အခန်း ၆၅၁
Vol. 47 Ch. 651
အခန်း ၆၅၁ - ကောင်းကင်ပန်ငှက်မျိုးနွယ်ကို ထိခိုက်စေသည့်စစ်ပွဲ၊ လူသားမျိုးနွယ် ကြီးပွားတိုးတက်ရေးအတွက် အခွင့်အရေး။
မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ထင်းရူး တောင်တန်းအား အဖြူရောင်မြူခိုးများ ဖုံးလွှမ်းသွားသည့် သတင်းသည် ပတ်ဝန်းကျင် ဒေသများသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့၏။
တံစဉ်းအင်းဆက်မျိုးနွယ် သာမကဘဲ၊ သွေးပင့်ကူမျိုးနွယ်၊ မိစ္ဆာဝက်မျိုးနွယ်၊ ရိုင်းစိုင်းသောနွားမျိုးနွယ်၊ ဝက်ဝံနီမျိုးနွယ်နှင့် အခြားသောမျိုးနွယ်စုများပါ ဤကိစ္စကို သိရှိသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏နယ်မြေများသည် အနီးအနား၌ရှိနေကြရာ ဂရုမစိုက်ဘဲနေရန်မှာ မဖြစ်နိုင်ပေ။
ဤမျိုးနွယ်စုများသည် ကောင်းကင်ထင်းရူး တောင်တန်း၌ အဘယ်ကြောင့် ဤမျှလောက် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သနည်း ဆိုသည်ကို စုံစမ်းစစ်ဆေးရန် ကျင့်ကြံသူ အမြောက်အမြားကိုပင် စေလွှတ်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ကောင်းကင်ထင်းရူး တောင်တန်းအတွင်းသို့ ဝင်ရောက်သွားသော အဆင့် ၃ အောက် ကျင့်ကြံသူများသည် အဝင်သာရှိပြီး အထွက်မရှိတော့ချေ။
၎င်းမှာ ကောင်းကင်ထင်းရူး တောင်တန်းအတွင်းသို့ ဝင်ရောက်လာသော သက်ရှိအားလုံးကို ဧရာမ အဖြူရောင်သားရဲကြီး တစ်ကောင်က ဝါးမျိုပစ်လိုက်သကဲ့သို့ပင်။
အဆင့် ၄ အဆင့်ရှိသူများမှာမူ အတွင်းသို့ဝင်ရောက်ရန် လုံးဝမရဲဝံ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် သက်ဆိုင်ရာ မျိုးနွယ်စုများ၏ မဏ္ဍိုင်ကြီးများ ဖြစ်ကြသည်။
အကယ်၍ သူတို့သာ ကောင်းကင်ထင်းရူး တောင်တန်းအတွင်းသို့ ဝင်ရောက်သွားပြီး ထိုအထဲ၌ သေဆုံးသွားခဲ့မည်ဆိုပါက၊ ၎င်းမှာ သူတို့မျိုးနွယ်စုများအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
လုံခြုံရေးကို သေချာစေရန်အတွက် ကောင်းကင်ထင်းရူးတောင်တန်းအတွင်းသို့ လွယ်လွယ်ကူကူ ခြေချရန် သူတို့ ဆန္ဒမရှိကြချေ။
"ကျက်သရေမရှိလိုက်တာကွာ။ ကောင်းကင်ထင်းရူး တောင်တန်းထဲမှာ တကယ်ဘဲ ဘာတွေ ဖြစ်သွားတာလဲ။ ပြီးတော့ ဘာလို့ ရုတ်တရက်ကြီး မြူခိုးတွေ လွှမ်းသွားရတာလဲ။"
"ဒါက တံစဉ်းအင်းဆက်မျိုးနွယ် လက်ချက်လို့ ပြောကြတယ်။ သူတို့က ကောင်းကင်ထင်းရူး တောင်တန်းထဲမှာ အလယ်အလတ် အရွယ်အစားရှိတဲ့ ဝိညာဉ်ကျောက်တုံး သတ္တုကြောတစ်ခုကို ရှာတွေ့ခဲ့တာ။ အစကတော့ အဲဒါကို ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုလို့ ထင်ပြီး ကျင့်ကြံသူတွေ အများကြီးကို အထဲလွှတ်လိုက်တာလေ။ ဒါပေမယ့် သူတို့က ကောင်းကင်ထင်းရူး တောင်တန်းရဲ့ တားမြစ်ချက်တစ်ခုခုကို သွားထိမိသလိုဖြစ်ပြီး မြူခိုးတွေ ပြန့်ကျဲလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အဲဒီအထဲမှာ တံစဉ်းအင်းဆက်မျိုးနွယ် ကျင့်ကြံသူတွေ အများကြီး သေဆုံးခဲ့ရပြီး အဆင့် ၄ အကြီးအကဲချုပ်တောင် သေသွားတယ်တဲ့။"
"ကောင်းကင်ထင်းရူး တောင်တန်းက တကယ်ကြီး တားမြစ်ဇုန် ဖြစ်သွားတာလား။ သူ့ရဲ့ အရင်းအမြစ်တွေက တခြားနေရာတွေလောက် မကောင်းဘူးဆိုပေမယ့်လည်း သင့်တင့်လျောက်ပတ်တဲ့ အနေအထားမှာတော့ ရှိနေသေးတာပဲလေ။ အကယ်၍ ငါတို့သာ ကောင်းကင်ထင်းရူးတောင်တန်းထဲ ဝင်ခွင့်မရတော့ဘူးဆိုရင် တန်ဖိုးရှိတဲ့နေရာတစ်ခု ဆုံးရှုံးသွားသလို ဖြစ်မနေဘူးလား။"
"ဟားဟား... အရင်တုန်းက ငါတို့လည်း အဆင့် ၃ ကျင့်ကြံသူတချို့ကို ကောင်းကင်ထင်းရူး တောင်တန်းထဲ စေလွှတ်ခဲ့သေးတာပဲ။ ဒါပေမယ့် ချွင်းချက်မရှိ အားလုံးက အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီး ပြန်ထွက်မလာနိုင်ကြတော့ဘူး။ ဒီနေရာက သေမင်းနယ်မြေ ဖြစ်သွားပြီ။"
"အဆင့် ၃ က အလုပ်မဖြစ်ဘူးဆိုရင် အဆင့် ၄ တည်ရှိမှုတစ်ခုကိုရော လွှတ်ကြည့်လို့ မရဘူးလား။"
"မိုက်မဲလိုက်တာ။ အဆင့် ၄ တည်ရှိမှုတွေဆိုတာ ငါတို့မျိုးနွယ်စုတွေရဲ့ မဏ္ဍိုင်ကြီးတွေပဲ။ တကယ့်ကို ထောက်တိုင်ကြီးတွေလေ။ အကယ်၍ သူတို့သာ ကောင်းကင်ထင်းရူး တောင်တန်းထဲမှာ သေဆုံးသွားခဲ့မယ်ဆိုရင် ငါတို့လည်း လုံးလုံးလျားလျား ပြီးသွားပြီပေါ့။"
"မှန်တယ်။ အကယ်၍ ကောင်းကင်ထင်းရူးတောင်တန်းထဲမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ကောင်းမွန်တဲ့ ရတနာတွေသာ ရှိနေမယ်ဆိုရင် အကြီးအကဲတွေက အသက်စွန့်ပြီးတော့တောင် ဝင်ရောက်စူးစမ်းချင်ကြလိမ့်မယ်။ ဒါပေမယ့် အခုက အတွင်းမှာ ဘယ်လိုရတနာတွေ ရှိနေမလဲဆိုတာတောင် ငါတို့ သေချာမသိဘူးလေ။ အထဲကို ဝင်သွားတာက ကိုယ့်သေတွင်းကိုယ်တူးတာ သက်သက်ပဲ။ အကျိုးအမြတ်ထက် အန္တရာယ်က ပိုများနေတော့ လုံးဝကို မတန်ဘူး။"
"အမှန်ပဲ။ အထူးသဖြင့် အခုဆို အနောက်ပိုင်းတိုက်ကြီးက ဖရိုဖရဲဖြစ်နေတာ။ စစ်ပွဲတွေကလည်း နေရာအနှံ့မှာ၊ မျိုးနွယ်စုတွေကလည်း ပဋိပက္ခတွေနဲ့။ ငါတို့အနေနဲ့ အကြီးအကဲအဆင့် စွမ်းအားကို လုံးဝ ဆုံးရှုံးခံလို့မဖြစ်ဘူး။ မျိုးနွယ်စု အသက်ရှင်ရပ်တည်ရေးနဲ့ ယှဉ်လိုက်ရင် သိချင်စိတ်ဆိုတာက ဘာမှမဟုတ်တော့ဘူးလေ။"
"အချုပ်ပြောရရင်တော့ အနောက်ပိုင်းတိုက်ကြီးက ဖရိုဖရဲအခြေအနေတွေ မပြေလည်မချင်း ဘယ်သူမှ ကောင်းကင်ထင်းရူးတောင်တန်းထဲကို မဝင်ရဘူးလို့ မျိုးနွယ်စုက အမိန့်ထုတ်ထားတယ်။ ဝင်ချင်တဲ့သူတိုင်း ကိုယ့်အပြစ်ကိုယ်ခံပဲ။"
"ဒါကြောင့် ကောင်းကင်ထင်းရူးတောင်တန်းကို မျိုးနွယ်စုအသီးသီးက တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြပြီ။"
မိစ္ဆာမျိုးနွယ် ကျင့်ကြံသူ အမြောက်အမြားသည် စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေခဲ့ကြ၏။
ကောင်းကင်ထင်းရူး တောင်တန်းတွင် ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
မူလက သာမန်တောင်တန်းတစ်ခု သက်သက်ဖြစ်သော်လည်း ယခုအခါ၌မူ သေမင်းနယ်မြေတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
ကောင်းကင်ထင်းရူး တောင်တန်းတွင် အဘယ်ကြောင့် ဤကဲ့သို့သော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရသနည်း ဆိုသည်ကို သူတို့ အလွန်အမင်း သိချင်နေခဲ့ကြသော်ငြားလည်း၊ ယခင်က ပျောက်ဆုံးသွားခဲ့သော ကျင့်ကြံသူများကို ပြန်လည် သတိရလိုက်ချိန်တွင် သူတို့ကို တုန်ယင်သွားစေခဲ့သည်။
ဤလောကကြီးတွင် သက်ရှိတစ်ခုသည် သိချင်စိတ်ပိုများလေလေ ပို၍မြန်မြန် သေဆုံးရလေလေပင် ဖြစ်သည်။
…
တစ်ချိန်တည်းမှာပင် သားရဲတစ်သောင်း လျှို့ဝှက်နယ်မြေ အတွင်း၌ ကျန်းဖန်သည် မျိုးစုံသော မိစ္ဆာမျိုးနွယ်များက ကောင်းကင်ထင်းရူး တောင်တန်းအား စူးစမ်းရှာဖွေမှုများ ပြုလုပ်နေသည်ကို သတိပြုမိနေခဲ့၏။
သူ ကြိုတင် ခန့်မှန်းထားသည့် အတိုင်းပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာမျိုးနွယ်များက စေလွှတ်လိုက်သော ကင်းထောက်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ပြီးနောက်တွင်၊ ဤဧရိယာကို စူးစမ်းရှာဖွေရန် မည်သည့်ကင်းထောက်ကိုမျှ သူတို့ ထပ်မံစေလွှတ်ရန် မရဲဝံ့ကြတော့ချေ။
အဆင့် ၄ မိစ္ဆာကျင့်ကြံသူ တစ်ဦး သို့မဟုတ် နှစ်ဦးခန့် ကောင်းကင်ထင်းရူးတောင်တန်းအတွင်းသို့ ဝင်ရောက်လာလိမ့်မည်ဟု သူ မူလက တွေးတောထားခဲ့သော်ငြားလည်း၊ မမျှော်လင့်ဘဲ တစ်ဦးတစ်ယောက်မျှ ဝင်ရောက်လာခြင်း မရှိခဲ့ပေ။
ရှင်းလင်းလှသည်မှာ တံစဉ်းအင်းဆက်မျိုးနွယ်၏ အကြီးအကဲချုပ် သေဆုံးသွားခြင်းက ဖြစ်ပေါ်လာစေသည့် ခြိမ်းခြောက်မှုကို သူ အထင်သေးမိခဲ့ခြင်းပင် ဖြစ်သည်။
ထို့အပြင် ယွမ်ယင်းအဆင့် သက်ရှိများသည် အလွန်အမင်း အစွမ်းထက်ကြပြီး ရှည်လျားသော အချိန်ကာလတိုင်အောင် အသက်ရှင်နေထိုင်ခဲ့ကြသည် ဆိုသော်ငြားလည်း အမှန်တကယ်တွင်မူ သူတို့က ပို၍ သတ္တိကြောင်ကြပေသည်။
ဤရှေးဟောင်းသက်ရှိများသည် သူတို့၏အသက်ကို ပို၍ပင် တန်ဖိုးထားကြ၏။
အလွန်အမင်း မလိုအပ်လျှင် သူတို့ကိုယ်သူတို့ ဘယ်သောအခါမျှ အန္တရာယ်တွင်းထဲသို့ တွန်းပို့ကြမည် မဟုတ်ချေ။
ပို၍အရေးကြီးသည်မှာ လက်ရှိ အနောက်ပိုင်းတိုက်ကြီး၏ အခြေအနေမှာ အလွန်အမင်း ဖရိုဖရဲ ဖြစ်နေခြင်းပင် ဖြစ်သည်။
ဤမိစ္ဆာမျိုးနွယ်များသည် အကြီးအကဲများကို ဆုံးရှုံးရန် မတတ်နိုင်ကြပေ။
ထို့ကြောင့် ယခုအခါ တစ်ယောက်စီတိုင်းသည် ကြွက်တစ်ကောင်အလား သတ္တိကြောင်နေကြပြီး မည်သည့် အဆင့် ၄ ကျင့်ကြံသူကိုမျှ စေလွှတ်ရန် မရဲဝံ့ကြချေ။
သို့သော် မူလအင်းဂိုဏ်းအတွက်မူ ဤသည်မှာ ကြီးမားသော အားသာချက်တစ်ခု ဖြစ်ပေသည်။
"အရင်တုန်းက ဒီမိစ္ဆာတွေရဲ့ မှတ်ဉာဏ်တွေကို ငါ ဝါးမျိုခဲ့တုန်းက သတင်းအချက်အလက် အများကြီးကို ရခဲ့တယ်။"
"လောလောဆယ် အနောက်ပိုင်းတိုက်ကြီး တစ်ခုလုံး၊ အထူးသဖြင့် ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ နယ်မြေတွေဆိုရင် အရမ်းကို ဖရိုဖရဲ ဖြစ်နေပြီ။"
"အနည်းဆုံး မိစ္ဆာမျိုးနွယ်စုကြီး သုံးခုလောက်က ကောင်းကင်ပန်ငှက်မျိုးနွယ်ကို ခြိမ်းခြောက်နေကြတယ်။"
"အဲဒါတွေကတော့ မျက်လုံးစိမ်းရွှေခြင်္သေ့မျိုးနွယ်၊ ငွေလမင်းဝံပုလွေမျိုးနွယ် နဲ့ ရောင်စဉ်ခုနစ်သွယ်ဒေါင်းမျိုးနွယ် းတွေပဲ။"
"ဒီမိစ္ဆာမျိုးနွယ် သုံးခုထဲမှာ ယွမ်ယင်းကျင့်ကြံသူ အနည်းဆုံး တစ်ရာလောက် ရှိတယ်လို့ ပြောကြတယ်။"
"ဟွာရှန်အဆင့် အဟန့်အတားကို ထိတွေ့နေပြီဖြစ်တဲ့ ကျင့်ကြံသူတောင် တစ်ဒါဇင်ကျော်လောက် ရှိနေတာ။"
"ပိုအရေးကြီးတာက သူတို့တွေက ခွန်းဖုန်လျှို့ဝှက်နယ်မြေထဲကနေ အကျိုးအမြတ် အတော်များများကို ရခဲ့ကြတာပဲ။"
"ဒါကြောင့် ကောင်းကင်ပန်ငှက်မျိုးနွယ်က ဒီမျိုးနွယ်စုတွေဆီကနေ ဟွာရှန်အဆင့် ကျင့်ကြံသူသစ်တွေ ထွက်ပေါ်လာနိုင်မယ့် အလားအလာရှိတယ်လို့ သံသယဝင်နေကြတယ်။"
မူလအင်းစုတ်တံသည် ကောင်းကင်ပန်ငှက်မျိုးနွယ်၏ နယ်မြေအတွင်းရှိ လက်ရှိအခြေအနေကို အကျဉ်းချုံး၍ ဖော်ပြလိုက်၏။
သံသယဖြစ်ဖွယ်မရှိအောင်ပင် ခွန်းဖုန်လျှို့ဝှက်နယ်မြေ ပေါ်ထွက်လာခြင်းက ဤဒေသအတွင်း၌ ယုံကြည်နိုင်စရာမရှိလောက်အောင် များပြားလှသော ဖရိုဖရဲဖြစ်မှုများကို အမှန်တကယ်ပင် ဖြစ်ပေါ်စေခဲ့သည်။
ယခုအခါ ကောင်းကင်ပန်ငှက်မျိုးနွယ်သည် လန့်ဖျပ်နေသော ငှက်တစ်ကောင်အလား မျိုးနွယ်စုအများအပြားကို စတင်ဖိနှိပ်လာခဲ့၏။
"ကောင်းကင်ပန်ငှက်မျိုးနွယ်က သူတို့ကို စစ်ကြေညာလိုက်ပြီလား။"
ကျန်းဖန် မျက်ခုံးပင့်လိုက်သည်။
"အမှန်ပဲ။ သူတို့က စစ်ပွဲကို စတင်လိုက်ပြီ။ ပြီးတော့ ဟွာရှန်ကျင့်ကြံသူတွေတောင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားလာကြပြီလေ။"
"ဒါပေမယ့် ဒီမျိုးနွယ်စု သုံးခုက ကိုင်တွယ်ရလွယ်ကူမယ့်အရာတွေ မဟုတ်ဘူး။"
"သူတို့က ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ စိတ်နေသဘောထားတွေကို အပြည့်အဝ နားလည်သဘောပေါက်ထားကြတာ။”
…….