ယုန်မလေးမုန့် ဒုက္ခတွေ့လေပြီ
Vol. 11 Ch. 107
နောက်တစ်နေ့ နံနက်စောစောတွင် လီနန်ခယ့်သည် ညကင်းလှည့်ဌာနဆီသို့ ထွက်ခွာလာခဲ့သည်။
သူသည် သင်္ချိုင်းလူသားများ၊ မိစ္ဆာများနှင့် အခြားအလားတူ ဖြစ်ရပ်ဆန်းများနှင့် ပက်သက်သောအမှုတွဲများအကြောင်း ဖတ်ရှုလေ့လာလိုသောကြောင့် ဌာနမော်ကွန်းတိုက်ကိုသွားမွှေဖို့ စီစဥ်ထားသည်။
ရေကန်သခင်မနှင့်ပက်သက်သော သဲလွန်စတစ်စုံတစ်ရာ ရလိုရငြားဟု မျှော်လင့်မိသည်ပင်။
သို့သော် ဌာနဆီအရောက်တွင် ခြံဝင်းတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်နေသည်နှင့်သာ ကြုံရလေသည်။
အစောင့်ရဲမက်ကို မေးမြန်းကြည့်ရာ လိန်ရှင်းနန်သည် ယနေ့နံနက်စောစောတွင် ဆိုင်ယွင် ဆိုင်ယွဲ့တို့ကိုခေါ်ပြီး မိုးနီရေသေတ္တာကိုရှာရန် တောင်ပေါ်သို့ထွက်ခွာသွားကြောင်း သိရ၏။
ယုန်မလေးမုန့်တစ်ယောက်သာ အိပ်ရာမှမထသေးဘဲ အိပ်ပုတ်လို့ကောင်းဆဲပင်။
လီနန်ခယ့်သည် သူသိမ်းထားသောမိုးနီခဲများကို သူတို့ဆီသာ အပ်နှံလိုက်သင့်သလားဟု တွေးတောရင်း အနည်းငယ် စိတ်မသက်မသာဖြစ်မိသော်လည်း ထိုပစ္စည်းသည် သူ့အတွက် တစ်ချိန်ချိန်မှာ အသုံးဝင်လာလိမ့်မည်ဟု ခံစားမိနေသောကြောင့် ပေးဖို့ရာလည်း ဝန်လေးမိပြန်သေးသည်ပင်။
“ထားလိုက်ပါတော့၊ သူတို့ဘာသာသူတို့ ဆက်ရှာပါစေ”
လီနန်ခယ့်သည် အပြစ်ရှိစိတ်ကို မေ့ဖျောက်လိုက်ပြီး လာရင်းရည်ရွယ်ချက်အတိုင်း အမှုတွဲများကို စစ်ဆေးရန် မော်ကွန်းတိုက်ထဲသို့ တိုးဝင်သွားတော့၏။
တုံးချီခရိုင်ရှိ ညကင်းလှည့်ဌာနရုံးခန်းမှာ ယာယီရုံးခန်းမျှသာဖြစ်သဖြင့် မော်ကွန်းတိုက်တွင် သိမ်းဆည်းထားသော ဖိုင်တွဲများမှာ များများစားစားတော့မရှိလှ။ စုစုပေါင်းမှ အမှုတွဲ ၃၀ခန့်သာရှိပြီး အများစုမှာလည်း ပြီးစီးပြည့်စုံခြင်းမရှိလှသေး။
သို့သော်လည်း လီနန်ခယ့်သည် မင်ရွှယ်အာနှင့် ပတ်သက်သော မိုးနီဖြစ်ရပ်အမှုတွဲအား ရှာတွေ့နိုင်ခဲ့လေသည်။
၎င်းမှာ ချန်မင်နှင်ချန်ယွီ ဘုန်းကြီးနှစ်ပါး ပြန်လည်ပြောပြခဲ့သည့်ဖြစ်ရပ်နှင့် အတော်လေးဆင်တူသည်ပင်။
ထိုစဉ်က သင်္ချိုင်းလူသားတစ်ဦးဖြစ်သော မင်ရွှယ်အာကို ဘယ်သူမှသတိမထားမိလိုက်ပဲ စီစဥ်ထားသည့်အတိုင်း လက်ဆက်ထိမ်းမြားပေးခဲ့ရာ လမ်းခုလတ်တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
မင်ရွှယ်အာကို ပြန်လည်ရှင်သန်လာအောင် လုပ်ခဲ့သူမှာ သူမ၏ ကိုးနှစ်အရွယ်မောင်ငယ်လေး ဖြစ်သည်။
ထိုကောင်လေးသည် မိုးနီရေသန့်များပါဝင်သော ပုလင်းတစ်လုံးကို တိုက်တိုက်ဆိုင်ဆိုင် ကောက်ရခဲ့သည်။ ကောင်လေးသည် စပ်စုလိုစိတ်ဖြင့် ၎င်းကို သောက်သုံးခဲ့ရာမှ အစ်မဖြစ်သူကို အိပ်မက်မက်ကာ အသက်သွင်းမိခဲ့ခြင်းပင်။
“တကယ်လို့ ဒါကအမှန်ဆိုရင် ငါ့ဘေးမှာပေါ်လာတဲ့ ထူးဆန်းတဲ့အရာတွေက မိုးနီရေသန့်ကို သောက်သုံးမိခဲ့ကြတဲ့သူတွေပေါ့"
လီနန်ခယ့်သည် အတွေးထဲနစ်ဝင်သွားသည်။
မသန့်စင်သော အရောအနှောပါဝင်သော မိုးနီကို သောက်သုံးမိခဲ့သည့် အခြားသူများမှာမူ ညကင်းလှည့်ဌာန၏ မှတ်တမ်းမှတ်ရာများနှင့် လုံးဝကိုက်ညီနေပြီး ဘာမှထူးခြားမှုမရှိပေ။
ဥပမာအားဖြင့် မိစ္ဆာအဘိုးချင်။
ဥပမာအားဖြင့် သင်္ချိုင်းလူသား ဟယ်ချင်းယွီ။
တိမ်တိုက်မြို့တော်မှနတ်ဆိုးနှင့် သင်္ချိုင်းလူသား မင်ရွှယ်အာ၊ ထိုနှစ်ဦးကတော့ သန့်စင်မိုးနီရေကြောင့် အသွင်ပြောင်းသွားခဲ့သူနှင့် အသက်ဝင်လာခဲ့သူ နှစ်ဦးဖြစ်သည်။
တစ်ဦးက တက်တူးအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်၏ စွမ်းအင်အရင်းအမြစ်ဖြစ်လာသည်။
တစ်ဦးက သူ၏ မိုးနီအိပ်မက်ကမ္ဘာထဲတွင် မဆီမဆိုင်ပေါ်လာခဲ့သည်။
ဤထူးဆန်းမှုအားလုံး၏ အရင်းအမြစ်မှာ သန့်စင်သောမိုးနီရေသာ ဖြစ်ပေမည်။
“ပျောက်ကွယ်သွားတဲ့ သင်္ချိုင်းလူသားတွေနဲ့ သူတို့သတ်လိုက်တဲ့ လူတွေအားလုံးဟာ ငါ့ရဲ့ မိုးနီအိပ်မက်ကမ္ဘာထဲမှာ မိစ္ဆာတွေ ထူးဆန်းတဲ့သတ္တဝါတွေအဖြစ် ပြန်ပေါ်လာကြတယ်"
လီနန်ခယ့်သည် သူ့လက်ဖဝါးပေါ်မှ အမာရွတ်ကိုကြည့်ကာ စဉ်းစားနေမိသည်။
“မဟုတ်ဘူး၊ အဲ့ဒါက မိုးနီအိပ်မက်ကမ္ဘာ မဖြစ်နိုင်ဘူး။ တခြားကမ္ဘာတစ်ခု ဖြစ်ရမယ်”
တစ်နည်းအားဖြင့် ဆိုရလျှင် သူ့အိပ်မက်ထဲမှာ မင်္ဂလာခန်းမဟောင်းလေးသည် တခြားကမ္ဘာတစ်ခုဆီသို့ ဦးတည်သော လမ်းကြောင်းတစ်ခုဖြစ်ပေမည်။
လောလောဆယ်တွင် ထိုထူးဆန်းသောကမ္ဘာထဲ၌ အခြား ဘာတွေရှိနေသေးသလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့သော်လည်း ထိုနေရာတွင် ခေါင်းပြတ်သတို့သမီးနှင့် ရေကန်သခင်မ နှစ်ဦးတည်းသာရှိလိမ့်မည်ဟု လီနန်ခယ့်မထင်။
ဖြစ်နိုင်သည်မှာ ပို၍ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများ ရှိနေဦးမည် ဖြစ်သည်။
ထိုမိစ္ဆာများ၏ လက်တွေ့ဘဝမှ နာမည်ရင်းများကို ရှာတွေ့နိုင်မှသာ သူတို့ကို ကိုင်တွယ်အနိုင်ယူနိုင်ပေလိမ့်မည်။
လီနန်ခယ့်သည် မော်ကွန်းတိုက်ထဲမှ အမှုတွဲများကို တစ်ဖန်ပြန်လှန်ကြည့်ရာ သင်္ချိုင်းလူသားမင်ရွှယ်အာ အမှုမှလွဲ၍ မိုးနီနှင့်ပတ်သက်သော အခြားအမှုအားလုံးတွင် သန့်စင်သောမိုးနီရေ မပါဝင်ကြောင်း တွေ့လိုက်ရသည်။
သူအတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။
သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် ဤသည်က ယုတ္တိတန်ပါပေသည်။
ယခုအခါ နန်းတော်၏ ပြင်းထန်သောစုံစမ်းစစ်ဆေးမှုနှင့် တင်းကျပ်သော တားမြစ်သိမ်းဆည်းမှုများကြောင့် သန့်စင်သောမိုးနီရေမှာ အလွန်ရှားပါးလှပြီး များသောအားဖြင့် အခြားဆေးဖက်ဝင်ပစ္စည်းများနှင့် ရောစပ်ထားသောမိုးနီရေကိုသာ ရှာလို့ရနိုင်ပေမည်။
“ဟူး… လောလောဆယ်တော့ အဲ့ဒီရေကန်သခင်မရဲ့နာမည်ရင်းကို ရှာတွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးလောက်ဘူး"
လီနန်ခယ့် သက်ပြင်းချလိုက်သည်။
အမှုတွဲများကို စနစ်တကျပြန်စီပေးပြီး လီနန်ခယ့် မော်ကွန်းတိုက်ထဲမှ ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် ယုန်မလေးမုန့်က အိပ်ရာမှထကာ မျက်နှာသစ်ပြီးသွားပြီဖြစ်၏။
ထိုမိန်းကလေးငယ်မှာ အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ပြီး သူမ၏ ပြည့်ဖြိုးသောခါးလေးမှာ လှပသောကောက်ကြောင်လေးကို ပုံဖော်လို့ထား၏။ မျက်နှာကိုရေဖြင့်ပက်ရက် ရှေ့သို့ငုံ့လိုက်စဉ်တွင် အဖြူရောင် ညအိပ်ဝတ်စုံလေးအောက်မှ ပြည့်ဖြိုးသောတောင်ကုန်းတောင်တန်းလေးများမှာ ကြည့်မဝသော ရှုခင်းသာတစ်ခုနှယ်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော လီနန်ခယ့်မှာ သူမကိုမစဘဲမနေနိုင်တော့။
“သံမဏိနဲ့ ကောကန်းတို့ကိုတောင် အသုံးမကျလှချည့်ထင်နေတာ၊ အခုကြည့်တော့ ညကင်းလှည့်ဌာနမှာ မင်းက အပျင်းဆုံး အသက်သာဆုံးပဲ။ စားပြီးရင်အိပ်၊ အိပ်ပြီးရင်စား မင်းထက်ပိုသာယာတာမရှိတော့ဘူး"
မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက ဆောင့်ဆောင့်အောင့်အောင့် မျက်စောင်းထိုးလိုက်သည်။
“ကျွန်မလည်း စောစောထချင်တာပေါ့၊ ဒါပေမဲ့ အိပ်ရာနဲ့စောင်က မထသေးနဲ့ဦးဆိုလို့"
လီနန်ခယ့်သည် သူမနောက်မှ အခန်းထဲသို့ လိုက်ဝင်သွားသည်။
မိန်းကလေးက သစ်သားဘီးကို ကောက်ကိုင်လိုက်သည်ကို မြင်သောအခါ သူအနားသို့ လျှောက်သွားလိုက်သည်။
"ကူပေးရဦးမလား"
“တကယ်လုပ်ပေးမှာလား"
ယုန်မလေးသည် လီနန်ခယ့်ကို သူစိမ်းတစ်ယောက်လို သဘောထားမနေတော့ဘဲ သစ်သားဘီးကို သူ၏လက်ထဲသို့ ကြည်ကြည်ဖြူဖြူ ထည့်ပေးလိုက်သည်။ ထို့နောက် အစောင့်ရဲမက်ဝယ်လာပေးသော ပူပူနွေးနွေး အသီးအရွက်ပေါက်စီလေးစားကာ အေးအေးလူလူထိုင်နေတော့လေသည်။
လီနန်ခယ့်သည် မိန်းကလေး၏ နူးညံ့သောဆံနွယ်ရှည်များကို အသာအယာဖြီးသင်ပေးရင်း မေးလိုက်သည်။
“မင်းအရင် မိုးနီအမှုတွေကို ကိုင်တွယ်တုန်းက ရွှေငွေရတနာတွေ တစ်ကိုယ်လုံးဆင်မြန်းထားတဲ့ အမျိုးသမီးသင်္ချိုင်းလူသားမျိုးနဲ့ ကြုံဖူးလား”
“ဘာတွေပြောနေတာလဲ”
ယုန်မလေးမုန့်က ကြောင်တောင်တောင်ပြန်မေးသည်။
လီနန်ခယ့်လည်း မည်သို့ပုံဖော်ပြရမည် မသိသဖြင့် ခေတ္တစဥ်းစားနေလိုက်ပြီးမှ ဆိုသည်။
“ရွှေထည်ငွေထည် လက်ဝတ်ရတနာတွေ အများကြီးဝတ်ထားတဲ့ အမျိုးသမီးသင်္ချိုင်းလူသားတစ်ယောက်လေ"
“မတွေ့ဖူးပါဘူး”
ယုန်မလေးက ပေါက်စီစားနေရင်း ဗလုံးဗထွေးခေါင်းခါပြသည်။
လီနန်ခယ့် စိတ်ဓာတ်ကျသွားသော်လည်း နဂိုကတည်းက အများကြီးမမျှော်လင့်ခဲ့သောကြောင့် ပေါ့ပေါ့ပါးပါးပင် စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။
“မင်းအမြဲတမ်းကိုင်တွယ်နေရတဲ့ မိုးနီအမှုတွေထဲမှာ သန့်စင်မိုးနီရေပါတဲ့အမှု ဘယ်လောက်လောက်ရှိဖူးသလဲ"
မိန်းကလေးက ထူးဆန်းသလို ပြန်မေးသည်။
“ဘာလို့ ရုတ်တရက်ကြီး ဒါတွေကို မေးနေရတာလဲ”
လီနန်ခယ့်က ပြန်ဖြေသည်။
“ငါလည်း မကြာခင် ညကင်းလှည့်ဌာနရဲ့ တရားဝင်အဖွဲ့ဝင် ဖြစ်လာတော့မှာဆိုတော့ ဟိုစပ်စပ်ဒီစပ်စပ် သိထားချင်လို့လေ"
ယုန်မလေးမုန့်လည်း သံသယထားမနေဘဲ ပါးစပ်ထဲမှအစားအစာများကိုမျိုချကာ သေချာပြန်ဖြေပေးလိုက်သည်။
“ဒီနောက်ပိုင်းတော့ သန့်စင်တဲ့မိုးနီရေပါတဲ့အမှုတွေ တော်တော်လေးနည်းသွားပါပြီ။ မိုးနီဖြစ်ရပ် စဖြစ်ခါစတုန်းကတော့ အများကြီးရှိခဲ့တာပေါ့။"
"ဒါပေမဲ့ အရေအတွက်အတိအကျကိုတော့ ကျွန်မ မသိဘူး။ ကျွန်မ ညကင်းလှည့်ဌာနကိုရောက်တာ သုံးနှစ်ပဲရှိသေးတယ်၊ အစ်မလိန်နောက်ကိုလိုက်ရင်းနဲ့ အမှုပေါင်း ၃၀ကျော်လောက်ပဲ ကြုံဖူးသေးတာ။ အဲ့ဒီထဲကမှ သုံးမှုပဲ သန့်စင်တဲ့မိုးနီနဲ့ သက်ဆိုင်ခဲ့တာလေ"
“အဲ့ဒီထဲမှာ ထူးထူးခြားခြားဖြစ်ရပ်မျိုးတွေ ရှိဖူးလား”
လီနန်ခယ့်က ထပ်မေးလိုက်သည်။
“မိုးနီအမှုမှန်သမျှက ထူးဆန်းတာချည်းပါပဲ”
ယုန်မလေးမုန့်က မထူးဆန်းသလိုသာ ဆိုသည်။
“ငါဆိုလိုတာက ပုံမှန်နားလည်ထားနိုင်တာထက် ကျော်လွန်နေတဲ့ ထူးဆန်းမှုမျိုး ရှိဖူးလားလို့"
လီနန်ခယ့် ခေတ္တမျှစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်းမေးလိုက်သည်။
“ဥပမာအားဖြင့် ညကင်းလှည့်ဌာနရဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ မကိုက်ညီတဲ့ အမှုမျိုးတွေပေါ့”
“အဲ့ဒါမျိုးတော့ ရှိခဲ့တာပေါ့”
ယုန်မလေးမုန့်က ကိုယ်ကိုအနည်းငယ်မတ်လိုက်ကာ ပြောပြလာသည်။
“မိုးနီဖြစ်ရပ် စတင်ဖြစ်ပွားခဲ့တာ အနှစ်၂၀လောက်ပဲ ရှိသေးတာဆိုတော့ အမှုတော်တော်များများက မှတ်တမ်းတင်ပြီး ခွဲခြမ်းစိတ်ဖြာနေရတုန်းပဲ။ တကယ်လို့ မကိုက်ညီတာတွေရှိရင် ပြင်သင့်တာကို ပြင်ရတာပေါ့။"
"အရမ်း ထူးဆန်းလွန်းတာတွေကိုတော့ မှတ်တမ်းအရင်တင်ထားပြီး သဲလွန်စတွေပိုရလာပြီးနောက်မှ ခွဲခြမ်းစိတ်ဖြာကြတာ"
“မင်းကြုံဖူးတဲ့ထဲ ဘာတွေရှိလဲ"
လီနန်ခယ့်၏ စပ်စုလိုစိတ်မှာ နိုးကြားလာသည်။
ယုန်မလေးမုန့်က မျက်မှောင်ကြုတ်ကာစဥ်းစားရင်း ပြောပြလာသည်။
“အသွင်ပြောင်းချိန်က တခြားသူတွေထက် အများကြီးပိုကြာတဲ့ မိစ္ဆာတစ်ကောင်နဲ့ကြုံဖူးတယ်။ သုံးလအပြည့်တောင် ကြာတာ။ ဒါတင်မကသေးဘူး၊ အဲ့ဒီသုံးလအတွင်းမှာ သူက သူ့ရဲ့ပုံစံကို စိတ်ကြိုက် ပြောင်းလဲနိုင်သေးတယ်။ ဒါပေမဲ့ သုံးလကျော်သွားတဲ့အခါမှာတော့ သူစိတ်ဖောက်ပြန်သွားတော့တာပဲ”
“သူက သန့်စင်တဲ့မိုးနီရေကို သောက်ခဲ့တာလား"
လီနန်ခယ့်၏ မျက်လုံးများ လက်ခနဲဖြစ်သွားသည်။
ယုန်မလေးမုန့်က ခေါင်းခါပြသည်။
“အဲ့ဒီအထိ ကျွန်မ မသိဘူး။ အဲ့ဒီအမှုကို နဂါးပြာဌာနကလူတွေက ကြားဖြတ်ကိုင်တွယ်သွားတာ၊ အဲ့ဒီနောက်မှာ နန်းမြို့တော်ညကင်းလှည့်ဌာနကလူတွေ ရောက်လာပြီး အမှုတွဲကို ချိတ်ပိတ်သွားလို့ ကျွန်မတို့ ကြည့်ခွင့်မရတော့ဘူး”
ယုန်မလေးမုန့်၏ တိကျသောအဖြေကို ကြားလိုက်ရသောအခါ လီနန်ခယ့်သည် ညကင်းလှည့်ဌာနမှာ သူထင်ထားသည်ထက် လျှို့ဝှက်ချက်များ ပိုမိုသိုသိပ်ထားနိုင်ကြောင်း တဖြည်းဖြည်း သိမြင်လာသည်။
ပြင်ပလူများ မသိနိုင်သော လျှို့ဝှက်ချက်များစွာ သူတို့ထဲရှိနေပေဦးမည်။
လီနန်ခယ့်သည် အတွေးများကို ဘေးဖယ်ထားလိုက်ပြီး မိန်းကလေး၏ဆံပင်ကို သေချာလေး စတင်ဖြီးသင်ပေးသည်။
သို့သော် သူအာရုံစိုက်နေစဉ်တွင် မိန်းကလေး၏ အင်္ကျီကော်လာမှာ အနည်းငယ်ဟနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ အပေါ်မှငုံ့ကြည့်လိုက်သော မြင်ကွင်းအရ အဖြူရောင် ပိုးသားအတွင်းခံ အင်္ကျီလေးကြားမှ လျှံထွက်နေသော အလှတရားများကို ရှင်းလင်းစွာ မြင်နေရသည်ပင်။
လီနန်ခယ့်၏ အသက်ရှူသံများမှာ မြန်ဆန်ပြင်းထန်လာခဲ့သည်။
ထို ရွံရှာဖွယ်ကောင်းပြီး ရင်းနှီးနေသော အပူလှိုင်းနှင့် စိတ်မငြိမ်မသက်ဖြစ်မှုမှာ သူ၏ခန္ဓာကိုယ်ထဲသို့ တစ်ကျော့ပြန် စီးဝင်လာပြန်သည်။
သူတစ်ခါမှ မကြုံဖူးသော ခံစားချက်မျိုးပင်။
သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ သာမန်အမျိုးသားများထက် ပိုမိုခိုင်မာကြောင်း သူသိထားသည်။ အမျိုးသမီးတစ်ဦး၏ အချို့သော လျှို့ဝှက်အစိတ်အပိုင်းများကို မြင်မိရုံမျှဖြင့် ယုတ်ညံ့သောအတွေးများ ရုတ်တရက်ဝင်လာမည့်သူမျိုး မဟုတ်ပေ။
သို့သော် ရေကန်သခင်မထံမှ မြှူဆွယ်ခံလိုက်ရပြီးနောက်ပိုင်း သူပုံမှန်မဟုတ်တော့သလို ခံစားလာရသည်။
လီနန်ခယ့်သည် အကြည့်ကို အတင်းလွှဲရန် ကြိုးစားသော်လည်း သူ၏ မျက်လုံးများမှာ ထိုမြင်ကွင်းတွင်ပင် ကပ်ငြိနေပြီး ခွာ၍မရသကဲ့သို့ ဖြစ်နေသည်။
သူ့မျက်လုံးများထဲတွင် နီရဲသော သွေးကြောအမျှင်တန်းများ ထင်ပေါ်လာသည်။
ထိုအမျှင်များမှာ ပိုးကောင်တစ်ကောင်၏ အာရုံခံအမျှင်တန်းများကဲ့သို့ တဆတ်ဆတ် တွန့်လိမ်လှုပ်ရှားနေကြသည်။
ထို့နောက် ယုန်မလေးမုန့်ဝတ်ဆင်ထားသော အဝတ်အစားများမှာ တစ်စတစ်စကြည်လင်ကာ ဖောက်ထွင်းမြင်ရတော့မတတ် ဖြစ်လာလေသည်။
မိန်းကလေး၏ နက်မှောင်သောဆံနွယ်များကို စုကိုင်ထားသည့်လက်မှာ သူမ၏ နုနယ်ပြီး နှင်းကဲ့သို့ဖြူစင်သော လည်တိုင်လေးဆီသို့ တဖြည်းဖြည်း လျှောကျသွားသည်။
မျက်နှာဝိုင်းဝိုင်းနှင့် ပေါက်စီစားနေသောမိန်းမငယ်မှာတော့ ဘာကိုမှ မသိနားမလည်သေးရှာ။