အသိစိတ်ကင်းလွတ်ခြင်း
Vol. 11 Ch. 103
မျက်လုံးကိုမှိတ်ကာ ဝှေ့ယမ်းလှည့်ပတ်ရင်း ကခုန်နေသည့်မြင်ကွင်း။
အနှိုင်းမဲ့ကျော့ရှင်းသော ကိုယ်ဟန်နှင့် ဖမ်းစားနိုင်စွမ်းအပြည့်ရှိသော အကကြောင့် လီနန်ခယ့်၏အသက်ရှူသံများ ပြင်းထန်လာပြီး ဦးနှောက်မှာ ပင့်ကူအိမ်တစ်ခုဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ချုပ်ကိုင်ခံလိုက်ရသလို တင်းကျပ်လာသည်။
ထိုနေရာမှ အသည်းအသန်ထွက်ပြေးဖို့ သူစိတ်ရောကိုယ်ပါကြိုးစားပါသော်ငြား ခြေထောက်များက ရေကန်သခင်မဆီ တည့်တည့်ခေါ်ဆောင်သွားနေလေပြီ။
သူမ၏ နံဘေးဆီသို့ ရောက်လာခဲ့သည့်တိုင်အောင်ပင်။
သူမက မဆုံးနိုင်အောင် ကပြဖျော်ဖြေနေဆဲရှိသည်။
ငါးကြေးခွံများကဲ့သို့ စီရီကပ်ချပ်လျက်ရှိသော ရွှေဒင်္ဂါးပြားလေးများမှာ ထိုအမျိုးသမီး၏ နူးညံ့ပျော့ပြောင်းသော ခန္ဓာကိုယ်နှင့်အတူ တဖျတ်ဖျတ်လှုပ်ရှားနေပြီး တောက်ပစွာရောင်ပြန်ဟပ်နေသည်။
ရေကန်သခင်မသည် ရွှေမှုန်ရွှေရည်များဖြင့် လိမ်းကျံဆင်ယင်ထားသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုအမျိုးသား၏ ချောမောခန့်ညားသော မျက်နှာကို ပွတ်သပ်လိုက်သည်။
သူမ၏ နုနယ်သောခန္ဓာကိုယ်မှာ သူ့ဆီသို့ တဖြည်းဖြည်း တိုးဝင်ဖိကပ်လာ၏။
လီနန်ခယ့်သည် လက်ရှိဖြစ်နေသော အရာအားလုံးမှာ အန္တရာယ်ဆီသို့သာ လက်ယပ်ခေါ်နေသည်ကို သိပါသော်လည်း အမျိုးသမီး၏ နူးညံ့အေးစက်သောခါးလေးကို ထိန်းချုပ်မရနိုင်စွာ ပိုက်ဖက်မိလိုက်သည်။
ဆွဲဆောင်မှု၊ ရမ္မက်။ ပြင်းပြသောခံစားချက်သည် သူ၏ ခန္ဓာကိုယ်ကို မီးတင်ရှို့နေသည့်အလားပင်။
ရေကန်သခင်မသည် ကျောက်မျက်များစီခြယ်ထားသော သူမ၏ အနီရောင်နှုတ်ခမ်းလွှာများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
အတွင်းရှိသွားများမှာမူ ထူထပ်သိပ်သည်းလှပြီး လက်ရာမြောက်လှသော အရည်အသွေးမြင့်စိန်တို့ဖြင့် စီရီဆင်ယင်ထားသည်။ ၎င်းတို့က အမျိုးသား၏လည်ပင်းကို ကိုက်ရန်ပြင်ဆင်လာကြ၏။
အရေးပေါ်အခြေအနေတွင် နောက်ဘက်မှလက်တစ်ဖက်က လီနန်ခယ့်၏အင်္ကျီကော်လာတစ်ဖက်ကို ဆောင့်ဆွဲလိုက်သကဲ့သို့။
သူ့ဘက်က တုံ့ပြန်ရန်အချိန်မရခင်မှာပင် ဆတ်ခနဲ ဆောင့်ဆွဲခေါ်ခံလိုက်ရသည်။
အမျိုးသမီး၏ခါးကို အငမ်းမရပွတ်သပ်နေသော သူ၏လက်တစ်ဖက်မှာလည်း တစ်စုံတစ်ခုနှင့် ကုတ်ခြစ်ခံလိုက်ရသကဲ့သို့ အတင်းအဓမ္မ ဆွဲခွာခြင်းခံလိုက်ရကာ ပြင်းစွာသောနာကျင်မှုဖြင့် လွတ်မြောက်လာခဲ့လေသည်။
လီနန်ခယ့်မှာ ဘေးနှစ်ဖက်ရှိမြင်ကွင်းများ လှစ်ခနဲလွင့်ပျံသွားသည်ကိုသာ ခံစားလိုက်ရသည်။
နားထဲတွင် လေတိုးသံတဟူးဟူးဖြင့်။
ဝေဝါးမူးမိုက်နေသည့်ကြားမှ အမြင်အာရုံပါ မှောင်အတိကျသွားပြီး သူ၏နောက်ကျောမှာ စားပွဲနှင့်လား ကုလားထိုင်နှင့်လားမသိ ပြင်းထန်စွာဆောင့်မိသွားသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူသည် မင်္ဂလာခန်းမဟောင်းထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
တံခါးမှာ သူ့အလိုလို ဝုန်းခနဲပိတ်သွားသည်။
အပြင်ဘက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် မိုးနီများ စတင်ရွာသွန်းလာတော့၏။
လီနန်ခယ့်သည် တံခါးကို ငေးကြောင်ကြည့်ရင်း အခုလေးတင် ကြုံတွေ့ခဲ့ရသော အိပ်မက်ဆန်သည့် မြင်ကွင်းအားလုံးကို အသည်းအသန် ပြန်လည်ဆက်စပ်နေမိသည်။
အမြဲတမ်း တည်ငြိမ်ပြီး ဆင်ခြင်ဉာဏ်ဖြင့်စဥ်းစားတတ်သော သူ့ဦးနှောက်မှာ ယခုအခါတွင် ဗလာနတ္ထိ ကြောင်အအကျန်ရစ်ခဲ့လျက်။
ရုတ်တရက် သူ့လက်ထဲရှိသေနတ်မှာ အပေါ်သို့ လွင့်တက်သွားသည်။
၎င်းသည် သူ့ခေါင်းကို အလိုလိုချိန်ရွယ်ကာ ဒိုင်းခနဲပစ်ခတ်လိုက်လေတော့၏။
အခန်းထဲမှ တစ်စုံတစ်ဦး၏ ဆဲရေးတိုင်းထွာသံကို ဝိုးတဝါးကြားလိုက်ရသေးသည်။
"အသုံးမကျတဲ့ကောင်"
ထို့နောက် ကုတင်ပေါ်တွင် လန့်နိုးလာသည်။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါမှ တင်းမာနေသော အာရုံကြောများ ပြန်လည်လျော့ပါးသွားပြီး သူသည် ကုတင်ပေါ်သို့ပုံကျကာ အမောတကော အသက်ရှူနေမိတော့သည်။
နဖူးမှချွေးများကို သုတ်ရန် လက်ကိုမြှောက်လိုက်ရာတွင် နဖူးတစ်ခုလုံး မီးဖိုဖြင့်ကင်ထားသကဲ့သို့ ကျစ်ကျစ်တောက် ပူလောင်နေသည်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး အလွန်အမင်းပူလောင်နေခဲ့သည်ပင်။
ထိုအမျိုးသမီးက နှိုးဆွခဲ့သော ရမ္မက်မီးမှာ အရှိန်သေမသွားသေးဘဲ ပိုလို့ပင် အလျှံတငြီးငြီးတောက်လောင်နေသကဲ့သို့။
"တောက်"
လီနန်ခယ့်သည် အခန်းထဲမှအပြေးထွက်ကာ ရေတွင်းနံဘေးရှိ ရေအေးများအပြည့်ပါသော သစ်သားပုံးကိုဆွဲယူပြီး ခေါင်းပေါ်သို့ တိုက်ရိုက်လောင်းချလိုက်သည်။
ဤမြင်ကွင်းကြောင့် ငန်းမမကြီးနှင့် လိပ်ဆရာကြီးတို့ ကြောင်အသွားကြရ၏။
နိုးနိုးချင်းမှာပင် ရေခဲရေတစ်ပုံးကို ခေါင်းပေါ်သို့လောင်းချသည့်အမျိုးသားမှာ အဖျားကြီး၍ဦးနှောက်ချောင်သွားခြင်းပေလားဟု သူတို့တွေးမိလိုက်ကြသည်။
တစ်ကိုယ်လုံး ရေအေးအေးများရွှဲသွားပြန်တော့လည်း တုန်ယင်လာပြန်လေသည်။
သို့သော် ပူလောင်မှုမှာ မီးဖိုပေါ်ဆီလောင်းလိုက်သကဲ့သို့ ပို၍ပြင်းထန်လာပြီး ဦးနှောက်မှာ တစ်စုံတစ်ခုဖြင့် ထိုးထွင်းအပေါက်ဖောက်ခံနေရသည့်အလား ပြင်းစွာနာကျင်လာရတော့၏။
ဘုတ်
လီနန်ခယ့်သည် စိုစွတ်နေသော မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး သူ့ခေါင်းသူ အသည်းအသန်ထုနှက်နေမိသည်။
အနီရောင် ပုတီးစေ့လေးတစ်စေ့မှာ သူ၏ မျက်ခုံးနှစ်ခုကြားမှ ဖြည်းဖြည်းချင်းပေါ်ထွက်လာသည်။
သို့သော် ငန်းမမကြီးနှင့် လိပ်ဆရာကြီးတို့ကတော့ ထိုပုတီးစေ့ကို လုံးဝမမြင်ရဘဲ ရေတစက်စက်စိုလျက် ကိုယ့်ခေါင်းကိုယ်ပြန်ထုရိုက်နေသော လီနန်ခယ့်ကိုသာ မြင်နေရသည်ပင်။
အနီရောင်ပုတီးစေ့မှာ လေထဲတွင် ဆက်တိုက်လည်ပတ်နေပြီး ထူးဆန်းသောသင်္ကေတများကို စတင်ဖော်ပြလာသည်။
ထိုသင်္ကေတများမှာ လီနန်ခယ့်၏ နဖူးထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွားကြသည်။
တစ်ခုဝင်သွားတိုင်း လီနန်ခယ့်၏နာကျင်မှုမှာ ပိုမိုပြင်းထန်လာသည်။ မျက်လုံးထဲရှိ သွေးကြောမျှင်များ နီရဲဖောင်းကြွလာသည်များ လက်တံသေးသေးလေးများ စုပြုံနေသည့်အလား။
"ရှင်... ရှင်အဆင်ပြေရဲ့လား"
ထိုအချိန်တွင် နူးညံ့သာယာသော အသံလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအသံမှာ ရင်းနှီးနေသည်။ သူ့ငန်းကို ပိုက်ဆံမပါဘဲ ခိုးဖိုးကြိုးစားခဲ့သော ထိုမိန်းကလေးငယ်ပင်။
"အယ် ရှင့်လက်မှာ သွေးတွေထွက်နေတယ်" ထိုမိန်းကလေးငယ်က အော်လိုက်သည်။
လီနန်ခယ့်သည် လက်ကိုငုံ့ကြည့်လိုက်ရာ ရွှေမှုန်လေးတစ်စ သူ့လက်ဖဝါးတွင်စိုက်ဝင်နေပြီး ထိုနေရာမှာ သွေးများမပြတ်စီးကျနေသည်ကို တွေ့လိုက်ရ၏။
ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ရေကန်သခင်မဆီမှ မတော်တဆပါလာခြင်းဖြစ်ရမည်။
"အိပ်မက်လား တကယ်လား"
လီနန်ခယ့်၏ခေါင်းမှာ ပေါက်ကွဲတော့မတတ် ထိုးကိုက်လာခဲ့ပြီး အသိစိတ်များ ဝေဝါးနေသည့်ကြားမှ ကောင်းကင်ကြီးတစ်ခုလုံး အနီရောင်လွှမ်းကာ မိုးနီများရွာသွန်းတော့မလို ထင်ယောင်ထင်မှားခံစားနေရပြန်သည်။
သူသည် အရှေ့မှမိန်းကလေးငယ်ကို ကြည့်ရန် ခေါင်းကို ဖြည်းဖြည်းချင်းမော့လိုက်သည်။
ထိုမိန်းကလေးငယ်၏ မျက်လုံးထဲတွင် စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုတို့မှာ အားကိုးရာမဲ့သော သိုးသူငယ်လေးတစ်ကောင်အလား ရောယှက်နေခဲ့၏။
သို့သော် နောက်တစ်စက္ကန့်တွင် လီနန်ခယ့် တောင့်ခဲသွားသည်။ သူ့ရှေ့မှ ချိုသာနူးညံ့ဟန်ရှိသော ထိုမိန်းမငယ်မှာ ဘာအဝတ်အစားမှဝတ်မထားပေ။
ခြေဆုံးခေါင်းဆုံး ဖုံးကွယ်ထားခြင်း တစ်ခုမျှမရှိ။ ကမ္ဘာပေါ်ရှိ အလှဆုံးသော အနုပညာလက်ရာပင်လျှင် ဤမြင်ကွင်းကို နှိုင်းယှဉ်၍မရနိုင်ပေ။
နာကျင်မှု၊ ရမ္မက်မီး၊ အကြမ်းဖက်လိုမှု၊ မိန်းမောသာယာမှု၊ လောဘမီးတောက်... ရေတွက်မကုန်နိုင်သော ပူလောင်ပြင်းပြသည့် စိတ်ခံစားချက်များမှာ အလုံးအရင်းနှင့်တိုးဝင်လာပြီး သူ့နှလုံးသားကို အငမ်းမရ ဝါးမျိုကုန်ကြတော့သည်။
လီနန်ခယ့်သည် လောကကြီးတစ်ခုလုံး ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပုံရိပ်နှစ်ထပ်များအဖြစ် ဝေဝါးလာကုန်တော့သည်။ ထိုအမျိုးသမီး၏ မှင်တက်ဖွယ် ခန္ဓာကိုယ်ပုံရိပ်သည်သာ သူ၏အမြင်အာရုံတွင် တဖြည်းဖြည်းကြီးမားလွှမ်းမိုးလာခဲ့ပြီး အသိစိတ်ထဲထိ ချင်းနင်းဝင်ရောက်လာလျက်။