ချန်းမင်၏လျှို့ဝှက်ချက်
Vol. 11 Ch. 108
တဒိန်းဒိန်းနှင့် အသက်ဝင်လာသော နာကျင်မှု။
ရူးသွပ်မွန်းကျပ်မှု။
အကြမ်းဖက်ရမ်းကားလိုမှူ။
လီနန်ခယ့်သည် သူ့ခန္ဓာကိုယ်ထဲမှ ငရဲမီးကဲ့သို့လှိုက်တက်လာသော လောင်ကျွမ်းမှုကို ခံစားလိုက်ရ၏။
ဆဲလ်တစ်ခုချင်းစီတိုင်းမှာ အရည်ပျော်ကာ ချော်ရည်များအဖြစ် သူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်စီးဆင်းကုန်ကြသကဲ့သို့။
မနားမနေလှိုက်တတ်လာသော ခံစားချက်များကို ငြိမ်သက်စေဖို့ လီနန်ခယ့် အားကုန်ကြိုးစားဖိနှိပ်ပါသော်ငြား ရင်းနှီးနေသောပုံရိပ်များက သူ့အမြင်တွင် ထပ်ခါထပ်ခါ လှုပ်ရှားပေါ်လွင်လာကြသည်။
သူသည် အခန်းတစ်ခုထဲပိတ်မိနေပြီး ထိုအခန်းမှာ လိုင်းဖမ်းမရသည့် ရုပ်မြင်သံကြားတီဗီတစ်ခုနှယ် တုန်ခါနေခဲ့၏။ ပုံရိပ်များမှာ လိမ်ကောက်နေလျက်က အဖြူအမည်းပြောင်းသွားကုန်ကြသလို လိုင်းပြတ်တောက်ကာ ရောင်စုံအစင်းကြားများပေါ်လာတတ်ပြန်သည်။
တဖြည်းဖြည်းနှင့် သူ့ဘေးပတ်လည်က အရာအားလုံးမှာ အနီရောင်ဖြင့်ဖုံးလွှမ်းခံလိုက်ရတော့၏။
အခန်း၏နံရံများမှာ အလျှံတငြီးငြီးမီးတောက်များဖြင့် လောင်ကျွမ်းခံထားရသည့်အလား ပြာမှုန်များအဖြစ်ပြောင်းလဲကာ တဖွားဖွားကွာကျလာကုန်ကြသည်။
စားပွဲကုလားထိုင်များမှာလည်း မီးကျွမ်းလောင်ကာ မီးသွေးတုံးများအဖြစ် ပြောင်းလဲကုန်သည်။
ကြီးမားသော အနီရောင်အင်းဆက်ကောင်ကြီးများက အခန်းထောင့်များတွင်ဖွဲ့တည်ထားသော အသိုက်များတွင်းမှ တွားထွက်လာကုန်ကြသည်။
"ဘယ်ရောက်နေပြန်ပြီလဲ"
လီနန်ခယ့်၏ခေါင်းမှာ ပြင်းစွာထိုးကိုက်နေပြီး မူးဝေမှုန်ဝါးနေသည့်ကြားမှ မျက်စိရှေ့တွင် အရောင်စုံ ပြိုးပြိုးပြက်ပြက်ပုံရိပ်များ ပေါ်လာကာ သူ၏အမြင်အာရုံကို ဆက်တိုက် ညှို့ယူဖမ်းစားနေသည်။
နားရွက်နားကပ်ကာ အဆက်မပြတ် တီးတိုးပြောနေသောအသံတစ်သံလည်း ရှိနေသေး၏။
ထိုတီးတိုးသံက သူ့ကို အလွန်အမင်း မသက်မသာဖြစ်စေလှသည်။
လီနန်ခယ့် ခေါင်းကြည်သွားအောင် ခပ်ပြင်းပြင်းခါထုတ်လိုက်စဥ် အဖြူရောင်အလင်းလုံးကြီးတစ်ခုရွေ့လျားလာသည်အား မြင်လိုက်ရ၏။
ထိုအလင်းထဲတွင် သေနတ်တစ်လက် လွင့်မျောလိုက်ပါလာသည်။
သူ့ထံသို့ တွန့်လိမ်တိုးဝင်လာသော အင်းဆက်ကောင်ကြီးများကိုမြင်သော် လီနန်ခယ့် ဘာမှဆက်မတွေးနိုင်တော့ဘဲ သေနတ်ကိုလှမ်းယူလိုက်တော့သည်။
သို့သော် မူးဝေချင်စရာ ပြိုးပြိုးပြက်ပြက်မြင်ကွင်းများက သူ့ကို ဆက်တိုက်ဝင်ရောက်နှောင့်ယှက်နေသဖြင့် သူ့လက်က နေရာမှန်ကိုမရောက်နိုင်ပေ။
ဂွမ်းစကဲ့သို့ ဖမ်းဆုပ်မရသော တိမ်တိုက်များကြား ခြေလွတ်လက်လွတ်ပြုတ်ကျသွားရသည့် ခံစားချက်မျိုးပင်။
နောက်ဆုံးတော့ မလျှော့သောဇွဲကြောင့် ထိုသေနတ်ကို သူအမိဖမ်းယူလိုက်နိုင်သည်။
သို့သော် စိတ်အေးမည်မှမကျန်သေး လက်ထဲမှသေနတ်သည် သွေးရောင်ရဲရဲနီသောအင်းဆက်ကောင်အဖြစ် ပြောင်းလဲသွားပြန်ပြီး ဖြဲပြလာသောပါးစပ်ကြားတွင် သောင်းချီသော သွားချွန်ချွန်သေးသေးလေးများကို အပြည့်အသိပ်မြင်လိုက်ရ၏။
ရှူး
ထိုအင်းဆက်ကြီးက ပါးစပ်ကိုအပြည့်ဖြဲကာ သူ့ဆီခုန်ဝင်လာသည်။
လီနန်ခယ့် ထိတ်လန့်တကြားဖြင့် နောက်သို့ခုန်ဆုတ်လိုက်မိသည်။
ခေါင်းတစ်ခုလုံးမှာလည်း မူးဝေနောက်ကျိလျက်။
သို့သော် နောက်တစ်စက္ကန့်အကြာတွင် သူ့ဘေးပတ်လည်ရှိမြင်ကွင်းမှာ ရုတ်တရတ်ဆန်ဆန် ပြောင်းလဲသွားပြန်လေသည်။
ရွံရှာကြောက်လန့်ဖွယ် အင်းဆက်ကောင်ကြီးများနှင့် မီးသွေးတုံးအလား စားပွဲကုလားထိုင်များ၊ ပြာမှုန်အဖြစ် ပြောင်းလဲလွင့်ကွာနေကြသော နံရံများ၊ လက်ထဲရှိ လူသားစားအင်းဆက်အနီကောင်နှင့် စိတ်ရှုပ်စရာတီးတိုးသံများ အရာအားလုံး လွင့်ပြယ်ပျောက်ကွယ်သွားကြလေပြီ။
ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်ဆိတ်သုဥ်းသွားခဲ့၏။
ဘေးပတ်ပတ်လည်သို့ ကြည့်မိသော် ယုန်မလေးမုန့်၏အိပ်ဆောင်ထဲသို့ ပြန်လည်ရောက်ရှိနေလေပြီ။
အရာအားလုံးမှာ ဘာတစ်ခုမှဖြစ်ပျက်မသွားသလို ပုံမှန်အတိုင်းသာ။
အရှေ့မှမိန်းမငယ်လေးမှာလည်း မွှေးကြိုင်သော အသီးအရွက်ပေါက်စီကို မြိန်ရည်ရှက်ရည်စားနေဆဲဖြစ်၏။
သူကတော့ မိန်းကလေး၏ ရနံ့သင်းသောဆံနွယ်များကို လက်တစ်ဖက်ဖြင့်စုကိုင်ထားပြီး တစ်ဖက်က သစ်သားဘီးတစ်ချောင်းကိုကိုင်လျက် ရပ်နေလေသည်။
တိတ်ဆိတ်ငြိမ်သက်စွာ၊
အေးချမ်းသာယာစွာဖြင့်။
"ဘာဖြစ်လို့လဲ"
အနောက်မှအမျိုးသား၏ ပုံမှန်မဟုတ်သောမျက်နှာထားကို ကြေးမုံထဲတွင်မြင်လိုက်ရ၍ထင့်၊ ယုန်မလေးမုန့်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ထုတ်မေးလာသည်။
လီနန်ခယ့် အခိုက်အတန့်မျှကြောင်အသွားသော်ငြား အပြုံးတစ်ခုကို အချိန်မီညှစ်ထုတ်လိုက်နိုင်သည်။
"ဘာမှမဖြစ်ပါဘူး"
"ညက အိပ်ရေးမဝခဲ့ဘူးလား"
ယုန်မလေးမုန့်က စိုးရိမ်တကြီးပြောလာသည်။
"ရှင်နဲ့အစ်မလိန်တို့နှစ်ယောက်စလုံး အခုတလော တော်တော်လေးထူးဆန်းနေကြသလိုပဲ။ မနေ့ညက အစ်မလိန်လည်း အူကြောင်ကြောင်နဲ့ပြန်ရောက်လာတာ၊ ကြည့်ရတာ ခုရက်ပိုင်း နှစ်ယောက်လုံးအလုပ်တွေပိကုန်ကြပြီထင်တယ်။ ဒီလိုနဲ့ ကျန်းမာရေးထိကုန်ကြတော့မှာပဲ"
မိန်းကလေး၏စကားများကြောင့် မနေ့ည အိမ်ကမပြန်ခင် လိန်ရှင်းနန်၏အမူအရာကို သူပြန်တွေးမိသွားသည်။
အမှန်ပင် တစ်မျိုးတော့ဖြစ်နေသည်သာ။
နှစ်ယောက်သား အခုနောက်ပိုင်း ပိုမိုရင်းနှီးလာသလိုရှိပြီးမှ တစ်ဖန်ပြန်လည်ဝေးကွာစပြုလာတာကိုလည်း သူခံစားမိသည်။
ထိုဝေးကွာမှုကြောင့် လီနန်ခယ့်လည်း မတွေးတတ်စွာ စိတ်ရှုပ်စပြုလာရသည်။
အမျိုးသမီးတွေက စိတ်ခံစားချက် အတော်မတည်ငြိမ်တတ်တာပဲ ဟုသာ သူကောက်ချက်ချနိုင်တော့သည်။
မကြာမီပင် လီနန်ခယ့် ယုန်မလေးမုန့်ကို ဆံပင်ပြင်ပေးလို့ပြီးသွားသည်။
မိန်းကလေးက နှစ်ဖက်ချည်ဆံပင်ပုံလေးကို ကြေးမုံဆီတွင် အနီးကပ်ကြည့်ရှုလိုက်သည်။
အရင်ဆံပင်ပုံစံနှင့်မတူဘဲ ယခု နှစ်ဖက်ချည် မြင်းမြီးဆံပင်စုလေးက ချိုမြိန်၍ ဉာဏ်များတတ်သောဟန်ပန်လေးဖြင့် ရှေ့ဆံပင်လေးလည်း ခပ်ပါးပါးချထားသေးသောကြောင့် သူမ၏ ချစ်စဖွယ်သဘာဝကိုလည်း မပျောက်ပျက်စေရ။
"အင်း မဆိုးပါဘူး"
ယုန်မလေးမုန့်မှာ ကျေနပ်အားရစွာဖြင့် အိပ်ကပ်ထဲမှမုန်လာဥနီတစ်လုံးထုတ်ကာ လီနန်ခယ့်လက်မောင်းများကြား ထိုးထည့်ပေးလိုက်ပြီး ရက်ရောမှုကိုပြသလေသည်။
"အရင်တစ်ခေါက်က ရှင်ကလိုက်ကျွေးထားတာဆိုတော့ ဒီတစ်ခေါက် ကျွန်မကပြန်ကျွေးရမှာပေါ့။ ဆံပင်လှလို့ ဆုရတယ်မှတ်လိုက်"
"ဒါဖြင့် ဆုလာဘ်အတွက်ကျေးဇူးအထူးပါ မမလေးယုန်"
လီနန်ခယ့် လက်ယှက်ကာ ပြုံးလျက်ဦးညွှတ်လိုက်သည်။
ယုန်မလေးမုန့်က ရင်ဘတ်ကို အားရပါးရပုတ်ပြီး တသိမ့်သိမ့်တုန်စေလျက် ဆို၏။
"ကျွန်မကအမြဲ အဲ့လိုရက်ရောတတ်တဲ့သူပါနော်။ အခုကစပြီး ကျွန်မတို့ကမိသားစုဝင်တွေပဲဆိုတော့ ငွေရေးကြေးရေးကစလို့ ကောင်းတူဆိုးဖက် မျှဝေခံစားကြတာပေါ့"
"ကောင်းပြီလေ၊ ဒါဆိုအခုကစပြီး ငါ့ငွေရေးကြေးရေးကိုမင်းစီစဥ်လိုက်။ အိမ်တွင်းပိုင်းကမင်းတာဝန် ကျန်တာငါ့တာဝန်ပေါ့"
လီနန်ခယ့်က ချက်ချင်းသဘောတူလိုက်သည်။
ယုန်မလေးမုန့်က ခေါင်းညိတ်လက်ခံတော့မည်အပြု ထိုစကား၏ဆိုလိုရင်းကိုသတိပြုမိသွားပြီး ပါးမို့မို့ဖြူဖြူလေးနှစ်ဖက် ရှက်သွေးဖြာ အနီရောင်သန်းကာ အသံချိုချိုလေးဖြင့် ကြမ်းမောင်းသည်။
"ကျွန်မကအိမ်တွင်းမှုကိုစီမံရမယ်ဆိုတာ ဘာသဘောလဲ၊ ကျွန်မကို ရှင့်မိန်းမများထင်နေသလား"
ထိုသို့ပြောပြီး အမျိုးသားကို တံခါးဝဆီသို့အတင်းတွန်းပို့လိုက်သည်။
"မြန်မြန်ထွက်စမ်းပါတော့၊ ကျွန်မအဝတ်လဲရဦးမယ်"
"နေပါဦး တစ်ခုမေးစရာရှိသေးတယ်"
လီနန်ခယ့်က တံခါးဘောင်ကို လက်မောင်းနှစ်ဖက်ဖြင့်ထောက်ထားလိုက်ပြီး စိတ်မရှည်လက်မရှည်ဖြစ်နေသောမိန်းကလေးကို အရေးကြီးမေးခွန်းတစ်ခုမေးလိုက်သည်။
"မင်းတို့စုဆောင်းရရှိတဲ့ မိုးနီတွေကို ဘာလုပ်လိုက်ကြတာလဲ"
ယုန်မလေးမုန့်က ချိုချိုသာသာ ဖြေပေးလာသည်။
"စုဆောင်းရရှိမိတဲ့မိုးနီတွေအားလုံးကို မှန်မှန်ကန်ကန်ပြန်လည်တင်ပြပေးရတယ်။ အဲ့ဒီအခါ အထက်ကနေ ရင်းမြစ်ကိုစုံစမ်းပြီး မိုးနီတွေကိုစုဆောင်းဖို့ လူလွှတ်လိုက်လိမ့်မယ်။ နောက်ဆုံးတော့ မြို့တော်ကိုပဲပို့လိုက်ပြီး အစမကျန်အောင် ဖျက်ဆီးပစ်လိုက်ကြတာပဲ"
"ဖျက်ဆီးလိုက်ကြတာလား"
"ဒါပေါ့ အဲ့လိုအန္တရာယ်များတဲ့ပစ္စည်းမျိုးက သေချာပေါက် ဖျက်ဆီးခံရသင့်တယ်"
မိန်းကလေးက မျက်လုံးဝိုင်းဝိုင်းလေးများကိုမှေးကျဥ်းလျက် ဆိုလေသည်။
"ဘာလို့ တွေ့တွေ့ချင်းမဖျက်ဆီးခိုင်းတာလဲ"
"မပြောတတ်ဘူး၊ ကြားတဲ့တစ်ယောက်ယောက်က ဖြတ်သိမ်းထားလိုက်တာမျိုးဖြစ်မှာစိုးလို့နေမှာပေါ့။ အရင်ကလည်းအဲ့လိုတွေ ဖြစ်ဖူးတယ်လေ"
လီနန်ခယ့် ငြိမ်ကျသွားသည်။
သူမပြောသည့်အတိုင်းသာ မှန်မည်ဆိုလျှင် မိုးနီအပေါ် တော်ဝင်နန်းတော်၏သဘောထားမှာ လုံးဝရှင်းလင်းနေသည်။ ဆန့်ကျင်ဖျက်ဆီးခြင်းသာပင်။
သို့သော် ပြဿနာတစ်ခုရှိသည်မှာ ထိုမိုးနီ တကယ်ဖျက်ဆီးခံလိုက်ရသလားဆိုတာ မည်သူမှမသိနိုင်။
လီနန်ခယ့်လည်း ဘာကိုမှ အလျင်စလို ကောက်ချက်မချရဲ။
နောက်ဆုံးတော့ သူ့လက်ရှိရာထူးအဆင့်အတန်းမှာ ဒီ့ထက်မြင့်မားရှင်းလင်းစွာမြင်နိုင်ဖို့ အခွင့်အရေးမပေးသေးချေ။
အနာဂတ်တွင် ကျင်လည်ကျက်စားရင်း အတွင်းကျကျနေရာယူနိုင်မှသာ အဖြစ်မှန်ကို စူးစမ်းလေ့လာနိုင်ပေတော့မည်။
"ဘာလို့ပိတ်ရပ်နေသေးတာလဲ၊ ထွက်တော့"
ထိုအမျိုးသား ကြောင်တောင်တောင်နှင့် အကြာကြီးရပ်နေသေးသည်ကိုမြင်သော် ယုန်မလေး အားသုံးကာ လူကိုတွန်းထုတ်လိုက်သည်။
တံခါးကို မြဲမြံစွာပိတ်ပြီး မိန်းကလေးသည် ပန်းရောင်လက်သီးလေးများကို တင်းတင်းဆုပ်ကာ တိုက်ခိုက်တော့မည်ဟန် ဝှေ့ယမ်းလိုက်သေးသည်။
"ချောင်းကြည့်ရဲကြည့်ကြည့်နော်၊ ခေါင်းကိုတူနဲ့ ကြေနေအောင်ထုပေးလိုက်မယ်"
"ချောင်းစရာလား"
အမျိုးသား၏တုံ့ပြန်သံက ဝေးလွင့်ပျောက်ကွယ်သွားခဲ့သည်။
ခြေသံများပါ တဖြည်းဖြည်းဝေးကွာသွားချိန်မှာ မိန်းကလေးလည်း စိတ်အေးလက်အေးနေနိုင်တော့၏။
ယုန်မလေးသည် ကိုယ်ပေါ်ကဝတ်စုံကိုချွတ်ကာ ဝတ်စုံသစ်ဝတ်တော့မည့်အခါမှ ရင်ဘတ်ပေါ်ရှိ အနီရောင်အမှတ်အသားအချို့ကို သတိပြုလိုက်မိသည်။ လက်တစ်ဖက်ဖြင့် ဆုပ်နယ်ညှစ်ကိုင်ခံထားရသည့်အလားပင်။
"ဟမ် ငါများအိပ်နေတုန်း မတော်တဆဖိမိလိုက်တာလား"
ယုန်မလေးမုန့် ခေါင်းရှုပ်ရှုပ်နှင့်တွေးမိသည်။
သူမ သေသေချာချာငုံ့ကြည့်သော်လည်း ထပ်စဥ်းစားမရသဖြင့် သီချင်းတညည်းညည်းဖြင့်သာ အဝတ်ဆက်လဲလိုက်တော့လေသည်။
...
ညကင်းလှည့်ဌာနမှ ထွက်ခွာလာပြီးနောက် လီနန်ခယ့် ရုံးတော်ကိုတောင်မဝင်ဘဲ အိမ်တန်းပြန်လာလိုက်သည်။
ရုံးတော်ဘက်သွားလျှင် ပြဿနာအရှာခံရမလား မပြောနိုင်သည်လေ။
လမ်းခုလတ်တွင် လီချန်ကျောင်းတော်မှ ဘုန်းကြီးချန်းမင်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ ထိုသူသည် မြေပြိုမှုကြောင့် ပျက်စီးနေသော ရွှံ့နှစ်လမ်းလေးပေါ်တွင် တစ်ဦးတည်း လမ်းလျှောက်နေခြင်း ပင်။
"ကိုယ်ရေးအရာရှိလီ"
ဘုန်းကြီးက တလေးတစားဦးညွှတ်လာသည်။
လီနန်ခယ့်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင်မေးလိုက်သည်။
"မြေပြိုတုန်းက ဘုရားကျောင်းမှာ ဘယ်သူမှထိခိုက်မသွားဘူးမလား"
ထိုအမေးကို ကြားလိုက်ရသောအခါ ချန်းမင်၏မျက်နှာပေါ်တွင် ကျေးဇူးတင်သောအမူအရာများ ပေါ်လာပြီး လက်အုပ်ချီလိုက်ကာ ဆိုလေသည်။
“ဒီဘေးကင်းမှုဟာ ကိုယ်ရေးအရာရှိလီရဲ သတိပေးချက်ကြောင့်ပါ။ ကျွန်တော့်နဲ့ ဆရာတူအစ်ကိုတို့ ဘုရားဖူးတွေနဲ့ ကျောင်းတော်ကလူတွေကို အချိန်မီ တခြားနေရာတွေဆီ ရွှေ့ပြောင်းပေးနိုင်ခဲ့လို့ ဘေးကင်းခဲ့တာပါ။"
"ကံမကောင်းတာကတော့ တံတိုင်းနံရံတချို့နဲ့ ပင်မခန်းဆောင်နဲ့ ရဟန်းတွေနေတဲ့အဆောင်တွေ ပျက်စီးသွားခဲ့တယ်။ အဲ့ဒါကြောင့် အခု ရုံးတော်ကိုသွားပြီး ဝန်မင်းရှန်ဆီကနေ သာသနာရုံးတော်ကတစ်ဆင့် ပြုပြင်စရိတ်တချို့ရနိုင်မလားဆိုတာ သွားမေးမလို့ပါ။”
"အားလုံးဘေးကင်းလို့ တော်သေးတာပေါ့"
လီနန်ခယ့်က သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။
"ကိုယ်တော်တကယ်ပဲ ကျေးဇူးတင်တယ်ဆိုရင် ကျွန်တော့်ကို ရွှေရောင်ဗောဓိသတ်ရုပ်ပွားတော်တစ်ဆူလောက် လုပ်ပေးလိုက်လေ၊ အဲ့ဒါကလည်း ကုသိုလ်ရတာပဲ မဟုတ်လား။”
"ဒါက...ဒါကတော့..."
ချန်းမင်မှာ ဘယ်လိုပြန်ဖြေရမည်မှန်းမသိစွာဖြင့် ရှက်ကိုးရှက်ကန်း စကားတွေထစ်ကုန်လေသည်။
လီနန်ခယ့် ရယ်လိုက်သည်။
"နောက်တာပါ၊ သွားစရာရှိတာဆက်သွားပါတော့"
"ဖြည်းဖြည်းသွားပါ ကိုယ်ရေးအရာရှိလီ"
ချန်းမင်လည်း ထိုအခါမှ သက်ပြင်းချနိုင်လိုက်ပြီး အလျင်အမြန် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လီနန်ခယ့် ထွက်ခွာသွားသည်ကိုကြည့်ရင်း ချန်းမင်သည် ရွှံ့နွံလမ်းကို သတိထားကျော်ဖြတ်ကာ ရုံးတော်ဘက်သို့ ဦးတည်သွားခဲ့သည်။
လမ်းကြားလေးတစ်ခုထဲသို့ ချိုးဝင်လိုက်ရာတွင် ဖြူစင်သွယ်လျသော လက်ကလေးတစ်ဖက်က သူ့ပုခုံးကို ရုတ်တရက်ပုတ်လိုက်သဖြင့် ချန်းမင်မှာ အလန့်လွန်ကာ ထအော်မိတော့မတတ်ဖြစ်သွားရ၏။
အနောက်သို့လှည့်ကြည့်သော် ဝါးခမောက်ဆောင်းထားသော ဝတ်စုံဖြူဝတ် အမျိုးသမီးတစ်ဦးကို တွေ့ရလေသည်။
ဒီတစ်ကြိမ်တွင်တော့ သူမနောက်ကျောတွင် ငွေရောင်လှံရှည်ပါမလာတော့၊ ထိုလက်နက်မှာ နျဲ့ယင်းလက်တွင် ကျန်ခဲ့ပြီဖြစ်၏။
"ဒကာမကြီး ဘာများအလိုရှိပါသလဲ"
ချန်းမင်က မသင်္ကာစွာ မေးလိုက်သည်။
"ကျွန်မကို မမှတ်မိဘူးလား"
အမျိုးသမီး၏ ဆွဲငင်အားပြင်းသော အသံသာသာတွင် လှောင်ပြောင်ရိပ်တချို့ ပါဝင်နေသည်။
ချန်းမင် ခေါင်းရှုပ်သွားသည်။
"ဒကာမကြီးက..."
ထိုစဥ် လေတစ်သုတ် တိုက်ခတ်သွားခဲ့၏။
အမျိုးသမီးဆောင်းထားသော ဝါးခမောက်၏အရှေ့တွင် ချိတ်ဆွဲထားသည့် ဇာပဝါပါးအဖြူမှာ လေနှင့်အတူလွင့်တက်ကာ မျက်နှာလှလှတစ်ခု ပေါ်လွင်လာခဲ့သည်။
အမျိုးသမီး၏ အပြုံးမျက်လုံးသည် နွေဦးပန်းပွင့်များအလား လန်းဆန်းနွေးထွေးပေ၏။
သို့သော် ချန်းမင်ကမူ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား မျက်နှာမှာ ချက်ချင်းပြာနှမ်းသွားပြီး ရွှံ့နွံထဲသို့ ပုံလျက်သား လဲကျသွားတော့သည်။
"မင်း...မင်း..."
အမျိုးသမီးက ငုံ့ကိုင်းလာပြီး အပြုံးတစ်ပွင့်ဖြင့်ဆိုသည်။
"ဘုန်းကြီးလေး၊ တပည့်တော်အတွက် တစ်ခုလောက်သိမ်းထားပေးပါဦးလား"