← Chapters

အပိုင်း (၁၉၂)

Vol. 004 Ch. 192

အပိုင်း (၁၉၂)

Vol. 004 Ch. 192

ဝမ်လင်းက မည်သည့် အထူး နည်းစနစ်များကိုမှ မသိသော်လည်း သူ့လက်က ထက်ရှသော လက်နက်များထက် မြန်လိမ့်မည်ကိုတော့ သိ၏။ ထို့အပြင် သူလက်က တွေးထား သည်ထက်ပင် ပို၍ မြန်လာသည်။

သူ့လက်က ဝိုက်ပြီး စက်ဝိုင်းတစ်ခု ဆွဲလိုက်၏။ ထိုရိုးရှင်းသော လှုပ်ရှားမှုသည် ဝမ်လင်း၏ ကြိုးစားထားမှုမှ အသီးအပွင့် ဖြစ်သည်။ ကြည့်လိုက်လျှင် ရိုးရှင်းသော စက်ဝိုင်းတစ်ခု ဖြစ်သော်လည်း သူ့လက်က အစီအရင် တစ်ထောင်ကျော်ကို တစ်ခါတည်းဖြင့် မရပ်မနား ရေးဆွဲသွားခြင်း ဖြစ်သည်။

စက်ဝိုင်းက ပြီးသွားသည်နှင့် လက်နက်များ အားလုံးက နှေးကွေးလာပြီး မြက်ပင် အဖြစ်သို့ ပြန်ပြောင်း သွား၏။

ဝမ်လင်း၏ အမူအရာက ဝင်လာ ကတည်းက တည်ငြိမ်နေပြီး ယခုထိ တည်ငြိမ်နေဆဲ ဖြစ်သည်။

သူက ရှေ့သို့ ဆက်လျှောက်သွားရာ မြက်ပင်က သူ့ကို မတားဆီးရဲတော့ သကဲ့သို့ ဘေးသို့ ဖယ်ပေး၏။ သူက အတားအဆီးမှ ထွက်သွားတော့မည့် အချိန်တွင် အနီရောင်မြူထဲမှ အနီရောင် အလင်းများ ထွက်ပေါ်လာပြီး သူ့ကို ဝိုင်းရံသွား၏။ ဝမ်လင်းက ရုတ်တရက် လက်ကို ဆန့်ထုတ်ပြီး ဆွဲယူလိုက်သည်။

အနီရောင် အလင်းများ အားလုံးသည် မမြင်နိုင်သည့် ကြီးမားသော လက်ကြီးဖြင့် ဖမ်းဆုပ်ခံရပြီး အစိတ်စိတ် အမြွှာမြွှာအဖြစ် ခြေမွှခံလိုက်ရ၏။ အနီရောင် အလင်းများက လျင်မြန်စွာဖြင့် နောက်တစ်ကြိမ် စုစည်းလာသည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် အနီရောင် အလင်းများက ဝမ်လင်း၏ ခြေထောက် အောက်တွင် လမ်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝမ်လင်းအား အတားအဆီး၏ အပြင်ဘက်သို့ ခေါ်ဆောင်သွား၏။

ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး အနီရောင် လမ်းပေါ်တွင် လျှောက်ကာ အတားအဆီး၏ အပြင်ဘက်သို့ ရောက်သွားသည်။

သူက အတားအဆီး၏ အပြင်ဘက်သို့ ရောက်သောအခါ ကျယ်လောင်စွာ ရယ်မော လိုက်သည်။ အချိန်ပေးပြီး လေ့လာခဲ့သမျှ နောက်ဆုံးတော့ သူက ပထမ အတားအဆီးကို အပြည့်အဝ နားလည်သွား၏။ သူ၏ အတားအဆီးများ အပေါ် စိတ်ဝင်စားမှုသည်လည်း အထွတ်အထိပ်သို့ ရောက်နေသည်။ သူက နောက်မှ အတားအဆီးကို သရော်သည့် အမူအရာဖြင့် ကြည့်ပြီး လက်ကို အထဲသို့ ထည့်ပြီး လှုပ်ရှား လိုက်သည်။

အတားအဆီးများက ရုတ်တရက် လှုပ်ခါသွားပြီး မြက်ပင်၏ လှုပ်ရှားမှုကလည်း ပြောင်းလဲ သွားသည်။ တစ်ယောက်ယောက် ကသာ သေချာ ဂရုတစိုက်ဖြင့် ကြည့်မည်ဆိုလျှင် မြက်ပင်များ၏ လှုပ်ရှားမှုသည် ယခင်ကထက် ပို၍ ရှုပ်ထွေးသွားသည်ကို မြင်နိုင်လိမ့်မည် ဖြစ်သည်။

“ငါ့နောက်မှ လာတဲ့ လူရှိရင်တော့… သူက ငါ့ထက်ပိုပြီး ဂရုစိုက်ရတော့မှာပဲ…”

ဝမ်လင်းက သူ၏ အတားအဆီးများ အပေါ် နားလည်မှုဖြင့် အတားအဆီးကို နောက်ထပ် အလွှာတစ်ခု ထပ်ပေါင်း ပေးလိုက်ခြင်း ဖြစ်သည်။

ယခုမှစ၍ သူ့နောက်မှ မည်သူမှလာလာ သူတို့ ဘာပဲလုပ်လုပ် သူထားခဲ့သည့် ဒုတိယအလွှာကို အစပျိုးပေးလိမ့်မည် ဖြစ်သည်။ သူ၏ ထပ်ပေါင်းထားသော အတားအဆီးကြောင့် သူ့နောက်မှ ရောက်လာသော သူသည် မြက်ပင်ကြောင့် သေဆုံးနိုင်ချေ ရာခိုင်နှုန်း ပိုမြင့်သွားပြီ ဖြစ်သည်။

သူတို့က ဝမ်လင်းကဲ့သို့ နည်းလမ်းကို သုံးလျှင်တောင်မှ အတားအဆီးများ အပေါ် နားလည်ရန် ပိုမို ခက်ခဲ သွားပေလိမ့်မည်။

ဝမ်လင်းက အေးစက်စက် ပြုံးလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ ရုတ်တရက် နောက်ထပ် မြက်ပင် တစ်ခုစီသို့ သွားလိုက်ပြီး ခက်ခဲမှုကို နောက်တစ်ဆင့် မြှင့်လိုက်သည်။ ဤသို့ဖြင့် သူက ပထမ အတားအဆီးမှ မြက်ပင်များ အားလုံးကို အလွှာတစ်ခု ထပ်ပေါင်း ပေးလိုက်၏။

သူက မြက်ပင်လုံးများကို လုပ်ပြီးနောက် ဝမ်လင်းက အနည်းငယ် စဉ်းစားကာ သူ လုပ်ခဲ့သည့် အရာက မလုံလောက်သေးဟု ခံစားရပြီး အတားအဆီးများ ကြားထဲရှိ နေရာအားလုံးကို အစီအရင်ဖြင့် ချိပ်ပိတ်လိုက်၏။ တစ်ယောက်ယောက် ကသာ အထဲသို့ ဝင်ချင်လျှင် အတားအဆီးကို ဖြတ်ပြီးမှသာ ဝင်ရောက် နိုင်တော့မည် ဖြစ်သည်။

အားလုံး လုပ်ပြီး‌နောက် ဝမ်လင်းက တောင်ပေါ်သို့ ဆက်တက် သွား၏။

***

ထိုအချိန်တွင် လိုအင်၆မျိုး နတ်ဆိုးသခင် ရှုလီချင်းသည် သူရှေ့ရှိ ထူထဲသော တိမ်တိုက်ကြီးကို ကြည့်နေလေသည်။ ထိုတိမ်တိုက်ကြီး ရှိနေသည်မှာ ၃ရက် ရှိနေပြီ ဖြစ်သည်။ သူက ဘယ်လိုလုပ်လုပ် တိမ်တိုက်ကြီးကို ပြိုကွဲ သွားအောင် မလုပ်နိုင်ခဲ့ပေ။

ယခုအချိန်တွင် သူ၏အမူအရာက သုန်မှုန်နေသည်။ သူ့ဘေးတွင် သူနှင့်အတူ ပါလာသော လူငယ်လေးက မတ်တတ် ရပ်နေသည်။ လူငယ်က သူ့ဘေးတွင် မတ်တတ်ရပ်ပြီး တွေးဝေနေသော အမူအရာဖြင့် တိမ်တိုက်ကို ကြည့်နေလေသည်။

ရှုလီချင်းက လူငယ်ကို ကြည့်လိုက်ပြီး နောက်ကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ သူ ဝင်ရောက်ခဲ့သည့် ပထမ စမ်းသပ်မှုသည် ယခင် တစ်ခါက ကြုံဖူးသည့် ရေခဲစမ်းသပ်မှု ဖြစ်သည်။ သူ့တွင် ရှေးဟောင်း အင်ပါယာ၏ ရတနာ မရှိသော်လည်း နှစ်၁၀၀၀အတွင်း သူ ပြင်ဆင်ခဲ့သည့် အရာများ ရှိသေး၏။

သူက ရေခဲစမ်းသပ်မှုကို အောင်မြင်ရန် တစ်ဝက်သာ ယုံကြည်မှု ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု ရှိ၏။

လွန်ခဲ့သည့် နှစ်၅၀၀က ရေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုနိုင်သော ရတနာတစ်ခုကို ရရှိခဲ့သည်။ ထိုရတနာသည် ဝမ်ချင်းယွဲ့၏ မြေကြီးလှေနှင့် အကျိုးရှိပုံခြင်း တူညီသည်။

ယခင်က ရေခဲ စမ်းသပ်မှုတွင် ရရှိခဲ့သည့် အတွေ့အကြုံနှင့် သူ၏ကျင့်စဉ်အဆင့်ကို ပေါင်းစပ်ပြီး သူက ရေခဲစမ်းသပ်မှုကို အလွယ်တကူ ဖြတ်ကျော် နိုင်ခဲ့သည်။

ပထမ စမ်းသပ်မှုနှင့် ဒုတိယ စမ်းသပ်မှုကြားရှိ ‘အပြန်မရှိတဲ့လမ်း’က သူ့အတွက် ပြဿနာ မဟုတ်ပေ။ ပထမ တစ်ကြိမ် လာတုန်းက သေလုနီးပါး ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် သူက လိုအင်၆မျိုး ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်၍ ‘အပြန်မရှိတဲ့လမ်း’ကို ဖြတ်ကျော်ရန် သူ့အတွက် အလွန် လွယ်ကူ၏။

‘အပြန်မရှိတဲ့လမ်း’က သူ့အတွက် အလွန် လွယ်ကူသော်လည်း သူ့ဘေးမှ ပါလာသည့် ကောင်လေး အတွက် ထိုလမ်းကို ဖြတ်ရန် အချိန် အများကြီး ကုန်ခဲ့ရသည်။

တားမြစ်ချက် တောင်ဟု ခေါ်သည့် ဒုတိယ စမ်းသပ်မှုကတော့ သူ့ကို စိုးရိမ်ပူပန် စေသည်။ တားမြစ်ချက် တောင်ဟု ခေါ်ဆိုသည့် အတွက် တောင်တစ်ခုလုံး အတားအဆီးများနှင့် ပြည့်နှက်နေ၏။ အပေါ်သို့ ရောက်လေ အတားအဆီးများက ပို၍ အားကောင်းလာလေ ဖြစ်သည်။

ယခင်က သူတို့ ၄ယောက်သည် အစွမ်းထက်သော ကျင့်ကြံ သူများနှင့်အတူ ဒုတိယ စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့သည်။ သို့သော်လည်း အားကောင်းသော အတားအဆီး များကြောင့် ကျင့်ကြံသူ အများအပြား သေဆုံးခဲ့ရ၏။

ရှုလီချင်းသည်လည်း သူ့ဆရာဖြင့်သာ မလာခဲ့ပါက ထိုအချိန်ကတည်းက သေဆုံး သွားနိုင်သည်။

သို့သော်လည်း သူ့ဆရာက အဓိက အတားအဆီးကို ဖျက်ဆီး နိုင်ခဲ့သည်။ သူ့ဆရာက အတားအဆီးနှင့် ဝင်္ကပါအစီအရင်ကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည့်အတွက် ထွက်ပေါက်နှင့် ပေ၁၀၀၀ အနီးထိ အတားအဆီးများကို ဖျက်ဆီး၍ သွားနိုင်ခဲ့သော်လည်း နောက်ထပ် ဆက်မသွား နိုင်တော့ပေ။ နောက်ဆုံးတွင် သူ့ဆရာက အတားအဆီး တစ်ခုကို တောင်ပေါ်တွင် ချပြီး တခြား စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ပူးပေါင်းကာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့် တစ်ယောက်ကို သတ်ခဲ့သည်။ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ပေ၁၀၀၀ခန့် ရှည်သည့် လိုဏ်ခေါင်းတစ်ခုကို ပြုလုပ်ကာ ဖြတ်သန်း ခဲ့ကြသည်။

ထို လိုဏ်ခေါင်းသည် ၃စက္ကန့်နီးပါးသာ တောင့်ခံနိုင်ခဲ့၏။ နောက်ဆုံးတွင် ကျင့်ကြံသူများထဲမှ အနည်းငယ်သာ ကံကောင်း၍ အသက်ရှင်ခဲ့ပြီး ကျန်သည့် လူအားလုံးက ‌သေဆုံး သွားခဲ့ရသည်။

ရှုလီချင်းသည် ထိုအကြောင်းကို တွေးမိတိုင်း မည်မျှ အန္တရာယ် များခဲ့သည်ကို ခဏခဏ ပြန်ခံစားမိခဲ့သည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်ကို ရောက်ခဲ့၍သာ ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လာရဲခြင်း ဖြစ်သည်။

ပထမ စမ်းသပ်မှုကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့မှုက သူ့ကို ယုံကြည်မှု ပိုရှိစေသည်။ ထို့အပြင် တတိယ စမ်းသပ်မှုကို ဖြတ်ကျော်ရန် အတွက် သော့ချက်ကလည်း သူ့လက်ထဲတွင် ရှိနေသဖြင့် သူ့ကိုယ်သူ ကံအလွန် ကောင်းနေသည်ဟု သတ်မှတ်လိုက်၏။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများ အရ တတိယ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။ သို့သော်လည်း ပေးဆပ်ရမည့် တန်ဖိုးက သူ့ဘေးမှ လူငယ်၏အသက် ဖြစ်သည်။

သို့သော် ရှုလီချင်းက လူငယ်၏ အသက်ကို ဂရုမစိုက်ချေ။

သူ စိုးရိမ်နေသည့် အရာကား တောင်ထိပ်ပေါ်မှ နောက်ဆုံး ပေ၁၀၀၀ကို မည်သို့ ဖြစ်ကျော် ရမည်ကို ဖြစ်သည်။ နှစ်တစ်ထောင်နီးပါး ပြင်ဆင်ထား သော်လည်း အောင်မြင်ရန် အတွက် ၅၀ ရာခိုင်နှုန်းသာ ယုံကြည်မှု ရှိ၏။

သူက နှစ်ပေါင်း ၁၀၀၀နီးပါး အစီအရင်များကို လေ့လာခဲ့ပြီး သူ၏ မှတ်မိနိုင်စွမ်း အလွန် ကောင်းမွန်သော မှတ်ဉာဏ်ကြောင့် သူက ဤနေရာတွင် ရှိသည့် အတားအဆီး အများစုကို မှတ်မိနေ၏။ သူက နှစ်တစ်ထောင်နီးပါး လေ့လာခဲ့ပြီး‌နောက် ယုံကြည်မှုလည်း ရှိမှသာ ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူက လမ်းတစ်လျှောက်ရှိ အတားအဆီးများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့သော်လည်း အတားအဆီးများကို ဖျက်ဆီးပြီးတိုင်း မကြာသော အချိန်အတွင်း အတားအဆီးများက မူလအတိုင်း ပြန်ကောင်း သွား၏။

သူကလည်း ဝမ်လင်းလိုပင် အတားအဆီးများ ပေါ်တွင် နောက်ထပ် အတားအဆီးများ ထပ်ပေါင်း ထားခဲ့သည်။

သို့သော်လည်း တောင်ပေါ်ရှိ အတားအဆီးများက အပေါ်သို့ ရောက်လာလေ ပိုပြီး ခက်ခဲလာလေ ဖြစ်သဖြင့် ရှုလီချင်း၏ ခြေလှမ်းတိုင်းက တဖြည်းဖြည်း နှေးလာသည်။ သူက အတားအဆီးများကို အချိန်များစွာ ပေး၍ လေ့လာပြီးမှ ရှေ့သို့ တစ်လှမ်းချင်း သွားနေရသည်။

ယခု သူ့ရှေ့တွင် ရှိနေသည့် တိမ်တိုက်သည် လွန်ခဲ့သည့် နှစ်၁၀၀၀ခန့်က မရှိချေ။ သို့သော်လည်း တိမ်တိုက်က ဤနေရာတွင် ရှိနေသဖြင့် သူ့အား အံ့အားသင့် စေသည်။

***

ဝမ်လင်းကတော့ ပေတစ်ထောင်ခန့် သွားပြီးနောက် မြက်ပင်များက တဖြည်းဖြည်း နည်းလာပြီး အနက်ရောင် ကျောက်တုံးများကို ပိုမြင်ရလာသည်။ ထိုအခါ ဝမ်လင်းက ကျောက်စိမ်းပြားကို ထုတ်ပြီး စတင် မှတ်သားတော့၏။

ကျောက်တုံးပေါ်မှ အတားအဆီးသည် မြက်ပင်တွင် ရှိသည့် အတားအဆီးနှင့် လုံးလုံးလျားလျား ကွဲပြား၏။ မြက်ပင်တွင် ရှိသည့် အတားအဆီးသည် လှုပ်ရှားမှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ဤကျောက်တုံးတွင်တော့ မတူတော့ချေ။ ကျောက်တုံးပေါ်တွင် ပုံစံတချို့မှလွဲ၍ သတိပြုမိလောက်စရာ မည်သည့်အရာမှ ရှိမနေချေ။ စိတ်စွမ်းအင်လှိုင်း အနည်းငယ် ထွက်နေခြင်း ကြောင့်သာ မဟုတ်လျှင် အတားအဆီးဟုပင် ထင်ရက်စရာ မရှိပေ။

ဝမ်လင်းက အနီးအနားကို ကြည့်လိုက်ရာ တူညီသော အတားအဆီးများကို တွေ့ရ၏။ သူကသာ ဤနေရာမှ ဖြတ်ကျော် သွားချင်လျှင် အတားအဆီးများ ကြားထဲမှ နေရာလွတ်များမှ ထွက်သွားနိုင်သည်။ သို့သော်လည်း ဝမ်လင်းက ထွက်သွားရမည့်အစား ဤနေရာမှ အတားအဆီးများကို အပြည့်အဝ နားလည်ရန် ပို၍ နှစ်သက်၏။

ဝမ်လင်းက အတားအဆီးကို စတင်၍ လေ့လာ လိုက်သည်။

ဤတောင်ပေါ်တွင် အချိန်ကို မသိနိုင်ပေ။ ထို့ကြောင့် မျက်စိတစ်မှိတ် အတွင်းမှာတင် အချိန်က ၇နှစ်ဆိုသည့် အတိုင်းအတာ တစ်ခုကို ဖြတ်ကျော် လာသည်။ သည်နေ့တွင် ဝမ်လင်း စိတ်ဝိညာဉ် အရည်ကို ထုတ်သောက်ပြီး ကျောက်တုံးပေါ်တွင် မတ်တတ် ရပ်လိုက်သည်။ ၇နှစ်ကြာသွားပြီး နောက်တွင် ဝမ်လင်း၏ ဆံပင်တစ်ဝက်သည် အဖြူရောင်သို့ ပြောင်းနေလေပြီ။

သူက ၇နှစ်လုံးလုံး အတားအဆီးများကို လေ့လာရာတွင် စိတ်ကို လုံးလုံးလျားလျား မြှုပ်နှံထားခဲ့သဖြင့် အချိန်တိုင်း စိတ်ဖိစီးခဲ့ရသည်။ လွန်ခဲ့သည့် ၄နှစ်ကစပြီး သူ၏ဆံပင်များက စတင် ဖြူလာခြင်း ဖြစ်သည်။

သို့သော်လည်း ထို စိတ်ဖိစီးမှု အောက်တွင် သူ၏နတ်ဘုရား စိတ်အာရုံက ယခင်ကထက် ပို၍ အားကောင်း လာခဲ့သည်။ အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့် ကိုလည်း သူတောင် မသိလိုက်ဘဲ ရောက်ရှိသွားခဲ့၏။

သူ၏မျက်လုံးများက ပို၍ တောက်ပလာပြီး သူ၏ စိတ်နေစိတ်ထား ကလည်း ပြောင်းလဲ လာခဲ့သည်။ လွန်ခဲ့သည့်နှစ်များက ဝမ်လင်းသည် အရည်မပျော်နိုင်သည့် ရေခဲတုံး တစ်ခုကဲ့သို့ ဖြစ်နေခဲ့သော်လည်း ယခုမူကား တခြားသူများက သူ့ကို ကြည့်လိုက်တိုင်း ဖောက်ထွင်း၍ မမြင်နိုင်သည့် အရာတစ်ခုကဲ့သို့ ခံစားရကြမည် ဖြစ်သည်။

ထိုခံစားမှုသည် သူ၏မျက်လုံးမှ လာခြင်း ဖြစ်သည်။ သူ့မျက်လုံးက အရာအားလုံးကို ဖောက်ထွင်း မြင်နိုင်သကဲ့သို့ ဖြစ်နေပြီး တစ်ခါတစ်ရံတွင် မျက်လုံးထဲ၌ ကြယ်များကဲ့သို့ တောက်ပ နေတတ်သည်။ သွမ့်မူကျိကသာ ဝမ်လင်းကို ယခုအချိန် မြင်လိုက်လျှင် သူက ဝမ်လင်းဟု ယုံလိမ့်မည်တောင် မဟုတ်ပေ။ ထိုအရာက အတားအဆီးများကို နက်နက်ရှိုင်းရှိုင်း နားလည်မှုမှ ရရှိလာသော နတ်ဘုရား စိတ်အာရုံမျက်လုံး ဖြစ်သည်။

ဝမ်လင်းက သူ၏မျက်လုံးကို ၇နှစ်ကြာအောင် သန့်စင်ခဲ့သည်။ ၇နှစ်အတွင်းတွင် သူက များပြားလှသော အတားအဆီးများကို လေ့လာခဲ့သည်။ အားလုံးကို သူက ဂရုတစိုက်ဖြင့် လေ့လာပြီး စမ်းသပ်ခဲ့သည်။ ထို အတားအဆီးများ ကြောင့်လည်း သူ့ကိုယ်သူ သေဆုံးလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့ရ၏။

အဘယ်ကြောင့် ဆိုသော် တချို့ အတားအဆီးများ၌ ထပ်ပေါင်းထားသော အတားအဆီးများ ရှိနေသောကြောင့် ဖြစ်သည်။ ကံကောင်းစွာဖြင့် ဝမ်လင်းက သတိကြီးကြီး ထားခဲ့သည့်အတွက် ထိုအတားအဆီးများသည် တောင်ပေါ်ရှိ အတားအဆီးများနှင့် ကွာခြားနေသည်ကို အရင် သတိပြုမိခဲ့သည်။ ထိုအတားအဆီးများကို သေသေချာချာ လေ့လာပြီး နောက်တွင် ထိုအတားအဆီးများသည် သူ့ရှေ့မှ တစ်ယောက်ယောက်က ချထားခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွား၏။ ထိုလူသည် အတားအဆီးများ၌ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ရမည်ကိုလည်း သိလိုက်၏။

ထိုအတားအဆီးများကို လေ့လာပြီး နောက်တွင် အတားအဆီးများ အပေါ် ထိုလူ၏ နားလည်မှုသည် သူ့ထက် နက်ရှိုင်းသည်ကိုလည်း သတိပြုမိသည်။

သို့သော်လည်း ဝမ်လင်းက ထိတ်လန့်မနေပေ။ ယခုအချိန်တွင် သူက ဒုတိယ စမ်းသပ်မှုမှ ထွက်သွားချင်သည့် စိတ်များပင် လျော့နည်း လာသည်။ သူ၏အမြင်မှ ကြည့်လျှင် ဤနေရာသည် အတားအဆီးများကို သင်ယူနိုင်သည့် ကမ္ဘာကြီးတစ်ခု ဖြစ်သည်။

ဤနေရာသည် နောက်ထပ် ရှာမတွေ့နိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ ဤတောင်ပေါ်ရှိ အတားအဆီးများသည် ရိုးရှင်းရာမှ တဖြည်းဖြည်း ခက်ခဲလာသည်။ ထို့ကြောင့် အတားအဆီးများကို သင်ယူရန်အတွက် နေရာကောင်း တစ်ခု ဖြစ်သကဲ့သို့ အလွန် အဖိုးတန်သည့် နေရာ တစ်ခုလည်း ဖြစ်သည်။

***

All Chapters