← Chapters

ဒီအစ်မကြီးက အေးတိအေးစက်နိုင်လိုက်တာ။

Vol. 11 Ch. 109

ဒီအစ်မကြီးက အေးတိအေးစက်နိုင်လိုက်တာ။

Vol. 11 Ch. 109

သူပဲ ကံနိမ့်လွန်းနေ၍လားမသိ။ ဘုန်းကြီးချန်းမင်နှင့်နှုတ်ဆက်ပြီး ဆက်လျှောက်လာစဥ် သိပ်မဝေးသောနေရာတွင် နောက်ထပ်အသိတစ်ယောက်နှင့် ထပ်တိုးပြန်လေသည်။

မျက်နှာချင်းဆိုင်ချင်စိတ်ကိုမရှိသည့် အသိမိတ်ဆွေမျိုးဟု ဆိုရမလားမသိပေ။

အမျိုးသမီးက လက်ပိုက်ကာ နံရံတွင်ကျောမှီလျက်ရပ်နေသည့်ဟန်မှာ တစ်ယောက်ယောက်အလာကို တမင်စောင့်နေပုံပေါ်သည်။

ကျောထက်တွင် သေတ္တာရှည်တစ်လုံးကို လွယ်ထားသေးသည်။

အနက်ရောင် ကိုယ်ကျပ်ဝတ်စုံမှာ သူမ၏ကောက်ကြောင်းအလှကို အထင်းသားပေါ်လွင်စေပြီး အချိုးအစားပြေပြစ်သော ခြေတံရှည်များမှာ တင်းကျပ်သောခြေအိတ်ကြောင့် ကြွက်သားများပင် မြင်သာလျက်ရှိသည်။ နူးညံ့သေးသွယ်သော ခါးကျဥ်ကျဥ်သည်ပင် သန်မာကျစ်လျစ်မှုတွင်တော့ လျော့မနေခဲ့ပါပေ။

ရင့်ကျက်၍ ဂုဏ်သရေရှိသောအငွေ့အသက်တွင် လူငယ်ဆန်ဆန် ဖျတ်လတ်တက်ကြွမှုလေးလည်း ပါဝင်နေသေး၏။

ရင့်ကျက်သန်မာသော အမျိုးသမီးတစ်ဦးတွင် ငယ်ရွယ်နုပျိုမှုလေးစွက်နေသေးသည့်ဟန်မှာ အတော်လေးထူးခြားသော ခံစားချက်ကို ပေးစွမ်းလေသည်။

ဆံပင်ကို မြင်းမြီးပုံစံ ခပ်မြင့်မြင့်စည်းနှောင်ထားပြီး တင်းမာသောမျက်နှာထားကြောင့် အေးတိအေးစက် စည်းကမ်းကြီးသော အစ်မကြီးတစ်ယောက်လို ထင်မြင်မိစေသည်။

"တပ်မှူးနျဲ့"

လီနန်ခယ့်က ဝတ်ကျေတန်းကျေ ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ကိုယ့်လမ်းကိုယ်ဆက်သွားဖို့ပြင်သည်။

"စကားပြောလို့ရမလား"

မျှော်လင့်မထားစွာပင် နျဲ့ယင်းကသူ့ကို စကားစလာလေသည်။

စကားသံသည်ပင် လွန်စွာအေးစက်တည်တင်းနေလျက်။

ဤအမျိုးသမီးမှာ မွေးကင်းစကတည်းက ရေခဲဂူထဲ ထည့်အခဲခံထားခဲ့ရလေသလားဟု သူတွေးမိသည်။

လိန်ရှင်းနန်လိုလူသည်ပင် အပြင်ပန်းအေးစက်သည်ဆိုလျှင်တောင် နွေးထွေးသောနှလုံးသားလေး ရှိတတ်သေး၏။

ဤအမျိုးသမီးကတော့ နှလုံးသားအထိ ခဲသက်အေးစက်နေမည့်ဟန်။

လီနန်ခယ့် ခြေလှမ်းရပ်လိုက်ကာ လက်ယှက်ဦးညွှတ်လိုက်ပြီး ဆိုသည်။

"တပ်မှူးအနေနဲ့ မင်းသမီးရှန်းယွမ်အလောင်းနဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးချင်တာဆိုရင်တော့ ဒီငယ်သားမှာ အသုံးဝင်တဲ့သတင်းတစ်ခုမှမရှိတော့ကြောင်း ပြောပါရစေ"

နျဲ့ယင်းက သူ့ကို ရှုတည်တည်သာဆက်ကြည့်နေပြီး စကားမပြန်ဘဲ နှုတ်ခမ်းကိုတစ်ချက်ဆွဲဆန့်လိုက်သည်။

လီနန်ခယ့် စက္ကန့်အနည်းငယ်မျှဆက်စောင့်ပေးနေသော်လည်း ဘာစကားသံမှဆက်ထွက်မလာသဖြင့် အိမ်သို့သာ ဆက်လက်ဦးတည်ခဲ့လိုက်သည်။

သို့သော် အံ့သြစရာကောင်းသည်မှာ သူလမ်းဆက်လျှောက်လာသည်နှင့် အနောက်မှအမျိုးသမီးကလည်း သူ့နောက်ဆယ်မီတာလောက်အကွာမှ လိုက်လာသည်ကို တွေ့လိုက်ရခြင်းပင်။

သူခြေလှမ်းရပ်လိုက်လျှင် သူမလည်းရပ်သည်။

သူဆက်လျှောက်တော့ သူမလည်း ဆက်လျှောက်ပြန်လေသည်။

လီနန်ခယ့်မှာ ရွေးချယ်စရာမရှိစွာဖြင့် အနောက်လှည့်ကာပြောလိုက်သည်။

"တပ်မှူးခင်ဗျာ ကျွန်တော်တကယ် မကူညီနိုင်တော့တာပါ"

အမျိုးသမီးက သူ့ကို ထူးမခြားနားစွာ ခပ်တည်တည်သာပြန်ကြည့်နေလေသည်။

လီနန်ခယ့် တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်မိသော်လည်း လိန်ရှင်းနန်သတိပေးထားသည်ကို ပြန်အမှတ်ရလိုက်သဖြင့် ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်လာလိုက်သည်။

နျဲ့ယင်းကလည်း ခြေတံရှည်များကိုလှုပ်ရှားကာ ဆက်လိုက်ပြန်လေသည်။

အိမ်ရောက်ခါနီးတွင်တော့ လီနန်ခယ့် ကူကယ်ရာမဲ့စွာ နောက်ထပ်လှည့်ကာ သူ့နောက်သို့ မနားမနေဆက်တိုက်လိုက်နေသောအစ်မကြီးအား စကားပြောရတော့လေသည်။

"တပ်မှူး၊ ကျွန်တော်တကယ်ဘာမှမသိဘူးလို့။ ကျွန်တော့်နောက်လိုက်ပြီး အချိန်ဖြုန်းနေမဲ့အစား ကိုယ့်ဘာသာစုံစမ်းနေလိုက်တာ ပိုအသုံးမဝင်ဘူးလား"

အမျိုးသမီးက နှင်းခဲကဲ့သို့ အေးစက်နေသောမျက်နှာဖြင့် သူပြောသမျှကို မကြားယောင်သာပြုလေသည်။

လီနန်ခယ့်မှာ ဤမျှပြောရဆိုရခက်သောသူကို ဘဝတစ်သက်တာတွင် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ရာ ရယ်ချင်မိသည်နှင့်အမျှ ပြောစရာစကားလည်းမဲ့ရပါသည်။

အိမ်သူသက်ထားက သူမယောက်ျား တခြားမိန်းမတစ်ယောက်ကို အိမ်ခေါ်လာသည်ဟုထင်မှာစိုးသဖြင့် လီနန်ခယ့် နျဲ့ယင်းနားသို့သွားကာ စကားထပ်ပြောရသည်။

"တပ်မှူးနျဲ့၊ ကျွန်တော်လည်း မင်းသမီးရှန်းယွမ်အကြောင်း ကောလဟလတွေကြားထားပါတယ်။ ရေခဲခေါင်းတလားကိုခိုးသွားတာ ထျန်ချုန်းဂိုဏ်းကလူတွေဆိုရင် ဒီတုန်းချီခရိုင်ကို ပိတ်မထားဘူးဆိုရင်တောင် ထွက်သွားနိုင်ဦးမှာမဟုတ်ပါဘူး"

"တပ်မှူးတို့အနေနဲ့ တစ်လက်မမကျန် မြေလှန်ရှာလိုက်ရင် သေချာပေါက် တစ်ခုခုတော့တွေ့မှာပါ။ ကျွန်တော့်နောက် တောက်လျှောက်လိုက်နေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ ဟုတ်တယ်မလား"

"စုံစမ်းစစ်ဆေးရေးမှာ ကူညီပေး"

နောက်ဆုံးတော့ ထိုအမျိုးသမီးဆီမှ စကားသံထွက်လာသည်။

သို့သော် လီနန်ခယ့်ကတော့ မကျေမနပ် မျက်မှောင်ကြုတ်သွားလေသည်။

"တပ်မှူးတုန်းက ဒီကိစ္စဟာ အရိပ်နက်တပ်ဖွဲ့ရဲ့တာဝန်ဖြစ်တာကြောင့် ဘယ်သူမှဝင်မစွက်ဖက်ရဘူးလို့ပြောတယ်။ ကျွန်တော့်မှာလည်း ဝင်စွက်ဖက်ကူညီနိုင်လောက်တဲ့ အရည်အချင်း မရှိပါဘူး"

"သူပြောတာ သူ့စကား၊ ငါပြောတာ ငါ့စကားပဲ"

နျဲ့ယင်းက ဆို၏။

"ဘယ်လိုအကြောင်းပြချက်ပါလိမ့်" လီနန်ခယ့် ရယ်ချင်သွားသည်။

"ခင်ဗျားက ရာထူးအဆင့်အတန်းကိုသုံးပြီး ကျွန်တော့်ကိုဖိအားပေးဖို့ကြိုးစားနေတာလား။ ကျွန်တော်ကအခု ရုံးတော်ကအရာရှိတစ်ယောက်ပဲဆိုပေမဲ့ ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်လည်း အသိအမှတ်ပြုခံထားရပြီးပြီ။ အရိပ်နက်တပ်ဖွဲ့အနေနဲ့ အမိန့်ပေးပိုင်ခွင့်မရှိဘူး"

"မင်းကို အရိပ်နက်တပ်ဖွဲ့ထဲဝင်ဖို့ ငါထောက်ခံပေးနိုင်တယ်"

"ကျွန်တော်မဝင်ဘူး"

လီနန်ခယ့်က ချက်ချင်းငြင်းသည်။

နျဲ့ယင်းကမျက်မှောင်ကြုတ်သည်။ တစ်ဖက်လူ၏ မယိမ်းယိုင်သောအမူအရာမှ သူမ တစ်ခုခုကို နားလည်သွားဟန်ရှိ၏။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆံပင်လေးကိုအသာသပ်ကာ လည်တိုင်ဖြူဖြူလေးကိုပေါ်လွင်စေလိုက်ပြီး အေးတိအေးစက်အသံဖြင့်ပင် ဆိုသည်။

"ငါမင်းအပေါ် ကျေးဇူးကြွေးတစ်ခုတင်ထားတယ်လို့ မှတ်လိုက်"

နျဲ့ယင်းလိုလူတစ်ယောက်ဆီမှ ကျေးဇူးကြွေးဆိုသည်မှာ အဖိုးဖြတ်မရသော အကျိုးအမြတ်တစ်ခုကဲ့သို့ပင်။

လီနန်ခယ့် ခေါင်းရှုပ်သွားသည်။

"ခင်ဗျားကျွန်တော့်ကို အဲ့လောက်ယုံသလား"

"အလောင်းအစားလုပ်ကြတာပေါ့"

သူမက လောင်းကြေးဟု ခေါ်ဆိုသော်လည်း လက်တွေ့တွင် လီနန်ခယ့် ပြသခဲ့သော စွမ်းဆောင်ရည်များနှင့် ရှန်ချွန်းဟယ်၏ အကြံပြုချက်တို့ ပေါင်းစပ်လိုက်လျှင် ဤအမျိုးသားသည် သူမကို ထိထိရောက်ရောက်ကူညီနိုင်လိမ့်မည်ဆိုတာ သံသယဝင်ရန်ပင် မရှိပါချေ။

တစ်ဖက်က မကူညီနိုင်ပါဟုငြင်းလာလျှင်ပင် ကြိုးစားကြည့်ဖို့အရှုံးမရှိ။

"အဲ့ဒါတွေထားလိုက်ပါ၊ ခင်ဗျားတောင်းဆိုလာတယ်ဆိုရင်တောင်—"

လီနန်ခယ့်မှာ စကားတစ်ဝက်တစ်ပျက်တွင် မြင်ကွင်းတစ်ခုလုံးမှောင်အတိကျသွားသည်ကို ခံစားလိုက်ရသည်။ သူ့ဦးနှောက်မှာ တူဖြင့်အထုခံလိုက်ရသည့်အလား မူးဝေမှောင်မိုက်သွားရလျက်။

ပေါင်တစ်ထောင်မျှသောဝန်ထုပ်ကြီးကို ခေါင်းပေါ်ရွက်ထားရသည့်အလား လေးလံလာသည်။

နျဲ့ယင်းကသူ့ကို ထူးထူးဆန်းဆန်းကြည့်လာ၏။

"ရှင်ဘာဖြစ်နေတာလဲ"

လီနန်ခယ့် လက်ကိုယမ်းလိုက်ပြီး တစ်ခုခုပြောဖို့ပြင်သော်လည်း ပြင်ထားသောစကားလုံးများက လည်ချောင်းတွင်သာတစ်ဆို့နေပြီး နှုတ်ဖျားသို့ထွက်မလာနိုင်ခဲ့။ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသလို ခံစားနေရပြီး သူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်မရစွာ အရှေ့မှအမျိုးသမီးဆီသို့ ပြိုလဲကျသွားခဲ့၏။

လက်များက ရေနစ်ခါနီး ကောက်ရိုးမျှင်ကိုဆွဲနေသည့်လူတစ်ယောက်ကဲ့သို့ ရောက်တတ်ရာရာ စမ်းသပ်ကိုင်တွယ်လာသည်။

အမျိုးသမီး၏မျက်လုံးထဲတွင်တော့ ဤအပြုအမူသည် လူမှသားရဲကောင်အဖြစ်သို့ ကူးပြောင်းသွားခြင်းသာ။

"မိုက်ရိုင်းလှချည်လား"

နျဲ့ယင်း၏မျက်ခုံးများ ဆတ်ခနဲပင့်တက်သွားပြီး မျက်လုံးများထဲမှ အေးစက်စက်အလင်းတန်းစူးစူးက လက်ခနဲဖြတ်ပြေးသွားသည်။

သူမ၏ အင်္ကျီလက်ထဲမှ ငွေရောင်အလင်းတန်းတစ်ခုနှင့်အတူ အဲမေ့ဓားသွားတစ်ချောင်း လှစခနဲထွက်ပေါ်လာပြီး အခွင့်ကောင်းယူချင်ဟန်တူသော ဤယောက်ျားကို သင်ခန်းစာတစ်ခုကောင်းကောင်းပေးဖို့ ရည်ရွယ်လိုက်သည်။

သို့သော် ထိုအမျိုးသားမှာ အခွင့်ကောင်းယူချင်ခြင်းမဟုတ်ပါဘဲ သတိလစ်ခါလုဆဲဆဲအခြေအနေဖြစ်ကြောင်း သူမ သတိထားမိလိုက်သည်။

နျဲ့ယင်း လက်ထဲမှအဲမေ့အသွားကို ပြန်သိမ်းလိုက်ပြီး လူကိုထူမပေးဖို့ပြင်လိုက်သည်။

သို့သော် ဆန့်ကျင်ဘက်လိင်များနှင့် အထိအတွေ့ကို အလိုအလျောက်ငြင်းဆန်တတ်သောသဘာဝကြောင့် ထိုအမျိုးသားထံမှ ယောက်ျားတို့၏ကိုယ်အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် ရင်ထဲမှ ဆန်တက်လာသည့် ရွံရှာပျို့အန်စိတ်ဖြင့် လူကို မသိလိုက်စွာ တွန်းထုတ်လိုက်မိလေသည်။

ဤသို့ဖြင့် လူကို ထိန်းပေးရမလား လွှတ်ချလိုက်ရမလား တွေဝေနေစဥ်အချိန်မှာပင် တစ်ဖက်လူမှာ လဲကျသွားခဲ့လေပြီ။

ကံကောင်းချင်တော့ သူ့လက်တစ်ဖက်က သူမ၏အင်္ကျီကော်လာစအား ဆွဲဆုပ်ထားလျက်သားဖြစ်နေသည်။

ထို့နောက် အင်္ကျီစစုတ်ပြဲသံ ဗြိခနဲကို ကြားလိုက်ရလေသည်။

လီနန်ခယ့်သည် မှောင်မိုက်နေသောအမြင်အာရုံထဲမှ တိမ်မည်းတိမ်စိုင်တို့နောက်က လှစ်ခနဲထွက်ပေါ်လာသော လပြည့်ဝန်းဝိုင်းစက်စက်ကို လှစ်ခနဲမြင်လိုက်မိသယောင်ရှိ၏။ အံ့ချီးဖွယ်တောက်ပဝင်းစက်လှပေသည်။

"ငါတော့သေပြီ"

ဤသည်မှာ လီနန်ခယ့် အသိစိတ်လုံးဝမလွတ်ခင် တွေးမိသော ‌‌နောက်ဆုံးအတွေးပါပေ။

...

All Chapters