အခန်း ၄၃-၄၄
Vol. 5 Ch. 43-44
Chapter 43+44
~
အခန်း ၄၃+၄၄ : ဦးနှောက်မရှိသော အသင်းဖော်များ ...
~
ယီကျုံးဟိုင်က သူ့ကိုယ်သူ ခုခံ ပြောဆိုရန် ပြင်လိုက်သော်လည်း ကျားဒုံရွှီက အရင် ပြောလိုက်၏ ။
" အဲ့တော့ ဘာဖြစ်လဲ.. မင်း ငါ့အမေကို ဘာပဲ လုပ်လုပ် နှစ်ဆပြန်ပြီး ပေးဆပ်ရမယ်ကွ.."
မိဘအပေါ် သိတက်မှုက ချီးကျူးဖွယ် ကောင်း၏ ။ အသက်ကြီးဝါကြီး ဆရာသမားများ အပေါ် ကာကွယ်ဖို့ရန် ဆန္ဒရှိကြောင်း ပြသချင်းလည်းဖြစ်သည် ။
သို့သော်ငြား ယီကျုံးဟိုင်း၏ မျက်နှာသည်တော့ လငပုပ် ဖမ်းသလို မည်းမှောင် သွားသည်။
ကြောက်စရာကောင်းသည်က ရက်စက်ကြမ်းကြုတ်သည့် ရန်သူမဟုတ်ဘဲ ဝက်လို အသင်းဖော်များသာဖြစ်ချေသည် ။
သူတို့ ပြန်လာခဲ့သည် လမ်းတွင် ချင်ဟွိုင်ရု ၏ ပြောကြားချက်အရ ဖြစ်ပျက်ခဲ့သည်များကို သိရှိပြီး ဖြစ်သည် ။
ဤပြဿနာ၏ အစမှာ ကျားကျန်းရှီကြောင့်သာဖြစ်ပြီး ကျားကျန်းရှီ၏ အမှားဖြစ်သည်မှာ ထင်ရှားနေ၏ ။
သို့ပေသိ ယီကျုံးဟိုင်သည် ကျားဒုံရွှီက သူ့တပည့်ဖြစ်၍ ကျားမိသားစုဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည် ။
ထို့အပြင် အမှန်တရားက မည်သို့ပင် ဖြစ်စေကာမူ ယန်ကျီဝမ်က လူကြီးသူမ တစ်ယောက်ကို လက်ပါခဲ့သဖြင့် သူထိုင်ကြည့်နေ၍ မရတော့ချေ။
သို့သော်လည်း ကမူးရှူးတိုး လုပ်၍မရ ။ အိမ်ပြန်လာသည့် လမ်းတွင် ကျားဒုံရွှီအား သူ၏ အရိပ်အကဲကို ကြည့်ပြီး မီးစင်ကြည့်ကရန် လမ်းညွှန်ခဲ့ပြီး ဖြစ်သည် ။
ယခုတော့......
ကျားဒုံရွှီသည် ဒေါသထွက်လွန်းသဖြင့် ယီကျုံးဟိုင်၏ စကားများကို သတိမရတော့ပေ ။
ဤသည်ကလည်း ထူးတော့ မထူးဆန်း ။ ကျားဒုံရွှီက ဤသို့သော လူမျိုးသာ ဖြစ်သည် ။
ယီကျုံးဟိုင်သည် ကျားဒုံရွှီက မိဘကို သိတက်လွန်း၍ ဒေါသမထိန်းနိုင် ဟုသာ တွေးလိုက်မိသည် ။
အဓိက ပြဿနာ သော့ချက်မှာ ယန်ကျီဝမ် တူးထားသော တွင်းထဲသို့ ကျားဒုံရွှီက ခုန်ဝင်သွားသဖြင့် ထိုကလေး လိုချင်သည့်အတိုင်း ဖြစ်သွားလေပြီ ။
ကျားဒုံရွှီ စကားမဆုံးလိုက် ခင်မှာပင် ကျားကျန်းရှီက အော်လိုက်၏ ။
" ပြန်ရိုက်ရုံနဲ့တင် မလုံလောက်ဘူး.. အဲ့လိုဆို ငါ အသားနာတာက အလကား ဖြစ်သွားမှာပေါ့.. ငါ့ကို လျော်ကြေး ပေးရမယ်.. အနည်းဆုံး ၅၀ ယွမ် လျော်ကြေးပေးရမယ်.. မဟုတ်လို့ ကတော့ ဒီကိစ္စ လုံးဝ မပြီးဘူးမှတ်.."
ယန်ကျီဝမ် ထွက်မလာခင်က ၁၀ ယွမ်သာ လျော်ကြေးတောင်းနေသော်လည်း ယခုအခါတွင်မူ ၅၀ ယွမ် ဖြစ်သွား၏ ။
ကျားကျန်းရှီ၏ ငွေကြေး အတွက်အချက် ကောင်းပုံက ထူးကဲလှချေသည် ။
ဤသို့သာ အကြိမ်အနည်းငယ် အရိုက်ခံလိုက်ပါက ပုံမှန်အလုပ်လုပ်သူတစ်ယောက်၏ တစ်နှစ်ဝင်ငွေထက်ပင် ကျော်သွားနိုင်သည် ။
ကျားကျန်းရှီ၏ အဓိပ္ပါယ်မရှိသည့် တောင်းဆိုမှုကို ကြားလျှင် ရန်ရွေ့ဟွားက ပြန်အော်ရန် ပြင်လိုက်သော်လည်း ယန်ဖူကွေ့က သူမ၏ လက်ကို ဆွဲထားလိုက်သည် ။
ယန်ဖူကွေ့က ရန်ရွေ့ဟွားကို ခေါင်းခါပြလိုက်ပြီး စကားမပြောရန် အချက်ပြလိုက်၏ ။
ယန်ဖူကွေ့ ဆိုသည်ကား ခြံဝင်းတစ်ခုလုံးတွင် သူ့ကိုယ်သူ ညဏ်အကောင်းဆုံးဟု သတ်မှတ်ထားပေသည် ။ ဤသည်က သူ့ကိုယ်သူ အထင်ကြီးလွန်းနေသည် ဖြစ်သော်လည်း သူ့တွင် စွမ်းရည်အချို့ ရှိနေသည်ကိုတော့ ငြင်း၍ မရ ။
ယီကျုံးဟိုင် ကဲ့သို့ပင် ယန်ဖူကွေ့သည်လည်း ယန်ကျီဝမ် ပြောလိုက်သော စကားများ၏ ဆိုလိုရင်း အဓိပ္ပါယ်ကို နားလည်သည် ။
ထို့ကြောင့် ယန်ဖူကွေ့က ရန်ရွေ့ဟွားကို တားလိုက်ပြီး သူ၏ ဒုတိယသား မည်သို့ ကိုင်တွယ်မည်ကို စောင့်ကြည့်လိုခြင်းဖြစ်သည် ။
ဒုတိယသား မနိုင်တော့သည့် အချိန်မှ သူဝင်ကူညီလျှင် နောက်မကျသေးပေ ။ သို့သော် ထိုအချိန်၌ဆိုလျှင် ယွမ်အနည်းငယ် ကုန်ကျနိုင်ဖွယ် ရှိသည် ။
" ပြီးတော့ မင်းတောင်းပန်ရမယ်.. "
ကိစ္စရပ်များတွင် ဝင်ရှုပ်တက်သူ ရှာကျူးက ဆော့ကစားလိုသော အပြုံးဖြင့် ဝင်ပြောသည် ။
" ရိုးရိုးတောင်းပန်ရုံနဲ့ မရဘူးနော်.. မင်းက လူကြီးသူမကို စော်ကားတာဆိုတော့ ဒူးထောက်ပြီး တောင်းပန်တာကမှ မင်းရဲ့ ရိုးသားမှုကို ပြရာရောက်လိမ့်မယ်.. "
ဦးနှောက် မရှိသော အသင်းဖော်များ တစ်ယောက်ပြီး တစ်ယောက်ထွက်လာ၍ ယီကျုံးဟိုင်း၏ မျက်နှာက မည်းပြာနေလေပြီ ။ သူ အလွန်စိတ်ပျက် သွား၏ ။
သူ၏ အသင်းဖော်များက ဝက်များ ဖြစ်နေ၍ သူ ကိုယ်တိုင် ရုန်းရုံသာ တက်နိုင်တော့သည် ။
" ကောင်းပြီ.. ကောင်းပြီ.. ကျုပ် အားလုံး မှတ်ထားမယ်... ကျားဒုံရွှီက နှစ်ဆ ပြန်လိုချင်တာနော်... ကျားကျန်းရှီက လျော်ကြေးအတွက် ၅၀ ယွမ် တောင်းထားတယ်.. ရှာကျူးက ကျုပ်ကို ဒူးထောက် တောင်းပန် စေချင်တယ်... အင်း ဒီတောင်းဆိုချက်တွေက အရမ်း..အရမ်း..ကို ကျိုးကြောင်း ဆီလျှော်ပါတယ်.. "
ယန်ကျီဝမ်က တောင်းဆိုချက်အားလုံးကို ရတနာတစ်ခုလို တန်ဖိုးထား၍ အသေးစိတ်ပြန်ပြောပြ လိုက်၏ ။
ဘေးမှ ရပ်ကြည့်နေပြီး ဝင်၍ ညှိနှိုင်းနေသူ တစ်ယောက်နှင့်ပင် တူနေသေးသည် ။
ယီကျုံးဟိုင် အနည်းငယ် စိတ်လှုပ်ရှား သွားသည် ။ ယန်ကျီဝမ် က တစ်ခုခု ကြံစည်နေသည်ဟု သူ ခံစားမိလိုက်၏ ။
အမှန်ပင် ။ သူ့အထင်က မလွဲခဲ့ချေ ။
ယန်ကျီဝမ်က ရန်ပွဲကို ရပ်ကြည့်နေသော ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများကို ကြည့်၍ ပြောလိုက်၏ ။
" အိမ်နီးချင်းများ... ဒါတွေ အားလုံးကို ခင်ဗျားတို့ အကုန် မြင်လိုက်ကြမယ်လို့ ထင်ပါတယ်.. အကုန်လုံးကလည်း အမှန်တရားကို သိကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်.. ဒါပေမဲ့ ဒီအဘိုးကြီးက အမှန်တရားကို ဘေးဖယ်ထားရမယ်တဲ့.. ကျုပ် လက်မခံချင်ပေမဲ့ သူက ဒီခြံဝင်းရဲ့ အရာအားလုံးကို ဆုံးဖြတ်သူလေ.. ကျုပ် အရှုံးကို ဝန်ခံရုံက လွဲလို့ ဘာများ တက်နိုင်တော့မှာလဲ.. "
ထို့နောက် ယန်ကျီဝမ်က အကြောင်းအရာ ပြောင်းပြောလိုက်သည် ။
" ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့အားလုံး အနာဂတ်မှာ ပိုပြီး သတိထားကြဖို့ လိုလိမ့်မယ်.. အကောင်းဆုံးက ကျားမိသားစုနဲ့ ဘယ်တော့မှ ရန်မဖြစ်နဲ့.. သူတို့နဲ့ ရန်ဖြစ်ရင် အမှန်အမှား ဆိုတာ မရှိဘဲ အားလုံးက ခင်ဗျားတို့ အမှားပဲ ဖြစ်သွားလိမ့်မယ်.. ကျုပ်တို့မှာ လေးစားခံရတဲ့ အကြီးအကဲ မရှိတဲ့ အတွက် ငွေညှစ်ခံရလိမ့်မယ်.. "
ယန်ကျီဝမ်၏ စကားဆုံးသည်နှင့် အိမ်နီးချင်းများ၏ တီးတိုးဆွေးနွေးသံများက ဆူညံလာသည် ။
သူပြောသည်က ဤခြံဝင်းသည် ယီကျုံးဟိုင်၏ ပိုက်နက်ဖြစ်၍ နောက်ဆုံး အမှန်အမှားကို ဆုံးဖြတ်သူမှာလည်း ယီကျုံးဟိုင်သာ ဖြစ်သည်ဟုပင် ။
ထို့အပြင် ယီကျုံးဟိုင်သည် ကျားမိသားစုကို စောင့်ရှောက်နေ၍ မည်သူမဆို ကျားမိသားစုကို စော်ကားမိလျှင် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူက ကျားမိသားစု ဘက်မှသာ ရပ်တည်ပေလိမ့်မည် ။
ယနေ့မှ စ၍ ကျားကျန်းရှီအား မည်သူက ပြန်ခံပြောရဲ ပါတော့မည်နည်း ။
ကျားမိသားစု အိမ်ရှေ့တွင် လေတစ်ချက် ပိုရှူမိလျှင် ငွေညှစ်ခံရနိုင်သည် ။
ဤခြံဝင်းအတွင်း သူတို့ မည်သို့ အသက်ရှင်ရမည်နည်း ။
ကျားကျန်းရှီသည် စာမတက်သလို တစ်ခါမှလည်း စာမသင်ဘူးပေ ။
သူမ ယန်ကျီဝမ်၏ စကားကို ကြားလျှင် အရှုံးပေးလိုက်သည်ဟု ထင်သွား၏ ။ သူမက ကျေနပ် အားရစွာဖြင့်...
" ဒါပေါ့..မှန်တာပေါ့. ဒီခြံဝင်းထဲမှာ ငါ့ကို ပြန်ခံ မပြောတာ အကောင်းဆုံးပဲ.. မဟုတ်ရင်တော့ နင်တို့အားလုံး နောင်တကြီးကြီး ရသွားမယ်.. "
" ကျားကျန်းရှီ .. ပါးစပ်ပိတ်ထား .."
ယီကျုံးဟိုင် ငြိမ်ပြီး ကြည့်မနေနိုင်တော့ပေ ။ သူ ကျားကျန်းရှီကို ဒေါသတကြီး အော်လိုက်ပြီး အလျင်စလို ရှင်းပြလိုက်၏ ။
" ယန်ကျီဝမ် ပြောတဲ့ အဓိပ္ပါယ် မရှိတဲ့ စကားတွေကို နားမယောင်ကြပါနဲ့.. ဒီခြံဝင်းကို လူတိုင်းပိုင်တယ်.. ကျုပ်က စီမံခန့်ခွဲ့သူ တစ်ယောက်ပဲ ဆုံးဖြတ်ချက်တွေကို တစ်ဖက်သတ် ချခွင့်မရှိဘူး.. ကျုပ်ပြောချင်တာက လူငယ်တစ်ယောက်က လူကြီးသူမတွေကို ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ဖို့ပဲ.. ကျုပ်တို့ ခြံဝင်းက အဆင့်မြင့် ခြံဝင်းပါ.. ဒါကြောင့်မို့ ဒီလို ဆိုးရွားတဲ့ ကိစ္စတွေကို ကျုပ် အဖြစ်မခံနိုင်ဘူး.. ယန်ကျီဝမ်က ကျုပ်ပြောတာကို နားလည်မှု လွဲသွားတယ် ထင်တယ်.. "
ယီကျုံးဟိုင် အလွန်စိတ်လှုပ်ရှားနေပြီး ဇောချွေးများပင်လျှင် နဖူးမှ စီးကျလာသည် ။
ယန်ကျီဝမ် ပြောသော စကားများအရ သူသည် ဤခြံဝင်းအတွင်း ကိုယ်ပိုင် ပိုင်နက်အနေဖြင့် တရားစီရင် ဆုံးဖြတ်နေပြီး မြေရှင်ပဒေသရာဇ် စနစ်ကို ပြန်လည် အသက်သွင်းနေသည်နှင့် တူနေပေသည် ။
ဤသတင်းသာ လမ်းအတွင်း ပြန့်နှံ့သွားပါက မည်သို့ ဖြစ်သွားမည်နည်း ။
စီမံခန့်ခွဲသူရာထူး( ရပ်ကွက်လူကြီး..)မှ အဖြုတ်ခံရသည်က အလွန့်အလွန် သေးငယ်သော အပြစ်ဒဏ် ဖြစ်ပေလိမ့်မည် ။ သူ့ကို အတွေးအခေါ် ပြန်လည် ပြုပြင်ပေးရန် လမ်းရုံး(လမ်းကော်မတီရုံး.. ) သို့ ခေါ်ဆောင် ခံရနိုင်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် လယ်ယာသို့ အလုပ်ကြမ်းလုပ်ရန် ပို့ဆောင်ခံရနိုင်သည် ။
ယီကျုံးဟိုင်သည် ဤခြံဝင်းအား သူ၏ ပိုင်နက်ကဲ့သို့ အမှန်တကယ် သဘောထားသော်လည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြော၍ မဖြစ် ။ ယခု ယန်ကျီဝမ်က ထုတ်ပြောလိုက်၍ သူ မည်သို့ တည်ငြိမ်နိုင်ပါတော့မည်နည်း ။
ယန်ဖူကွေ့၏ နှုတ်ခမ်းများက တွန့်ကွေးနေပြီး တဆက်ဆက်တုန်ရီနေ၏ ။ ရယ်ချင်စိတ်ကို ထိန်းထားရသည်မှာ AK-47 ကို ထိန်းရသည်ထက်ပင် ခက်နေသည် ။ သူ အလွန်ပင် ပျော်ရွှင် နေချေသည် ။
သူ၏ ဒုတိယသားဖြစ်သူ ရှုံးနိမ့်မည် အချိန်ကို စောင့်နေခဲ့သော်လည်း ထိုသည်က သူအတွေးလွန်မိသည်သာ ဖြစ်လေသည် ။
' ဒုတိယသားရဲ့ အရည်အချင်းက ငါ့တဝက်လောက် ရှိနေတာပဲ.. '
ယီကျုံးဟိုင်က သူ့အား မည့်သည့်အတွက်ကြောင့် နှစ်ပေါင်းများစွာ ကြာအောင် ဖိနှိပ် ထားခဲ့သနည်း ။
ထိုသည်က ရှင်းရှင်းလေးပင် ။ သူ မပြိုင်ချင်သောကြောင့် ဖြစ်သည် ။
ယန်ဖူကွေ့သည် လျှိုဟိုင်ကျုံး ကဲ့သို့ လူကြီးတစ်ယောက် ဖြစ်ချင်သူ မဟုတ်ပေ ။
လျှိုဟိုင်ကျုံးသည် တစ်နေကုန် ကေဒါ(အရာရှိ ) ဖြစ်လာမည့်အကြောင်းကို စိတ်ကူးယဥ်နေပြီး ခြံဝင်းအတွင်း ယီကျုံးဟိုင်ကို ဖိနှိပ်ပြီး ပထမဦးလေး ဖြစ်ချင်သည် ။
ယန်ဖူကွေ့သည်တော့ သူများကို ပို၍ အခွင့်ကောင်းယူနိုင်ရန် အတွက်သာ ဦးလေး ရာထူး ဝင်ပြိုင်ခဲ့ခြင်းဖြစ်သည် ။
ထိုသည်က ရိုးရှင်းလှ၏ ။ ဤနှစ်များတလျှောက် တစ်ခါတစ်ရံ လိုအပ်သည့် အချိန်တွင် ယီကျုံးဟိုင်ကို ကူညီခဲ့ပြီး အကျိုးကျေးဇူး များစွာ ရရှိခဲ့သည် ။
ဤသည်က သူ၏ အောင်မြင်မှုများပင် ။ တခြားလူများက သူ့အား ကပ်စေနှဲအဘိုးယန် ဟု လှောင်ပြောင် ခေါ်ကြသည် သူ ဂရူမစိုက်ချေ ။
လက်အတွင်း ကိုင်ထားနိုင်သည်ကမှ အစစ်အမှန် အရာဖြစ်၏ ။ အနည်းငယ်မျှသော ကျော်ကြားမှုက မည်သည့်နေရာတွင် အသုံးဝင်ပါသနည်း ။
သူ၏ ဒုတိယသားကြောင့် ယီကျုံးဟိုင် ဇောချွေးပြန်နေသည်ကို မြင်လျှင် ယန်ဖူကွေ့က သူကိုယ်သူ့ ပို၍ပင် ဂုဏ်ယူမိလိုက်သည် ။
ဒုတိယသားသည်ကား သူ့ခြေရာ နင်းနိုင်လေ၏ ။ စကားအနည်းငယ်ဖြင့် အခြေအနေတစ်ခုလုံးကို ပြောင်းပြန် လှန်ပစ်နိုင်သည် ။
ယခုအချိန်၌ ကြောက်လန့်နေရမည့်သူမှာ ယီကျုံးဟိုင်သာ ဖြစ်ချေတော့သည် ။
ဤကိစ္စအား သေချာ မကိုင်တွယ်နိုင်လျှင် သူနှစ်ပေါင်းများစွာ ကြံစည်လာခဲ့သော အစီအစဥ်မှာ ပျက်ဆီးရုံသာမက အနာဂတ်တွင် မည်သူမှ လေးစားမည် မဟုတ်ပေ ။
သိုသော်လည်း သူ ကျားမိသားစုအား စွန့်လွှတ်၍ မရချေ ။
ကျားဒုံရွှီသည် သူ ရွေးချယ်ထားသော စောင့်ရှောက်မည့်သူ ဖြစ်သဖြင့် သူ ကာကွယ် မပေးလျှင် ဆက်ဆံရေးတွင် အက်ကြောင်း ထင်ပေလိမ့်မည် ။
အကယ်၍ ဤကိစ္စကို အငြိုးထားပြီး သူအသက်ကြီးချိန်မှ ပြန်အစဖော်လျှင် အဘယ်သို့ ဖြစ်မည်နည်း ။
ယီကျုံးဟိုင်သည် အမှန်တကယ်ပင် ကျပ်တည်းသော အခြေအနေသို့ ဆိုက်ရောက်နေလေပြီ ။
ယန်မိသားစု၏ ဒုတိယသားက ယန်ဖူကွေ့ထက်ပင် ပို၍ ဒုက္ခပေးနိုင်၏ ။
ယခုအချိန်တွင် ယန်ဖူကွေ့ ပြောလိုက်ချင်သည့် စကားမှာ...
" အကိုယီ.. နဖူးကချွေးကို အရင်သုတ်လိုက်ပါလား.."