အခန်း ၆၅၆
Vol. 47 Ch. 656
အခန်း ၆၅၆ - ဘေးဒုက္ခကို ကျော်ဖြတ်ခြင်း၊ အဆင့် (၄) အခွင့်အရေးကို ရယူခြင်း (၂)
ရိုးရိုးသားသား ပြောရလျှင် ပန်းမိစ္ဆာတောင်တန်းသို့ ရောက်ရှိလာခြင်းမှာ အခြားသော ဝိညာဉ်ဆေးဝါးများ မရရှိခဲ့လျှင်တောင်မှ ဤပန်းမိစ္ဆာများကို ရရှိလိုက်ခြင်းအတွက် အလွန်အမင်း အကျိုးအမြတ် ကြီးမားသည်ဟု သူ ခံစားမိ၏။
ဝိညာဉ်အပင် စိုက်ပျိုးသူများသည် အရေးမပါသည်ဟု ထင်ရသော်လည်း သူတို့သည် အခြေခံအုတ်မြစ်များကဲ့သို့ပင် ဖြစ်သည်။
ဝိညာဉ်အပင်စိုက်ပျိုးသူများ မရှိလျှင် ဝိညာဉ်ဆန်စပါးနှင့် ဝိညာဉ်ဆေးဝါး အမြောက်အမြားကို မည်သို့ စိုက်ပျိုးနိုင်မည်နည်း။
တောရိုင်းဝိညာဉ်ဆေးဝါးများကိုသာ ရှာဖွေခြင်းဖြင့် ကြီးမားသောအင်အားစုတစ်ခုကို ရေရှည်ထိန်းသိမ်းထားရန် မဖြစ်နိုင်ပေ။
ကြီးမားသော အင်အားစု တစ်ခုအနေဖြင့် တည်ငြိမ်သော ဝိညာဉ်ဆေးဝါးထုတ်လုပ်မှု စွမ်းဆောင်နိုင်သည့် ဆေးဥယျာဉ်တစ်ခု ရှိရန် လိုအပ်၏။
ပန်းမိစ္ဆာမျိုးနွယ်သည် ဝိညာဉ်ဆေးဝါးများ ပြုစုပျိုးထောင်ရာတွင် ကျွမ်းကျင်သော မျိုးနွယ်စုတစ်ခု ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ပန်းမိစ္ဆာမျိုးနွယ်၏ အကူအညီကို ရရှိနိုင်မည်ဆိုပါက ပိုမိုသက်သာသော နည်းလမ်းဖြင့် အောင်မြင်မှုများကို ရရှိနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။
"ဒါ ပန်းမိစ္ဆာအားလုံးပဲလား။"
"ပန်းမိစ္ဆာမျိုးနွယ်က အနည်းဆုံး နှစ်ထောင်ပေါင်းများစွာကတည်းက မျိုးပွားလာခဲ့တာလို့ ကြားဖူးပေမယ့် ဘာလို့ ဒီလောက်နည်းနေရတာလဲ။"
မိစ္ဆာတုန်ခါမှုခေါင်းလောင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါက ပန်းမိစ္ဆာတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ပန်ငှက်မျိုးနွယ်မှာ ဆေးဥယျာဉ်တစ်ခုတည်း ရှိတာမဟုတ်ဘူးလေ။"
"နေရာအနှံ့မှာ ပြန့်ကျဲနေတဲ့ ဆေးဥယျာဉ်တွေ အများကြီးရှိသေးတယ်။"
"ဒီလောက် ပန်းမိစ္ဆာအရေအတွက်ကို ရလိုက်တာတောင်မှ အတော်လေး ထူးခြားနေပြီ။"
မူလအင်းစုတ်တံက ရှင်းပြလိုက်၏။
ပန်းမိစ္ဆာတောင်တန်းသည် ပန်းမိစ္ဆာများ စုဝေးရာနေရာတစ်ခု ဖြစ်သော်ငြားလည်း ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုကိုသာ စုစည်းထားခြင်းဖြစ်သည်။
ဤပန်းမိစ္ဆာများသည် ကောင်းကင်ပန်ငှက်မျိုးနွယ်၏ မျိုးစုံသော ဆေးဥယျာဉ်များ၌ ပြန့်ကျဲနေကြပြီး ဤသည်မှာ သူတို့၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်၏။
သို့သော် ဤမျှလောက်ပင်ရှိလျှင်ပင် ဤပန်းမိစ္ဆာများသည် ယွမ်ယင်းအင်အားစုတစ်ခုကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်။
ဝုန်း~~
ဤအကြောင်းကို တွေးတောမိသည်နှင့် ကျန်းဖန်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သတိလစ်နေသော ပန်းမိစ္ဆာအားလုံးကို အလွန် ကောင်းမွန်သော မျှော်စင်၏ အတွင်းပိုင်း နေရာလွတ်သို့ ချက်ချင်း သိမ်းဆည်းလိုက်၏။ ထိုအခါ ကြာပန်းဂူတစ်ခုလုံးမှာ ရှင်းလင်းသွားတော့သည်။
ရိုးရိုးသားသားပြောရလျှင် အလွန်ကောင်းမွန်သောမျှော်စင်သာ မရှိပါက ဤပန်းမိစ္ဆာများကို သယ်ယူပို့ဆောင်ရန်မှာ အလွန်အမင်း ခက်ခဲလိမ့်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ပန်းမိစ္ဆာ ထောင်ပေါင်းများစွာကို ခေါ်ဆောင်သွားရန်မှာ လွယ်ကူသောကိစ္စရပ် မဟုတ်ပေ။
သေချာသည်မှာ ဤသည်မှာ သူ၏ ထူးခြားသော စွမ်းရည်တစ်ခုပင် ဖြစ်သည်။
ကောင်းကင်ပန်ငှက်မျိုးနွယ်သည် ဤကိစ္စကို ရှာဖွေတွေ့ရှိသွားသောအခါ မည်သို့ လုပ်ဆောင်ခဲ့သနည်း ဆိုသည်ကို အမြဲတမ်း တွေဝေသွားကြလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
"မင်းတို့က ဘယ်သူတွေလဲ။ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။"
ဤအချိန်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုသည် ထိုနေရာသို့ သက်ဆင်းလာခဲ့သည်။
ကြာပန်းဂူတွင် ပေါ်လာသူမှာ အဆင့် ၄ ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
၎င်းသည် မူလက ပန်းမိစ္ဆာမျိုးနွယ်ကို စောင့်ကြပ်ပေးရန် ဤနေရာ၌ ရှိနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ပန်းမိစ္ဆာမျိုးနွယ်သည် ကောင်းကင်ပန်ငှက်မျိုးနွယ်၏ အရေးကြီးသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး ဆေးဥယျာဉ်များကို စီမံခန့်ခွဲရာတွင် တာဝန်ယူရသည့် အရေးကြီးသော ကျေးကျွန်များဖြစ်ရာ မည်သည့်ထိခိုက်မှုမျှ မဖြစ်စေရပေ။
ထို့ကြောင့် ကောင်းကင်ပန်ငှက်မျိုးနွယ်သည် ပန်းမိစ္ဆာမျိုးနွယ်အပေါ် မတော်တဆမှုများ ဖြစ်ပွားမည်ကို သဘာဝကျကျပင် စိုးရိမ်နေကြခြင်း ဖြစ်သည်။
သို့သော် ဤနေရာသို့ ရောက်ရှိလာသောအခါ ရန်သူတစ်ဦး ကျူးကျော်ဝင်ရောက်လာကြောင်း သူ ရုတ်တရက် ရှာဖွေတွေ့ရှိသွား၏။
"နေပါဦး။ ပန်းမိစ္ဆာတွေ ဘယ်ရောက်သွားတာလဲ၊ ပန်းမိစ္ဆာတွေ အကုန်လုံး ဘယ်ပျောက်သွားတာလဲ။"
ဤအဆင့် ၄ ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူသည် တွေဝေသွားခဲ့သည်။
ကြာပန်းဂူအတွင်း၌ ပန်းမိစ္ဆာတစ်ကောင်မျှ မတွေ့ရသဖြင့် အံ့အားသင့်သွား၏။
ပန်းမိစ္ဆာအမြောက်အမြားမှာ လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေသည်။ သူတို့ ဘယ်ရောက်သွားတာလဲ။
၎င်းသည် ကျန်းဖန်ကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီး ဤယုတ်မာသော ကျင့်ကြံသူ၏ လက်ချက်ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားလေသည်။
မဟုတ်ပါက ဤမျှများပြားသော ပန်းမိစ္ဆာများ ဤနေရာမှ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ချေ။
"စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။"
ကျန်းဖန်သည် စောင်းငဲ့ကြည့်လိုက်၏။
နိမိတ်ဖတ်အင်း၏ အရိပ်အမြွက်အရ ဤကိစ္စမှာ လွယ်ကူချောမွေ့လိမ့်မည်မဟုတ်ကြောင်း သူ သိရှိထားသည်။ ထို့ကြောင့် အချို့သော အတားအဆီးများ ပေါ်ပေါက်လာခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ပန်ငှက်ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရခြင်းမှာလည်း သဘာဝကျလှ၏။
သို့သော် သာမန် အဆင့် ၄ ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူတစ်ဦးသည် သူ့၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
ဝုန်း~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် မူလအင်းစုတ်တံကို ကိုင်စွဲကာ အဆင့် ၄ ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူအား ပေါ့ပေါ့ပါးပါး ရိုက်ခတ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ဓားအရှိန်အဝါတစ်ခုအလား အံ့မခန်း အမြန်နှုန်းဖြင့် ရွေ့လျားသွားခဲ့သည်။
ဤအမည်းရောင် ရွှေရောင်အလင်းတန်းသည် လေဟာနယ်ကိုပင် ဖြတ်တောက်သွားသကဲ့သို့ ပြတ်သားလှပေသည်။
ဘာ။
အဆင့် ၄ ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူသည် ကြောင်သွားခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူမှာ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။
ဤအချိန်တွင် ပြန်လည် တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရန်သူ၏ တိုက်ခိုက်မှုမှာ ချက်ချင်းပင် ရောက်ရှိလာခြင်းဖြစ်ရာ စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် မြန်ဆန်လှသောကြောင့်တည်း။
ဒုန်း။
ရိုက်ခတ်မှု တစ်ချက်တည်းဖြင့်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အမည်းရောင် ရွှေရောင်အလင်းတန်းကြောင့် နှစ်ပိုင်းကွဲသွားခဲ့သည်။ သွေးများ ပန်းထွက်လာပြီး အသားစများ ပျက်စီးသွားကာ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်သော နာကျင်မှုများ ပျံ့နှံ့သွားခဲ့၏။
သို့သော် မကြာမီမှာပင် ၎င်းသည် နာကျင်မှုကို မခံစားရတော့ဘဲ သူ၏အသိစိတ်များမှာ အဆုံးအစမရှိသော အမှောင်ထုထဲသို့ နစ်မြုပ်သွားခဲ့သည်။
အဆင့် ၄ ကောင်းကင်ပန်ငှက်မျိုးနွယ် ကျင့်ကြံသူတစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
အဆင့် ၄ ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပုံလဲကျသွား၏။
သူ၏မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်ဆန်နက်ရှိုင်းရာ၌ တုန်လှုပ်မှု၊ အံ့သြမှုနှင့် ယုံကြည်နိုင်စရာမရှိခြင်း စသည့် ခံစားချက်များ ထင်ဟပ်နေခဲ့သည်။ သူသည် ဤကဲ့သို့ပင် ရိုးရှင်းစွာ သေဆုံးသွားရသည်ကို မယုံကြည်နိုင်တော့ဘဲ ငြိမ်းချမ်းစွာ မသေဆုံးနိုင်ခဲ့ချေ။
"ဒီကောင်..."
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော အသွင်သောင်းပြောင်း ဆေးမီးဖိုမှာ ဆွံ့အသွားခဲ့သည်။ သူ၏ လက်ရှိသခင်မှာ ပိုမို ကြမ်းတမ်းလာသည်ဟု ခံစားလိုက်ရ၏။
ဤသည်မှာ အဆင့် ၄ အစောပိုင်းအဆင့် မိစ္ဆာကျင့်ကြံသူ တစ်ဦးဖြစ်သော်ငြားလည်း ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်း သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ ဤကိစ္စသာ ပြန့်နှံ့သွားခဲ့မည်ဆိုပါက ကျင့်ကြံခြင်း လောကတစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏သခင်မှာ နဝမအလွှာ ရွှေအမြုတေ အဆင့်၌သာ ရှိသေးပြီး ယွမ်ယင်း အဆင့်သို့ မတက်လှမ်းရသေးချေ။
သူသည် ယွမ်ယင်း အဆင့်သို့ တက်လှမ်းပြီးနောက်တွင် မည်မျှလောက် အစွမ်းထက်လာမည်ကို စိတ်ကူးကြည့်၍ မရနိုင်တော့ချေ။
ဝုန်း~~
ဤအခိုက်အတန့်၌ သတင်းစကား တစ်ရပ်သည် ကျန်းဖန်၏ အသိစိတ်ပင်လယ် နက်ရှိုင်းရာသို့ ထိုးဖောက်ဝင်ရောက်လာခဲ့၏။ "သင်သည် ပန်းမိစ္ဆာတောင်တန်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ကောင်းကင်ပန်ငှက် ကျင့်ကြံသူတစ်ဦးနှင့် ရုတ်တရက် ကြုံတွေ့တိုက်ခိုက်ကာ ရန်သူကို သတ်ဖြတ်ပြီး သေချေရှင်ချေ ဘေးဒုက္ခတစ်ခုကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ကံကောင်းခြင်း အမှတ် ငါးသောင်း နှင့် အဆင့်(၄) အခွင့်အရေး တစ်ခုကို ရရှိလိုက်ပါသည်။"
"ဘေးဒုက္ခကို ဒီလောက်နဲ့ပဲ ကျော်ဖြတ်နိုင်သွားတာလား။"
"ပြီးတော့ ဒီ အဆင့်(၄) အခွင့်အရေးက အဲဒီကောင်ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတာပဲ။"
ကျန်းဖန် မျက်လုံးများကို တဖျပ်ဖျပ် ခတ်လိုက်၏။
သူသည် အဆင့်(၄) အခွင့်အရေးမှာ မည်သည့်နေရာတွင် ရှိနေသနည်းဟု အစောပိုင်းက တွေးတောနေခဲ့သော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရှိခဲ့ရချေ။
……….