← Chapters

အိပ်မက်လား တကယ်လား

Vol. 11 Ch. 104

အိပ်မက်လား တကယ်လား

Vol. 11 Ch. 104

တုန်းချီခရိုင်၊ စီဖုန်းတည်းခိုခန်း။

ရိုးရှင်းစွာ ပြင်ဆင်မွမ်းမံထားသော အခန်းတစ်ခန်းအတွင်း၌။

နက်ပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ပြတင်းပေါက်နံဘေးတွင် ကျော့ရှင်းစွာရပ်နေပြီး လမ်းမပေါ်တွင် သွားလာနေကြသော ရုံးတော်အရာရှိများနှင့် အရိပ်နက်တပ်ဖွဲ့ဝင်များကို ကြည့်ကာ သူမ၏မျက်လုံးများမှာ တလက်လက်တောက်ပနေသည်။

ထိုအမျိုးသမီးမှာ အသက်၁၈ သို့မဟုတ် ၁၉နှစ်ခန့်သာရှိသေးသည့်ဟန်ပင်။

ရုပ်ရည်သွင်ပြင်မှာ အလွန်တင့်တယ်လှပလေသည်။

အထူးသဖြင့် သေးသွယ်နူးညံ့လွန်းသော ခါးသိမ်သိမ်လေးမှာ ကြည့်ရသူအဖို့ အရိုးပင်ရှိလောက်ပါ့မလားတွေးရလောက်အောင် သေးငယ်သည်။

သို့သော် ရင်သားအစုံကတော့ ထူးခြားထင်ရှားစွာ မို့မောက်ထွက်လျက်။

ရိုးတွင်းခြင်ဆီမှ စိမ့်ထွက်လာဟန်ရှိသော မာန်မာနအငွေ့အသက်များက ခန္ဓာကိုယ်၏နူးညံ့မှုကို သူရဲကောင်းဆန်သောအမူအရာအဖြစ် ပြောင်းလဲပေးထားကာ ဘေးအန္တရာယ်များသော တောင်ထိပ်ပေါ်ရှိ ဆီးနှင်းများအလား အဝေးမှသာချီးကျူးနိုင်သော ရှုခင်းလှလှတစ်ခုလို ခံစားမိစေသည်။

“ဒေါက် ဒေါက်”

ခပ်ဖွဖွ တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာသည်။

အမျိုးသမီးသည် ပြတင်းပေါက်ကိုပိတ်လိုက်ပြီး စားပွဲတွင်ထိုင်ကာ နီရဲသောနှုတ်ခမ်းများဖြင့် လက်ဖက်ရည်ကို တစ်ငုံငုံသည်။ ထို့နောက်မှ “ဝင်ခဲ့ပါ” ဟု ပြောလိုက်၏။

တံခါးပွင့်သွားသည်။

ဝတ်စုံနက်ဝတ် အဖိုးအိုတစ်ဦး လျှောက်ဝင်လာသည်။

ထိုသူမှာ ကျဲယွင်တောင်တွင် မင်းသမီးရှန်းယွမ်ကို ကြားဖြတ်တိုက်ခိုက်စဉ်က တုန်းဝမ်ခွင်းနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော ထျန်းချုံးဂိုဏ်း၏ အစောင့်အရှောက်အကြီးအကဲ ယန့်ရွှမ်းတောက်ပင် ဖြစ်သည်။

“အကြီးအကဲယန့်”

အမျိုးသမီးသည် ခပ်သွက်သွက်ထရပ်ကာ တရိုတသေ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

ယန့်ရွှမ်းတောက်က အမြန်ပင်လက်ယမ်းကာ ဆိုသည်။

“မိန်းကလေး၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော်လည်း ဂိုဏ်းချုပ်ဝမ်ရဲ့အမိန့်ကြောင့် မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းကို ကြားဖြတ်လုယူဖို့ ကူညီပေးမဲ့ညီအစ်ကိုတွေ ခေါ်လာပေးရုံပါ။ ကျန်တာတော့ မိန်းကလေးရဲ့အမိန့်အတိုင်း လိုက်နာပေးရုံပါပဲ"

ယန့်ရွှမ်းတောက် ရည်ညွှန်းသော “ဂိုဏ်းချုပ်ဝမ်” ဆိုသည်မှာ ထျန်းချုံးဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှစ်ဦးအနက် တစ်ဦးဖြစ်သူ ဝမ်ဝူယာဖြစ်သည်။

သူ့ရှေ့က အမျိုးသမီးမှာတော့ ယခင်ဂိုဏ်းချုပ်ရဲ့ သမီးဖြစ်သူ ဟယ့်ပန်ကျွင်း ဖြစ်သည်။

ဟယ့်ပန်ကျွင်းက ပါးချိုင့်လေးနှစ်ခုပေါ်လာသည်အထိ ပြုံးလိုက်ရင်း ချိုသာစွာပြောသည်။

“မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းကို အောင်အောင်မြင်မြင် ကြားဖြတ်လုယူနိုင်ခဲ့တာဟာ အကြီးအကဲယန့်နဲ့ ဂိုဏ်းဝင်ညီအစ်ကိုတွေကြောင့်ပါ။ ကျွန်မတို့ပြန်ရောက်ရင် ဦးလေးဝမ်ကို အားလုံးအတွက် ဆုလာဘ်တွေပြင်ဆင်ပေးဖို့ သေချာပေါက်ပြောပေးပါဦးမယ်"

“မိန်းကလေးက မြှောက်ပင့်လွန်းနေပါပြီ။ မိန်းကလေးရဲ့စီမံကွပ်ကဲမှုကြောင့်သာမဟုတ်ရင် အောင်မြင်မှာမဟုတ်ပါဘူး"

ယန့်ရွှမ်းတောက်က ပြုံးလိုက်ရာ မျက်လုံးဘေးမှ အရေအတွန့်များ ပိုလို့တွန့်လှုပ်သွားသည်။

သူသည် ဤအမျိုးသမီးငယ်ကို အထူးတလည် မနှစ်သက်သော်လည်း သူမ၏ ထက်မြက်မှုကိုမူ ဝန်ခံရမည်ဖြစ်သည်။ မင်းသမီးရှန်းယွမ်၏ ရုပ်အလောင်းကို တင်းကျပ်စေ့စပ်စွာစောင့်ကြပ်နေသော အရိပ်နက်တပ်ဖွဲ့ဝင်များ၏လက်ထဲမှ ရအောင်လုယူနိုင်ခဲ့သည်ကို ကြည့်ပါလေ။

သို့သော် ဤမိန်းကလေး ပိုလို့ထက်မြက်လေလေ၊ သူတို့အတွက် သတိထားစရာပိုဖြစ်လေလေပင်။

ထက်မြက်သော ထိုဦးနှောက်ထဲ တခြားသောအတွေးအကြံများ ရှိနေနိုင်မလားဆိုသည်ကို မည်သူမျှမသိနိုင်။

"ဘယ်လိုဆက်လုပ်ဖို့စီစဥ်ထားလဲ"

ဟယ့်ပန်ကျွင်းက မေးလိုက်သည်။

ယန့်ရွှမ်းတောက်က ပြောသည်။

“ကျွန်တော်တို့ ရုပ်အလောင်းကို လျှို့ဝှက်သယ်ယူဖို့ အားလုံးစီစဉ်ထားပြီးပါပြီ။ အရိပ်နက်တပ်ဖွဲ့ဝင်တွေ အသည်းအသန်ရှာဖွေနေကြပေမဲ့ သူတို့ကိုရှောင်တိမ်းဖို့ နည်းလမ်းတွေ ကျွန်တော့်ဆီမှာ ရှိပါသေးတယ်။ လုံခြုံတဲ့နေရာရောက်တာနဲ့ မိန်းကလေးကို ရုပ်အလောင်းဆီခေါ်သွားပေးပါ့မယ်"

“မလိုပါဘူး၊ ကျွန်မ မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းကို စိတ်ဝင်တစား မရှိလှပါဘူး။”

ဟယ့်ပန်ကျွင်းသည် တစ်ဖက်လူ သူမကိုအကဲခတ်နေကြောင်း သတိထားမိသဖြင့် လက်ယမ်းကာ ပွင့်လင်းစွာဆိုသည်။

“ကျွန်မဒါကို ဦးလေးဝမ်ကိုကူညီဖို့အတွက်ပဲ လုပ်တာပါ။ မနက်ဖြန် ကျွန်မ ဂိုဏ်းကိုပြန်တော့မယ်၊ ကျန်တာတွေကိုတော့ အကြီးအကဲယန့် စိတ်ကြိုက်သာဆက်လုပ်ပါတော့။”

ဤစကားကိုကြားသောအခါ ယန့်ရွှမ်းတောက် စိတ်သက်သာရာရသွားသည်။

အမျိုးသမီး၏ အနည်းငယ်ကျုံ့နေသောမျက်ခုံးများကိုမြင်တော့ သူမ၏စိုးရိမ်မှုကို သူရိပ်မိသွားကာ သဘာဝကျကျပင် သူတုံ့ပြန်လိုက်သည်။

“မိန်းကလေးလည်း စိတ်ချပါ။ ဂိုဏ်းချုပ်ဝမ်က မင်းကို ထျန်းချုံးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်အဖြစ် ထောက်ပံ့ဖို့ ဆုံးဖြတ်ပြီးကတည်းက သူ့စကားသူ ပြန်ပြင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း မိန်းကလေးကို ထောက်ခံပေးမှာဖြစ်သလို ဂိုဏ်းကညီအစ်ကိုတွေလည်း ကန့်ကွက်စရာမရှိပါဘူး"

ဟယ့်ပန်ကျွင်းမှာ အတင်းအကျပ် ပြုံးလိုက်ရသည်။

“ကျွန်မက ဦးလေးဝမ်နဲ့ အကြီးအကဲယန့်ကိုတော့ ယုံပြီးသားပါ၊ ဒါပေမဲ့…”

အမျိုးသမီးမှာ ဘာပြောလို့ပြောရမှန်း ဝေခွဲမရဖြစ်ကာ စကားစရပ်သွားသည်။

ယန့်ရွှမ်းတောက်၏စိတ်ထဲတွင် လှုပ်ခတ်သွားပြီး တည်ငြိမ်သောအသံဖြင့် ဖြေသိမ့်ပေးလိုက်သည်။

“ဒုဂိုဏ်းချုပ်နန်ကုန်းအတွက်တော့ စိုးရိမ်စရာမလိုပါဘူး၊ ဂိုဏ်းချုပ်ဝမ် နည်းလမ်းရှာပါလိမ့်မယ်။”

ဟယ့်ပန်ကျွင်းက အနည်းငယ်စိတ်သက်သာရာရသွားဟန်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကြံ့ခိုင်အေးစက်သော်ငြား တစ်မျိုးတစ်ဖုံ အထီးကျန်ပုံပေါ်သည့် တစ်ကိုယ်တည်းသောမိန်းမငယ်ကို ကြည့်ရင်း ယန့်ရွှမ်းတောက်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက်လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။ သူပြောခဲ့သောစကားများမှာ ဤမိန်းကလေးကို ‌ချော့မော့ဖြေသိမ့်လိုခြင်းထက်မပို။

ယခုအခါ ထျန်းချုံးဂိုဏ်းမှာ ခေါင်းဆောင်မရှိဘဲ နေရာလွတ်ဖြစ်နေသော်လည်း မိန်းကလေးငယ်တစ်ဦး ဂိုဏ်းချုပ်ဖြစ်လာဖို့ အလှည့်မကျသေးပေ။

“ဪ ဒါနဲ့ အကြီးအကဲယန့်”

ဟယ့်ပန်ကျွင်းက တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“တစ္ဆေနတ်ဘုရားလှံသွားရှင်က ဒုဂိုဏ်းချုပ်နန်ကုန်းနဲ့ အဆက်အသွယ်ရှိနေတယ်လို့ ကျွန်မကြားမိတယ်။”

ယန့်ရွှမ်းတောက်က ခေါင်းညိတ်သည်။

“ကျွန်တော်တို့လည်း ဒီသတင်း ရထားပါတယ်။ တစ္ဆေနတ်ဘုရားလှံသွားရှင်က ဒုဂိုဏ်းချုပ်နန်ကုန်းနဲ့ တွေ့ဆုံခဲ့တာတော့ တကယ်ပဲ၊ ဒါပေမဲ့ သူတို့ ပူးပေါင်းဆောင်ရွက်ခြင်းရှိမရှိကတော့ မသေချာလှဘူး။ ကျိုးကြောင်းဆင်ခြင်ကြည့်ရရင် တစ္ဆေနတ်ဘုရားလှံသွားရှင်ဆိုတာ အလွန်မာန်မာနကြီးတဲ့သူမို့ ဒုဂိုဏ်းချုပ်နန်ကုန်းနဲ့ ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

“ဘာပဲဖြစ်ဖြစ် ကျွန်မတို့ သတိထားဖို့တော့လိုတယ်၊ မင်းသမီးရှန်းယွမ်ဆိုတာ သူ့အတွက် ထူးခြားတဲ့လူတစ်ယောက်မဟုတ်လား"

ဟယ့်ပန်ကျွင်းက သတိပေးလိုက်သည်။

ထိုအချိန်မှာပင် အသားညိုညိုနှင့် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် အခန်းထဲသို့ ထိတ်လန့်တကြား ပြေးဝင်လာပြီး ဖြူဖျော့နေသောမျက်နှာဖြင့် သတင်းပို့လာ၏။

"အကြီးအကဲခင်ဗျာ အခြေအနေမကောင်းပါဘူး"

“ဘာဖြစ်တာလဲ”

ယန့်ရွှမ်းတောက်၏ရင်ထဲတွင် မကောင်းသောအငွေ့အသက်များ ရုတ်တရက် ပြည့်နှက်သွားသည်။

ထိုလူက အသက်ကို အမောတကောရှူရင်း ပြောလာ၏။

“မင်းသမီးရှန်းယွမ်ရဲ့ ခေါင်းတလား ပျောက်သွားပြီ”

“မင်း ဘာပြောလိုက်တာလဲ”

ယန့်ရွှမ်းတောက် မှင်တက်သွားပြီး သူ၏ စူးရှသောမျက်လုံးများမှ လျှပ်စီးကဲ့သို့ တောက်ပစူးလက်သော အလင်းတန်းများ ချက်ချင်းထွက်ပေါ်လာသည်။ သူသည် ထိုလူ၏အင်္ကျီကော်လာကို တင်းတင်းဆွဲကိုင်ကာ အော်ဟစ်လိုက်သည်။

“မင်းသမီးရှန်းယွမ်ရဲ့ ရေခဲခေါင်းတလား ပျောက်သွားပြီလို့ ပြောချင်တာလား”

“ပျောက်… ပျောက်သွားပါပြီ။”

ထိုလူလတ်ပိုင်းအမျိုးသားမှာ ဇောချွေးများဖြင့် စိုရွှဲနေပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆက်ဆိုလာ၏။

“ကျွန်တော်တို့ အဲ့ဒီနေရာကိုရောက်တဲ့အချိန်မှာ ရေခဲခေါင်းတလားကို... တစ်ယောက်ယောက် သယ်ယူသွားခဲ့ပါပြီ"

ဟယ့်ပန်ကျွင်းက အေးစက်စွာမေးလိုက်သည်။

"သံသယဝင်စရာ လူတစ်ယောက်ယောက်မြင်လိုက်သေးလား"

ထိုလူက အမြန်ပြန်ပြောသည်။

“ညီအစ်ကိုတချို့က အဲ့ဒီမှာ တစ္ဆေနတ်ဘုရားလှံသွားရှင်ကို မြင်လိုက်ရတယ်တဲ့၊ သူက အရိပ်နက်တပ်ဖွဲ့ဝင်တွေနဲ့တောင် တိုက်ခိုက်ခဲ့သေးတယ်"

“တစ္ဆေနတ်ဘုရားလှံသွားရှင်တဲ့လား"

ယန့်ရွှမ်းတောက်၏ အမူအရာမှာ တစ်ခုပြီးတစ်ခုပြောင်းလဲသွားခဲ့သည်။

ခွမ်း

ဟယ့်ပန်ကျွင်း၏ ပါးပြင်များမှာ ဒေါသကြောင့် နီမြန်းလာပြီး သူမသည် နီးရာလက်ဖက်ရည်ခွက်ကို ထိုလူ၏ခေါင်းပေါ်သို့ ပစ်ပေါက်လိုက်ကာ ကြိမ်းမောင်းလေသည်။

“အသုံးမကျတဲ့ အကောင်တွေ၊ ငါနင်တို့ကို ချိန်းထားတဲ့နေရာမှာပဲစောင့်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ အမိန့်အတိုင်း နားမထောင်ကြတာလဲ"

“ဒါပေမဲ့…”

ထိုလူက ယန့်ရွှမ်းတောက်ကိုကြည့်ကာ ပြောဖို့တွန့်ဆုတ်နေသည်။

အခြားသောလျှို့ဝှက်ချက်တစ်ခု သေချာပေါက် ရှိနေသေးသည်ပင်။

ယန့်ရွှမ်းတောက်၏ အမူအရာမှာ ခက်ထန်ကြမ်းကြုတ်နေသည်။ သူသည် ထိုလူကိုထွက်သွားရန် လက်ယမ်းပြလိုက်ပြီး မည်သည့်ဖြေရှင်းချက်မှမပေးဘဲ အေးစက်စွာပြောလိုက်သည်။

“ဒီတစ္ဆေနတ်ဘုရားလှံသွားရှင်က ဒုဂိုဏ်းချုပ်နန်ကုန်းနဲ့ တကယ်ပဲ ပူးပေါင်းထားတာဖြစ်ရမယ်၊ မဟုတ်ရင် ငါ့တို့အစီအစဥ်ကို သူသိနေစရာအကြောင်းမရှိဘူး"

“အကြီးအကဲယန့်၊ တုန်းချီခရိုင်က အခု ပိတ်ဆို့ထားတာဆိုတော့ တစ္ဆေနတ်ဘုရားလှံသွားရှင်အနေနဲ့ အပြင်ကိုသယ်ထုတ်ဖို့က ခက်ပါလိမ့်မယ်။”

ဟယ့်ပန်ကျွင်းသည် စိတ်ကို တည်ငြိမ်အောင်ထားကာ ခွဲခြမ်းစိတ်ဖြာပြသည်။

“ဒါ့အပြင် တစ္ဆေနတ်ဘုရားလှံသွားရှင်က မင်းသမီးရှန်းယွမ်ရဲ့ ရုပ်အလောင်းကို တခြားယူသွားဖို့မဖြစ်နိုင်ပါဘူး၊ ကောလဟလကလည်း ဒီနယ်မြေအတွင်းလို့ပဲ ထွက်ခဲ့တာမဟုတ်လား။ ကျွန်မတို့လူတွေကို လျှို့ဝှက်ရှာခိုင်းမယ်ဆိုရင် သဲလွန်စတော့ ထွက်လာပါလိမ့်မယ်"

ယန့်ရွှမ်းတောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဘာမှမပြောဘဲနေလိုက်သည်။ မျက်လုံးများတွင် နောင်တတရားအပြည့်ဖြင့်။

သူသာ ဟယ့်ပန်ကျွင်းကိုအသိမပေးဘဲ ချိန်းဆိုထားသောနေရာကို လျှို့ဝှက်မပြောင်းလဲခဲ့လျှင် ဤသို့ ဖြစ်လာမည် မဟုတ်ပေ။

“ဒီကိစ္စကို ဂိုဏ်းချုပ်ဝမ်ဆီ အစီရင်ခံရမယ်”

ယန့်ရွှမ်းတောက်သည် ချာခနဲလှည့်ထွက်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

——

လီနန်ခယ့်သည် ဝေဝါးနေသည့်ကြားမှ နိုးထလာသောအခါ သူသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ဇနီးဖြစ်သူ လော့ချန်းချိုးလည်း ဘေးတွင်အတူရှိသည်ကို တွေ့လိုက်ရ၏။

အမျိုးသမီးသည် သူ့ခေါင်းကို ဆေးပတ်တီးများဖြင့် ပတ်စည်းပေးနေသည်။

လက်များကိုလည်း ပတ်တီးစည်းထားသေး၏။

ခင်ပွန်းဖြစ်သူကို နိုးလာသည်ကိုမြင်သော် လော့ချန်းချိုးက စိုးရိမ်တကြီးကိုင်းကြည့်လာသည်။

“ယောက်ျား၊ အခုဘယ်လိုနေလဲ"

လီနန်ခယ့်သည် မျက်တောင်ခတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ နားထင်ကိုပွတ်ရင်း မေးလိုက်သည်။

“ကိုယ်ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

လော့ချန်းချိုးက ပြန်ပြောပြသည်။

“ကျွန်မ ဆေးမြစ်သွားရှာပြီးပြန်လာတော့ ယောက်ျားက ခြံထဲကရေတွင်းနံဘေးမှာ လဲနေခဲ့တာလေ၊ နဖူးမှာလည်း ဒဏ်ရာနဲ့။ ယောက်ျား ဓားလေ့ကျင့်တာ အရမ်းပင်ပန်းသွားလို့ မြေပြင်နဲ့ခေါင်းဆောင့်မိပြီး သတိမေ့သွားတာလား"

သတိမေ့သွားတာလား။

လီနန်ခယ့်သည် သူ့နဖူးသူကိုင်ကြည့်ရာ အမှန်ပင် ပြင်းထန်စွာနာကျင်နေခဲ့၏။

ရုတ်တရက် ဝေဝါးပြီး အပိုင်းအစမျှသာရှိသော မှတ်ဉာဏ်တစ်ခု သူ့ခေါင်းထဲတွင် ရိပ်ခနဲဖြတ်ပြေးသွားကာ သူအမြန်ထထိုင်ပြီး မေးလိုက်မိသည်။

“ဟိုမိန်းကလေး ဘယ်မှာလဲ”

သို့သော် ဇနီးသည်ကသူ့ကို ဇဝေဇဝါသာပြန်ကြည့်လာ၏။

“ဘယ်မိန်းကလေးလဲ”

လီနန်ခယ့်သည် မည်သို့ရှင်းပြရမှန်းမသိသဖြင့် လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်သည်။

“အဲ… အရမ်းလှတဲ့တစ်ယောက်လေ။ အသက်သိပ်မကြီးသေးဘူး၊ သူဌေးသမီးလေးနဲ့ တူတယ်။ ခုနလေးတင် ကိုယ်တို့အိမ်ကိုသူရောက်နေတာ၊ နောက်တော့ ဘာဆက်ဖြစ်လဲ ကိုယ်လည်းမမှတ်မိတော့ဘူး"

စကားအဆုံးတွင် လေသံမှာ အပြစ်ရှိနေဟန်ဖြင့် သူ့အလိုလိုတိမ်ဝင်သွားလျက်။

မှတ်ဉာဏ်လား အိပ်မက်လား။

သေချာပေါက် အိပ်မက်ပဲဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် သူက အဲ့ဒီလောက်အထိ ရိုင်းစိုင်းယုတ်မာတဲ့သူ မဟုတ်ပါဘူး။

လော့ချန်းချိုး၏ လှပသောမျက်လုံးများက အမျိုးသားကို ခေတ္တမှှစိုက်ကြည့်နေပြီးနောက် အသေအချာ ပြန်လည်ပြောပြလာသည်။

“ကျွန်မတော့ ရောက်ကတည်းက ယောက်ျား မြေပြင်ပေါ်မှာ တစ်‌ယောက်တည်းသတိမေ့နေတာပဲ မြင်တယ်၊ တခြားဘယ်သူမှ မတွေ့ပါဘူး။ ယောက်ျား ထင်ယောင်ထင်မှားများဖြစ်နေသလား"

“တခြားသူ မရှိဘူးလား”

လီနန်ခယ့်မှာ နောက်ထပ်တစ်ကြိမ် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။

ဇနီးဖြစ်သူမှ ငြိမ်ငြိမ်နေဖို့တားမြစ်နေသည်ကိုပင် ဂရုမစိုက်ဘဲ ဖိနပ်မစီးဘာမစီး အခန်းထဲမှပြေးထွက်လာခဲ့မိသည်။ အမှန်ပင် ခြံဝင်းထဲတွင် ဘယ်သူမှမရှိ။

လီနန်ခယ့်သည် လူသူကင်းမဲ့သော ခြံဝင်းကိုကြည့်ကာ အတွေးများထဲ နစ်ဝင်နေမိသည်။

သူ့ဘာသာ ထွက်သွားတာများလား၊ ငါ့ဘာသာ စိတ်ခြောက်ချားပြီး မဟုတ်တာတွေလျှောက်မြင်နေတာလား။

ဒီတိုင်း လေထဲအငွေ့ပျံသွားတာတော့ မဖြစ်နိုင်လောက်ပါဘူးနော်။

“မဖြစ်နိုင်ပါဘူးနော်”

All Chapters