်။
မူလက ဤနေရာသည် မြင့်မားမတ်စောက်သော တောင်ထွတ်များ၊ ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် ပြည့်နှက်နေသည့် အဆုံးအစမရှိသော တောင်တန်းကြီးတစ်ခု ဖြစ်ပေသည်။ အဖြူရောင်မြူခိုးများ ဖုံးလွှမ်းနေခြင်းမျိုး မဟုတ်ချေ။
၎င်းသည် ဤနေရာမှ သတင်းအချက်အလက်များကို စုဆောင်းနိုင်ရန် အတွက် ဝိညာဉ်အာရုံကို အသုံးပြုကာ ဖောက်ထွင်းကြည့်ရှုရန် ကြိုးစားလိုက်၏။
…….