အခန်း ၄၁-၄၂
Vol. 5 Ch. 41-42
Chapter 41+42
~
အခန်း ၄၁+၄၂ : ထိပ်တိုက် ရင်ဆိုင်မှု
~
" ဒုတိယသား.. ဖြေးဖြေးသွားပါဟ...ငါ ပစ္စည်းတွေ မသိမ်းရသေးဘူး... "
" သားတို့နှေးနေရင် အမေ အနိုင်ကျင့်ခံနေရမယ်.. အဖေ မြန်မြန်လုပ်လို့..."
" ဟူး... ငါ့မှာ အတန်းချိန် ရှိသေးတယ်.. "
" ရပါတယ် ...အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောခဲ့ပြီးပြီ အဖေသွားလို့ ရတယ်တဲ့.. "
ယန်ကျီဝမ်က ယန်ဖူကွေ့အား ခြံဝင်းသို့ အမြန်ပြန်ရန် အတင်းဆွဲခေါ်နေလေသည် ။
ယန်ဖူကွေ့သည် ယန်ကျီဝမ်ထံမှ ဖြစ်ပျက်သမျှကို ကြားလိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်။
လူများစွာ ရှိသည့်အနက် မည်သို့ကြောင့် ကျားကျန်းရှီနှင့်မှ ရန်ဖြစ်ရသနည်း ။
ပို၍ဆိုးသည်မှာ ဒုတိယသားက ကျားကျန်းရှီကို လက်ပါခဲ့ခြင်းပင် ။ ဖြေရှင်းရန် လွယ်မည် မထင် ။
အကယ်၍ ယန်ကျီဝမ်သည် ရန်ရွေ့ဟွား အနိုင်ကျင့်ခံနေရသည်ကို ဘေးမှ ရပ်ကြည့်နေမည်ဆိုလျှင် သူတို့အနာဂတ်အတွက် ယန်ကျီဝမ်သည် စိတ်မချရတော့ပေ ။ သူတို့ အိုမင်းမစွမ်းဖြစ်လာလျှင် မည်သို့ ယုံကြည်အားကိုးရပါမည်နည်း ။
ထို့ကြောင့် အမေဖြစ်သူအတွက် ဝင်ကူညီသည့် ယန်ကျီဝမ်အား အပြစ်တင်၍ မရချေ ။
သို့သော်လည်း ကျားကျန်းရှီ၏ စိတ်နေသဘောထားကို တွေးမိပြီး ယန်ဖူကွေ့ ခေါင်းကိုက်သွား၏ ။
ဤပြဿနာကို ဖြေရှင်းရန် ကြီးမားသော ငွေအမောင့်တစ်ခု လိုပေတော့မည် ။
ထို့အပြင် နေ့ခင်းအတန်းချိန်ပျက်သည့်အတွက် လစာမှ အဖျက်ခံရအုံးမည်ဖြစ်ရာ ယန်ဖူကွေ့ ပို၍ပင် နာကျင်သွားသည် ။
သို့သော်ငြား သူ၏ ခန္ဓာကိုယ်သည်တော့ ယန်ကျီဝမ် ဆွဲခေါ်ရာနောက်သို့ နာခံစွာ လိုက်ပါလာခဲ့သည် ။
အလျင်စလို ပြေးလာကြပြီးနောက် နှစ်ဦးသား ခြံဝင်းဆီသို့ ပြန်ရောက်လာကြ၏ ။
ယန်ဖူကွေ့ ချွေးများ ရွှဲနစ်နေပြီး အသက်လု ရှုနေရသော်လည်း ယန်ကျီဝမ်သည်တော့ အသက်ရှုသံပင် မပြောင်းချေ ။
ယန်ဖူကွေ့ ရှုပ်ထွေးသွားသည် ။ သူ၏ ဒုတိယသားက မည်သည့်အချိန်က ဤမျှအထိ ကြံ့ခိုင်လာသနည်း ။
ကျောင်းမှ ခြံဝင်းအထိ အသွားအပြန် ဆိုလျှင် မိုင်အနည်းငယ် ကွာဝေးသော်လည်း ဤကလေးက ချွေးပင် မထွက်ချေ ။
သို့သော်လည်း ဤအချိန်က ထိုသည်ကို တွေးနေရမည် မဟုတ်ပေ ။
ဒုတိယသား ပြောသလိုသာ ဆိုလျှင် ချင်ဟွိုင်ရုသည် သံမဏိစက်ရုံကို ရောက်နှင့်ပြီး ဖြစ်သည် ။
သူ ကြောက်သည်မှာ တကယ့်ဆရာကြီး ပြန်ရောက်လာမည်ကိုပင် ။ သူခြံဝင်းထဲ အမြန်ပြန် မရောက်လျှင် သူ၏ မိန်းမဖြစ်သူ သေသည်အထိ အနိုင်ကျင့် ခံရပေတော့မည် ။
ထို့ကြောင့် ယန်ဖူကွေ့က ခြံဝင်းထဲသို့ အမြန်ရောက်ရန် ခြေလှမ်းကို အရှိန်မြင့်တင် လိုက်သည် ။
သူ ခြံဝင်းထဲသို့ ရောက်သည်နှင့် ယန်ရွေ့ဟွားက ကျားမိသားစုနှင့် ရင်ဆိုင်နေသည်ကို မြင်လိုက်ရ၏ ။
ကျားကျန်းရှီ၏ ဘေးတွင် သူမ၏ သားဖြစ်သူ ကျားဒုံရွှီရပ်နေပြီး သံမဏိစက်ရုံမှ ပြန်ပြေးလာဟန်တူသည် ။
အနည်းငယ် ဝေးကွာသော နေရာတွင် ရပ်နေသူကား ယန်ဖူကွေ့ စိုးရိမ်နေသော ယီကျုံးဟိုင်ပင် ။
ယီကျုံးဟိုင်သည် ကျားဒုံရွှီ၏ ဆရာဖြစ်သည့်အပြင် ယန်ကျီဝမ်က လူကြီးတစ်ယောက်အား လက်ပါခဲ့ပြီး ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်လာ၍ အလေးအနက် ထားရမည်ဟု ဆုံးဖြတ်ထားသည် ။
ဤကိစ္စသာ ကောင်းကောင်းမဖြေရှင်း နိုင်ပါက ဤခြံဝင်းအတွင်းရှိ တခြားလူငယ်များလည်း ယန်ကျီဝမ်ကဲ့သို့ လိုက်လုပ်ကြလိမ့်မည် ။ သူ နှစ်ပေါင်းများစွာ စီစဥ်လာခဲ့သော အကြံအစည်ကြီး ပျက်ဆီးသွားပေလိမ့်မည် ။
သူ ထိုကဲ့သို့ လုံးဝ လုံးဝ အဖြစ်မခံနိုင် ။
ယန်ကျီဝမ်ကို အံ့သြသွားစေသည်မှာ ယီကျုံးဟိုင်နှင့် ကျားဒုံရွှီအပြင် ရှာကျူးပါ( ငတုံးကျူး.. )ပြန်ရောက်နေလေ၏ ။
သူက ယီကျုံးဟိုင်၏ နောက်နားတွင် ရပ်နေပြီး ကိုယ်ရံတော် လူမိုက် အသွင်ဆောင်နေသည် ။
ယန်ကျီဝမ်က စိတ်ထဲမှ လှောင်ပြောင်လိုက်သည် ။
' ဟမ့်.. သောက်အဘိုးကြီးယီက ကောင်းကောင်းပြင်လာတာပဲ..လူမိုက်ပါ ခေါ်ထားတယ်ပေါ့.. '
သူသာ ယီကျုံးဟိုင်၏ ဆုံးမစကားကို ငြင်းပယ်မည်ဆိုလျှင် ရှာကျူးက လက်ဖြင့် ဆုံးမမည် ဖြစ်သည် ။
အကယ်၍ အတိတ်မှ ယန်ကျီဝမ်သာ ဖြစ်မည်ဆိုလျှင် ကြောက်မိမည်ဖြစ်သော်လည်း ယခု သူကတော့ လုံးဝ မကြောက် ။
ရှာကျူးသည် စားဖိုမှူးဖြစ်ပြီး နှစ်ပေါင်းများစွာ ဒယ်အိုးကိုင်လာသဖြင့် အလွန်သန်မာလှသည် ။ အစားအစာ ပြတ်လတ်ခြင်း မရှိသည့် အပြင် နပန်းပါ လေ့ကျင့်ဖူးသူ ဖြစ်သဖြင့် ခြံဝင်းထဲရှိ လူငယ်မျိုးဆက်များသည် သူ့ကို မယှဥ်နိုင်ကြချေ ။
ထို့ကြောင့် ရှာကျူးသည် သူ၏ ခွန်အားနှင့် သိုင်းကျွမ်းကျင်မှုကို အားကိုးပြီး ဤခြံဝင်းအတွင်း မင်းမူနေခဲ့သည် ။
သူ၏ ဂုဏ်ပုဒ်ဖြစ်သော ခြံဝင်းစစ်နတ်ဘုရား ဟူသည်က ထိုသို့ ရလာခဲ့ခြင်းပင် ။
ယန်ကျီဝမ်သည် ယခင်က ရှာကျူး၏ ရိုက်နှက်ခြင်းကို မခံခဲ့ရဘူးသော်လည်း စကားဖြင့် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရဖူးသည် ။
သို့သော်လည်း ယန်ကျီဝမ်သည် ခွန်အားဆေးလုံးကိုသောက်ထား၍ သူ၏ ခွန်အားများ နေ့တိုင်းတိုးလာနေပြီး ရှာကျူးအား အလေးအနက်ထားရန် မလိုတော့ပေ ။
ယန်ကျီဝမ်က ရှာကျူးကို ကြည့်ပြီး စဥ်းစားလိုက်သည် ။
' မင်း ငါ့ကို လာမစရင်တော့ ဘာမှ မဖြစ်ဘူး.. မင်း ငါ့ကို လာဆွရင်တော့ ချီးထွက်အောင် ရိုက်ပစ်မယ်.. '
ယန်ရွေ့ဟွားနှင့် ငြင်းခုံနေသော ကျားကျန်းရှီသည် ယန်ဖူကွေ့နှင့် ယန်ကျီဝမ်တို့ ပြန်ရောက်လာကြသည်ကို မြင်သွား၏ ။
သူမ၏ မျက်လုံးများသည် တြိဂံပုံ ကျဥ်းမြောင်းသွားပြီး လှောင်ပြောင် သရော်သံဖြင့်...
" အိုးးး... အဘိုးကြီးယန်နဲ့ သားရဲပေါက်စလေးပါလား... ဘာလဲ ပြန်လာဖို့ ဆုံးဖြတ်လိုက်ကြပြီလား.. နင်တို့ တခြားတစ်နေရာရာ သွားပုန်းနေတယ်မှတ်တာ.."
ယန်ဖူကွေ့နှင့် ယန်ကျီဝမ်တို့ ယန်ရွေ့ဟွား၏ အနားသို့ ရောက်လာကြသည် ။ ယန်ရွေ့ဟွားသည် သူမ၏ လင်တော်မောင်နှင့် သားဖြစ်သူကို မြင်လိုက်ရမှ စိတ်သက်သာရာ ရသွား၏ ။
ယန်ရွေ့ဟွား၏ နောက်ကွယ်တွင် ပုန်းနေကြသော အငယ်လေး နှစ်ယောက်မှာ သူတို့၏ ဒုတိယအကို ရောက်လာလျှင် ကြောက်စိတ်များ လျော့ပါးသွားကြသည် ။
သူတို့၏ အမြင်အရ သူတို့အမေပင် မနိုင်သော ကျားကျန်းရှီဟူသည့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးမှာ ဒုတိယအကိုက အလွယ်တကူ အနိုင်ယူလိုက်၍ သူတို့၏ စိတ်ထဲတွင် ယန်ကျီဝမ်က အစွမ်းအထက်ဆုံး လူသား ဖြစ်ပေသည် ။
သူတို့၏ ဒုတိယအကို ပြန်ရောက်လာလျှင် သူတို့ အနိုင်ကျင့်ခံရတော့မည် မဟုတ်ပေ ။
ကလေးနှစ်ယောက်သည် ငယ်သေးသော်လည်း သူတို့နှစ်ယောက်အား ကျားကျန်းရှီက အနိုင်ကျင့်၍ ဒုတိယအကိုက ဝင်ရိုက်သည်ကိုမူ သိကြ၏ ။
ယန်ကျီဝမ်က ကလေးနှစ်ယောက်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး ထီမထင် လေသံဖြင့်....
" ပုန်းနေရမှာလား... ဟားဟားဟား...ခင်ဗျားတို့က လူများတိုင်း ခင်ဗျားတို့ မှန်တယ်ထင်နေတာလား.. "
ကျားဒုံရွှီသည် မျက်လုံးစုံမှိတ်ပြီး မိဘကို ရိုသေသူဖြစ်သဖြင့် ယန်ကျီဝမ် ဝင်လာသည်နှင့် ရန်လိုသည့် အကြည့်ဖြင့် မေးလိုက်၏ ။
" ဟေ့ကောင် ဒုတိယသား.. မင်း ဘာအကြောင်းနဲ့မှ ငါ့အမေကို ရိုက်စရာ မလိုဘူးကွ.. "
ချင်ဟွိုင်ရုသာ ဆွဲမထားလျှင် သူ ပြေးဝင်တိုက်ခိုက်မိမည် ဖြစ်သည် ။
ယီကျုံးဟိုင်က မျက်မှောင်ကြုတ်လိုက်ပြီး...
" ကျီဝမ်.. အကြောင်းပြချက်က ဘယ်လိုဖြစ်ဖြစ်.. မင်း လူငယ်တစ်ယောက်အနေနဲ့ လူကြီးကို လက်ပါတာက မှားတယ်ကွ.."
" ဟေး ယန်ဒုတိယသား.. မင်းကတော့ တကယ်ကို တစ်ခုခုပဲ.. လူကြီးတစ်ယောက်ကို ဒီလို လုပ်စရာလား.. မင်း မရှက်ဘူးလား.. မင်းယောကျာ်း မဟုတ်ဘူးလား.. "
ရှာကျုးကလည်း ဝင်၍ လှောင်ပြောင်သည် ။
ကြည့်နေကြသော အိမ်နီးနားချင်းများက ယန်မိသားစုအတွက် စိုးရိမ်နေကြ၏ ။
ယနေ့ ယန်မိသားစု သည်တော့ ကြီးကြီးမားမား ဆုံးရှုံးရပေတော့မည် ။
သိူ့သော်လည်း အမှုပတ်မည်ဆိုး၍ မည်သူမှ ဝင်မပြောရဲချေ ။
ယန်ဖူကွေ့သည် ယန်ကျီဝမ်အား ဝိုင်းပြောနေကြသည်ကိုမြင်လျှင် ကာကွယ်ရန် ဝင်ပြောမည် ပြုသော်လည်း ယန်ကျီဝမ်က လက်ကာပြလိုက်ပြီး ...
" အဖေ.. ကျွန်တော့်ဘာသာ ရှင်းမယ် .."
ယန်ကျီဝမ်၏ အသံက နူးညံသော်လည်း တည်ငြိမ်နေ၍ လူများအား ယုံကြည်စေနိုင်သည် ။
ယန်ဖူကွေ့သည် ပြောင်းလဲသွားသော သူ၏ ဒုတိယသားကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည် ။
ဒုတိယသားသည် စာမေးပွဲ ပြီးကတည်းက တခြားလူတစ်ယောက်အသွင် ပြောင်းလဲသွားခဲ့သည် ။
ပြဿနာ ကြုံလာရပင်လျှင် ရှေ့ထွက်၍ ဖြေရှင်းရဲ နေပေ၏ ။
ဤအခြေအနေတွင် တခြားလူတစ်ယောက်ဆိုလျှင် ပြေးရန် အပေါက်ရှာနေလောက် လေပြီ ။
သို့ရာတွင် ဒုတိယသား သည်တော့ ခေါင်းရှောင်မည့်အစား သူ့ကိုပင် ဝင်မပါခိုင်းပေ ။
မသိစိတ်မှ အသိအမှတ်ပြုမှုကြောင့် ယန်ဖူကွေ့ ခေါင်းညိတ်လိုက်မိသည် ။
ထိုသည်ကို ကြည့်ပြီး ရန်ရွေ့ဟွား အလွန်စိုးရိမ်သွား၏ ။
မည်သည့်အတွက်ကြောင့် အဘိုးကြီးယန်က ဒုတိယသားကို ရင်ဆိုင်ရန် ခွင့်ပြုလိုက်ရသနည်း ။ ဒုတိယသား ရှုံးနိမ့်သွားမည်ကို မကြောက်ပေဘူးလော ။
တခြားတစ်ဘက်တွင် ယီကျုံးဟိုင် ဦးဆောင်နေသည့်အပြင် လူမိုက် ရှာကျူးကလည်း ပါဝင်နေသေးသည် ။
သူမ၏ ဒုတိယသားက မည်သို့ တုပြိုင် နိုင်ပါမည်နည်း ။
သူမ တားဆီးရန် ပြင်လိုက်သော်လည်း ယန်ကျီဝမ်က စကားစပြောလိုက်သည် ။
ယန်ကျီဝမ်က ယီကျုံးဟိုင်ကို စိုက်ကြည့်၍ တည်ငြိမ်စွာဖြင့်...
" ဦးလေး ... ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာကို ဦးလေး သိပြီးပြီလား.. "
ယီကျုံးဟိုင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး...
" ဘာအကြောင်းကြောင့်ပဲ ဖြစ်နေနေ ငါတို့ ခြံဝင်းက လူကြီးသူမတွေကို လေးစားတဲ့ အစဥ်အလာကို အမြဲ ထိန်းသိမ်းလာခဲ့ကြတာ.. လူကြီး တစ်ယောက်ကို ဘာလို့ပဲ ရိုက်ရိုက် မင်းမှားနေပြီ.."
ဤစကားကို ကြည့်လျှင် ဖြစ်ပျက်ခဲ့သမျှကို သိပြီးပုံ ရ၏ ။
ယန်ကျီဝမ်က ရယ်လိုက်ပြီး ဖြေးဖြေးချင်း ပြောလိုက်သည် ။
" ကျုပ် ထင်တာတော့ ဒီခြံဝင်းထဲက လူတော်တော်များများက ဘာကြောင့် ဖြစ်တာလဲ ဆိုတာကို သိကြမယ်ထင်တယ်.. ဒါပေမဲ့ ခင်ဗျားက ဖြစ်ပျက်ခဲ့ သမျှကို ဘေးဖယ်ထားလိုက်ဆိုတော့ ကျုပ် စကားထပ်ပြောစရာ မရှိတော့ဘူး.. "
" ဆရာ.. ကျုပ် တစ်ခုလောက် မေးစမ်း ပါရစေ.. ခင်ဗျား ဘာဖြစ်ချင်တာလဲ.. "
ယီကျုံးဟိုင် မျက်မှောင်ကြုတ်လိုက်၏ ။ သူ၏ စကားအမှားထဲမှ ပြန်ထောက်ခံရမည်ကို သူ မျှော်လင့် မထားပေ ။
သူ ပြောလိုက်သည့် စကားက ဤခြံဝင်းသည် သူ့နယ်မြေဖြစ်ပြီး သူပြောသမျှသာ အတည်ဖြစ်သည်ဟု အဓိပ္ပါယ် သက်ရောက်နေသည် ။
ယီကျုံးဟိုင် ထိုသို့ အမှန်တကယ် တွေးနေလျှင်ပင် အပြင်ထုတ်မပြောရဲချေ ။ ဤစကားက သူ့ဂုဏ်သတင်းကို ထိခိုက်နိုင်၏ ။
' ဒီကလေးက ငါ့အတွက် သေတွင်းတူးပေးနေပါလား..'
' ငါသာ ယန်ကျီဝမ်ကို အပြစ်ပေးလိုက်ရင် စက်ရုံ တစ်ခုလုံးက လူတွေက ငါ့ကို ဘယ်လို ထင်ကြမလဲ.. '
[ ဒီခြံဝင်းထဲနဲ့ ပတ်ဝန်းကျင်မှာ နေတဲ့ သူတွေက သံမဏိစက်ရုံ ( Steel mill ) က အလုပ်သမားတွေ များလို့..ပြီးတော့ ဒီခေတ်မှာက နာမည် ဂုဏ်သတင်းက အရေးကြီးတယ် .. ]