← Chapters

အခန်း ၄၅-၄၆

Vol. 5 Ch. 45-46

အခန်း ၄၅-၄၆

Vol. 5 Ch. 45-46

Chapter 45+46

~

အခန်း ၄၅+၄၆ : နောက်ဆုံးတော့ လက်သီးနဲ့ပဲ စကားပြောရတာပဲ...

~

" နားလည်မှု လွဲတာလား ..ဟမ့်.. "

ယန်ကျီဝမ် နှာခေါင်းရှုံ့လိုက်ပြီး...

" ဒါပေမဲ့ ခုန ခင်ဗျား ပြောတာ တိတိကျကျ ကြီးနော်.. ခင်ဗျား ကျုပ် ကို ဖြစ်ပျက်သမျှ ဘေးဖယ်ထားခိုင်းတာ.. ဆရာယီ... ခင်ဗျားက တရားဝင် အာဏာ ထူထောင်ထားတာပဲ.. "

ယီကျုံးဟိုင်၏ မျက်နှာက မည်းမှောင်နေပြီး ငြင်းလိုက်၏ ။

" ငါအဲ့လို မပြောဘူး.. ငါ ပြောတာက မင်း လူကြီးတွေကို လက်ပါတာ မှားတယ်လို့ပဲ ပြောတာ.. "

' သောက်ကလေး ..ငါ့ ပါးစပ်က လွှတ်ခန ထွက်သွားတာကို အဲ့လောက် အတိအကျကြီး ထောက်နေစရာ လိုလို့လား.. '

' ဒါပေမဲ့ ငါ ဒီကလေးကို လျော့တွက်မိတာပဲ.. စာကလွဲရင် ဘာမှ မသိလို့ ငါထိန်းချုပ်လို့ လွယ်မယ်ထင်ထားတာ.. '

' ဒီကလေး နဲ့ ရင်ဆိုင်ရတာ ဒီလောက် ခက်မယ် ထင်မထားဘူး ..သူ့အဖေထက်တောင် ပိုဆိုးနေသေးတယ်.. '

ယန်ကျီဝမ်က ပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်ရာ အိမ်နီးချင်းများ အားလုံးက တိတ်ဆိတ်စွာ ကြည့်နေကြသည်ကို မြင်လိုက်ရ၏ ။

သူ စိတ်ထဲတွင် သက်ပြင်းချမိလိုက်သည် ။

ယီကျုံးဟိုင်က တော်လွန်းလှ၏ ။ စကားအနည်းငယ် ပြောလိုက်ရုံဖြင့် သူတူးထားသော တွင်းကို မြေဖို့ပစ်နိုင်သည် ။

အဓိက ပြဿနာကို သက်ကြီးရွယ်အိုအား ကိုယ်ထိလက်ရောက် ပြုမူခြင်း ဆီသို့ပင် ပြန်တွန်းပို့လိုက်သည် ။

သို့သော်လည်း ယန်ကျီဝမ် အံ့သြမိခြင်း မရှိ​ပေ ။ ဤခြံဝင်းကို ဆယ်စုနှစ် တစ်ခုစာလောက် အုပ်စိုးခဲ့သူအား စကားအနည်းငယ်ဖြင့် ဖြုတ်ချလိုလျှင် သူစိတ်ကူးယဥ်နေခြင်းသာ ဖြစ်ပေလိမ့်မည် ။ လူအများအား လွှမ်းမိုးထားနိုင်သူတစ်ဦးအား လျော့တွက်၍ ရမည်မထင် ။

ထို့အပြင် ယီကျုံးဟိုင်သည် အိမ်နီးချင်းများ၏ အာရုံကို တမင် ဆွဲဆောင်နိုင်ရန် အဆင့်မြင့်ခြံဝင်း ဟူသည်ကို ဖော်ပြခဲ့သည် ။

အဆင့်မြင့် ခြံဝင်း ဟူသည်က ဂုဏ်ပုဒ်တစ်ခုဖြစ်ရုံသာမက အကျိုးကျေးဇူးများပါ ရနိုင်၏ ။

နှစ်တိုင်း၏ နှစ်မကူးခင် အချိန်တွင် အဆင့်မြင့်ခြံဝင်း ဂုဏ်ပုဒ် ရရှိထားသည့် ခြံဝင်းများအား လမ်းရုံးမှ ထောက်ပံ့ရေးပစ္စည်း အနည်းငယ် ချီးမြှင့်ပေးလေ့ရှိသည် ။

ပစ္စည်းအများစုက ကျားမိသားစု၏ လက်ထဲသို့သာ ရောက်သွားသော်လည်း အားလုံးအတွက် တစ်ချို့တဝက်တော့ ခွဲဝေပေး၏ ။

ခြင်တစ်ကောင် ဖြစ်နေပင်လျှင် အသား ဖြစ်နေပေအုံးမည် ။ ထို့ကြောင့် ယီကျုံးဟိုင်က ဤစကားကို အကာအကွယ် ယူလိုက်လျှင် အိမ်နီးချင်းများ၏ ဆွေးနွေးမှုက ယန်ကျီဝမ်ဆီသို့ ရောက်ရှိသွားသည် ။

ကစားပွဲကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင် ပုရိတ်သတ်များ၏ ဖိအားက ယန်ကျီဝမ်ထံသို့ ကူးပြောင်း ရောက်ရှိသွားသည် ။

" လူကြီးတစ်ယောက်ကို ရိုက်တာလား.ဟမ့်. "

ယန်ကျီဝမ်က နှာခေါင်းရှုံ့လိုက်ပြီး...

" ဆရာယီ.. ကျုပ် မေးပါအုံးမယ်.. ကျားကျန်းရှီက ဒီနှစ်မှ အသက် ၅၀ ပဲ ရှိသေးတာမလား.. မဟုတ်သေးပါဘူး.. အသက် ငါးဆယ်တောင် မပြည့်သေးဘူးထင်တယ်.. ဒီအသက်အရွယ်ကို သက်ကြီးရွယ်အို လို့ ခေါ်လို့ ရလို့လား .."

" ဒါပေမဲ့ ခင်ဗျားက ဒီအကြောင်းကို အတင်းအကျပ် ပြောချင်နေမှတော့ ကျုပ်တို့ ဆွေးနွေးကြတာပေါ့.. "

ထိုစကားကို ကြားလျှင် ယီကျုံးဟိုင် မျက်မှောင်ကြုတ်လိုက်၏ ။ ယန်ကျီဝမ် လုပ်ချင်သည်ကို သူနားမလည်ပေ ။

သို့သော်လည်း ဆွေးနွေးရမည့် အကြောင်းကို စဥ်းစားမိပြီး စိတ်သက်သာရာ ရသွား၏ ။

သက်ကြီးရွယ်အိုများကို လေးစားခြင်း ဟူသည်က ရှေးခေတ်မှ ယခုခေတ်အထိ လက်ဆင့်ကမ်းလာကြသော ရှေးရိုးအစဥ်အလာ တစ်ခုဖြစ်သည် ။

ယန်ကျီဝမ် မည်မျှပင် စကားတက်ပါစေ ဤအချက်ကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ ။

ထို့ကြောင့် ယီကျုံးဟိုင်က စကားမပြောဘဲ တိတ်တဆိတ်သာ နေလိုက်သည် ။

လူတိုင်းက ယန်ကျီဝမ်ကို ကြည့်နေကြပြီး ဤဆွေးနွေးပွဲကို မည်သို့ စတင်မည်ကို အာရုံစိုက်နေကြ၏ ။

ယန်ဖူကွေ့က သက်ပြင်းချပြီး ခေါင်းခါလိုက်သည် ။

'ဟူးး.. ဒုတိယသားက အတွေ့အကြုံ လိုသေးတာပဲ.. အဘိုးကြီးယီရဲ့ အကွက်ထဲ ဝင်သွားပြီ.. '

ယန်ဖူကွေ့က ဝင်ရန် အချိန်တန်ပြီဟု ယူဆလိုက်သော်လည်း ဒုတိယသားက ယုံကြည်မှုအပြည့်ရှိနေသည်ကို မြင်လျှင် တွန့်ဆုတ်သွားသည် ။

ယန်ကျီဝမ်က ယီကျုံးဟိုင်ကို စိုက်ကြည့်လိုက်ပြီး...

" ဦလေး..လူကြီးတွေကို ရိုသေလေးစားရမယ်လို့ ဦးလေးက အမြဲတမ်း ပြောခဲ့တယ်နော်.. ဒါကို ကျုပ်လဲ လက်ခံပါတယ်.. လူကြီးသူမတွေကို ရိုသေလေးစားရမှာက မှန်ကန်တဲ့ လုပ်ရပ်ပဲ.. ဒါပေမဲ့ ကလေးတွေကို ချစ်ခင်ရမယ် ဆိုတဲ့ အရေးကြီးတဲ့ စကားကို ဦလေး ဘယ်တုန်းကမှ မပြောခဲ့ဘူးနော်.. လူကြီးတွေကို လေးစားပြီး ကလေးတွေကို ချစ်ခင်ရမယ်ဆိုတာ ကျုပ်တို့ နိုင်ငံရဲ့ ရှေးရိုးအစဥ်အဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာဓလေ့တစ်ခုပဲ.. ဦးလေးရော ဘယ်လိုထင်လဲ."

ယီကျုံးဟိုင်သည် ယန်ကျီဝမ် ဆက်ပြောမည့် စကားကို နားလည်သွားသော်လည်း လူတိုင်းက သူ့ကို ကြည့်နေကြသည်ကို မြင်လျှင် မတက်သာဘဲ ခေါင်းညိတ်၍ သဘောတူလိုက်ရတော့သည် ။

သူ ကျားဒုံရွှီနှင့် ရှာကျူး ကို ဦးနှောက်ဆေးသကဲ့သို့ ဤကမ္ဘာပေါ်တွင် မိဘဆိုး ဟူ၍ မရှိဘဲ မသိတက်သည့် သားသမီးသာ ရှိသည် ဟု ပြော၍ မရပေ ။

ဤအိမ်နီးချင်းများထဲတွင် ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် ညဏ်ကောင်းသူများလည်း ပါဝင်နေ၏ ။

သူ၏ စကားများအား ကျားဒုံရွှီနှင့် ရှာကျူးကဲ့သို့သော သူများသာ ယုံကြမည်ဖြစ်ပြီး ယခုထိုသို့ ပြောလိုက်လျှင် ဟာသတစ်ခု ဖြစ်သွားပေမည် ။

ယီကျုံးဟိုင် ခေါင်းညိတ်သည်ကို ယန်ကျီဝမ် မြင်လျှင် ပြုံးလိုက်ပြီး..

" ဒါဆို မေးခွန်းက... ကလေးတွေကို မချစ်ခင် မစောင့်ရှောက်တဲ့ လူကြီးတွေကိုရော ရိုသေစရာ လိုသေးလား.. လူကြီးတွေကို ရိုသေ လူငယ်တွေကို ချစ်ခင်စောင့်ရှောက် ဆိုတာက အပြန်အလှန်ဆက်နွယ်နေတဲ့ လောကနီတိ တစ်ခုပဲ.. "

" အခု ကိစ္စမှာလည်း လူအများစုက အမှန်တရားကို မြင်နိုင်ကြမယ်ထင်တယ်.. ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ရှင်းနေတာပဲ.. ကျုပ်တို့ ယန်မိသားစုက နစ်နာသူတွေပါ.. ဒါပေမဲ့ အားလုံးမြင်တဲ့အတိုင်း နစ်နာတဲ့ ကျုပ်တို့ မိသားစုကို ဘာလို့ လျော်ကြေး တောင်းနေရတာလဲ.. ဒါက အကျိုးအကြောင်း ညီညွှတ်ရဲ့လား.. "

" သြော်.. ဒီကိစ္စက ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ ထင်ကောင်းထင်နေကြမယ်.. တကယ်လို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီနေ့လို ဖြစ်ရပ်မျိုး ခင်ဗျားတို့ မိသားစု ကြုံရရင် ဒီလို အေးအေးဆေးဆေး ထိုင်ကြည့်နေနိုင်မယ်ထင်လား.."

" သြော် အိမ်မှာ ကလေးတွေ မရှိဘူး ဆိုရင်တော့လည်း ဒီလို ဖြစ်စရာ အကြောင်းမရှိဘူးပေါ့.. "

( ဒါက ယီကျုံးဟိုင်က ကလေးမမွေးနိုင်တယ့် မြုံနေတဲ့သူမို့ တိုက်ခိုက်တာ..)

ယီကျုံးဟိုင်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါး ခံစားလိုက်ရသည် ။

' ဒီကလေး ..ပြောချင်ရာပြောပြီး နောက်ဆုံးစကားက ဘာလဲ.. ငါ့ကို လှောင်တာလား.. '

' ငါက သံမဏိ စက်ရုံမှာ အဆင့်၇ တပ်ဆင်သူတစ်ယောက်.. ခြံဝင်းရဲ့ လူကြီးတစ်ယောက် ..ငါ့မှာ ဂုဏ်သိက္ခာမရှိဘူးလို့ မင်းထင်နေတာလား.. '

သို့ရာတွင် ယခုအချိန်သည် ထိုသည်ကို ပြောရန် အချိန်မဟုတ်ပေ ။

ယခု ယန်ကျီဝမ်၏ စကားက လူများ၏ နှလုံးသားထဲသို့ ရောက်သွား၍ ကျားမိသားစု အတွက် အန္တရာယ် ရှိနေချေပြီ ။

အခြေအနေများသည် ဤအဆင့်အထိ ရောက်လာ၍ စကားနိုင်လုနေရသည်က အလုပ်မဖြစ်တော့ပေ ။ ယခုကဲ့သို့ ဆက်သွားနေလျှင် ခြံဝင်းအတွင်းရှိ လူများ၏ အမြင်မှာ ပြောင်းလဲ သွားပေတော့မည် ။

ကျားဒုံရွှီသည် သူအသက်ကြီးချိန်အတွက် ရွေးချယ်ထားသူဖြစ်၍ ကျားမိသားစုအား အထိအခိုက် မခံနိုင်ချေ။

ထို့ကြောင့် သူ၏ နောက်ဆုံး လက်နက်ကို ထုတ်သုံးရန် အချိန်တန်လေပြီ ။

ယီကျုံးဟိုင်က ရှာကျူးကို မျက်ရိပ်ပြလိုက်၏ ။

မှန်ပေသည် ။ သူတို့ ပြန်လာသည့် လမ်းတွင် နောက်ဆုံး အစီအစဥ်အဖြစ် ရှာကျူးအား ထည့်သွင်းထားသည် ။

ကိုယ်ကျင့်တရားဖြင့် ဆုံးမမှု မအောင်မြင်လျှင် လက်သီးဖြင့် ဆုံးမရန်သာ ကျန်တော့၏ ။

ဤသည်က ယီကျုံးဟိုင် တစ်သက်လုံး အသုံးပြုခဲ့သည် မဟာဗျူဟာပင် ။

ရှာကျူးသည် ယီကျုံးဟိုင်၏ ​နောက်သို့ လိုက်နေသည်မှာ ကြာပြီဖြစ်၍ အချက်ပြမှုကို ချက်ချင်းနားလည်သွားသည် ။

သူ ရှေ့သို့ တိုးလာခဲ့၏ ။

ရှာကျူးက လူမိုက်စတိုင်ဖြင့် ခေါင်းကို မော့၍ ယန်ကျီဝမ်ကို နှာခေါင်းဖြင့် ချိန်ကာ မာနကြီးသော လေသံဖြင့်..

" ဒုတိယသား.. သောက်အဓိပ္ပါယ် မရှိတဲ့ စကားတွေ တော်လိုက်တော့.. မင်း ဘယ်လိုပဲ ဆင်ခြေပေးပေး မင်း လူကြီးတစ်ယောက်ကို ရိုက်တာက ရိုက်တာပဲ.. မင်းယောကျ်ားဆိုရင် ဒေါ်လေးကျန်းကို တောင်းပန်ပြီး ဆေးဖိုးထုတ်ပေးလိုက်.. မဟုတ်ရင်တော့... ဟင်းဟင်းဟင်း.."

( ကျားကျန်းရှီက နာမည် အရင်းမဟုတ်ဘူးဗျ.. ယောကျ်ားမျိုးရိုး နာမည် ကျား နဲ့ သူ့မျိုးရိုးနာမည် ကျန်း ပေါင်းထားတာ.. ကျားကျန်းရှီက.. ကျားအဘိုးကြီးရဲ့ မိန်းမ.. ကျားကတော် လို့ ဆိုလိုတာမျိုး.. သူ့နာမည်က ကျန်းချွေ့ဟွားလို့ တချို့ စာအုပ်တွေမှာတော့ မြင်ဖူးတယ်.. )

ရှာကျူးက စကားဆုံးလျှင် လည်ပင်းကို ဘယ်ညာချိုးလိုက်ပြီး လက်သီး ဆုပ်လိုက်၏ ။ သူ ယန်ကျီဝမ်ကို သင်ခန်းစာ ပေးတော့မည့် ပုံပင် ။

ယန်ဖူကွေ့ ထိုင်ကြည့်မနေ နိုင်တော့ပေ ။ သူ လျင်မြန်စွာ ထရပ်လိုက်ပြီး ဝင်ပြောလိုက်သည် ။

" ရှာကျုး.. ငါမင်းကို သတိပေးတယ်နော်.. မဆင်မခြင် လာမလုပ်နဲ့.. "

ယန်ဖူကွေ့သည် စကားအရာ၌ ငြင်းခုံရမည်ကို မကြောက်ပေ ။ ဒုတိယသား မနိုင်လျှင် သူ ဝင်ပါမည်ဖြစ်သည် ။

သို့သော်လည်း လက်ရုံးချင်း ယှဥ်ရမည်ကိုတော့ ကြောက်၏ ။ ပညာရှိတစ်ယောက်သည် စစ်သည်တစ်ယောက်နှင့် တုဖက်နိုင်မည် မဟုတ်ပေ ။

ရှာကျူးက နွားတစ်ကောင်လို သန်မာသူဖြစ်၍ နူးညံ့လှသော သူ၏ ဒုတိယသား ဖြစ်သူမှာ နိုင်မည် ​မဟုတ်ချေ ။ ထို့အပြင် သူ၏ ကျန်သား နှစ်ယောက်မှာ ပြန်မလာသေး၍ နောက်ဆုတ်ချင်နေသည် ။ သားသုံးယောက်သာ ဝိုင်းရိုက်လျှင် ရှာကျူးအား နိုင် နိုင်ပေသည် ။

ယနေ့ခေတ်တွင် မည်သည့်အတွက်ကြောင့် သားယောကျ်ားလေးများ ပိုလိုချင်ကြသနည်း ။

အထူးသဖြင့် ကျေးလက်ဒေသများ ဆိုလျှင် မှန်ကန်ပေသည် ။ ညီအကို များသော မိသားစုများသည် အနိုင်ကျင့် ခံရနိုင်ချေ နည်းသော ကြောင့်ပင် ။

ယန်ဖူကွေ့၏ စကားကိုကြားလျှင် ရှာကျူးက ရယ်လိုက်ပြီး...

" တတိယဦးလေး.. ခုအခြေအနေ ဘာဆက်ဖြစ်မယ် ဆိုတာက ကျုပ်အပေါ်မှာ မူတည်တာ မဟုတ်ဘူး.. ဦးလေးရဲ့ ဒုတိယသား ဘာဆက်ပြောမှာလဲ ဆိုတာပေါ် မူတည်နေတာ.. "

ယန်ဖူကွေ့က ယန်ကျီဝမ်ကို မျက်ရိပ်ပြလိုက်၏ ။ ပညာရှိတစ်ယောက်က နောက်ဆုတ်၍ တောင်းပန်ရမည့် အချိန်ကို သိလိမ့်မည်ဟု သူမျှော်လင့်နေသည် ။

ယီကျုံးဟိုင်၏ နှုတ်ခမ်းများက ဤသည်ကို ကြည့်ပြီး ကွေးညွှတ်သွားသည် ။

သူ၏ အကြည့်များအား စကားအဖြစ် ပြောင်းနိုင်မည် ဆိုလျှင်....

' မင်းကိုမင်း စကားအရမ်း တက်တယ် ထင်နေသလား.. ဒါပေမဲ့ စကားပြောတက်တာ ဘာအကျိုးရှိလဲ နောက်ဆုံး လက်သီးမာတဲ့ သူကပဲ အနိုင်ရမှာ.. '

' ငါ ဉာဏ်ကောင်းလို့ နောက်ဆုံး အစီအစဥ် ထားနိုင်တာ တော်သေးတယ်.. မဟုတ်ရင် အငယ်တန်းဆီမှာ ရှုံးတော့မလို့.. '

All Chapters