ရေကန်သခင်မ
Vol. 11 Ch. 102
"လျိုဟိုင်ကျူး"
"တွန့်ကွန်း"
"စစ်နတ်ဘုရား နဂါးဘုရင်"
"..."
လီနန်ခယ့်သည် မရပ်မနား အမောတကောပြေးနေရပြီး ခြေထောက်များမှာ ခဲဆွဲထားသကဲ့သို့ လေးလံလာသည်။
ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းမှုတို့ကြောင့် သူ၏ဦးနှောက်မှာ အလွန်အကျွံ လေမှုတ်သွင်းခံထားရသည့် မိုးပျံပူဖောင်းတစ်ခုကဲ့သို့ ဖောင်းကားလာပြီး နောက်ထပ်ရမ်းသမ်းအော်ဟစ်ဖို့ နာမည်များကိုပင် စဥ်းစားမရနိုင်တော့။
ကံကောင်းထောက်မစွာဖြင့် 'လီကော်ဝါး' ဟူသော နာမည်ကို မှန်းဆပြီးအော်လိုက်သည်မှာ မှန်သွားခဲ့သည်။
ခေါင်းပြတ်ကိုင်ထားသည့် သတို့သမီးကဲ့သို့ပင် ထိုသူသည် အော်ဟစ်သံများနှင့်အတူ အလိုအလျောက် မီးလောင်ကျွမ်းသွားပြီး အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့၏။
သို့သော် အနီရောင်ပုတီးစေ့လေးတော့ ပေါ်မလာပေ။
ကံဆိုးသည်မှာ မင်္ဂလာလှည့်လည်ပွဲ အဖွဲ့ဝင်တော်များများက သူ့နောက်သို့ အသည်းအသန်လိုက်နေဆဲပင် ဖြစ်သည်။
လီနန်ခယ့် အတော်လေးဆဲဆိုချင်နေသည့်တစ်ချက်မှာ ပတ်ဝန်းကျင်တစ်ခုလုံး အတားအဆီးတစ်ခုဖြင့် ပိတ်လှောင်ခံထားရသကဲ့သို့ ပိတ်ဆည်းကျဥ်းကျပ်နေပြီး သူဘယ်ဘက်ကိုဦးတည်ပြေးပါစေ နောက်ဆုံးတွင် ဤရေကန်ကမ်းစပ်သို့သာ ပြန်ပြန်ရောက်နေခြင်းပင်။
လီနန်ခယ့်တစ်ယောက် ဖြေရှင်းနည်းကို အသည်းအသန် စဉ်းစားနေစဉ်အတွင်း အော်ဟစ်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
သူ့နောက်သို့ မနားမနေလိုက်နေကြသည့် ခြောက်ခြားဖွယ်မျက်နှာများနှင့် နာရေးဝတ်စုံဖြူ ဝတ်ထားသော မင်္ဂလာလှည့်လည်ပွဲဝင်များအားလုံးမှာ ထိုအသံကြောင့် အာရုံပြောင်းသွားကြသည်။
သူတို့အားလုံး ခြေလှမ်းများကို ရပ်လိုက်ကြပြီး ရေကန်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
လီနန်ခယ့်သည်လည်း စပ်စုလိုစိတ်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်မိသည်။
ထိုသို့ လှည့်ကြည့်လိုက်သည့် တစ်ခဏတွင် သူ့မျက်လုံးများမှာ ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်သွားပြီး နေရာမှာတင် တောင့်ခဲသွားတော့၏။
ရေကန်အလယ်တွင် ရပ်နေသော အမျိုးသမီးတစ်ဦးကို သူ မြင်လိုက်ရသည်ပင်။
ထိုအမျိုးသမီး ပြင်ဆင်ထားသည့်ဟန်မှာ အလွန်တောက်ပြောင်လင်းလက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေငွေရတနာပစ္စည်းများကို ဆင်မြန်းထားကာ ခန္ဓာကိုယ်ကောက်ကြောင်းက အလွန်ဆွဲဆောင်မှုရှိသည်။
သူမသည် ရေမျက်နှာပြင်ပေါ်တွင် ကုန်းမြေပေါ်ရပ်နေသကဲ့သို့ ရပ်နေခြင်းဖြစ်သည်။
"ဒါ ဘာကြီးလဲ"
လီနန်ခယ့်မှာ နှလုံးခုန်သံတဒိန်းဒိန်းကြား ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။
မိစ္ဆာနှင့်တူသော ထိုအမျိုးသမီး၏ရုပ်ရည်မှာ ပုရိသတို့၏ဝိညာဉ်ကို လှုပ်ခတ်သွားစေနိုင်လောက်အောင် လှပပြီး ပြင်းထန်သောဆွဲဆောင်မှုတစ်မျိုးရှိသော်လည်း တစ်ခါတရံတွင် မျက်လုံးများထဲ ကြောက်မက်ဖွယ်အရိပ်အယောင်များ ထင်ဟပ်လာတတ်သေး၏။
အဝေးမှကြည့်လျှင် ရွှေရောင်များဖြင့် ဝင်းလက်နေသည်ကိုသာ မြင်ရပေမည်။
အသားအရေ တစ်လက်မပင်မပေါ်အောင် တန်ဖိုးကြီးတန်ဆာပလာများဖြင့် ဖုံးအုပ်ဝတ်ဆင်ထားလျက်။
ခေါင်းထက်မှ နဖူးစည်းကိုပင် ရွှေဒင်္ဂါးများ၊ ပုလဲများနှင့် ပုတီးကုံးများဖြင့် ဆွဲချိတ်စီခြယ်ထားသည်။
ထို့အပြင် နှာခေါင်းတွင်တပ်ထားသော ရွှေကွင်းနှင့် မျက်နှာပေါ်ရှိ ပါးလွှာသော ရွှေရောင်မျက်နှာဖုံးတို့က အနှိုင်းမဲ့ချမ်းသာကြွယ်ဝသော နောက်ခံအခြေအနေနှင့် မြင့်မြတ်သည့်ဂုဏ်ဒြပ်တို့ကို ပေါ်လွင်စေသည်။
တစ်ချိန်တည်းမှာပင် သူမထံမှ ကလီယိုပတ်ထရာကဲ့သို့ ထူးခြားဆန်းပြားသော ဆွဲဆောင်မှုအငွေ့အသက်များကို ခံစားရနိုင်၏။
ထိုရေကန်သခင်မသည် ရေမျက်နှာပြင်ပေါ်တွင် မတ်တပ်ရပ်နေရာမှ စတင်ကခုန်လာသည်။
ကခုန်နေစဥ် ခန္ဓာကိုယ်ပေါ်မှ ပြိုးပြိုးပြက်ပြက်လက်နေသော သတ္တုတန်ဆာပလာများမှာ တချွင်ချွင်မြည်လျက် ကြောက်မက်ဖွယ်တေးသံများကို ဖန်တီးနေသကဲ့သို့။
စိုက်ကြည့်နေသော လူအုပ်ကြီးတစ်ခုလုံး၏ မျက်နှာများထက် စွဲလမ်းနှစ်ခြိုက်မှုများ အထင်းလားပေါ်လွင်လာသည်။
လူတိုင်း၏ စွဲလမ်းသောအကြည့်များကြားတွင် ရေကန်သခင်မသည် ပါးစပ်ကိုဖွင့်ကာ အလွန်စူးရှသော အော်သံတစ်ခုကို ပြုလုပ်လိုက်သည်။
ဤစူးရှသောအော်သံမှာ လူကို တစ်နည်အားဖြင့် ဖမ်းစားနိုင်စွမ်းရှိနေပုံရ၏။
မင်္ဂလာလှည့်လည်ပွဲမှ ထိုသူများသည် ရေကန်ထဲတွင် ကွေးညွှတ်ကခုန်နေသော ရေကန်သခင်မထံသို့ အလုအယက်ပြေးဝင်သွားကြပြီး သူတို့၏ မီးကျွမ်းနေသော ချွန်ထက်ထက်လက်သည်းများကိုပင် ဝှေ့ယမ်းကာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေလိုက်ကြသေး၏။
လီနန်ခယ့်ကိုယ်တိုင်ပင် သတိမထားမိဘဲ ရေကန်သခင်မထံ ခြေလှမ်းလှမ်းမိသွားသည်။
သို့သော် သူ၏ခြေထောက်ဖျားနှင့် အေးစက်နေသောကန်ရေပြင်တို့ ထိမိသွားသည့်တစ်ခဏ၌ သူ၏ ဝေဝါးနေသောဦးနှောက်မှာ ချက်ချင်းကြည်လင်သွားပြီး ထိတ်လန့်တကြား နောက်သို့ဆုတ်ဆိုင်းလိုက်မိသည်။
မင်္ဂလာလှည့်လည်ပွဲမှ လူများကတော့ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ အလုအယက်တိုးဝင်သွားကြပြီး ရေကန်ထဲသို့ မဆင်မခြင်ခုန်ဆင်းသွားကြသည်။
လီနန်ခယ့်ကိုတော့ မြင်ပင်မြင်တော့ဟန်မတူကြတော့။
ဤတုန်လှုပ်ဖွယ်မြင်ကွင်းကြောင့် လီနန်ခယ့်မှာ ဦးရေပြားများထုံကျင်သည်အထိ ကြောက်စိတ်ဝင်လာရသည်။
ရေကန်သခင်မသည်လည်း စူးရှသောအော်သံများကို ဆက်တိုက်ပြုလုပ်ရင်း ဆွဲဆောင်မှုရှိစွာ ကပြနေဆဲပင်။
တစ်ကိုယ်လုံးဖုံးအောင် ဆင်မြန်းထားသော ရွှေငွေရတနာများက ခန္ဓာကိုယ်ကောက်ကြောင်းတို့ကို ပြည့်စုံစွာပေါ်လွင်စေရာ ဤလောကတွင် ဒီထက်ပို၍ ဆွဲဆောင်မှုရှိသောအမျိုးသမီးကို ရှာတွေ့ဖို့မဖြစ်နိုင်သလောက်ဟု ဆိုရမည်ပင်။
သူမ၏ လှုပ်ရှားမှုတိုင်းမှာ အိပ်မက်ဆန်ကာ လှည့်စားမှုအပြည့်ဖြင့် တောက်ပသည်။
မကြာမီတွင် နာရေးဝတ်စုံဝတ် မင်္ဂလာပရိတ်သတ်ထုကြီးတစ်ခုလုံး ရေကန်အောက်ခြေသို့ နစ်မြုပ်သွားကာ တိတ်ဆိတ်သွားတော့သည်။
လီနန်ခယ့်တစ်ယောက်တည်းသာ ကမ်းစပ်တွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ရ၏။
မြင်ကွင်းမှာ အလွန်သိသာနေသည်။
ရေကန်သခင်မလည်း ဤမြင်ကွင်းတွင် အံ့သြမှင်တက်သွားရဟန်ပင်။
နုနယ်သောခန္ဓာကိုယ်မှာ မြွေတစ်ကောင်ကဲ့သို့ လိမ်ကောက်သွားပြီး အနီရောင်ကျောက်မျက်များ စီခြယ်ထားသည့် ထူထဲလှပသော နှုတ်ခမ်းသားများက နောက်တစ်ကြိမ်ပွင့်ဟသွားကာ လည်ချောင်းထဲမှ ပိုမိုစူးရှ၍ ဆွဲအားပြင်းသော အော်သံတစ်ခုကို ထပ်မံထုတ်လွှတ်လိုက်၏။
လီနန်ခယ့်မှာ အခိုက်အတန့်မျှ ယိမ်းယိုင်သွားသော်လည်း သူမ၏ဖမ်းစားမှု သူ့အပေါ်တွင် ဒီ့ထက်လွှမ်းမိုးနိုင်ခြင်းမရှိတော့သည်ကို သတိထားမိလိုက်သည်။
သူသည် ထိုအမျိုးသမီးကို တည့်တည့်စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လျှောက်လာခဲ့သည်။
ဤအချက်က ရေကန်ထဲမှ အမျိုးသမီးကို ဇဝေဇဝါ ဖြစ်သွားစေသည်။
ထို့နောက် အသားအရေ တစ်လက်မမျှပင် မပေါ်သော်လည်း ဆွဲဆောင်မှုအပြည့်ရှိသော ထိုခန္ဓာကိုယ်မှာ ထပ်မံလိမ်ကောက်လာပြန်သည်။ သို့သော် တစ်ဖက်လူကမူ ကြောင်အမ်းအမ်းဖြင့်သာ ဆက်ကြည့်နေမြဲပင်။
ရေကန်သခင်မလည်း အချိန်အတော်ကြာအောင် မောကြီးပန်းကြီး ဆွဲဆောင်သော်ငြား မအောင်မြင်သဖြင့် စိတ်ပျက်အားလျော့မိစွာဖြင့် ထိုအမျိုးသားကို ဒေါသတကြီးစိုက်ကြည့်နေရုံသာ တတ်နိုင်တော့လေသည်။
သူတို့နှစ်ဦးမှာ အကွာအဝေးတစ်ခုမှနေ၍ တစ်ဦးကိုတစ်ဦး မလွှဲတမ်းစိုက်ကြည့်နေကြသည်။
ထို့နောက် ဖွားခနဲရေသံနှင့်အတူ ရေကန်သခင်မသည် ရေထဲသို့ တိတ်တဆိတ်နစ်မြုပ်ပျောက်ကွယ်သွားခဲ့၏။
ပတ်ဝန်းကျင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားပြန်သည်။
"ထွက်သွားပြီလား"
ငြိမ်သက်နေသောရေမျက်နှာပြင်ကို ကြည့်ရင်း လီနန်ခယ့် တံတွေးမြိုချလိုက်မိသည်။
ပတ်ဝန်းကျင်မှ မြူထုကြီးသည်လည်း အရင်ကထက် သိသိသာသာ ပါးလွှာသွားပြီး သူလာခဲ့သည့်လမ်းကို ဝိုးတဝါးပြန်မြင်လိုက်ရချိန်တွင် သူအမြန်ထွက်ခွာလာခဲ့လိုက်၏။
သို့သော် ရေကန်မျက်နှာပြင်မှ ရေများဖွားခနဲလွင့်တက်လာပြီး ရေကန်သခင်မသည် ကမ်းစပ်မှ ရုတ်တရက်ပေါ်ထွက်လာပြီး လီနန်ခယ့်ထံသို့ ကခုန်ရင်း ပြေးဝင်လာပြန်လေသည်။