ငါ မင်းနာမည်ကိုခေါ်လိုက်မယ် ပြန်ထူးရဲသလား။
Vol. 11 Ch. 101
ထူထပ်သိပ်သည်းသော မြူငွေ့ဖြူများသည် ဆန်းကြယ်သောအရာတစ်ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တံတိုင်းကြီးအလား အိမ်မက်ကမ္ဘာကို ကျယ်ပြောလှသော တားမြစ်နယ်မြေတစ်ခုအတွင်း ပိတ်လှောင်ထားသည်။
လီနန်ခယ့်သည် သတိကြီးစွာဖြင့် လျှောက်လှမ်းလို့လာ၏။
ခြေလှမ်းတိုင်းကို အသံမထွက်သလောက် တိတ်ဆိတ်နေအောင် အထူးသတိထားနေရသည်။
ပတ်ဝန်းကျင်မှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပြီး ငှက်မြည်သံ ပိုးကောင်အော်သံ တစ်ခုမျှပင်မရှိပေ။ လေပြင်းများ တိုက်ခတ်နေသော်လည်း ပတ်လည်ဝိုင်းထားသောမြူထုကြီးကို ကွဲပြိုသွားအောင် မစွမ်းဆောင်နိုင်။
မကြာမီတွင် သူသည် တောင်လမ်းလေးကို ပြန်တွေ့လိုက်ရသည်။
မြူထူများက ရစ်ဆိုင်းနေပြီး လမ်းကြောင်လေးက ကွေ့ကောက်နေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ခြောက်ခြားဖွယ်ရာမင်္ဂလာလှည့်လည်ပွဲကြီးလည်း မရှိနေသလို နေဝင်ချိန်တွင် ကိုယ့်ခေါင်းကိုယ်ပိုက်ကာ ပတ်ပြေးနေသည့် သတို့သမီးကိုလည်း မတွေ့ရပေ။
အရာအားလုံးမှာ အေးချမ်းငြိမ်သက်နေပုံရသည်။
လီနန်ခယ့်သည် မြေပြင်မှမြက်ပင်တစ်ပင်ကို ဆွဲနုတ်ကာ ဝါးကြည့်လိုက်ရာ ခါးသက်သက်အရသာလေးက လျှာပေါ်တွင်ပျံ့နှံ့သွားသည်။
"မိုးနီအိပ်မက်ကမ္ဘာနဲ့ သာမန်အိပ်မက်တွေရဲ့ ခြားနားချက်ကတော့ လက်တွေ့ဆန်မှုပဲ"
လီနန်ခယ့် တိတ်တဆိတ်တွေးနေမိသည်။
"သာမန်အိပ်မက်တွေလည်း လက်တွေ့ကျသလို ခံစားရတတ်ပေမဲ့ တချို့အချိန်မှာ ဝေဝါးနေတတ်တယ်၊ နေရာတွေနဲ့လူတွေက ဟိုတစ်ခုဒီတစ်ခု ဗျောက်သောက်ပေါ်လာတတ်ပြီး တစ်ခါတလေကျရင် အိပ်မက်မက်နေရင်းတောင် အိပ်မက်ပဲဆိုတာ သိနိုင်နေတာမျိုး။"
"အိပ်မက်ထဲမှာဆိုရင် လူကပျံနိုင်တယ်၊ ရေနက်ထဲမှာကူးနိုင်တယ်၊ ပြီးတော့ ပြုတ်ကျတဲ့ခံစားချက်က လူကိုသတိမထားမိဘဲ နိုးလာစေတတ်တယ်။"
"မိုးနီအိပ်မက်ကမ္ဘာက လူတွေကို သာမန်ထက်လွန်ကဲတဲ့စွမ်းအင်တွေပေးမထားဘူး"
"သူက လက်တွေ့အခြေအနေအတိုင်း တည်ရှိနေပြီး ပြီးပြည့်စုံတဲ့မှတ်ဉာဏ်တွေနဲ့ သတ်မှတ်ထားတဲ့ မြင်ကွင်းတွေ ရှိနေတယ်။ အိပ်မက်ဆိုးရဲ့ဖမ်းစားခြင်းကို ခံရပြီဆိုရင်တော့ နိုးထလာဖို့ မဖြစ်နိုင်တော့ဘူး၊ အဲဒီသတ္တဝါကို ပြင်ပကနေ အချိန်မီမဖယ်ရှားနိုင်ရင် အသက်ပါဆုံးသွားမှာပဲ"
ဦးနှောက်ထဲတွင် အချက်အလက်များစစ်ထုတ်ပြီး လီနန်ခယ့် နက်နက်ရှိုင်းရှိုင်းစဥ်းစားနေမိသည်။
ညကင်းလှည့်တပ်ဖွဲ့၏ သင်္ချိုင်းလူသား၊ အိပ်မက်ဆိုး၊ မိစ္ဆာသတ္တဝါတို့နှင့် ပတ်သက်သည့် မှတ်တမ်းများကို နှစ်ပေါင်းများစွာ အမှုပေါင်းများစွာမှတစ်ဆင့် လေ့လာပြုစုထားခြင်း ဖြစ်သည်။ သို့သော် သူ့လက်ရှိအခြေအနေမှာ ထိုမှတ်တမ်းမှတ်ရာများနှင့် လုံးဝကိုက်ညီမှုမရှိနေ။
သေဆုံးခါနီး မိစ္ဆာသတ္တဝါက သူ့ရှေ့တည့်တည့်တွင် အားမာန်အပြည့်ဖြင့် အကြမ်းပတမ်းနိုးထလာခဲ့သည်။
ပျောက်ကွယ်သွားရမည့် သင်္ချိုင်းလူသားက သူ၏ မိုးနီအိမ်မက်ကမ္ဘာထဲတွင် အဆက်အစပ်မရှိ ထွင်ပေါ်လာခဲ့သည်။
အိပ်မက်ဆိုးနှင့်ပက်သက်၍တော့ ပုံမှန်မဟုတ်သည့်အနေအထား မရှိပါသေးချေ။
သို့သော် တစ်နေ့သော သာမန်မဟုတ်သည့်အိပ်မက်ဆိုးတစ်ကောင်နှင့် တွေ့ကြုံရဦးမည်ဟု လီနန်ခယ့် ပြင်းပြင်းထန်ထန် အာရုံခံမိနေသည်။
လီနန်ခယ့် သတိမထားမိခင်မှာပင် ရေကန်တစ်ခု၏နံဘေးသို့ ရောက်ရှိလာခဲ့သည်။
ရေကန်ထဲမှ ရေများမှာ ကြည်လင်နက်ရှိုင်းနေပြီး မျက်နှာပြင်မှာ မှန်တစ်ချပ်ကဲ့သို့ အရာအားလုံးကို ထင်ဟပ်နေစေ၏။
ရေကန်အထက်တွင် လွင့်မျောနေသော မြူငွေ့များမှာ တခြားနေရာများနှင့်နှိုင်းယှဥ်လျှင် သိပ်မထူထပ်လှပေ။ တစ်ဖက်ကမ်းတွင်မူ မြင့်မားသောကျောက်ဆောင်ကြီးများ မားမားမတ်မတ်ရှိနေပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသောမြင်ကွင်းကို ဖန်တီးပေးထားသည်။
ကမ်းစပ်သို့ရောက်သောအခါ လန်းဆန်းသောအေးမြမှုက သူ၏ စိတ်နှင့်နှလုံးသားတွင် စိမ့်ဝင်သွားသည်ကို လီနန်ခယ့် ချက်ချင်းခံစားလိုက်ရသည်။
မျက်လုံးများကို ပိတ်ထားလိုက်လျှင် ပန်းချီကားတစ်ချပ်ထဲမှ နတ်ဘုံနတ်နန်းတစ်ခုတွင် စံစားရောက်ရှိနေသကဲ့သို့ ခံစားချက်မျိုး။
ထိုသို့ မိန်းမောနေစဉ်အတွင်း လောကီအပူအပင်အားလုံးကို စွန့်ခွာကာ အချိန်မရွေး လေထဲသို့ လွင့်ပျံပျောက်ကွယ်သွားနိုင်သည့် လွတ်မြောက်ခြင်းခံစားချက်မျိုးကို သူ ခံစားလိုက်ရသည်။
"အိပ်မက်လည်း ဖြစ်နိုင်တယ်၊ လှည့်စားမှုလည်း ဖြစ်နိုင်တယ်၊ အစစ်လည်းဖြစ်နိုင်သလို အတုလည်း ဖြစ်နိုင်တယ်..."
လီနန်ခယ့်သည် ရေကန်ဘောင်ထက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကြည်လင်သော ရေကန်ရေကို အသာအယာထိတွေ့လိုက်ရာ လက်ချောင်းထိပ်များမှတစ်ဆင့် အစစ်အမှန်အေးမြမှုကို ခံစားလိုက်ရသဖြင့် မချိတင်ကဲ သက်ပြင်းချမိ၏။
အကယ်၍ သူသာ ဤနေရာတွင် အလှလေးတစ်ယောက်နှင့်အတူ လှေစီးရင်း အချိန်ကုန်ဆုံးနိုင်မည်ဆိုလျှင် သာယာလှပသောဘဝတစ်ခုကို ခဏတာတော့ဖြင့် ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ထိုစဥ် ယုန်မလေးမုန့်မှာ အဆင့်မြင့်အိပ်မက်လမ်းလျှောက်သူတစ်ဦးဖြစ်ကြောင်း သူရုတ်တရတ် သတိရသွားသည်။
ထိုမိန်းကလေး သူ၏ မိုးနီအိပ်မက်ကမ္ဘာထဲသို့ ဝင်လာနိုင်မလားဟု သူသိချင်နေမိသည်။
သို့သော် လီနန်ခယ့်သည် ဤလျှို့ဝှက်ချက်ကို လိန်ရှင်းနန်ကိုဖြစ်စေ၊ ဇနီးသည်ကိုဖြစ်စေ၊ မည်သူ့ကိုမျှ ပြောပြရန် အစီအစဉ် မရှိသေးပေ။
အထူးသဖြင့် ဇနီးဖြစ်သူကိုပင်။
သူမလျှို့ဝှက်ချက်များက သူ၏လျှို့ဝှက်ချက်များထက် ပိုမိုကြီးမားနက်ရှိုင်းနေနိုင်သည်ဟု သူခံစားမိသည်။
"ဒေါင် ဒင်"
သာယာသောလေထုထဲ နစ်မြုပ်နေရင်း အတွေးများလွင့်မျောနေခိုက် ရင်းနှီးလှသော ခေါင်းလောင်းသံက ရုတ်တရက် မြည်ဟီးလာခဲ့သည်။
လီနန်ခယ့်သည် လန့်သွားပြီး ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။
သူထင်သည့်အတိုင်းပါပေ။ နာရေးဝတ်စုံများ တူညီဝတ်ဆင်ထားသော ရင်းနှီးနေသည့် မင်္ဂလာလှည့်လည်ပွဲမှာ မနီးမဝေးတွင် ပေါ်လာခဲ့လေပြီ။ လူတိုင်း၏ မျက်လုံးများမှာ သူ့ထံသို့ မလွဲမသွေ စူးစိုက်ကြည့်နေကြပြီး မီးသွေးခဲကဲ့သို့ မည်းညစ်သောမျက်နှာများထက် ယုတ်မာကောက်ကျစ်သောအပြုံးများကို မြင်နေရသလိုလို။
သတို့သမီးသည် ဝေါယာဉ်ရှေ့တွင် ကျော့ရှင်းစွာရပ်နေပြီး လက်ထဲတွင် ကိုင်မြဲကိုင်ထားသော ဦးခေါင်းပြတ်မှာလည်း မြူဆွယ်သွေးဆောင်လိုဟန်၊ ခြောက်ခြားဖွယ်အပြုံးတစ်ခုအား ဖော်ပြလျက်သား။
နောက်တစ်စက္ကန့်တွင် သတို့သမီးသည် ထူးဆန်းသောပြေးဟန်ဖြင့် လီနန်ခယ့်ထံသို့ ပြေးဝင်လာတော့သည်။
ချီးတဲ့မှ
ဒီမိန်းမငါ့ကို တကယ်ပဲကြွေနေတာလား။
ဘာလို့ ငါ့နောက်ကိုပဲ မမောတမ်းလိုက်နေရတာလဲ။
လီနန်ခယ့်သည် စိတ်ထဲမှကျိန်ဆဲရင်း အမြန်ထကာ သူလာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်ပြေးခဲ့လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ မူလကထူထပ်ပြီးသားမြူများမှာ ရုတ်တရက် ပိုမိုထူထဲလာပြီး လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ အရပ်မျက်နှာအားလုံးမှ သူ့ဆီသို့ တမင်တကာ တိုးဝင်လာကြသည်။
"ဟိဟိဟိ"
သတို့သမီးက စူးရှသောအသံဖြင့် ရယ်မောလေသည်။
ဤအသံမှာ လူ့စိတ်ကို မိန်းမောလေးလံစေသည့် မိစ္ဆာတေးသံတစ်ခုအလား လီနန်ခယ့်၏ နားထဲသို့ တိုးဝင်လာရာ ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားခဲ့သည်။
လီနန်ခယ့် ခြေလှမ်းများယိမ်းယိုင်သွားပြီး လမ်းကြောင်းများမှာ ချက်ချင်းပင် ရှုပ်ထွေးကုန်သည်။
ခဏတာအတွင်း သူသည် အိမ်သို့ပြန်ရမည့်လမ်းကိုပင် ခွဲခြားဖို့မတတ်နိုင်တော့။
အကြာကြီးပြေးပြီးနောက်တွင်မှ သူသည် ရေကန်ကိုသာပတ်ပြေးနေမိကြောင်း သတိထားလိုက်မိသည်။ ရေထဲသို့ထိုးမဆင်းသည်ကပင် ကံကောင်းလှလေပြီ။
"မိန်းမယုတ်၊ ငါ့ကိုတော်တော်နှောင့်ယှက်နိုင်တာပဲ"
ခေါင်းပြတ်ကိုင်ထားသည့် သတို့သမီး သူ့နောက်သို့ မျက်ချေမပြတ်တမ်းလိုက်နေသည်ကို ကြည့်ရင်း လီနန်ခယ့်သည် အံကြိတ်ကာ သေနတ်ကိုထုတ်၍ သူ့ခေါင်းသူချိန်ပစ်လိုက်သည်။ ဘာမှထူးခြားမလာခဲ့ပေ။
ကျည်ဆန်များအပြည့်ပါပါသော်လည်း သေနတ်မှာ တစ်စုံတစ်ရာ ချို့ယွင်းနေပုံရသည်။
သူခန့်မှန်းထားသည့်အတိုင်းပင် မင်္ဂလာခန်းမလေးထဲတွင်သာ သူသည် မိမိကိုယ်ကိုယ်သတ်သေပြီး လက်တွေ့ကမ္ဘာသို့ ပြန်နိုင်မည်ဖြစ်သည်။
ထို့နောက် လီနန်ခယ့်သည် သေနတ်ကို သတို့သမီးထံသို့ ချိန်လိုက်သည်။
သုံးချက်ဆက်တိုက် ပစ်လိုက်ရာ ကျည်ဆန်များမှာ ပုံမှန်အတိုင်းထွက်သွားပြီး သတို့သမီး၏ နူးညံ့သောခန္ဓာကိုယ်ကို ခပ်ပြင်းပြင်းထိမှန်သွားသည်။ သူမသည် ခြေလှမ်းအနည်းငယ် ယိုင်သွားသော်လည်း တဟိဟိအရယ်မပျက် ဆက်လိုက်နေဆဲပင်?
"ငါ့ကိုတစ်ယောက်လောက် စိတ်ငြိမ်ဆေးတိုက်ကြပါဦး"
လီနန်ခယ့်သည် ယခုအခါ အမှန်တကယ်ထိတ်လန့်နေရပြီဖြစ်သည်။ သူသည် သေနတ်ထဲသို့ ကျည်ဆန်အသစ်ဖြည့်ကာ ဆုတ်ရင်းပစ်ရင်း ဆက်ပြေးနေပြီး အိမ်ပြင်သို့ မဆင်မခြင်ထွက်လာမိခြင်းအား ပြန်လည်နောင်တရနေမိ၏။
စူးစမ်းလိုစိတ်ကြောင့် အသက်ကိုပါပေးရတော့မည်လော။
အကယ်၍ သူသာ အရှေ့မှ ဤအိပ်မက်ဆိုးသတ္တဝါ၏ သတ်ဖြတ်ခြင်းကို တကယ်ခံလိုက်ရလျှင် လက်တွေ့ဘဝကခန္ဓာကိုယ်လည်း သေဆုံးသွားပေမည်လား။ သူတကယ်မတွေးရဲလှပေ။
သတို့သမီးမှာ သူ့ထံသို့ ပိုမိုနီးကပ်လာလေပြီ။
ဆယ်မီတာ
ငါးမီတာ
သုံးမီတာ
...
လီနန်ခယ့်မှာ သတို့သမီးထံမှထွက်ပေါ်နေသော နှုတ်ခမ်းနီနံ့နှင့် ပုပ်စော်အနံ့ဆိုးဆိုးများ ရောနှောနေသည့် ပျို့အန်ချင်စရာကိုယ်နံ့ကိုပင် ရှူရှိုက်လို့ရနေပြီဖြစ်သည်။
ဘုတ်
အသည်းအသန် ပစ်ခတ်ပြေးထွက်နေစဉ် လီနန်ခယ့် ကျောက်ခဲတစ်ခုကို ခလုတ်တိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့အနားသို့ ရောက်လုနီးပါးဖြစ်နေသည့် ဦးခေါင်းပြတ်ကြီးကိုကြည့်ရင်း လီနန်ခယ့်၏ ဦးနှောက်အတွင်းရှိ သွေးကြောများမှာ ပေါက်ထွက်တော့မတတ် ဖောင်းကားလာသလို ခံစားရကာ ခြေတုန်လက်တုန်ဖြင့် တစ်ကိုယ်လုံး ရေခဲတမျှအေးစက်လာတော့၏။
သတို့သမီး၏ နုနယ်ဖြူဝင်းသောမျက်နှာထက်မှ အပြုံးမှာ ပို၍ပင်တောက်ပလာသည်။
ထို့နောက် သူမ၏ပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
ထူထပ်သိပ်သည်းပြီး သေးငယ်ချွန်မြနေသော သွားများကို စီစီရီရီမြင်လိုက်ရသည်နှင့် လီနန်ခယ့် ဦးရေပြားပင် ကျိန်းစပ်သွားရပြီး သတ္တိမွေးရန်ပင် နေရာမကျန်တော့ပေ။
"မင်ရွှယ်အာ"
ထိတ်လန့်နေသည့်ကြားမှ လီနန်ခယ့် ထိုနာမည်ကို အလိုလိုအော်ဟစ်လိုက်မိသည်။
သွေးများစိုရွှဲနေသော ပါးစပ်ကြီးကို ဖွင့်ပြီးခါစ သတို့သမီးမှာ ထိုနာမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရုတ်တရက်တောင့်ခဲသွားပြီး သူမ၏မျက်နှာမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
ဟမ်
ဘာဖြစ်တာလဲ
လီနန်ခယ့်ကိုယ်တိုင်ပင် မှင်တက်သွားသည်။
"မင်ရွှယ်အာ"
သူ ထိုနာမည်ကိုပင် အစမ်းသဘောဖြင့် ထပ်မံအော်ခေါ်လိုက်သည်။
ထိုစဥ် ခေါင်းပြတ်ကိုင်ထားသည့် သတို့သမီးသည် ရုတ်တရက် နာကျင်စွာအော်ဟစ်လိုက်တော့သည်။ ခေါင်းပြတ်ကြီးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်တွန့်လိမ်ကာ မချိမဆန့်နာကျင်နေပုံရသည်။
သူမ၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး မီးလောင်ကျွမ်းနေသည့် တစစ်စစ် အသံများလည်း ထွက်ပေါ်လာသည်။
"မင်ရွှယ်အာ"
လီနန်ခယ့်က ကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်သည်။
ထိုအမျိုးသမီး၏ နာကျင်စွာအော်ဟစ်သံမှာ ပို၍ ကျယ်လောင်လာသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မြေပြင်ပေါ်တွင် ပြားပြားဝပ်ကာ အသည်းအသန်လူးလိမ့်နေပြီး ခြေလက်အဆစ်များမှာ ဆပ်ကပ်ပြပွဲတစ်ခုကဲ့သို့ မဖြစ်နိုင်စွာ ပြောင်းပြန်ကန့်လန့် လိမ်ကောက်ကျိုးကြေကုန်ကြလေ၏။
သူမသည် ဤနေရာမှ အမြန်ဆုံးထွက်ပြေးချင်သော်လည်း တုန်ယင်နေသော ခန္ဓာကိုယ်မှာ လုံးဝထိန်းချုပ်၍ မရတော့ပေ။
မကြာမီတွင် သူမ၏အဝတ်အစားများ တစ်စစီ ကျွမ်းလောင်လာပြီး အရေပြားနှင့် အသွေးအသားများ လောင်ကျွမ်းပွင့်ထွက်ကာ မီးပွားများစွာ ထွက်ပေါ်လာသည်။ နုနယ်ဖြူဝင်းသောမျက်နှာမှာ ယခုအခါတွင် ကြည့်ရက်စရာပင်မရှိတော့။
"မင်ရွှယ်အာ မင်ရွှယ်အာ မင်ရွှယ်အာ မင်ရွှယ်အာ..."
ဝူး
သတို့သမီးမှာ ငရဲမီးဖြင့် ကင်ခံနေရသည့်အလား မီးများဟုန်းဟုန်းတောက်စွဲလောင်ကုန်သည်။
ခဏချင်းအတွင်းမှာပင် သူမသည် ဘာမျှမကျန်တော့သည်အထိ လောင်ကျွမ်းသွားခဲ့လေသည်။
ဤမြင်ကွင်းကြောင့် လီနန်ခယ့်မှာ ကြောင်အမ်းအမ်းဖြစ်ကျန်ခဲ့ပြီး စိတ်ခံစားချက်များမှာ အိပ်မက်ဆိုးတစ်ခုမှ လန့်ဖျပ်နိုးထလာရသည့်အလား လှုပ်ခတ်ကျန်ရစ်ခဲ့ရ၏။
"လက်တွေ့ကမ္ဘာကနာမည်ကို ခေါ်ရုံတင်နဲ့ မိစ္ဆာကိုသတ်နိုင်တာလား"
လီနန်ခယ့်သည် ထူးဆန်းအံ့သြဖွယ်အချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည့်နှယ်။
ဤကဲ့သို့သော မိစ္ဆာနှင်သည့် နည်းလမ်းမျိုးကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဤအချိန်တွင် ခေါင်းပြတ်သတို့သမီး သေဆုံးသွားသည့်နေရာမှ အနီရောင်ပုတီးစေ့လေးတစ်စေ့မှာ ဖြည်းဖြည်းချင်းလွင့်တက်လာပြီး လီနန်ခယ့်၏ မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားတော့သည်။
"ဘာလို့ ဒါက အနီရောင်ထပ်ဖြစ်နေရပြန်တာလဲ"
သူ အများကြီးမစဉ်းစားနိုင်ခင်မှာပင် ရပ်တန့်နေခဲ့သော မင်္ဂလာလှည့်လည်ပွဲမှာ ပုံမှန်မဟုတ်သော လက္ခဏာများ ထပ်မံပြသလာပြန်သည်။
ထိုပုံရိပ်များမှာ တစ်စုံတစ်ခုသောချုပ်နှောင်မှုမှ လွတ်မြောက်သွားပုံရသည်။ သူတို့၏ ခန္ဓာကိုယ်များကို အကြိမ်အနည်းငယ် တွန့်လိမ်လိုက်ပြီး မီးသွေးခဲမျက်နှာများထက် သွေးဆာနေသောအပြုံးကိုယ်စီဖြင့် လီနန်ခယ့်ဆီသို့ တရှိန်ထိုးပြေးဝင်လာကြတော့လေ၏။
လတ်ဆတ်ပြီးအရသာရှိသော အသားနံ့ကို ရရှိသွားသည့်အလားပင်။
မင်းမေ
လီနန်ခယ့် မျက်လုံးများကို အစွမ်းကုန်ပြူးကြည့်လိုက်သည်။
သို့သော် ဤလူများကို တစ်ယောက်မှမမြင်ဖူး၊ နာမည်သိဖို့ဝေးစွ။
လီနန်ခယ့်သည် သေနတ်ကို အသာအယာမလိုက်ပြီး နှစ်ချက်ခန့်ပစ်လိုက်သည်။ အရှေ့ဆုံးမှပြေးလာသူမှာ အပစ်ခံလိုက်ရသဖြင့် အစိမ်းရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။
"အလုပ်ဖြစ်တယ်ဟ"
လီနန်ခယ့်တစ်ယောက် အားရဝမ်းသာစွာဖြင့် ကျည်ဆန်များကိုအမြန်ဖြည့်ကာ ဆက်လက်ပစ်ခတ်တော့သည်။
သို့သော် တစ်ဖက်လူများမှာ အရေအတွက်များပြားလွန်းသဖြင့် တစ်ကိုယ်တည်းရင်ဆိုင်ရန် မလွယ်ကူပေ။ လီနန်ခယ့်သည် ပြေးရင်းပစ်ရင်းဖြင့် ပါးစပ်ထဲရှိရာ နာမည်များကိုလည်း လျှောက်အော်နေလိုက်သည်။
"ဝမ်ဝူး၊ လီစီ၊ လျိုလောင်ကန်း"
"ကျန်းဆန်း"
"လော့ရှန်း"
"..."
လီနန်ခယ့်သည် စိတ်များနေချိန်ဖြစ်သဖြင့် တစ်ချိန်လုံး မလှုပ်မခတ်တည်ငြိမ်နေခဲ့သော ရေကန်ရေမျက်နှာပြင်တွင် ရေပူဖောင်းလေးများ ရုတ်တရက်ပေါ်လာသည်ကို သတိမထားမိခဲ့ပေ။
တစ်ခုခုက ဝုန်းခနဲ ပေါ်ထွက်လာတော့မည့်အလားပင်။