← Chapters

အခန်း ၆၅၄

Vol. 47 Ch. 654

အခန်း ၆၅၄

Vol. 47 Ch. 654

အခန်း ၆၅၄ - ဘေးဒုက္ခကို အလွယ်တကူ ကျော်ဖြတ်ခြင်း၊ အဆင့် (၄) အခွင့်အရေးကို ရယူခြင်း (၂)

သို့သော် ယခုအခါတွင် အရာအားလုံး ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

မမျှော်လင့်ထားသော အပြောင်းအလဲများကြောင့် ကောင်းကင်ပန်ငှက်မျိုးနွယ်၏ ဆေးဥယျာဉ်ကို မက်မောရန်အတွက် သူတို့အား ရွှေရောင်အခွင့်အရေးကြီး တစ်ခု ပေးအပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

"ပြဿနာက ပန်းမိစ္ဆာတောင်တန်းမှာ ကန့်သတ်အစီအရင်တွေ အများကြီးရှိနေပြီး အစောင့်အကြပ်တွေကလည်း အရမ်းထူထပ်နေတာပဲ။"

"ပိုပြီးကြောက်စရာကောင်းတာက ဒီနေရာမှာ အဆင့် ၅ ဘိုးဘေးတစ်ယောက် စောင့်ကြပ်နေတာလေ။"

"ငါတို့ရဲ့ခွန်အားလောက်နဲ့တော့ ပန်းမိစ္ဆာတောင်တန်းထဲ ကျူးကျော်ဝင်ရောက်ဖို့ ခက်ခဲလောက်တယ်ကွ။"

အဆင့် ၄ မိစ္ဆာကျင့်ကြံသူ အများအပြားသည် သူတို့၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလာကြ၏။

ပန်းမိစ္ဆာတောင်တန်း အတွင်းသို့ ဖောက်ထွင်းဝင်ရောက်၍ လုယက်ချင်ကြသည်မှာ သဘာဝပင်ဖြစ်သော်လည်း ၎င်းမှာ ထိုမျှလောက်မရိုးရှင်းလှပေ။

"ဟားဟား... ဒါက လုံးဝ ပြဿနာတစ်ခု မဟုတ်ပါဘူးကွာ။"

"ပန်းမိစ္ဆာတောင်တန်းကို စောင့်ကြပ်နေတဲ့ အဆင့် ၅ ဘိုးဘေးက ငါတို့ရဲ့လှည့်ကွက်ထဲဝင်သွားပြီး ခဏတဖြုတ် ထွက်သွားပြီလေ။"

"ပန်းမိစ္ဆာတောင်တန်းထဲက ကန့်သတ်အစီအရင်တွေ အတွက်လည်း စိတ်ပူစရာမလိုပါဘူး။"

"ဒီဆေးဥယျာဉ်ကို ငါတို့ ကြံစည်နေခဲ့တာ နှစ်တွေမနည်းတော့ဘူး။ အတွင်းလူတွေလည်း အများကြီး ထည့်ထားပြီးသား။"

"အထဲက အစီအရင်တွေအကြောင်း ငါတို့ ရှင်းရှင်းလင်းလင်း နားလည်ထားပြီးပြီပဲ။"

"အချိန်အခါသင့်တာနဲ့ အထဲကအစီအရင်တွေကို ငါတို့ ဖျက်ဆီးပစ်လို့ရတယ်။"

"ဒါကြောင့် အစီအရင်တွေ ပျက်သွားတာနဲ့ ငါတို့ ပန်းမိစ္ဆာတောင်တန်းထဲကို အတင်းဝင်ရောက်ပြီး ဝိညာဉ်ဆေးဝါးတွေကို လုယက်လို့ရပြီပေါ့။"

အခြား အဆင့် ၄ မိစ္ဆာကျင့်ကြံသူတစ်ဦးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

ကောင်းကင်ပန်ငှက်မျိုးနွယ်သည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း သူတို့၌ လူအင်အားချို့တဲ့နေသည်။

ကြီးမားကျယ်ပြန့်လှသော နယ်မြေကြီးကို စီမံခန့်ခွဲရသည့်အပြင် နေရာအနှံ့၌ စစ်မီးများတောက်လောင်နေသဖြင့် သူတို့ကို အနည်းငယ် အထိနာသွားစေခဲ့၏။

ထို့ကြောင့် ဤသည်မှာ ဤအဆင့် ၄ မျိုးနွယ်စုများအတွက် အခွင့်အရေးပင်ဖြစ်သည်။

ပြိုင်ဘက်၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပြင်းထန်သောကိုက်ခဲမှုတစ်ခုကို ပေးစွမ်းနိုင်ပြီး ကောင်းကင်ပန်ငှက်မျိုးနွယ်အား သွေးထွက်သံယို းဖြစ်သွားစေနိုင်ပေသည်။

"ဒီလိုကိုး။ မင်းတို့ ဒီလောက်ထိ ကြိုတင် အစီအစဉ်ဆွဲထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

"ဒီလိုဆိုမှတော့ ငါလည်း ဘာမှကန့်ကွက်စရာ မရှိတော့ဘူး။"

"အချိန်ကျတာနဲ့ ငါတို့ ချက်ချင်းဝင်လုံးပြီး ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ကြတာပေါ့။"

"ပြီးတော့ အဲဒီ ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူတွေကိုလည်း အကုန်အစင် သုတ်သင်ပစ်ရမယ်နော်။"

"ဒါပေမယ့် ငါတို့မှာ အချိန်သိပ်မရဘူး။ ဘာလို့လဲဆိုတော့ ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ အဆင့် ၅ ဘိုးဘေးက တစ်ခုခုမှားယွင်းနေတယ်လို့ ရိပ်မိတာနဲ့ ချက်ချင်း ပြန်လှည့်လာနိုင်တယ်။ ဒါကြောင့် ငါတို့ အချိန်ဆွဲမနေဘဲ မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား တိုက်ခိုက်ရမယ်။"

မျိုးစုံသော အဆင့် ၄ မိစ္ဆာကျင့်ကြံသူများသည် အချင်းချင်း ဆွေးနွေးတိုင်ပင်လိုက်ကြပြီး စကားအနည်းငယ်ဖြင့်ပင် ပန်းမိစ္ဆာတောင်တန်းအား တိုက်ခိုက်မည့် အစီအစဉ်ကို ဆုံးဖြတ်လိုက်ကြလေသည်။

…

သုံးရက်အကြာ ညဉ့်နက်ယံအချိန်။

လမင်းကွယ်ပျောက်ကာ လေပြင်းများ တိုက်ခတ်နေသည်။ မြောက်လေက ပြင်းထန်စွာ တိုက်ခတ်နေ၏။ ပန်းမိစ္ဆာတောင်တန်း တစ်ခုလုံးသည် အဆုံးအစမရှိသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသကဲ့သို့ ရှိနေ၏။

၎င်းမှာ ဧရာမတောင်တန်းကြီးတစ်ခုဖြစ်ပြီး အတွင်း၌ တောင်ကြားများစွာ ပါဝင်သည့်အပြင် အဆင့် ၅ ဝိညာဉ်ကြောတစ်ခုလည်း ရှိနေသည်။

ပန်းမိစ္ဆာမျိုးနွယ်၏ နှစ်ထောင်ပေါင်းများစွာ စိုက်ပျိုးပြုစုမှုကြောင့် တောင်ထွတ်တိုင်းသည် လတ်ဆတ်သောပန်းများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေ၏။

ပန်းပွင့်ရာသီ ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာသည် ပန်းများ၏ပရဒိသုဘုံတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားပြီး မူးယစ်စေလောက်သော ရနံ့များ လွှမ်းခြုံသွားလေ့ရှိသည်။

တောင်တန်းများ၏ နက်ရှိုင်းသောနေရာ၌ ဆေးဥယျာဉ်များကို တည်ဆောက်ထားကြသည်။

၎င်းတို့ကို ကန့်သတ်အစီအရင် အမြောက်အမြားဖြင့် ဝန်းရံထားပြီး အထူးကာကွယ်စောင့်ရှောက်ထား၏။

ဆေးဥယျာဉ်တိုင်းတွင် စီမံခန့်ခွဲမှုကို ကူညီပေးနေသော ပန်းမိစ္ဆာ အများအပြား ရှိနေကြသည်။

သူတို့၏ ကြိုးစားအားထုတ်မှုများကြောင့် ဤနေရာမှ နှစ်စဉ်နှစ်တိုင်း ဝိညာဉ်ဆေးဝါး အမြောက်အမြား ထွက်ရှိလေသည်။

ဝုန်း~~ ဂျိန်း~~

ဤအခိုက်အတန့်၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ပန်းမိစ္ဆာတောင်တန်း တစ်ခုလုံးကို တိုက်ခတ်သွားခဲ့၏။

မူလက ပန်းမိစ္ဆာတောင်တန်းအား လွှမ်းခြုံထားသော အစီအရင်များသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ရပ်တန့်သွားခဲ့သည်။

စွမ်းအားတစ်ခုခုက အစီအရင်အား ထက်ပိုင်းချိုးပစ်လိုက်သကဲ့သို့ပင် ဖြစ်သည်။

နောက်တစ်စက္ကန့်၌ အဆင့် ၄ မိစ္ဆာကျင့်ကြံသူ အမြောက်အမြားသည် အပြင်ဘက်မှ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာကြပြီး စကားတစ်ခွန်းမျှမဆိုဘဲ တိုက်ခိုက်မှုကို စတင်လိုက်ကြ၏။

ပန်းမိစ္ဆာတောင်တန်းကို စောင့်ကြပ်နေသော ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူများသည် ကြိုတင် ပြင်ဆင်ထားနိုင်ခြင်း မရှိခဲ့ဘဲ သေမင်းနှင့် ရင်ဆိုင်လိုက်ကြရသည်။

"ပြီးပြီ။ ငါတို့ ကောင်းကင်ပန်ငှက်မျိုးနွယ်ကို တိုက်ခိုက်မယ့် ဂြိုဟ်သားမျိုးနွယ်စုတွေ ရောက်လာပြီ။ ပန်းမိစ္ဆာတောင်တန်းကို တိုက်ခိုက်နေကြတယ်။"

"ဘယ်ကောင်တွေကများ ငါတို့ ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ ဆေးဥယျာဉ်ကို လာတိုက်ရဲရတာလဲ။"

"မျက်လုံးစိမ်းရွှေခြင်္သေ့မျိုးနွယ်၊ ငွေလမင်းဝံပုလွေမျိုးနွယ်၊ ရောင်စဉ်ခုနစ်သွယ်ဒေါင်းမျိုးနွယ် နဲ့ တခြားကောင်တွေ အကုန်ရောက်နေကြတာပဲ။"

"သူတို့အကုန်လုံးက သစ္စာဖောက်လူယုတ်မာတွေ၊ ရေဆိုးမြောင်းထဲက ကြွက်တွေချည်းပဲ။ ငါတို့ အရင်က လိုက်သတ်ခဲ့ရတဲ့ ကောင်ဆိုးလေးတွေလေ။ အခုတော့ သူတို့က ဒီကိုတောင် လာရဲနေပြီပေါ့။ အခုချက်ချင်း ဘိုးဘေးတွေကို သတင်းပို့ပြီး ဒီခွေးကောင်တွေကို တစ်ကြိမ်တည်းနဲ့ အမိဖမ်းပစ်လိုက်စမ်း။"

"မရဘူး။ ငါတို့ရဲ့ဘိုးဘေးက အရေးပေါ်ကိစ္စနဲ့ မနေ့ကတည်းက ထွက်သွားတာ။ လောလောဆယ် ဒီမှာ မရှိဘူးကွ။"

"သောက်ကျိုးနည်း။ ငါတို့ လှည့်စားခံလိုက်ရပြီ။ ဒီခွေးကောင်တွေက ဘိုးဘေးထွက်သွားတာကို သိလို့ အခုလို လာတိုက်ရဲတာဖြစ်ရမယ်။"

"အကယ်၍ ဆေးဥယျာဉ်ထဲက ဝိညာဉ်ဆေးဝါးတွေကိုသာ သူတို့ ယူသွားကြရင် ငါတို့တော့ ဒုက္ခကြီးကြီးရောက်ပြီပဲ။"

"ဒီကောင်တွေကို ဒီမှာ ရမ်းကားခွင့် လုံးဝပေးလို့ မဖြစ်ဘူး။"

ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူ အမြောက်အမြားသည် တုန်လှုပ်ကာ ဒေါသထွက်သွားခဲ့ကြ၏။

ဂြိုဟ်သားမျိုးနွယ်စုများက ကောင်းကင်ပန်ငှက်မျိုးနွယ်၏ ဆေးဥယျာဉ်ကို တိုက်ခိုက်ရန် ရဲဝံ့ကြလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ကြချေ။

နှစ်ထောင်ပေါင်းများစွာအတွင်း ဤသို့ တစ်ခါမျှ မဖြစ်ဖူးပေ။

ကောင်းကင်ပန်ငှက်မျိုးနွယ်သည် အနောက်ပိုင်းတိုက်ကြီး၏ ကြီးစိုးသူဖြစ်လာကတည်းက အခြား မည်သည့်မိစ္ဆာမျိုးနွယ်ကမျှ ဤကဲ့သို့ ပြုလုပ်ရန် မရဲဝံ့ခဲ့ကြချေ။

သို့သော် ယခုအခါ ဤကဲ့သို့ အရင်ကတစ်ခါမျှ မကြုံစဖူးသောအဖြစ်အပျက် ပေါ်ပေါက်လာသဖြင့် သူတို့ကို အနည်းငယ် တွေဝေသွားစေခဲ့သည်။

ငြိမ်းချမ်းရေးသည် အလွန်အမင်း အချိန်ကြာမြင့်နေခဲ့ပြီ ဖြစ်သဖြင့် သူတို့သည်လည်း ထိတ်လန့်သွားကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။

သို့သော် ထိုသို့ဖြစ်လင့်ကစား ကောင်းကင်ပန်ငှက်မျိုးနွယ်၏ အစွမ်းထက်သော သွေးကြောများကို အမွေဆက်ခံထားကြသူများပီပီ လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး

ကျူးကျော်လာသော ဂြိုဟ်သားမျိုးနွယ်စု ကျင့်ကြံသူများကို ပြန်လည် တိုက်ခိုက်လိုက်ကြသည်။

ပန်းမိစ္ဆာတောင်တန်း တစ်ခုလုံးသည် တိုက်ပွဲများဖြင့် ပြည့်နှက်သွားခဲ့သည်။ အဆင့် ၄ မိစ္ဆာကျင့်ကြံသူ အမြောက်အမြားသည် အညှာအတာမဲ့စွာ တိုက်ခိုက်နေကြ၏။

တိုက်ခိုက်မှုတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှုစွမ်းအားများကို ထုတ်လွှတ်နေပြီး အမှန်တကယ်ပင် ကမ္ဘာမြေကို တုန်လှုပ်သွားစေလောက်ပေသည်။

ဤသည်က ပန်းမိစ္ဆာမျိုးနွယ် ကျင့်ကြံသူများကိုလည်း အလွန်အမင်း ထိတ်လန့်သွားစေခဲ့၏။

"ပြီးပြီ။ တခြားမျိုးနွယ်စုတွေက ကျင့်ကြံသူတွေ ငါတို့ ပန်းမိစ္ဆာတောင်တန်းကို ကျူးကျော်ဝင်ရောက်လာပြီ။"

"သွားကြ။ မြန်မြန်ထွက်သွားကြ။ ငါတို့က ဝိညာဉ်ဆေးဝါးတွေကို စိုက်ပျိုးပေးရုံ သက်သက်ပဲ။ ဒီဝိညာဉ်ဆေးဝါးတွေက ငါတို့ ပန်းမိစ္ဆာတွေနဲ့ ဘာမှမဆိုင်ဘူး။ သေသည်အထိ တိုက်ပွဲဝင်နေစရာ အကြောင်းမရှိဘူး။"

"မှန်တယ်။ မည်သို့ပင်ဆိုစေကာမူ အကုန်လုံးက ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုတွေချည်းပဲ။ ငါတို့က လယ်သမားတွေ သက်သက်ပဲဟာ၊ သူတို့အတွက် ကိုယ့်အသက်ကို ဘာလို့ စွန့်ရမှာလဲ။"

"အမှန်ပဲ၊ ငါတို့ တစ်နှစ်တစ်နှစ် ဝိညာဉ်ကျောက်တုံး ဘယ်လောက်များ ရနေလို့လဲ။"

"မျိုးနွယ်စုဝင်တွေ... မြန်မြန် ကြာပန်းဂူထဲကို ဝင်ပုန်းကြ။ ဒီဘေးဒုက္ခကနေ ရှောင်ကြ။ အဲဒီ ဂြိုဟ်သားမျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ သွားမတိုက်ကြနဲ့။"

"ဒါက ကောင်းကင်ပန်ငှက်မျိုးနွယ်နဲ့ ဂြိုဟ်သားတွေကြားက စစ်ပွဲပဲ။ ငါတို့ သွားမပတ်သက်ကြတာ အကောင်းဆုံးပဲ။ မဟုတ်ရင် သေလမ်းကိုပဲ ဦးတည်သွားလိမ့်မယ်။"

ပန်းမိစ္ဆာမျိုးနွယ် ကျင့်ကြံသူ အမြောက်အမြားသည် အကြောက်တရားဖြင့် တုန်ယင်ကာ ထိတ်လန့်နေခဲ့ကြ၏။

သူတို့သည် ကောင်းကင်ပန်ငှက်မျိုးနွယ်၏ ခေါင်းပုံဖြတ်ခြင်းကို ခံခဲ့ကြရပြီး ဝိညာဉ်အပင်စိုက်ပျိုးသူများ အဖြစ် ကောင်းကင်ပန်ငှက်မျိုးနွယ် အတွက် ဝိညာဉ်ဆေးဝါးများ စိုက်ပျိုးပေးနေရခြင်း ဖြစ်သည်။

ဤနေရာရှိ ဝိညာဉ်ဆေးဝါးတိုင်းသည် ကောင်းကင်ပန်ငှက်မျိုးနွယ်နှင့်သာ သက်ဆိုင်ပြီး သူတို့နှင့် ကြီးကြီးမားမား သက်ဆိုင်ခြင်း မရှိချေ။

………..

All Chapters