အခန်း ၄၉-၅၀
Vol. 5 Ch. 49-50
Chapter 49+50
~
အခန်း ၄၉+၅၀ : မွေးကာစ နွားလေးသည် ကျားကိုမကြောက်
~
" ကျုပ်က ဘာလုပ်ချင်ရမှာလဲ.. ခင်ဗျားပြောပုံက မသိရင် ကျုပ်က လူဆိုးလိုလိုနဲ့..ဘာလိုလိုနဲ့.. "
ယန်ကျီဝမ်က ခနဲ့လိုက်ပြီး...
" အစတည်းက ပြဿနာရှာတာ ခင်ဗျားတို့ တွေပဲမလား.. တစ်ယောက်က လူကြီးကို ရိုက်လို့ မှားတယ်လို့ လာပြောတယ်..တစ်ယောက်က လျော်ကြေးတောင်းတယ်.. နောက်တစ်ယောက်က ဒူးထောက်ပြီး တောင်းပန်ခိုင်းတယ်.. "
" ဒီကိစ္စမှာ ကျုပ်က နစ်နာသူပါ.. ဟုတ်တယ်မလား.. "
ယီကျုံးဟိုင်က ယန်ကျီဝမ်ကို စကားပြန် မပြောဘဲ စိုက်သာကြည့်နေ၏ ။
ယခု သူက ရှုံးနိမ့်သူ ဖြစ်နေလေပြီ ။ စကားအရာ၌ မနိုင်ခဲ့သလို လက်သီးချင်းယှဥ်ရာ၌လည်း ရှုံးနိမ့်ခဲ့သည် ။ ထို့ကြောင့် ဤနေရာမှ ထွက်သွားပြီး နောက်ထပ် ဆက်လုပ်ရမည်များကို စဥ်းစားချင်နေသည် ။
ယန်ကျီဝမ်သည် ယီကျုံးဟိုင်က စကားပြန် မပြောသည်ကို မြင်လျှင် လက်ဝှေ့ယမ်း ပြလိုက်ပြီး...
" ကျုပ်တစ်ခုပဲ ပြောချင်တယ်.. တကယ်လို့ ရှာကျူး ပြန်နိုးလာလို့ ကျုပ်ကို မကျေနပ်ရင် ကြိုက်တဲ့ အချိန်လာရှာလို့ ရတယ်လို့ ပြောလိုက်ပါ.. ပြီးတော့ ကျုပ်ညီနဲ့ ညီမလေးကို ဒီနေ့ ဖြစ်ခဲ့တာ အတွက် ကျားမိသားစုက တောင်းပန်ရမယ်.. "
" ဘာ...ဘာလို့လဲ.."
ကျားကျန်းရှီက အော်ရန် ပြင်လိုက်သော်လည်း ယန်ကျီဝမ်က လှည့်ကြည့်လျှင် အသံတိုးသွား၏ ။ သို့ပေသိ သူမ တောင်းပန်ရန် မဖြစ်နိုင်ပေ ။
ပညာရှိ တစ်ယောက်သည် သေချာပေါက် ရှုံးနိမ့်မည့် တိုက်ပွဲကို မတိုက်ချေ ။ ဤကလေးသည် လူကြီးလူငယ်ရွေး လက်ပါတက်သည်ဖြစ်၍ သူမ လန့်နေလေသည် ။
ယီကျုံးဟိုင်က ဘာမှ ပြန်မပြောဘဲ ရှာကျူးကို သယ်၍ ထွက်သွား၏ ။
ရှိုးပွဲ ပြီးသွားပြီဖြစ်၍ အိမ်နီးချင်းများက လူစု ခွဲသွားကြပြီး ညစာချက်ရန် ပြင်ဆင်နေကြသည် ။
သို့သော်တွင် ယနေ့ သူတို့ အလွန် စိတ်ကျေနပ် နေကြ၏ ။
ယခင်က ကျားမိသားစုသည် ယီကျုံးဟိုင်၏ ထောက်ခံမှုဖြင့် ဤခြံဝင်းအတွင်း မင်းမူနေခဲ့သည် ။
အထူးသဖြင့် ကျားကျန်းရှီသည် သူမ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရှိုးတစ်ခုကို ဖန်တီးပေလိမ့်မည် ။
ကံမကောင်းစွာဖြင့် ယီကျုံးဟိုင်က ကျောထောက်နောက်ခံ ပေးထား၍ မည်သူမျှ ဘာမှ မတက်နိုင်ကြပေ ။
ဤခြံဝင်းအတွင်း ဆက်နေချင်လျှင် သည်းခံနေရုံသာ တက်နိုင်တော့သည် ။
ထို့အပြင် ရှာကျူးသည်လည်း အမြဲတစေ လက်ပါတက်ပြီး ယီကျုံးဟိုင်က ဖြေရှင်းပေးသဖြင့် မည်သည့် ဒုက္ခမှ မကြုံခဲ့ရချေ ။
ဤသို့ဖြင့် ရှာကျူးနှင့် ကျားကျန်းရှီသည် ခြံဝင်း၏ အနိုင်ကျင့်သူများ ဖြစ်လာခဲ့ကြ၏။
ခြံဝင်းအတွင်း နေထိုင်သူများသည် သူတို့၏ ဒေါသကို ထုတ်မပြောရဲခဲ့ကြချေ ။
သို့သော်လည်း ယနေ့တွင်တော့ ယန်လောင်အာ ( ယန်ဒုတိယသား ..ယန်ကျီဝမ်) က သူတို့၏ ကိုယ်စား လူဆိုးနှစ်ယောက်ကို သင်ခန်းစာ သင်ပေးခဲ့သည် ။
အထူးသဖြင့် ရှာကျူးကို ပြောသော စကားများကို သူတို့ အလွန်ကျေနပ် အားရကြ၏ ။
ရွှီတာမော့ သာ ရှိနေလျှင် အပျော်လွန်၍ပင် ထ ကမိချေမည် ။
ယန်မိသားစုလည်း အိမ်သို့ ပြန်ရောက်လာကြသည် ။
" ငါ ညစာ သွားချက်ပြီ.."
ရန်ရွေ့ဟွားက သီချင်းတညီးညီးဖြင့် မီးဖိုချောင်ထဲသို့ ဝင်၍ စတင်ချက်ပြုတ်တော့သည် ။
သူမ ၏ စိတ်ခံစားချက်များ အလွန်ပင် ကောင်းနေ၏ ။ ကျားကျန်းရှီအား သူမ မနိုင်ခဲ့သော်လည်း သူမ၏ သားဖြစ်သူက သူမအတွက် လက်စားချေပေးခဲ့သည် ။
ထို့အပြင် လျော်ကြေးငွေလည်း မပေးရပေ ။ ယန်မိသားစုအတွက် စစ်မှန်သော အောင်ပွဲတစ်ခု ဖြစ်လာခဲ့တော့သည် ။
သို့သော်ငြား ယန်ဖူကွေ့သည်တော့ အကောင်းသိပ်မမြင်ပေ ။ ယခုကိစ္စ အပေါ်ယံ ပြီးဆုံးသွားခဲ့သော်လည်း နောက်ပိုင်း ဆက်ရန် ရှိသေး၏ ။
ယီကျုံးဟိုင်၏ စရိုက်နှင့်ဆိုလျှင် ဒုတိယသားကို အလွယ်တကူ အရှုံးပေးမည် မဟုတ်ချေ ။
ကျားမိသားစုသည်တော့ ဆက်ဆံရမခက်ခဲပေ ။ ယီကျုံးဟိုင်၏ ထောက်ခံမှုကြောင့်သာ ဤမျှ မောက်မာရဲခြင်းဖြစ်သည် ။
ယီကျုံးဟိုင် မရှိလျှင် ဘာမှ လုပ်ရဲမည် မဟုတ် ။
လောလောဆယ် အဓိကပြဿနာမှာ ရှာကျူးကို သတိလစ်အောင် ရိုက်ခဲ့ခြင်းဖြစ်သည် ။ ရှာကျူး၏ အဓိက ကျောထောက်နောက်ခံမှာ ယီကျုံးဟိုင် မဟုတ်ဘဲ နောက်ဘေးခြံမှ ဂိုဏ်းအုပ် ဟု နာမည်ပြောင် ရထားသော နားမကြားသော အဘွားအို ဖြစ်၏ ။
ရှာကျူးက သူမအတွက် အရသာရှိသော အစားအစာများ မကြာခဏ ပြင်ဆင်ပေး၍ နားမကြားသော အဘွားအို၏ မြေးအရင်းသဖွယ် ဖြစ်လာခဲ့သည် ။
ယခု ကိစ္စကို အဘွားကြီး ကိုယ်တိုင် ပါဝင်လာမည်က လက်ခတ်မလွဲပင် ။
ထိုအဘွားကြီး အကြောင်း စဥ်းစားရင်း ယန်ဖူကွေ့ ခေါင်းကိုက်လာ၏ ။
' လာရင် ဘယ်လို ရင်ဆိုင်ရမလဲ.. '
ယန်ဖူကွေ့က ဆေးလိပ်ကို ပါးစပ်တွင် ခဲ၍ မီးခြစ်ဆံကို ထုတ်ယူပြီး မီးညှိလိုက်သည် ။ သူ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေလေ၏ ။
ထိုအခိုက် ယန်ကျီချန်းနှင့် ယန်ကျီဖန့်တို့ နှစ်ယောက်သည် အပြင်မှ ပြန်လာဟန်ဆောင်ပြီး ရောက်လာကြသည် ။
ယန်ကျီချန်းက မသိဟန်ဆောင်ကာ မေးလိုက်၏ ။
" အဖေ.. ဘာဖြစ်နေတာလဲ.."
ယန်ကျီဖန့်သည်လည်း စပ်စုသော အမူအရာဖြင့်ကြည့်နေသည် ။
သူတို့နှစ်ယောက်လုံး အချိန်မီ ရောက်ခဲ့သည်ကို ဝန်မခံရဲကြချေ ။ ယန်ဖူကွေ့သာသိလျှင် မာန်ပေလိမ့်မည် ။
ထို့အပြင် ယန်ကျီယန်၏ လက်သီးကလည်း ရှာကျူးကိုပင် အမှောက်သိပ်နိုင်နေ၍ သူတို့နှစ်ယောက်လုံး လန့်နေကြ၏ ။
ယန်ဖူကွေ့က အထင်သေးဟန်ဖြင့်...
" မင်းတို့ ခွားမသေးနှစ်ကောင် ဘာတွေ ဟန်ဆောင်နေတာလဲ.. မင်းတို့ကို ငါ မမြင်ဘူးများ ထင်နေတာလား.. "
ယန်ညီအကို၏ မျက်နှာ အမူအရာက ပြောင်းလဲသွားပြီး မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်မိကြသည် ။
ယန်ကျီချန်းက ရှက်ဟန်ဖြင့် ရယ်လိုက်ပြီး...
" ဟီးဟီးး..ကျွန်တော် ရှာကျူးက ရုတ်တရက် လှုပ်ရှားလာမယ်လို့ ထင်မထားလို့ပါ.. အဲ့တာကြောင့် ကျွန်တော်... "
ယန်ကျီဖန့်ကလည်း ဝင်၍ ထောက်ခံလိုက်သည် ။
" သားရောပဲ.. "
" ဘုန်း..ငကြောက်တွေ.."
ယန်ဖူကွေ့က စားပွဲခုံကို ဒေါသတကြီး ထုလိုက်ပြီး...
" ငါ အရင်က မင်းတို့ကို မှာမထားဘူးလား.. အိမ်မှာ ရန်မဖြစ်ရင် ပြီးတော့ ပြဿနာတက်လို့ရတယ် ..ငါ ဂရုမစိုက်ဘူး.. ဒါပေမဲ့ အပြင်လူတွေနဲ့ ဖြစ်လာတဲ့ အခါကြရင် စည်းလုံးရမယ်လို့ ငါမပြောခဲ့ဘူးလား.. "
ယန်ကျီချန်းက စိတ်ထဲတွင် မဲ့ပြလိုက်သော်လည်း အပြင်တွင် ခေါင်းညိတ်၍ နာခံလိုက်၏ ။
" ဒါဆို မင်းတို့က ဘာသောက်ချိုး ချိုးတာလဲ.. "
ယန်ဖူကွေ့က ဒေါသထွက်စွာဖြင့်..
" မင်းတို့ ကျေးလက်မှာ မွေးမလာတာ ကံကောင်းတယ်.. မင်းတို့ အချိုးမျိုးနဲ့ တောမှာဆို အနိုင်ကျင့်ခံရလို့ သေလိမ့်မယ်.. "
" ဒီနေ့ မင်းတို့ စွမ်းဆောင်ရည်ကို ငါအရမ်း စိတ်ပျက်တယ်.. ရှာကျူးက ဘယ်လောက်ပဲ သန်မာ သန်မာ မင်းတို့ ညီအကို သုံးယောက် ပေါင်းရင် သူ မယှဥ်နိုင်ဘူး.. ဒါပေမဲ့ ခု မင်းတို့ ဘာလုပ်လိုက်ကြတာလဲ ..မင်းတို့က ရပ်ပြီး ပွဲကြည့်နေတာလား.. မင်းတို့ ခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေတာလား.. "
" ယန်လောင်အာသာ လက်မမြန်ရင် ခုလောက်ဆို အိပ်ရာထဲ လှဲနေရလောက်ပြီ.. "
ယန်ကျီချန်းနှင့် ယန်ကျီဖန့် တို့သည် ခေါင်းငုံ့ထားကြပြီး အသံမထွက်ရဲတော့ ။
ယန်ဖူကွေ့က သူတို့နှစ်ယောက်ကို လက်ယမ်းပြလိုက်ပြီး...
" သွား.. မင်းတို့ အခန်းထဲ သွားတော့.. မင်းတို့အတွက် ဒီနေ့ ညစာ မရှိဘူး.. "
ဤစကားကို ကြားလျှင် နှစ်ယောက်လုံး မျက်နှာပျက်သွားကြသော်လည်း ယန်ဖူကွေ့အား ပြန်မငြင်းရဲချေ ။
ဤသို့ဖြင့် ညီအကိုနှစ်ယောက် အခန်းထဲသို့ ဝင်သွားကြတော့သည် ။
ယန်ကျီဝမ် က ယန်ဖူကွေ့ စိုးရိမ်နေသည်ကို မြင်လျှင် နှစ်သိမ့်ပေးလိုက်သည် ။
" အဖေ... စိတ်ပူမနေနဲ့.. ဒီကိစ္စ သူတို့ ရဲစခန်းသွားတိုင်ရင်တောင် သားတို့ဘက်က မှန်နေတာပဲ.. "
ယန်ဖူကွေ့က ခေါင်းခါပြီး သက်ပြင်းချကာ...
" မင်း နားမလည်သေးဘူး.. "
ဒုတိယသားသည် ဉာဏ်ကောင်းသော်လည်း ငယ်ရွယ်သေးသဖြင့် အတွေ့အကြုံ လိုအပ်နေသေးသည် ။
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" အဖေ... ယီကျုံးဟိုင်က နောင်တစ်ချိန်ကျရင် သားကို ဒုက္ခပေးမှာ စိုးရိမ်နေတာလား.. "
" အဲ့တာက အချက်တစ်ခုပဲ ရှိသေးတယ်.. "
ယန်ဖူကွေ့ ခေါင်းခါလိုက်သည် ။ အဘိုးကြီးယီသည် အပေါ်ယံကြည့်လျှင် တရားမျှတ၍ ဖြောင့်မတ်သူ တစ်ယောက်ဟု ထင်ရသော်လည်း အတွင်းစိတ်က အလွန်မောက်မာ၏ ။
ယခု ဒုတိယသားက သူ နှစ်ပေါင်းများစွာ ကြံစည်လာခဲ့သော အကြံအစည်ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားသဖြင့် လွယ်လွယ်နှင့် လွှတ်ပေးမယ် မဟုတ်ချေ ။
သို့သော် ယန်ဖူကွေ့ ယခု စိုးရိမ်နေသည်မှာ တခြားကိစ္စဖြစ်သည် ။
" ဟူး.. ရောက်လာမယ့်အရာကို ရင်ဆိုင်ရုံပဲ ရှိတော့တာပေါ့.. "
ယန်ကျီဝမ်က လေးနက်စွာဖြင့်...
" သူတို့ သားတို့ မိသားစုကို လာမနှောက်ယှက်ရင်တော့ အကောင်းဆုံးပဲ.. ဒါပေမဲ့ သားတို့ မိသားစုကို လာထိရင်တော့ ယန်ကျီဝမ်က ဘာကောင်လဲ ဆိုတာ သိလိမ့်မယ်.. "
ယန်ဖူကွေ့က သူ၏ ဒုတိယသားကို ကြောင်အစွာ ကြည့်လိုက်မိသည် ။
မွေးကာစ နွားပေါက်လေးသည် ကျားကို မကြောက် တက်ပေ ။ သို့သော်လည်း ယန်ဖူကွေ့က သူ့သားကို စိတ်ပျက်အောင် ထုတ်မပြောတော့ချေ ။ မည်သို့ပင် ဆိုစေကာမူ ယန်ကျီဝမ်က သူ၏ အမေဖြစ်သူအတွက် ကာကွယ်နေခြင်းပင် ။
အနည်းငယ် စိတ်လိုက်မာန်ပါ လုပ်တက်သော်လည်း ရည်ရွယ်ချက် ကောင်းမွန်၏ ။
ဤကဲ့သို့ စရိုက်မျိုးနှင့် ဆိုလျှင် သူ ပင်စင်ယူသည့် အချိန်၌ စိတ်အေးလက်အေး နေနိုင်ပေလိမ့်မည် ။