← Chapters

အခန်း ၁၂၂၆

Vol. 123 Ch. 1226

အခန်း ၁၂၂၆

Vol. 123 Ch. 1226

အခန်း (၁၂၂၆) တောင်ပိုင်းတိုက်ကြီးမှ နှုတ်ဆက်ခွဲခွာခြင်းနှင့် လွတ်မြောက်ရာ လမ်းကြောင်း

အချိန်ကား ညဉ့်နက်နေပြီဖြစ်သည်။

သို့သော် စဉ့်စီရင်စုမြို့တော်က လင်းထိန်နေပြီး လမ်းမများနှင့် လမ်းကြားများတွင် လူအုပ်ကြီးက စည်ကားသိုက်မြိုက်နေပါသည်။

နတ်ဘုရားမင်းဆက်၏ပြည်သူများက ဝေးလံခေါင်ဖျားသော ဟုန်ကျယ်မှ သက်ရှိများထက် များစွာသာလွန်ကာ ဗဟုသုတကြွယ်ဝကြသော်လည်း သူတို့သည် သာမန်သေမျိုးများသာဖြစ်ကြ၏။

သာမန်လူများအတွက် နတ်ဆိုးများ၏တိကျသော ကျင့်ကြံခြင်းအဆင့်ကို ခွဲခြားသိမြင်ရန် ခက်ခဲပြီး အလိုအလျောက် သိနိုင်ရန်အရှင်းလင်းဆုံးခံစားချက်မှာ သူတို့၏ခန္ဓာကိုယ် အရွယ်အစားပင်။

တောင်ပိုင်းဧကရာဇ်၏နတ်ဆိုးခန္ဓာကိုယ်ကြီးမှာ အလွန်ကြီးမားလွန်းလှပြီး တစ်ချက်ကြည့်ရုံဖြင့် ၎င်း၏အဆုံးသတ်များကို မမြင်နိုင်လောက်အောင် ကြီးမားလှသဖြင့် ၎င်းသာဆင်းသက်လာပါက စဉ့်စီရင်စု တစ်ခုလုံး ချက်ချင်းအပျက်အစီးများအဖြစ် ပြောင်းလဲသွားပါလိမ့်မည်။

ထို့ကြောင့် ရက်အနည်းငယ်ကြာလွန်သွားခဲ့သော်လည်း ပြည်သူလူထုမှာ ကပ်ဘေးကြီးမှ အသက်ရှင်လွတ်မြောက်လာသည့် ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများထဲတွင် နစ်မြုပ်နေသေးခြင်းဖြစ်သည်။

ထိုမျှကြီးမားသော နတ်ဆိုးသားရဲကြီးက နောက်ဆုံးတွင် လှိုင်းထန်နေသော ကောင်းကင်မီးတောက်များမှ ပြောင်းလဲလာသည့် နတ်ဘုရားဓားတစ်လက်၏ထိုးဖောက်စိုက်ခြင်းကို ခံလိုက်ရ၏။

ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ရသူများအနေဖြင့် ထိုမြင်ကွင်းမှ ယူဆောင်လာသောတုန်လှုပ်မှုအဆင့်ကို လုံးဝစိတ်ကူးယဉ်၍ပင်ရနိုင်ကြမည်မဟုတ်ပေ။

အကြိမ်ကြိမ်ပြောဆိုနေကြသော နန်ယန်ဟူသည့် အမည်နာမမှာ နတ်ဘုရားတစ်ပါးပမာ ရိုသေလေးစားနေကြပြီဖြစ်ပြီး ဤအခြေအနေအတိုင်း ဆက်သွားပါက ကိုးကွယ်ရန်ဗိမာန်များ တည်ဆောက်ခြင်းမှာ အချိန်ပြဿနာတစ်ခုသာ ဖြစ်သွားလိမ့်မည်။

အပြင်ဘက်ရှိ ဆူညံသော အသံများနှင့် နှိုင်းယှဉ်ပါက အစိုးရရုံး၏ခန်းမဆောင်ကြီးမှာ ယခုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပါသည်။

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးက စကားတစ်ခွန်းမျှ မဟဘဲ ထိုနေရာတွင် ထိုင်နေကြသည်။

သူတို့ထံတွင် ပုံမှန်ရှိနေကျ အာဏာစက်အရှိန်အဝါများ ကင်းမဲ့နေ၏။

ရန်မင်လီက စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို စိတ်လွင့်နေဟန်ဖြင့်လှန်လှောနေပြီး သူ၏အကြည့်များက အာရုံစူးစိုက်မှု မရှိဘဲ စကားလုံးတစ်လုံးကိုမျှ ဖတ်မနေကြောင်းရှင်းလင်းနေသည်။

သူ၏ဘေးတွင် ယန်လန်ထင်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လယ်ကွင်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော လယ်သမားအိုတစ်ဦးအလား သူ၏အိုမင်းနေသော မျက်နှာကို အကြိမ်ကြိမ်ပွတ်သပ်ကာ အားအင်ကင်းမဲ့စွာ ကိုင်းညွတ်နေပြီး တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်တစ်ဦး၏အသွင်အပြင်မျိုး လုံးဝ ကင်းမဲ့နေပါသည်။

ဖုန်းရှီမှာမူ မျက်လုံးများကို မှိတ်၍ အနောက်သို့ မှီကာ အနားယူနေပြီး သူမ၏ခံစားချက်ကင်းမဲ့နေသော မျက်နှာလှလှလေးထက်တွင် ဇရာလက္ခဏာအနည်းငယ်ပေါ်လွင်နေသည်။

"..."

ဝူရှန်း က ခန်းမထဲသို့ တိတ်ဆိတ်စွာ ဝင်လာပြီး မသောက်ရသေးဘဲ အေးစက်နေပြီဖြစ်သော လက်ဖက်ရည်များကို အစားထိုး လဲလှယ်ပေးလိုက်သည်။

သူက ဝိညာဉ်လွင့်နေသော စစ်သူကြီးသုံးဦးကို ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း သူတို့ကို နှစ်သိမ့်ရန် စကားတစ်ခွန်းမျှ မပြောထွက်ခဲ့ပေ။

ထိုညက ကပ်ဘေးကြီးမှာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

သို့သော် ဤသုံးဦးကို ဤကဲ့သို့ အခြေအနေမျိုးသို့ ရောက်သွားစေသောအရာမှာ တောင်ပိုင်းဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤတောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်များက လူငယ် အတွေ့အကြုံမရှိသူများ မဟုတ်ဘဲ သူတို့နှင့် တောင်ပိုင်းဧကရာဇ်ကြားရှိ စွမ်းအားကွာဟချက်ကို ကောင်းစွာ သိရှိထားကြပြီး ၎င်းကြောင့် စိတ်ဓာတ်ကျကြမည်မဟုတ်ပါဘူး။

တကယ့် အကြောင်းရင်းမှာ ထိုအချိန်က တောင်ပိုင်းဧကရာဇ် ပြောဆိုခဲ့သော စကားတစ်ခွန်းဖြစ်သည့် ဗောဓိသတ္တဟူသော စကားလုံးကြောင့်ပင်။

ထိုစကားတစ်ခွန်းတည်းက သူတို့၏နန်ယန်စစ်သူကြီးက အဘယ်ကြောင့် သတင်းအချက်အလက်များစွာကို ကြိုတင်ရရှိနိုင်ပြီး တောင်ပိုင်းတိုက်ကြီးကို လွှမ်းမိုးနိုင်သော ကျင့်ကြံမှုကို ပိုင်ဆိုင်ထားရသနည်းဆိုသည်ကို ဖော်ပြနေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် မူလက ဗောဓိဂိုဏ်းမှဖြစ်ပြီး ဗောဓိသတ္တ တစ်ပါးအဖြစ် ရိုသေလေးစားရသောရာထူးကို ကိုင်ဆောင်ထားသောကြောင့် ဖြစ်သည်။

တိတိကျကျ ပြောရလျှင်...

သူက နတ်ဆိုးသုတ်သင်ရေး‌ဌာနမှ လူတစ်ဦးဖြစ်ပြီး တောင်ပိုင်းတိုက်ကြီးကို ကယ်တင်ရန် ကြီးမားလှသောအန္တရာယ်များကို ရင်ဆိုင်ကာ မဟာဂိုဏ်းကြီးထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဘယ်အချိန်ကတည်းကလဲ ဆိုလျှင်တော့...

ဗောဓိဂိုဏ်း၏ဗောဓိသတ္တ ရောက်ရှိလာသည့် အခိုက်အတန့်ကိုပြန်လည်သတိရလိုက်ပြီး ဝူရှန်း က အံများကိုတင်းတင်းကြိတ်လိုက်၏။

ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူက နတ်ဘုရားမင်းဆက်အတွင်းဘေးကင်းစွာ အိပ်စက်နေနိုင်သေးသည်။

ထိုစဉ်ကတည်းက နန်ယန်သခင်ကြီးက ဗောဓိဂိုဏ်းသို့ဝင်ရောက်ခဲ့ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။

သူနှင့် တောင်ပိုင်းဧကရာဇ်တို့ကြားမှ ထိပ်တိုက်တွေ့ဆုံမှုက မကြာမီ ပြန့်နှံ့သွားတော့မည်။ ဝူရှန်း က ဤမဟာဂိုဏ်းကြီးများအကြောင်းကို နက်နက်ရှိုင်းရှိုင်း မလေ့လာခဲ့သော်လည်း သူတို့က သစ္စာဖောက်တစ်ဦးကို မည်သို့ ဆက်ဆံမည်နည်း ဆိုသည်ကို သူ စိတ်ကူးကြည့်၍ ရနိုင်သေးသည်။

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦးပ ဤကိစ္စအတွက် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

အကယ်၍ နန်ယန်သခင်ကြီးသာ ဘေးကင်းစွာ ပြန်မလာနိုင်ပါက ဤသုံးဦးက သူတို့၏တစ်သက်တာလုံး စိတ်အေးချမ်းသာစွာ နေနိုင်ကြတော့မည် မဟုတ်ပေ။

"ဟူး"

ဝူရှန်းက လှည့်ကာ ခန်းမထဲမှ ဖြည်းညှင်းစွာ ထွက်သွားသည်။

လှေကားထစ်များပေါ်တွင် ယဲ့လန် က သူမ၏ခါးရှိ ဓားရိုးကို ကိုင်ဆောင်ထားပြီး ကျောက်ရုပ်တစ်ရုပ်အလားမလှုပ်မယှက်ဖြင့် ကောင်းကင်ကန့်လန့်ကာကို စိုက်ကြည့်နေသည်။

"အဲဒီတုန်းက ငါသာ နတ်ဘုရားမင်းဆက်ကနေ မထွက်သွားခဲ့ရင်..." ဝူရှန်းက သူမ၏ဘေးတွင် ရပ်လျက်တိုးညှင်းစွာ ညည်းတွားလိုက်သည်။

"..."

ယဲ့လန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ခေါင်းကို မလှည့်သေးဘဲ "သူက ဒီကိစ္စတွေကို ဘယ်တုန်းကမှ မပြောခဲ့ဘူး" ဟုသာ တိုးညှင်းစွာ ပြောလိုက်၏။

သူမ၏စကားများကြောင့် ဝူရှန်းမှင်တက်သွားသည်။

နန်ယန်သခင်ကြီးက အရာများစွာကို လုပ်ဆောင်ခဲ့သော်လည်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။

တောင်ပိုင်းဧကရာဇ် မလာမီကပင် သူက ဝူရှန်း၏ ပခုံးကို ညင်သာစွာပုတ်လိုက်ပြီး ဝူရှန်းနှင့် တောင်ပိုင်းဧကရာဇ်ကြားရှိ ရန်ငြိုးကို မှတ်မိကြောင်း ပြသခဲ့သည်။

သူက တောင်ပိုင်းဧကရာဇ်ကို နောက်ဆုံးတွင် သတ်ဖြတ်လိုက်သောအခါ ထိုအနည်းငယ် မောက်မာသော စကားကလည်း ဝူရှန်းအတွက် ကာလကြာရှည်စွာတောင့်တခဲ့သော ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်။

ဒီလိုလူမျိုးက သူ့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ။

ဤအရာကို တွေးမိသောအခါ ဝူရှန်းကလည်း စဉ်းစားခန်းဝင်လျက် ကောင်းကင်ဆီသို့ မျက်လုံးများကို မော့ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် သူ၏သူငယ်အိမ်များကိုဖြတ်၍ အလင်းတန်းတစ်ခု လင်းလက်သွားသည်။

သန်မာထွားကျိုင်းသော ထိုလူဝကြီးက အံ့အားသင့်စွာဖြင့် တုန်ယင်သွားသည်။ "သူ ပြန်လာပြီ"

စကားမဆုံးမီမှာပင် သူ၏နောက်ရှိ ခန်းမထဲမှ ပုံရိပ်သုံးခုက မယုံကြည်နိုင်လောက်အောင်မြန်ဆန်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာပြေးထွက်လာကြပြီး ယခင်က ဝိညာဉ်လွင့်နေသောအသွင်အပြင်မျိုးနှင့် လုံးဝ မတူတော့ပေ။

အလင်းတန်းက ဆင်းသက်လာပြီး ရင်းနှီးနေသော အနက်ရောင် ပုံရိပ်တစ်ခုကို ဖော်ပြလိုက်သည်။

ယဲ့လန်က ချောမောသော မျက်နှာကို တည့်တည့် စိုက်ကြည့်လျက်ရှေ့သို့ တက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏လက်အောက်ငယ်သားမှ ဂျူနီယာအဖြစ်၊ ထို့နောက် စီနီယာဦးလေးနှင့် အထက်လူကြီးအဖြစ်၊ ယခု ဘိုးဘေးအဖြစ်အထိ အပြောင်းအလဲများကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ရသည်။

ဤမျှ တိုတောင်းသော အချိန်အတွင်း သူတို့၏ ဆက်ဆံရေးက အကြိမ်ပေါင်းများစွာပြောင်းလဲသွားခဲ့သည်။

တစ်ခဏမျှ သူမက သူ့ကို မည်သို့ခေါ်ဝေါ်ရမည်ကို မသိတော့ဘဲ မသိစိတ်အရ အသက်ပြင်းပြင်း ရှူကာ အနည်းငယ်ဆို့နင့်စွာဖြင့် လူတိုင်းအတွက် အရေးအကြီးဆုံး မေးခွန်းကိုသာ မေးလိုက်သည်။ "ရှင် အဆင်ပြေရဲ့လား"

"..."

ရှန်းယီက ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး မျက်လုံးများစွာ၏စိုက်ကြည့်ခြင်းကို ခံနေရကြောင်း တွေ့လိုက်ရသည်။

သူက သက်တောင့်သက်သာမရှိစွာဖြင့် မျက်ခုံးများကို အနည်းငယ် ပင့်လိုက်၏။ ဟုန်ကျယ်မှ ထွက်ခွာလာကတည်းက အလားတူခံစားချက်မျိုးကို သူ မခံစားခဲ့ရသည်မှာ အတန်ကြာခဲ့ပြီဖြစ်သည်။

ထိုအရာကို တွေးမိပြီးနောက် ရှန်းယီက ခေါင်းညိတ်လိုက်၏။ "လောလောဆယ်တော့ အဆင်ပြေပါတယ်"

လူငယ်လေး စကားပြောလိုက်သည်နှင့် လူတိုင်း၏တင်းမာနေသော နှလုံးသားများက နောက်ဆုံးတွင် အနည်းငယ် သက်သာရာရသွားသည်။

"ဒီက သတင်းတွေ တောင်ပိုင်းဍုမေဏုကို ရောက်သွားရင် မင်း..." ယန်လန်ထင်က စိုးရိမ်တကြီးဖြင့် မေးလိုက်ဆဲပင်။

ဗောဓိဂိုဏ်းက မိုက်မဲသူများ မဟုတ်ရာ တောင်ပိုင်းတိုက်ကြီးကို မသိမ်းပိုက်နိုင်ခဲ့သဖြင့် သူတို့ကသေချာပေါက် တာဝန်ခံရမည့်သူရှာကြလိမ့်မည်။

"သိထားတဲ့လူတွေကို အကုန်သတ်ပစ်ခဲ့ပြီ၊ ဒါက ခဏတော့အချိန်ဆွဲထားနိုင်မှာပါ၊ ကျုပ်တောင်ပိုင်းတိုက်ကြီးကနေ ထွက်သွားဖို့လုံလောက်ပါတယ်"

All Chapters