← Chapters

ဉာဏ်ကောင်းသောဇနီးသည်

Vol. 11 Ch. 106

ဉာဏ်ကောင်းသောဇနီးသည်

Vol. 11 Ch. 106

လီနန်ခယ့်သည် အလုံးစုံရှုပ်ထွေးနေသောစိတ်အစဥ်ဖြင့် ရေကန်ဘေးတွင်ထိုင်နေခဲ့သည်။

ငန်းမမကြီးကိုပင် ပွတ်သပ်ချော့မြူရန် စိတ်မပါတော့ပေ။

လက်တွေ့ဘဝမှာဖြစ်စေ၊ အိပ်မက်ထဲမှာဖြစ်စေ လွန်ခဲ့သောနှစ်ရက်အတွင်း ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့သဖြင့် သူ၏ဦးခေါင်းမှာ နောက်ကျိရှုပ်ထွေးနေပြီဖြစ်သည်။

ဤအတိုင်းသာ ဆက်သွားပါက သူတကယ် ရူးသွပ်သွားလိမ့်မည်ဟု ခံစားနေရသည်။

မူလကပင် ပုံပန်းမကျ ထူးဆန်းလှသော ဤကမ္ဘာကြီးမှာ သူ၏အမြင်တွင် ပို၍ပင် ပုံမှန်မဟုတ်တော့ပေ။ စမ်းတဝါးဝါးနိုင်လှသော အခြေအနေတွင် ဘာကအစစ်၊ ဘာကအတုဆိုသည်ကိုပင် သူ မခွဲခြားနိုင်တော့ဘဲ ဖြစ်နေရသည်။ အထူးသဖြင့် မကြာမကြာပေါ်လာတတ်သော ထင်ယောင်ထင်မှားမြင်ကွင်းများကြောင့်။

“လိပ်ဆရာကြီးရေ လိပ်ဆရာကြီး ပြောစမ်းပါဦး၊ မင်းကကော အစစ်ပဲလား”

လီနန်ခယ့်သည် ဘေးတွင် အေးအေးချမ်းချမ်းလဲလျောင်းနေသော လိပ်ဆရာကြီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

“မင်းကိုသာ စွပ်ပြုတ်ချက်သောက်လိုက်ရင် ငါလည်းအားပြည့်ပြီး စိတ်ပုံမှန်ပြန်ဖြစ်သွားမယ်ထင်တယ်"

လိပ်ဆရာကြီးက ခေါင်းကို အခွံထဲသို့ ပြန်သွင်းသွားသည်။

သို့တိုင် ဘေးမကင်းသေးဟု ခံစားရ၍လားမသိ၊ ရေကန်အစွန်းသို့ တဖြည်းဖြည်း လျှောက်သွားပြီး ရေထဲသို့ ငုပ်လျှိုးသွားတော့သည်။

“တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?”

လီနန်ခယ့်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့နဖူးသူ တရစပ်ပြန်ထုနေမိသည်။ စိတ်ထိန်းနေသည့်ကြားကပင် ထိုငန်းသူခိုးအမျိုးသမီးကို အလိုအလျောက် ပြန်လည်မြင်ယောင်လာပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ လှပချောမွေ့သောခန္ဓာကိုယ်ကို သတိရသွားပြန်လေသည်။

ရင်းနှီးနေသော အပူလှိုင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်အနှံ့ တစ်ဖန်ပြန်လည် စီးဆင်းသွားပြန်၏။

လီနန်ခယ့်သည် စိတ်အေးသွားစေရန် ရေကန်ဆီအမြန်သွားကာ မျက်နှာကို ရေအေးအေးဖြင့်ပက်လိုက်သည်။

ထို့နောက် ရေကန်မျက်နှာပြင်ကို ကြောင်ငေးစိုက်ကြည့်နေမိခဲ့၏။

အေးမြလင်းချင်းသော လရောင်သည် ရေကန်ပေါ်တွင် တောက်ပစွာထင်ဟပ်လျက်။

သို့သော် ဘာကြောင့်မှန်းမသိ၊ လီနန်ခယ့်၏အမြင်တွင် ထိုလမင်းမှာ သွေးအိုင်ထဲမှ ဆယ်ယူထားသကဲ့သို့ သွေးရောင်လွှမ်းကာ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုအား ထင်ဟပ်နေစေလေသည်။

သူ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ကောင်းကင်ယံရှိ လမင်းစင်စစ်မှာမူ ဆီးနှင်းကဲ့သို့ ဖြူဖွေးသန့်စင်လျက် မြင့်မားစွာ စံမြန်းတည်ရှိနေမြဲပင်။

လီနန်ခယ့်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အကြောက်လွန်ကာ ပျာယာခတ်သွားသော သူ့ပုံစံသူ ရယ်ချင်လာကာ မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးလိုက်မိသည်။

“ဟိဟိ”

ရယ်မောခြင်းက ပိတ်ဆို့နေသော စိတ်အာရုံကို လွှတ်ထုတ်ပေးနိုင်သည် မဟုတ်ပါလား။

နေစမ်းပါဦး

ငါ့ရယ်သံက ဘာလို့ ဒီလောက်နှာဘူးဆန်နေရတာလဲ

လီနန်ခယ့်မျက်နှာပေါ်မှ အပြုံးမှာ တောင့်ခဲသွားပြီး တစ်ကိုယ်လုံးတွင် ချွေးစေးများ စိမ့်ထွက်လာတော့သည်။

အောက်ဘက်သို့ အမှတ်မထင် ငုံ့ကြည့်လိုက်ရာ လရောင်အောက်ရှိ ရေကန်မျက်နှာပြင်တွင် သေလူကဲ့သို့ ဖြူဖျော့နေသော အမျိုးသမီးတစ်ဦး၏မျက်နှာက ထင်ဟပ်နေလေသည်။

လီနန်ခယ့်က သူ့ပါးသူပြန်ရိုက်လိုက်သည်။

ရေထဲက အမျိုးသမီးကလည်း သူ့မျက်နှာသူ ပြန်ရိုက်ပြသည်။

လီနန်ခယ့် လက်ယမ်းပြသည်။

ထိုအမျိုးသမီးကလည်း လက်ပြန်ယမ်းပြသည်။

“ဘာတွေလဲဟ”

လီနန်ခယ့်မှာ ခေါင်းတစ်ခေါင်းလုံးထူပူသွားပြီး ထိုအမျိုးသမီး၏ဆံပင်ကို ဆွဲကာ တရစပ်ထိုးနှက်တော့သည်။

ခွပ် ခွပ်

တစ်ချက်ပြီး နောက်တစ်ချက်။

ထိုအချိန်တွင် လိန်ရှင်းနန်နှင့် လော့ချန်းချိုးတို့သည် အနှိပ်ခန်းမှ ပြိုင်တူထွက်လာကြသည်။

ခြံဝင်းထဲမှ အုတ်အော်‌သောင်းနင်းမြင်ကွင်းကို မြင်လိုက်ရသောအခါ အမျိုးသမီးနှစ်ဦးစလုံး မှင်တက်သွားကြသည်။

“ဟို… ကျွန်မယောက်ျားက ဒီလိုကိုယ်လက်လေ့ကျင့်ခန်းတွေလည်း ဝါသနာပါတတ်လို့လေ”

လော့ချန်းချိုးက ဘာမှမတတ်နိုင်သလိုပြုံးလျက် လိန်ရှင်းနန်ကို ရှင်းပြလိုက်သည်။

ချက်ချင်းပင် သူမက လီနန်ခယ့်ကို သတိပေးသလို လှမ်းခေါ်လိုက်သည်။

“ယောက်ျား၊ အစ်မလိန် ပြန်တော့မလို့တဲ့”

ဇနီးသည်၏ နူးညံ့သာယာသောအသံကြောင့် စိတ်ဖောက်ပြန်နေသော လီနန်ခယ့် သတိပြန်ဝင်လာသည်။

ထို့နောက် အောက်သို့တစ်ဖန်ငုံ့ကြည့်လိုက်ရာ သူအဆက်မပြတ်ထိုးနှက်နေသည်မှာ လိပ်ဆရာကြီး၏ခေါင်းသားဖြစ်ကြောင်း သိလိုက်ရ၏။

ဘေးနားရှိ ငန်းမမကြီး၏ မျက်လုံးများမှာ နီရဲနေလေပြီ။

လီနန်ခယ့်သည် ပါးစပ်အဟောင်းသားဖြင့် ပယ်ပယ်နယ်နယ် အရိုက်ခံထားရသော လိပ်ဆရာကြီးကို ကြည့်လိုက်သည်။ ထို့နောက် ဇနီးသည်၏ အပြစ်တင်ငြူစူချင်ဟန် အမူအရာနှင့် ဘာကြောင့်မှန်းမသိ ဝမ်းနည်းနေပုံရသော လိန်ရှင်းနန်တို့ကို ပြန်ကြည့်ကာ ထိုနေရာတွင် ကြောင်တောင်တောင်နှင့်ရပ်နေမိသည်။

"ကျွန်မပြန်တော့မယ်။ နှစ်ယောက်ကိုဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး"

လိန်ရှင်းနန်သည် ထိုအမျိုးသားကို လည်ပြန်ပင်ထပ်မကြည့်တော့ဘဲ လော့ချန်းချိုးကို ယဥ်ကျေးသမှု ပြုံးလျက်နှုတ်ဆက်ကာ ခြံဝင်းငယ်လေးထဲမှ ထွက်ခွာလာခဲ့တော့လေသည်။

“လိန်—”

လီနန်ခယ့်သည် လွှတ်ခနဲလှမ်းခေါ်လိုက်မည်အပြု စကားလုံးက နှုတ်ခမ်းဖျားရောက်မှ ပြန်မျိုချလိုက်ရသည်။

လော့ချန်းချိုးသည် ရေကန်အစွန်းဆီသို့ လျှောက်လာသည်။ သူမဝတ်ဆင်ထားသည့် ရိုးရှင်းသော အဖြူရောင်ဝတ်စုံမှာ လရောင်အောက်တွင် နတ်သမီးတစ်ပါး နတ်သက်ကြွေဆင်းသက်လာသည့်အလား တောက်ပစင်ကြယ်လျက်။

သူမသည် အမျိုးသား၏နံဘေးတွင် ငုံ့ထိုင်လိုက်ပြီး ထိုသူ၏မျက်နှာပေါ်မှ ရေစက်များကို သုတ်ပေးရင်း ကလေးဆိုးတစ်ဦးကို ဆိုဆုံးမသကဲ့သို့ ပြောလာသည်။

“ကြည့်ပါဦး၊ အဝတ်အစားတွေလည်း စိုကုန်ပြီ။ လိပ်ဆရာကြီးက ရှင့်ကို ဘာတွေများစိတ်အနှောင့်အယှက်ပေးလို့ အမြဲတမ်း သူ့ကို အငြှိုးထားနေရတာလဲ"

လီနန်ခယ့်သည် ဘာမှမပြောဘဲ ကျောက်တုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေမိသည်။

“မဟုတ်မှ ရှင်ခိုးနားထောင်ခဲ့တာလား"

ခင်ပွန်းဖြစ်သူ၏ မလုံမလဲအမူအရာကြောင့် လော့ချန်းချိုးမျက်မှောင်ကြုတ်သွားသည်။

လီနန်ခယ့်မှာ ရီဝေနေဆဲဦးနှောက်နှင့် ဇနီးသည်ဘာကြောင့်စိတ်ဆိုးသွားမှန်းမသိ၊ ဘာတွေဖြစ်လို့ဖြစ်နေမှန်း စဥ်းစားမရဘဲ ကြောင်တောင်တောင်သာပြန်ကြည့်နေသည်။

လော့ချန်းချိုးက မျက်လုံးများကို အောက်စိုက်ချလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

“ရှင်နဲ့အစ်မလိန်ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ အခုလောလောဆယ်မှာ ကျွန်မက ရှင့်ရဲ့ တရားဝင်ဇနီးဖြစ်နေတဲ့အတွက် သူကျွန်မရှေ့မှာတော့ ဒီလိုလက်လွတ်စပယ် စကားမဆိုသင့်ဘူး"

"သူ့ပင်ကိုစရိုက်က ဒီလိုပဲပွင့်လင်းတတ်တာ ကျွန်မသိပါတယ်၊ မကောင်းတဲ့ရည်ရွယ်ချက်လည်း မရှိတာသိတယ်။ ဒီလိုဆိုတော့လည်း ကျွန်မရဲ့သတိပေးချက်တွေ နည်းနည်းများပြင်းထန်သွားမလား မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဇနီးတစ်ယောက်လုံးရှိနေတာကို သူလျစ်လျူရှုမထားသင့်တာတော့ အမှန်ပဲလေ"

လီနန်ခယ့်မှာ ပို၍ပင် နားမလည်ဖြစ်လာသည်။

“မင်းဘာတွေပြောနေတာလဲ?”

ထိုအချိန်တွင်မှ လော့ချန်းချိုးလည်း သူမအတွေးလွန်ပြီး အထင်လွဲခဲ့မိကြောင်းနားလည်သွားသည်။ အနည်းငယ် ရှက်ရွံ့သွားဟန်ရှိကာ ဆံနွယ်တစ်စုကို နားနောက်သို့သပ်တင်လိုက်ရင်း တိုးညင်းစွာဆို၏။

“ဘာမှမဟုတ်ပါဘူး။ ရှင်ကျွန်မကြောင့်များ စိတ်မကြည်မလင်ဖြစ်နေသလားလို့ပါ"

“ဪ အဲ့ဒါက…”

လီနန်ခယ့်သည် ဖြစ်စဥ်ကို ဘယ်လိုရှင်းပြရမလဲ မသိသဖြင့် ဆင်ခြေတစ်ခုသာ အလွယ်ပေးလိုက်သည်။

"အရိပ်နက်တပ်ဖွဲ့က ဟိုတပ်မှူး ကိုယ့်ကိုပြဿနာထပ်လာရှာမှာ စိုးရိမ်နေတာပါ၊ တခြားမဟုတ်ပါဘူး"

“ဪ အဲ့ဒါကြောင့်ကိုး”

လော့ချန်းချိုးသည် ခေတ္တမျှစဥ်းစားလိုက်ပြီး အင်္ကျီအိတ်ထဲမှ ကြွေပုလင်း အမည်းလေးတစ်လုံးကို ထုတ်ယူကာ အသံသာသာလေးနှင့် ဆိုလေ၏။

“တကယ်လို့ ပြဿနာထပ်ရှာခံရမှာကြောက်တယ်ဆိုရင် သူ့ကို တိတ်တိတ်လေး အဆိပ်ခတ်သတ်လိုက်ရင် မပြီးဘူးလား။ ဒီထဲမှာ ကိုးခါလှည့်အူပြတ်ဆေး ရှိတယ်။ တစ်လုံးတည်းနဲ့တင် သူ့အတွက်လုံလောက်ပါတယ်။ ကျင့်စဥ်အဆင့် ဘယ်လောက်ပဲမြင့်နေပါစေ၊ ဒီအဆိပ်ကိုတော့ ခုခံနိုင်မှာမဟုတ်ဘူး”

“အဟွတ် အဟွတ်"

လီနန်ခယ့်မှာ နားထောင်ရင်း တံတွေးထသီးတော့သည်။

သူ၏ အမြဲတစေ သိက္ခာဂုဏ်အင်အပြည့်နှင့် နူးညံ့ကြင်နာတတ်သော ဇနီးအလိမ္မာအား သူအထူးတဆန်းကြည့်လိုက်မိ၏။

ကြယ်စင်လေးများ သိုထည့်ထားသကဲ့သို့ အရည်လဲ့တောက်ပနေသော မျက်လုံးတစ်စုံမှာ တည်ကြည်စင်ကြယ်မြဲ။ သူမပြောလိုက်သည့်စကား၏ အနက်အဓိပ္ပာယ်ကို သူမကိုယ်တိုင်ပင် နားမလည်သည့်အလား။

ဇနီးသည်မှာ လူတွေကို မကျေနပ်တိုင်း အဆိပ်ခတ်သတ်ခဲ့သူပေလားဟုပင် လီနန်ခယ့် အတွေးဝင်မိလိုက်သည်။

“မိန်းမရာ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ အဲ့လူကတကယ်ပဲ အဆင့်အတန်းမြင့်တဲ့သူ။ သူသေသွားမှ တကယ့်ပြဿနာကစမှာ"

လီနန်ခယ့်က သူမကို အလျင်အမြန် ဖျောင်းဖျလိုက်ရသည်။

ဆေးပညာကျွမ်းကျင်သူတွေကို လုံးဝ ရန်သွားမစသင့်။

လော့ချန်းချိုးက တည်ငြိမ်စွာပင် ဖြေရှင်းနည်းပေးလေသည်။

“စိတ်မပူပါနဲ့ ယောက်ျားရယ်၊ ကျွန်မမှာ အတွေ့အကြုံရှိပါတယ်။ တကယ်လို့များ မိသွားခဲ့ရင်လည်း ကျွန်မတို့နှစ်ယောက် အတူထွက်ပြေးလို့ရတာပဲ"

ထိုစကားအဆုံးတွင် လီနန်ခယ့်မှာ အကြားအာရုံထုံထိုင်းသွားသလိုပင် ခံစားလိုက်ရတော့၏။

ဆိုလိုတာက သူမ တကယ်ပဲ လူသတ်ဖူးတာပေါ့။

ဇနီးဖြစ်သူ စိတ်နည်းနည်းကြွလာဟန်ကိုမြင်သဖြင့် လီနန်ခယ့် သူမ၏အင်္ကျီလက်စကိုအသာဆွဲကာ ဆိုရသည်။

“မိန်းမ စိတ်အေးအေးထားပါ။ ဂုဏ်သရေရှိတပ်မှူးတစ်ယောက် အဆိပ်မိသေသွားတဲ့အမှုက ဖြေရှင်းဖို့အဲ့လောက်လွယ်ပါ့မလား။ နန်းတော်က ဒီအတိုင်းလွှတ်ထားမယ်ထင်လား။ ကိုယ်တို့တစ်ခုခုလုပ်ချင်ရင် အစီအစဥ်ကို ဖြည်းဖြည်းချင်းဆွဲရမှာပေါ့။ မင်းယောက်ျားကဒီလောက်တော်တာ၊ လူကို ဒီလိုနည်းနဲ့သတ်ပါ့မလား"

လော့ချန်းချိုးက ခေါင်းငုံ့ကာ ဝေခွဲမရဖြစ်ဟန်ဖြင့် တိတ်ဆိတ်သွားသည်။

နောက်တစ်ခဏတွင် သူမသည် ပုလင်းအဖုံးကို ရုတ်တရက်ဖွင့်လိုက်ပြီး အဆိပ်ကို မျိုချလိုက်တော့လေသည်။

“ဟေ့"

လီနန်ခယ့် မှင်တက်သွားသည်။ လူမသတ်ခိုင်းရုံနဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရတာလဲ။

သူမလက်ထဲမှ ဆေးပုလင်းကို အမြန်လုယူလိုက်သော်လည်း အမျိုးသမီး၏ လည်ချောင်း ဆတ်ခနဲလှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။ သူမ ဆေးလုံးကို မျိုချလိုက်ပြီဖြစ်သည်။

လီနန်ခယ့် ခပ်ပျာပျာဖြင့် ပုလင်းဝကိုအနံ့ခံကြည့်ကာ ကြည်လင်လတ်ဆတ်သော ပန်းရနံ့မှလွဲ၍ တခြားအနံ့မရှိပါပေ။

အမျိုးသမီး၏ မျက်လုံးထောင့်မှ ကျီစယ်နောက်ပြောင်ရိပ်ကလေးကို မြင်လိုက်ရမှ လီနန်ခယ့်တစ်ယောက် အကြီးအကျယ်အနောက်ခံနေရမှန်း သိသွားတော့လေသည်။ သူ စိတ်အနှောင့်အယှက်ဖြစ်စွာ ဆိုမိ၏။

“မိန်းမက သရုပ်ဆောင်တော့တကယ်ကောင်းတာပဲ။ ကိုယ်ဖြင့် မင်းတကယ်လူသတ်တော့မယ်ထင်နေတာ"

"ရှင် စိတ်မကြည်မလင်ဖြစ်နေတာမြင်လို့ နည်းနည်းနောက်လိုက်ရုံပါ"

ထိုအမျိုးသမီးသည် သူမ၏ ပုံမှန် အေးဆေးနူးညံ့သောအမူအရာနှင့် လုံးဝကွဲပြားသော ချွဲနွဲ့စနောက်လိုရိပ်ကို ထုတ်ပြလာပြီး ကျေနပ်စွာပြုံးနေလေသည်။

“ရှင့်စိတ်ထဲမှာ ကျွန်မကို အဲ့လိုသွေးအေးတဲ့နတ်ဆိုးတစ်ယောက်လို ထင်နေတုန်းလား"

“အယ် ကိုယ်လုံးဝမထင်ပါဘူး"

ဖြေပုံကိုကြည့်ရုံဖြင့် လိမ်နေမှန်းသိသာလှသည်ပင်။

လော့ချန်းချိုးသည် ဖြူစင်နုနယ်သော လက်ချောင်းလေးများဖြင့် ဝတ်ရုံစကို အသာအယာပွတ်သပ်ရင်း ခပ်တွေတွေဆိုလာ၏။

“ယောက်ျား ဘာတွေတွေးပူနေလဲဆိုတာ ကျွန်မ အနည်းအကျဉ်းတော့ ခန့်မှန်းလို့ရပါတယ်။ ကျွန်မဖုံးကွယ်ထားတဲ့ ကိစ္စတချို့ရှိနေတာ မှန်ပေမဲ့ အဲ့ဒါတွေက ရှင့်အတွက်ဆိုးကျိုးဖြစ်စေမှာ မဟုတ်ပါဘူး"

လေထုမှာ တမုဟုတ်ချင်း တိတ်ဆိတ်သွားတော့သည်။

လျှို့ဝှက်သိုသိပ်သော ဇနီးသည်ထံမှ ပထမဆုံးအကြိမ် ပွင့်လင်းရိုးသားသော ဝန်ခံစကားကြောင့် လီနန်ခယ့်မှာ ဘာကြောင့်ရယ်မသိ အပြစ်ရှိသလိုခံစားလိုက်ရသည်။

အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ၏လက်ကို အသာအယာဆွဲယူပြီး သူမ၏ပါးပြင်ပေါ်သို့ တင်လိုက်သည်။ သူမဘက်က ပထမဆုံးအကြိမ် စတင်လာသော ထိတွေ့နီးကပ်မှုဆိုလည်းမမှား။

နူးညံ့ပြီး သံယောဇဉ်ကြီးလှသည်။

လီနန်ခယ့်၏ အကြည့်များမှာလည်း တဖြည်းဖြည်း နူးညံ့သက်ဝင်လာတော့သည်။

လော့ချန်းချိုး၏ လှပသောမျက်လုံးများ ဆတ်ခနဲလှုပ်ရှားသွားပြီး လည်တိုင်လေးကို ဟန်ပါပါမော့လိုက်ရာတွင် ပါးနပ်ထက်မြက်သော ဉာဏ်ပညာအရိပ်အယောင်များက မျက်လုံးတွင် ခပ်ပါးပါးထင်ဟပ်လာခဲ့၏။

“ယောက်ျား၊ ရှင်က သားကောင်ဖြစ်ချင်တာလား အမဲလိုက်သမားဖြစ်ချင်တာလား"

ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းမျှသာဖြစ်သော်ငြား လီနန်ခယ့်ကို ဝုန်းခနဲထရပ်မိသွားစေသည်။

မျက်စိရှေ့မှ သူ့ဇနီးကို သူစိမ်းတရံဆံအမျိုးသမီးတစ်ယောက်လို သူစိုက်ကြည့်နေမိ၏။

နူးညံ့အေးဆေးသော ထိုပုံရိပ်မှာ သူ့ကိုကြက်သီးဖြန်းဖြန်းထသည်အထိ ကြောက်လန့်မိစေလေသည်။

“ကိုယ်ပင်ပန်းနေပြီ၊ အိပ်တော့မယ်”

ဤသည်မှာ ဇနီးမောင်နှံနှစ်ဦးကြား ပထမဆုံးအကြိမ် တရားဝင်ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ကောင်းဖြစ်နိုင်သည်။ လီနန်ခယ့်မှာတော့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသဖြင့် ယာယီဆုတ်ခွာရန်သာ ရွေးချယ်လိုက်တော့သည်။

ခင်ပွန်းဖြစ်သူ ကသောကမျော ထွက်ပြေးသွားသည်ကို ကြည့်ပြီး လော့ချန်းချိုး အနည်းငယ်စိတ်ပျက်သွားမိသည်။

“ဉာဏ်ကောင်းတဲ့ မိန်းမတွေက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ”

ထို့နောက် ငန်းမမကြီးဘက်သို့လှည့်ကာ အေးစက်စွာ မေးလိုက်သည်။

“ဒီနေ့ ငါ့ယောက်ျား ဘာတွေဖြစ်ခဲ့တာလဲ”

ငန်းမမကြီးမှာ ဘာမှမသိသော ငန်းစစ်စစ်တစ်ကောင်အလား ကြောင်တက်တက်သာပြန်ကြည့်နေလေသည်။

လိပ်ဆရာကြီးကတော့ ကျောက်တုံးကြီးတစ်ခုအောက်မှ စုတ်ပြဲနေသော အမျိုးသမီးဝတ်စုံအပိုင်းအစတချို့ကို ကိုက်ထုတ်လာပြီး မြေပြင်ပေါ်သို့ တင်ပေးလာသည်။

ဝတ်စုံပေါ်ရှိ ထင်ရှားသော သွေးစွန်းကွက်များကို ကြည့်ပြီး လော့ချန်းချိုးသည် အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ဒီလူတော့ တကယ်ပဲပြဿနာကြီးရှာမိပြီထင်တယ်။ သွားကြည့်စမ်းပါဦး အဲ့မိန်းကလေး ရှိသေးလားလို့"

All Chapters