← Chapters

မိုးနီသူခိုး

Vol. 11 Ch. 110

မိုးနီသူခိုး

Vol. 11 Ch. 110

အချိန်ဘယ်လောက်ကြာသွားသည်ကို မသိရပေ။ အေးမြသော တောင်လေပြည်ကြားတွင် လီနန်ခယ့်သည် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရာ သစ်ပင်တစ်ပင်ကို မှီလျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကျောတပြင်လုံးမှာ ချွေးများဖြင့် စိုရွှဲစေးကပ်လျက် မသက်မသာရှိလှချည့်။

လေပြည်အေးတစ်သုတ် ဖြတ်သန်းသွားသည့်အခိုက်ဝယ် သစ်ရွက်များက လေအဝေ့တွင်လွင့်ပျံကာ တရှဲရှဲအသံများထုတ်လွှတ်လိုက်ကြသည်။

မနီးမဝေးတစ်နေရာတွင် ကိုယ်လုံးသွယ်သွယ်အမျိုးသမီးတစ်ယောက် ရပ်နေပြီး မိုးကုပ်စက်ဝိုင်းဆီမှ ခပ်ဖြည်းဖြည်း လွင့်ပျယ်ရွေ့လျားနေသော တိမ်စိုင်များကိုငေးကြည့်နေသည်။ လက်ရာမြောက်သော ကျောက်ဆစ်ရုပ်တုတစ်ခုအလား မလှုပ်မယှက်အနေအထားတွင် ရှည်လျားဖြောင့်စင်းသော‌ ခြေတံများကတော့ ကြွက်သားအစင်းစင်းဖြင့် ကြံ့ခိုင်တောင့်တင်းလျက်။

"နိုးပြီလား"

နျဲ့ယင်းက လှည့်ကြည့်လာသည်။ သူမ၏ ချောမွေ့သောနဖူးပေါ်သို့ ဝဲကျနေသော ဆံနွယ်လေးများမှာ လွင့်မျောနေသော သဲပွင့်လေးများအလား အသာအယာလှုပ်ခတ်နေပြီး လေထုမှာ တိတ်ဆိတ်အေးစက်နေ၏။

အေးစက်စက် အစ်မကြီးတစ်ယောက်ကဲ့သို့ အရှိန်အဝါမှာ အလွန်ဆွဲဆောင်မှုရှိလှပေတည့်။

လီနန်ခယ့် သူ့နဖူးသူအသာရိုက်ကာ တောင်းပန်စကားဆိုလိုက်သည်။

"တောင်းပန်ပါတယ်။ ကျွန်တော်ဒီရက်တွေထဲ အရမ်းပင်ပန်းနေလို့ပါ"

အမျိုးသမီး၏အဝတ်အစားကို သူတစ်ချက်အကဲခတ်ကြည့်မိတော့ ကော်လံစကို ကြိုးမျှင်မျှင်ဖြင့် တင်းတင်းကျပ်ကျပ်စည်းနှောင်ထားသည်ကိုတွေရ၏။ သို့သော် စုတ်ပြဲနေသည့်အရာမှာ အတော်လေး မြင်သာထင်သာရှိနေသေးသည်ပင်။

လီနန်ခယ့် စိတ်မလုံစွာ ခေါင်းကိုငုံ့ချလိုက်ရသည်။

စောစောကမြင်လိုက်ရသော မြင်ကွင်းက သူ့စိတ်ထဲ တစ်ဖန်ထပ်ထင်ဟပ်လာပြန်သည်။ အမျိုးသမီးမှာ အပြင်ပန်းအားဖြင့် ခပ်သွယ်သွယ်ဟန်ပေါ်သော်ငြား အတော်လေးပြည့်ပြည့်ဖြိုးဖြိုးရှိလှသားဟု သူတွေးမိပြန်၏။

သူမေ့လဲသွားခြင်းက အတော်ကံကောင်းလှသည်ဟုဆိုရမည်။ မဟုတ်ပါက ဤအပြုအမူမျိုးဖြင့် ထိုအမျိုးသမီးဆီက သေအောင်အရိုက်ခံရပေရော့မည်၊

နျဲ့ယင်းကတော့ ဘာတုံ့ပြန်မှုမှသိပ်မပြ။ မျက်နှာလှလှသည် ဆီးနှင်းခဲအလှ အေးစက်ခဲသက်နေပြီး ထူးမခြားနားသော လေသံအေးအေးဖြင့်သာဆိုသည်။

"မင်းခန္ဓာကိုယ်က အရမ်းအားနည်းလွန်းတယ်။ အစွမ်းအစမရှိရင်လည်း အိပ်ရာထဲမှာ သိပ်အမောက်ထောင်ပြမနေနဲ့။ ဒီကိစ္စနဲ့ သေနေဦးမယ်"

စကားလုံးများက လှောင်ပြောင်ထေ့ငေါ့နေသလို ခံစားရသော်ငြား လေသံအရ ကောင်းမွန်သောအကြံဉာဏ်တစ်ခုပေးလိုခြင်းသာပင်။

သို့သော် လီနန်ခယ့်ကတော့ ဒေါသထွက်သွားပြီး မျက်လုံးပြူးကာဆိုသည်။

"အခုဘယ်သူ့ကို အားနည်းတယ်လို့ပြောနေတာလဲ။ ကျွန်တော်နေ့တိုင်း အားဆေးတွေစားပါတယ်နော်"

"စားသင့်ပါတယ်" အမျိုးသမီး၏နှုတ်ခမ်းထောင့်က လှောင်ချင်ချင်တွ့န်တက်သွားသည်။

အဓိပ္ပာယ်မှာ အားမနည်းဘူးလဲဆိုသေးရဲ့၊ ဘာကြောင့် အားဆေးတွေနေ့တိုင်းသောက်နေရသလဲ ဟူ၏။

လီနန်ခယ့်မှာ ထိုစကားကြောင့် ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီး ခပ်တိုးတိုးဆိုမိသည်။

"ခင်ဗျားတွေးချင်သလိုတွေး၊ ဘာပဲဖြစ်ဖြစ် အဲ့အမှုကိုကူညီဖြေရှင်းပေးဖို့ ကျွန်တော်လုံးဝစိတ်မဝင်စားဘူး။ ခင်ဗျားဆီက ဘာမှလည်းပြန်မလိုချင်ဘူး။ အရိပ်နက်တပ်ဖွဲ့ထဲကိုလည်း ဝင်ချင်စိတ်လုံးဝမရှိဘူး"

"မိုးနီတွေကို ကိုယ်ပိုင်သီးသန့်သိမ်းထားတဲ့အမှုက ပေါ့သေးသေးမဟုတ်ဘူးနော်"

အမျိုးသမီးက ထိုစကားကို ခပ်ပေါ့ပေါ့လေးထုတ်ပြောလိုက်လေသည်။

နေရာမှအမြန်ထကာ ထွက်သွားဖို့ပြင်နေသောအမျိုးသားမှာ နေရာတွင်ပင်တောင့်ခဲသွားကာ သူ့ရင်ဘတ်ကို အမြန်စမ်းကြည့်လိုက်သည်။

မိုးနီတစ်ပုလင်း ပျောက်ဆုံးနေလေသည်။

အရှေ့မှအမျိုးသမီးကို သူစူးစူးရဲရဲကြည့်လိုက်သည်။ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်က အနီရောင်ကန့်လန့်ကာပါးတစ်ချပ်ကဲ့သို့ လွှမ်းခြုံစိမ့်တက်လာခဲ့၏။

"ငါ့ကိုနှုတ်ပိတ်ချင်တာလား"

နျဲ့ယင်း၏ လက်ချောင်းသွယ်ဖြူဖြူများက ကြွေပုလင်းဖြူလေးကို လှည့်ပတ်ကစားရင်း အေးစက်နက်ရှိုင်းသောမျက်လုံးများထဲတွင် လှောင်ပြောင်ရိပ်တစ်ချို့ စွန်းထင်လာသည်။

"နှုတ်ပိတ်ဖို့ အရည်အချင်းပြည့်မီရဲ့လား"

"အဲ့ဒါက အမှုလိုက်ရင်းရှာတွေ့လာတဲ့ မိုးနီအကြွင်းအကျန်တွေပဲ၊ တင်ပြဖို့အတွက် ခဏသိမ်းထားတာ"

လီနန်ခယ့်က အသံနက်နက်ဖြင့် ဆိုသည်။

နျဲ့ယင်းက အပြုံးအမည်သော အပြုံးတစ်ခုဖြင့်။

"ဪ အဲ့လိုဆိုရင်လည်း ညကင်းလှည့်တပ်ဖွဲ့ကို ငါကိုယ်စားတင်ပြပေးရမှာပေါ့။ ဒါပေမဲ့ အရာရှိလိန်ကတော့ ဒီနေ့အထိ မိုးနီတွေ အသည်းအသန်ရှာနေတုန်းပဲလားလို့"

လီနန်ခယ့် ငြိမ်ကျသွားသည်။

ထိုစဥ် အလင်းတန်းတစ်ချက် ဖျတ်ခနဲပြေးသွားသည်။

လီနန်ခယ့် လက်တစ်ဖက်ကိုမြှောက်ပြီး ထိုအမျိုးသမီးပစ်ပေးလာသော ကြွေပုလင်းဖြူလေးကိုလှမ်းဖမ်းရင်း မျက်နှာထားကလည်း ရှုပ်ထွေးသွားဟန်ရှိ၏။

နျဲ့ယင်းက ခပ်တည်တည်ဆိုသည်။

"မင်းရဲ့လျှို့ဝှက်ချက်တွေကို စပ်စုဖို့ ငါစိတ်မဝင်စားဘူး။ နောက်ပြီး တစ်ဝက်တောင်မရှိတဲ့ ဒီမိုးနီလေးအတွက်နဲ့ မင်းကိုကဲကဲလှုပ်နေတဲ့လိန်ရှင်းနန်က အပြစ်ပေးနေမှာမဟုတ်ဘူး။ ငါထပ်ပြောမယ်။ မင်းငါ့ကို ဒီအမှုစုံစမ်းဖို့ကူညီပေးမယ်ဆိုရင် ငါမင်းအပေါ် ‌ကျေးဇူးကြွေးတစ်ခုတင်တယ်မှတ်။ မင်းတောင်းဆိုမှုက ငါလုပ်ပေးနိုင်တဲ့အတိုင်းအတာထဲမှာရှိနေသရွေ့ ငါစကားတည်တယ်"

ပုလင်းတစ်ဝက်တောင်မပြည့်တာလား။ အမျိုးသမီး၏စကားကြောင့် လီနန်ခယ့် ပုလင်းအဖုံးကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။

သေချာပေါက်ပင် အထဲတွင် မိုးနီပမာဏ အနည်းငယ်သာကျန်ရှိတော့လေသည်။

အခြားပုလင်းနှစ်ခုကို ထုတ်ကြည့်လိုက်တော့ ပြောင်စင်နေခဲ့ပြီဖြစ်၏။ အရင်က အပြည့်ရှိနေခဲ့သောမိုးနီခဲများ အဘယ်သို့ ပျောက်ကွယ်သွားလေပြီနည်း။

ဘယ်လိုများဖြစ်နိုင်မှာလဲ။ မိုးနီတွေ ဘယ်ကိုရောက်သွားကြတာလဲ။

ဤကြွေပုလင်းသုံးလုံးမှာ သူနှင့် တစ်ချိန်လုံးရှိနေခဲ့သည့်အရာများဖြစ်ပြီး ဘယ်သူမှလည်း မထိကိုင် မမြင်တွေ့စဖူး။ နျဲ့ယင်းများ ခိုးထားသေးသလား။

သို့သော် ထိုအမျိုးသမီးက မိုးနီတွေကိုလိုချင်သည်ဆိုလျှင် ခိုးပြီးမှ မခိုးချင်ယောင်ဆောင်သည့်ပုံစံမျိုး လုပ်နေလိမ့်မည်မဟုတ်။

တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ဇနီးသည်လော့ချန်းချိုးပင်။ မနေ့က သူသတိလစ်နေစဥ်အချိန်အတွင်း သူ့ကိုအဝတ်လဲပေးခဲ့သူဖြစ်သည်လေ။ သို့သော် ဇနီးဖြစ်သူကလည်း မိုးနီကိုတကူးတယယူထားဖို့ အကြောင်းရင်းမရှိပါချေ။

လီနန်ခယ့် ခေါင်းမူးစပြုလာပြန်သည်။

"ဒီတော့ ငါပြောတာကိုစဥ်းစားပြီးပြီလား" နျဲ့ယင်းက မေးလာပြန်သည်။

လီနန်ခယ့် စိတ်ကိုငြိမ်ငြိမ်ထားဖို့ ဖျစ်ညှစ်ကြိုးစားရင်း ဤအမှုတွင်ပါဝင်ပက်သက်ရာမှ ရလာနိုင်မည့်အကျိုးအပြစ်များကို ဝေဖန်တွက်ချက်ကြည့်နေမိသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုချလိုက်တော့၏။

"သဲလွန်စတစ်ခုခုများ တွေ့ထားပြီလား"

"တွေ့ထားတယ်" နျဲ့ယင်းက ခေါင်းညိတ်သည်။

"လူလုပ် မြေအောက်လိုဏ်ဂူတစ်ခုတွေ့ထားတယ်။ အထဲမှာ ဘာမှတော့မရှိဘူး"

"ကျွန်‌တော့်ကို လိုက်ပြပေး"

"ဟုတ်ပြီ"

တစ်ဖက်လူ သူမကမ်းလှမ်းချက်ကို သဘောတူလိုက်ပြီမှန်း သဘောပေါက်စွာဖြင့် နျဲ့ယင်း၏နှုတ်ခမ်းရဲရဲများ မသိမသာကွေးညွှတ်သွားသည်။

လီနန်ခယ့်သည် နျဲ့ယင်းနောက်ကိုလိုက်ခဲ့ပြီး မြေပြိုမှုဖြစ်ပွားခဲ့သော ဥမင်လိုဏ်ဂူဆီသို့ ရောက်ရှိလာခဲ့၏။

ဥမင်၏ပုံပန်းသဏ္ဍာန်အရ သဘာဝအတိုင်းဖြစ်တည်နေခြင်းမဟုတ်ဘဲ တစ်ယောက်ယောက်ကတူးထားသည်ကို အတပ်သိနိုင်ပေသည်။ ဥမင်ပုံစံမှာ အထက်ပိုင်းတွင်းကျဥ်းမြောင်းကာ အောက်ဘက်တွင် ကျယ်ပြန့်သွားပြီး အဆင့်လိုက် လမ်းကြောင်းများစွာ ရှိနေသည်။

ဥမင်မျက်နှာကျက်တွင် အပေါက်များစွာ ရှိနေပြီး အားလုံးမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကာ ကြီးမားသော ဇကာကွက်ကြီးနှင့် တူနေသည်။

ထိပ်ဆုံးတွင်တော့ အဖွင့်အပိတ်လုပ်လို့ရတော့ ကျောက်ပြားတစ်ချပ်ရှိ၏။

ကျောက်ပြားကို ဖွင့်လိုက်ပါလျှင် ပြိုကျလာသောရွှံ့မြေများက အတွင်းထဲသို့ စီးဝင်လာမည်ဖြစ်သော်လည်း ဇကာကွက်ကဲ့သို့ များပြားလှသော အပေါက်များကြောင့် ချက်ချင်းပင် လျော့ပါးသွားမည် ဖြစ်သည်။

"ဉာဏ်ပြေးသားပဲ"

လီနန်ခယ့် ထိုအချက်ကို အစကတည်းက ခန့်မှန်းထားပြီးသားဖြစ်သော်လည်း မျက်မြင်တွေ့ရသောအခါ ထိုထျန်ချုန်းဂိုဏ်း၏နည်းလမ်းများကို မချီးကျူးဘဲမနေနိုင်တော့။

ဂူထောင့်စွန်းတွင်ပုံထားသော ပိုက်ကွန်တစ်ခုကိုလှမ်းကြည့်ပြီး သူစတင်သုံးသပ်လိုက်သည်။

"အရင်ဆုံး ပိုက်ကွန်အကြီးကြီးတစ်ခုကို ခင်းထားမယ်။ ရေခဲခေါင်းတလားကို မြေပြိုစီးကြောင်းက တွန်းပို့လိုက်ပြီး သူတို့လမ်းကြောင်းထားတဲ့မြောင်းအတိုင်း ရွေ့လျားလာတဲ့အခါ ခေါင်းတလားကို ပိုက်ကွန်နဲ့ဖမ်းပြီး ဥမင်လိုဏ်ဂူဘက်ကို ဆွဲယူမယ်။ သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ သွေဖည်မသွားသရွေ့တော့ အများကြီးအားစိုက်ထုတ်နေစရာမလိုဘူး။"

"ရေခဲခေါင်းတလားက လိုဏ်ဂူအပေါ်တည့်တည့်ကို ရောက်တာနဲ့ ကျောက်ပြားကိုဖွင့်ပြီး ရွှံ့မြေစီးကြောင်းနဲ့အတူ လိုဏ်ဂူထဲအကုန်စီးဝင်စေလိုက်မယ်။ ခေါင်းတလားအထဲရောက်မှ ကျောက်ပြားကိုပြန်ပိတ်ပြီး ဒီအပေါက်တွေကနေတစ်ဆင့် မြေတွေကိုဖယ်ထုတ်မယ်။ အဲ့ဒီနောက်မှာ အောက်ကစောင့်နေတဲ့သူတွေက ရေခဲခေါင်းတလားကို သယ်ထုတ်သွားမယ်...”

လီနန်ခယ့်သည် လိုဏ်ဂူထဲရှိသမျှသဲလွန်စများကို သေချာထည့်တွက်ကာ လေ့လာသုံးသပ်နေရင်း မျက်ခုံးများက တဖြည်းဖြည်းတွန့်လာသည်။

"တစ်ခုခုက မှန်မနေဘူးပဲ"

"ဘာကမမှန်တာလဲ" နျဲ့ယင်းကမေးသည်။

လီနန်ခယ့်က ရွှံ့မြေများစီးကျနေဆဲဖြစ်သော ဝင်ပေါက်ကိုညွှန်ပြကာ ဆိုသည်။

"သူတို့နဂိုအစီအစဥ်သာအောင်မြင်ခဲ့ရင် သဲလွန်စတွေက ဒီ့ထက်မကပိုရှိနေရမှာ။ တစ်ခုတည်းသောဖြစ်နိုင်ချေကတော့ သူတို့အစီအစဥ်ပြောင်းပြီး ခေါင်းတလားကို တခြားနေရာတစ်ခုဆီပို့လိုက်တာပဲ"

"အစီအစဥ်ပြောင်းလိုက်တာလား"

နျဲ့ယင်း နားရှုပ်သွားဟန်ရှိသည်။

"အစီအစဥ်ကို ဘာလို့ပြောင်းလိုက်တာလဲ"

လီနန်ခယ့်၏အကြည့်က နက်နဲသွားသည်။

"ယုတ္တိကျကျပြောရရင် နဂိုအစီအစဥ်ကလည်းပြီးပြည့်စုံတယ်။ ဥမင်တည်ဆောက်ပုံကလည်း ပါးနပ်တယ်။ သယ်ထုတ်ဖို့လည်းလွယ်ကူပြီး အရိပ်နက်တပ်ဖွဲ့ဝင်တွေ ရှာတွေ့ရခက်အောင်လည်းလုပ်ထားတာ။ ပြောင်းစရာအကြောင်းမရှိဘူး၊ အဲ တစ်ခုကလွဲလို့ပေါ့"

All Chapters