အခန်း ၁၂၂၃
Vol. 123 Ch. 1223
အခန်း (၁၂၂၃) ထွက်ပြေးနေသော တောင်ပိုင်းဧကရာဇ်
ထိုနောက် ချက်ချင်းပင် သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။
အဘယ်ကြောင့်ဆိုသော် အနက်ရောင်ဝတ်ရုံနှင့် ထိုပုံရိပ်က သူ၏ရှေ့တွင် ပေါ်လာခဲ့ပြီဖြစ်သောကြောင့်ပင်။
"ငါ... ငါ မင်းနဲ့ မတိုက်ဘူး"
"ငါ တောင်ပိုင်းဍုမေဏုကို အခုချက်ချင်းပြန်သွားမယ်၊ကပ်ဘေးတွေ မပြီးမချင်း တစ်သက်လုံး တံခါးပိတ် ကျင့်ကြံနေမယ်၊ ဒါမှမဟုတ် ငါ... ငါ အရှင်ကိုလည်း ကူညီပေးနိုင်ပါတယ်..."
ရွှေဖားပြုတ်၏စိတ်များက ကစဉ့်ကလျားဖြစ်နေပြီး သူဘာပြောနေမှန်းကိုပင် သူ မသိတော့ပေ။ သူက တည်ငြိမ်ပြီးဖြူရော်နေသော ထိုမျက်နှာကို မှင်တက်စွာစိုက်ကြည့်နေစဉ် သူ၏ပခုံးကို ပြင်းထန်သော ခြေကန်ချက်တစ်ခုက ရိုက်ချလိုက်၏။
ဘုန်း
ရွှေဖားပြုတ်၏ဓမ္မကိုယ်ထည်က မျက်တောင်တစ်ခတ်အတွင်းပြိုကွဲသွားပြီး သူ၏တစ်ကိုယ်လုံး အနောက်သို့လွင့်ထွက်သွားကာ ဧရာမ နဂါးပုတ်သင်ညိုကြီးနှင့် ဝင်တိုက်မိသည်။
လှိုင်းထန်နေသောရွှေရောင်မြစ်က သူတို့နှစ်ဦးစလုံးကိုဝါးမြိုသွားပြီး အချိန်တိုအတွင်းမှာပင် သူတို့၏အသက်စွမ်းအင်များ ပျောက်ကွယ်သွားသည်။
အခြားတစ်ဖက်တွင်။
ကျောက်စိမ်းရေကန် ဘိုးဘေးက မျက်နှာပြာပြာကြီးဖြစ်ကာ သူမရှေ့ရှိမြင်ကွင်းကို ကြည့်နေသည်။ သိုလှောင်ရေးမှော်ရတနာပေါ်တွင် တင်ထားသော သူမ၏လက်ကမထိန်းနိုင်အောင် တုန်ယင်လာသည်။
တူညီသောနယ်ပယ်တစ်ခုအတွင်း ကြက်ဝက်များများကို သတ်ဖြတ်သကဲ့သို့ ဤမျှတစ်ဖက်သတ် ဆန်သော သတ်ဖြတ်မှုမျိုးမြင်ရလိမ့်မည်ဟု သူမ ဘယ်သောအခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
ထိုအခိုက်အတန့်တွင် သူမ၏ကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အဝေးရှိလူငယ်လေးက နောက်သို့ကြည့်ရန်ဖြည်းညှင်းစွာ လှည့်လာခဲ့ပြီဖြစ်သောကြောင့် ဖြစ်သည်။
"ခင်ဗျားရဲ့ကစားစရာလေးတွေကို သိမ်းထားဖို့ ကျုပ်အကြံပေးချင်တယ်" ရှန်းယီက သူ၏ခေါင်းကိုလေးနက်စွာ ခါယမ်းလိုက်ပြီးလက်ကို ဖြည်းညှင်းစွာမြှောက်လိုက်ရာ သူ၏လက်ချောင်းထိပ်များတွင် အလင်းတန်းနှစ်ခု လင်းလက်နေသည်။
ပြင်းထန်စွာပျက်စီးနေသော အလင်းကိုးသွယ်အလံနှင့် မီးနဂါးရထားလုံးကို မြင်လိုက်ရသောအခါ ကျောက်စိမ်းရေကန်ဘိုးဘေးက အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ထို့နောက် ထွက်ပေါ်လာသော ကြည်လင်သည့် အသံက သူမ၏ဦးရေပြားကို ထုံကျဉ်သွားစေသည်။
"ခင်ဗျားတို့ဆီမှာ ထိုက်ရွှီနယ်ပယ်ထဲကိုဝင်ဖို့ နည်းလမ်းတစ်မျိုးရှိတယ်ဆိုရင်ပေါ့"
ဤမှော်ရတနာလက်နက် နှစ်ခု၏ရှေ့တွင် အဓိပ္ပာယ်က ရှင်းလင်းနေသည်။ ထျန်းဝူ ဘိုးဘေး သေဆုံးသွားသလို၊ ရှန်းရွှီဘိုးဘေး သေဆုံးသွားပြီးဖြစ်ကာ... အသက်ရှင်လျက် လွတ်မြောက်သွားသူမှာ ထိုက်ရွှီဆေးဧကရာဇ်တစ်ဦးတည်းသာ ရှိသည်။
လူငယ်လေးက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ၏ပုံရိပ်က နောက်တစ်ကြိမ် လှုပ်ရှားသွားသည်။
တိုက်ခိုက်မှုတစ်ချက်စီက ဗောဓိသတ္တ တစ်ပါး ကျဆုံးခြင်းကို ကိုယ်စားပြုနေပြီး သူက လူသူကင်းမဲ့သောနယ်မြေတစ်ခုသို့ ဝင်ရောက်လာသကဲ့သို့ အလျင်စလိုမရှိဘဲကျက်သရေရှိစွာ ရွေ့လျားနေခဲ့သည်။
"မြန်မြန်...မြန်မြန်လုပ်" ထိခိုက်မှုမရှိသော်လည်း ကျောက်စိမ်းရေကန်ဘိုးဘေးက ပတ်လည်ရှိ ငိုကြွေးသံများကိုနားထောင်ရင်း သူမ၏စိတ်ဓာတ်များတဖြည်းဖြည်းပြိုလဲလာသည်ကို ခံစားလိုက်ရသည်။
နောက်ဆုံးတွင် သူမက သူမ၏ဘေးဘက်သို့ မထိန်းချုပ်နိုင်ဘဲ တိုးညှင်းစွာအော်ဟစ်လိုက်၏။
"ငါ အစွမ်းကုန် ကြိုးစားပြီး တိုက်ခိုက်နေပြီ"
မြောက်ပိုင်းတိုက်ကြီးက ချီးမြှင့်ထားသော ရှေးဟောင်းကြေးဝါတံဆိပ်တုံးကို ကိုင်ဆောင်ထားသည့် ရှန်းတောင်ဘိုးဘေးက တောက်ပနေသော အလင်းတန်းဆီသို့ ရူးသွပ်စွာရိုက်နှက်နေသည်။
နောက်ဆုံးတွင် အလင်းတန်း၌အက်ကွဲကြောင်းတစ်ခုပေါ်လာသောအခါ သူ၏မျက်နှာက ရူးသွပ်သောဝမ်းသာမှုများဖြင့်လင်းထိန်သွားပြီး သူက ကျောက်စိမ်းရေကန်ဘိုးဘေးကိုဆွဲကာ အပြင်ဘက်သို့ အပြေးအလွှားထွက်သွားသည်။ "သွားမယ်"
တစ်ချိန်တည်းမှာပင်။
ရှန်းယီက နောက်ဆုံးဗောဓိသတ္တကို အဆုံးသတ်လိုက်သည်။
သူက ထွက်ပြေးသွားသော ထိုနှစ်ဦးကို ကြည့်လိုက်ပြီး လိုက်လံမဖမ်းဆီးပေ။ ထိုစဉ် ကောင်းကင်ယံရှိ အချိန်အတော်ကြာတိတ်ဆိတ်နေသော ဓမ္မကိုယ်ထည်ပ နောက်ဆုံးတွင် ၎င်း၏လက်မောင်းကို ဆန့်ထုတ်လိုက်၏။
နှေးကွေးသည်ဟု ထင်ရသော လှုပ်ရှားမှုက မျက်တောင်တစ်ခတ်အတွင်း ကြီးမားကျယ်ပြန့်သောအကွာအဝေးကို ဖြတ်ကျော်သွားသည်။
ဧရာမလက်ဖဝါးကြီးက ထိုနှစ်ဦး၏ပုံရိပ်များကို ချက်ချင်းဖုံးအုပ်သွားပြီး အဆုံးအစမရှိသော ဖိအားများက ဘိုးဘေးနှစ်ဦးကို ကောင်းကင် နှင့် မြေပြင်ကြားမှ လွတ်မြောက်နိုင်စွမ်းမရှိဘဲ ပိတ်မိနေသည်ဟူသောခံစားချက်ကို ခံစားခဲ့ရစေ၏။
ကျောက်စိမ်းရေကန် ဘိုးဘေး၏မျက်လုံးများက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားပြီး သူမက မြောက်ပိုင်းတိုက်ကြီးမှ ချီးမြှင့်ထားသော ကြက်သွေးရောင်ပိုးပဝါကို ခေါ်ယူလိုက်သည်။
အနီရောင်ပိုးသားက လေထဲတွင် ကျယ်ပြန့်သွားပြီး ချဉ်းကပ်လာသော ရွှေရောင်လက်ကြီးကို ရစ်ပတ်ကာ ယာယီဟန့်တားထားလိုက်သည်။
သို့သော် ဘိုးဘေးနှစ်ဦး၏မျက်နှာများပေါ်တွင် မည်သည့် သက်သာရာရမှုမျှ မတွေ့ရပါ။
ယခုလေးတင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မျက်မြင်တွေ့ခဲ့ရပြီးနောက် မှော်ရတနာလက်နက် တစ်ခုတည်းက ပြိုင်ဘက်ကို ဟန့်တားထားနိုင်မည်ဟု သူတို့ မယုံကြည်နိုင်ပေ။ ၎င်းက သူတို့၏နောက်ဆုံး သေဆုံးမှုမတိုင်မီ အချိန်အနည်းငယ်ပိုရရန်ဝယ်ယူနေခြင်းသက်သက်သာ ဖြစ်သည်။
အမှန်တကယ်ပင် အနီရောင်ပိုးသားက မကြာမီမှာပင်တုန်ယင်လာပြီး အခက်အခဲတွေ့နေကြောင်း ရှင်းလင်းနေ၏။
ဧရာမလက်ဖဝါးကြီးက နောက်တစ်ကြိမ် ပိတ်လှောင်လာတော့မည်ကို မြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ကို ဖုံးကွယ်ထားသော ခမ်းနားကြီးကျယ်သည့် မီးခိုးရောင် ပုံရိပ်ကြီးတစ်ခုက အဝေးမှ ရောက်လာပြီး မြေရိုင်းနယ်မြေများဆီသို့ ထွက်ပြေးနေသကဲ့သို့ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားလေ၏။
ထိုအတူ တူညီသော ကြောက်မက်ဖွယ် ဖိအားများက လွှမ်းမိုးသွားသည်။
"တောင်ပိုင်းဧကရာဇ်"
အဝေးရှိလူငယ်လေးက မျက်မှောင်ကို အနည်းငယ် ကြုတ်သွားပြီး သိသိသာသာအံ့အားသင့်သွားသည်ကို မြင်လိုက်ရသဖြင့် ကျောက်စိမ်းရေကန် ဘိုးဘေး၏နှလုံးသားက တစ်ချက်ခုန်သွားသည်။
ကောင်းကင်ယံရှိ ရွှေရောင် ဓမ္မကိုယ်ထည်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက်ဆုံးတွင် ထိုနှစ်ဦးကို လွှတ်ပေးလိုက်ကာ သူ၏အကြည့်ကိုထွက်ပြေးနေသော တောင်ပိုင်းဧကရာဇ်ဆီသို့ လှည့်လိုက်၏။
"ထွက်ပြေး.."ကျောက်စိမ်းရေကန် ဘိုးဘေးက နောက်ဆုံးတွင်အသက်ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို မြင်လိုက်ရသည်။
ဘာတွေဖြစ်ခဲ့မှန်း သူမ မသိသော်လည်း တောင်ပိုင်းဧကရာဇ်၏အခြေအနေက တိုက်ကြီးကို ဖောက်ထွင်းရန်ကျရှုံးသွားကြောင်း ရှင်းလင်းစွာ ပြသနေသည်။
ယခုအခါ နဂါးပုတ်သင်ညို နတ်ဆိုးအရှင် သေဆုံးသွားပြီဖြစ်ရာ ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တ အနေဖြင့် တောင်ပိုင်းဧကရာဇ်ကို ထွက်ပြေးခွင့်ပြုရန် မဖြစ်နိုင်ပေ။ ဤသည်က သူမအတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်နိုင်သည်။
ထိုသို့တွေးမိသဖြင့် ကျောက်စိမ်းရေကန် ဘိုးဘေးက အနီရောင်ပိုးထည်ကို နောက်တစ်ကြိမ်ကြည့်ရန်ပင် မဝံ့မရဲဖြစ်သွားသည်။ မှော်ရတနာလက်နက်ကို စွန့်လွှတ်ကာ သူမက ရှန်းတောင်ဘိုးဘေးကို ခေါ်ယူပြီး နောက်သို့လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။