← Chapters

အခန်း (၉၃၅-၉၃၆)

Vol. 68 Ch. 935-936

အခန်း (၉၃၅-၉၃၆)

Vol. 68 Ch. 935-936

အခန်း ၉၃၅ အငြိုးတကြီး စိုက်ကြည့်နေသော မျက်လုံး

စုမင် နောက်သို့ လှည့်မကြည့်ခဲ့ပေ။

သူ့ညာလက် ကျဆင်းသွားသည်နှင့် နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံ မြေပြင်မှ ချက်ချင်း ထွက်ပေါ်လာပြီး လေထဲသို့ ပျံ့လွင့်လာသော ရေတွက်မရနိုင်သည့် နာကျင်စွာ အော်ဟစ်သံများအား ဖုံးလွှမ်းသွားခဲ့သည်။ ပဲ့တင်သံများ လေထဲတွင် ကျန်ရစ်နေစဉ် အချင်းချင်း တိုက်ခိုက်နေကြသူများ အားလုံး၏ ခန္ဓာကိုယ်များထဲသို့ တုန်ရီမှု တစ်ခု ဖြတ်သန်းသွားပြီး သူတို့သည် အေးခဲသွားသကဲ့သို့ မြေပြင်ဆီသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။

ထို့နောက် သူတို့အားလုံး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြပြီး သူတို့ မျက်နှာပေါ်ရှိ အံ့အားသင့်မှုများကို မဖုံးကွယ်နိုင်ကြတော့ပေ။

မြေပြင်ပေါ်တွင် ပေရာပေါင်းများစွာ နက်ရှိုင်းစွာ နစ်ဝင်နေသော ဧရာမ လက်ဝါးရာကြီး တစ်ဖက် ရှိနေသည်။ ၎င်းသည် မြေကြီးပေါ်တွင် တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ ဖြစ်နေပြီး ထိုနေရာတွင် ရေတွက်မရနိုင်အောင် များပြားသော အပိုင်းပိုင်း ပြတ်တောက်နေသည့် အနက်ရောင် ပိုးတောင်မာများ ရှိနေသည်။

ထိုလက်ဝါးရာသည် ဘီလူးကြီး တစ်ကောင်က မြေပြင်တွင် လက်တင်ထားသကဲ့သို့ မယုံနိုင်လောက်အောင် ရှင်းလင်းနေသည်။ လက်ဝါးရာ၏ အစွန်းများတွင် သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သော အနက်ရောင် ပိုးတောင်မာများ ရှိနေသည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေကြပြီး တစ်လက်မလေးပင် မရွေ့ရဲဘဲ မြေပြင်ပေါ်တွင် ဝပ်စင်းနေကြသည်။

ထိုလက်ဝါးရာမှ ထွက်ပေါ်လာသော သူတို့ မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို သူတို့ ခံစားသိရှိနိုင်ပြီး ၎င်းသည် သူတို့ ခုခံရန် မဖြစ်နိုင်သော ကြီးမားသည့် ဖိအားတစ်ခု ဖြစ်သည်။

စုမင်သည် မျက်စိရှေ့တွင် ဖြစ်ပျက်နေသော ဤမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် နောက်ရှိ ကြားနာသူ အဘိုးအို၏ နှလုံးသားက တုန်ယင်နေခဲ့သည်။ သူသည် နောင်တနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက် လျင်မြန်စွာ နောက်ဆုတ်နေခဲ့သည်။ ထိုမျှ ကြောက်စရာကောင်းသော သူနှင့် ဤမျှ နီးကပ်စွာ လာခဲ့မိသည့်အတွက် သူ နောင်တရနေခဲ့သည်။

သူ ဆန့်ကျင်၍ မရနိုင်သော ဆန္ဒတစ်ခု ပါဝင်နေသည့် ထိုလက်ဝါးကြောင့် သူ ထိတ်လန့်နေခဲ့သည်။ သူ့ဘဝတွင် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် တစ်ဦးအား တစ်ခါမျှ မမြင်ဖူးသော်လည်း ဤနယ်ပယ်ရှိ အစွမ်းထက်သော စစ်သည်တော်များ ပိုင်ဆိုင်သည့် နတ်ဘုရား စွမ်းရည်များ အကြောင်းကိုမူ သူ ကြားဖူးခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှကို သူ မြင်လိုက်ရသောအခါ သူ့ခေါင်းထဲတွင် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် ဟူသော ဘွဲ့အမည်သာ ပဲ့တင်ထပ်နေခဲ့သည်။ ဤသည်မှာ စုမင်ကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော စကားလုံးများပင် ဖြစ်သည်။

"ငါ့အနားကို လာချင်တိုင်း လာလို့ မရသလို ထွက်သွားချင်တိုင်းလည်း ထွက်သွားလို့ မရဘူး" စုမင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

ကြားနာသူ အဘိုးအို၏ မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါ ဂျောက်ဂျက် ဗုံ ပေါ်လာသည်။ ၎င်းကို လျင်မြန်စွာ လှုပ်ယမ်းလိုက်သည်နှင့် သူက ချက်ချင်း ထွက်ခွာသွားခဲ့သည်။ စုမင်၏ လက်ဝါးရိုက်ချက်ကြောင့် သူ့အသိစိတ်များပင် လွတ်ထွက်မတတ် ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ နဝမ မျိုးနွယ်စုတွင် ဤသို့သော အစွမ်းထက်သည့် တည်ရှိမှု တစ်ခု ရှိနေကြောင်းသာ သူ သိခဲ့လျှင် မည်သည့် အကြောင်းကြောင့်မျှ သူ့မျိုးနွယ်စုကို သူ ခေါ်ဆောင်လာခဲ့မည် မဟုတ်ပေ။

ဤသည်မှာ သူတို့က နဝမ မျိုးနွယ်စုကို လိုက်လံ သတ်ဖြတ်နေခြင်း မဟုတ်တော့ဘဲ ကြားနာသူများက မျိုးတုံး ပျောက်ကွယ်သွားမည့် ခြိမ်းခြောက်မှုအား သူတို့ဘာသာသူတို့ ယူဆောင်လာခြင်းသာ ဖြစ်သည်။

သူ၏ မျက်လုံးအိမ်များ ကျဉ်းသွားသည်။ သူ ရှေ့သို့ တိုးထွက်သွားသည်နှင့် စိတ်ပျက်လက်ပျက် ထွက်ပြေးတော့သည်။ သူသည် ဤနေရာမှ လွတ်မြောက်ချင်ခဲ့သည်။ စင်စစ် ဤနေရာရှိ သူ၏ အခြား မျိုးနွယ်စုဝင်များ အသက်ရှင် ရပ်တည်ရေးကို သူ ဂရုမစိုက်နိုင်တော့ပေ။ သူသည် မျိုးနွယ်စုဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်သွားပြီး ဤနေရာမှ တတ်နိုင်သမျှ ဝေးဝေးသို့ အမြန်ဆုံး ရွှေ့ပြောင်းစေချင်သည်။ သူတို့ အနည်းငယ်လေး နှေးကွေးသွားခဲ့လျှင်ပင် သူ့မျိုးနွယ်စုကို စောင့်ကြိုနေမည့် အရာသည် လုံးဝ မျိုးတုံး ပျက်စီးခြင်းသာ ဖြစ်မည်ဟု သူ ယုံကြည်နေသည်။

စုမင်က ညာလက်ကို အောက်ချပြီး သိုလှောင်အိတ်အား ပုတ်လိုက်သည်။ ဘူးသီးခြောက်သည် ချက်ချင်း ပေါ်လာပြီး သူ့လက်ဝါးအထက်တွင် လွင့်မျောနေသည်။ စုမင် ၎င်းကို ညင်သာစွာဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်သည်။

"ရတနာ ဘူးသီးခြောက်၊ သူ့ကို သတ်ပေးပါ" စုမင်က ခပ်ရေးရေး ပြောလိုက်သည်နှင့် ဘူးသီးခြောက်ပေါ်တွင် မျက်လုံးများ ချက်ချင်း ပေါ်လာပြီး ထွက်ပြေးနေသော ကြားနာသူ အဘိုးအိုကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။ အရောင်စုံ အလင်းတန်း တစ်တန်းသည် အတွင်းမှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဓားတစ်လက် ကိုင်ဆောင်ထားသော လူသေးသေးလေး တစ်ဦး ဘူးသီးခြောက်ထဲမှ ထွက်ပေါ်လာကာ သူ့ပစ်မှတ်ဆီသို့ ပြေးဝင်သွားသည်။

အချိန် အနည်းငယ် ကြာပြီးနောက် နာကျင်စွာ အော်ဟစ်သံ တစ်သံ လေထဲတွင် ထွက်ပေါ်လာပြီး စုမင်၏ လက်ဝါးကြောင့် တိတ်ဆိတ်သွားသော စစ်မြေပြင်တွင် လျင်မြန်စွာ ပဲ့တင်ထပ်သွားကာ လူအားလုံး၏ အကြည့်များကို အသံလာရာဆီသို့ ဆွဲဆောင်သွားသည်။

နဝမ မျိုးနွယ်စုဝင်များ လှမ်းကြည့်လိုက်သောအခါ သူတို့ စိတ်ဓာတ်များ ချက်ချင်း တက်ကြွသွားသော်လည်း ကြားနာသူများ လှမ်းကြည့်လိုက်သောအခါ သူတို့ မျက်နှာများ ဖြူရော်သွားကြသည်။ မြေပြင်ပေါ်သို့ စုမင်၏ လက်ဝါးရိုက်ချက်က ကြားနာသူများကို အသိစိတ်များ လွတ်ထွက်မတတ် ကြောက်ရွံ့စေခဲ့ပြီး သူတို့၏ တိုက်ခိုက်လိုစိတ်များအား အမှိုက်ပုံထဲသို့ တွန်းပို့ကာ နှလုံးသားများအတွင်း မယုံနိုင်လောက်အောင် ထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည် ဆိုလျှင် ကြားနာသူ အဘိုးအို ခေါင်းဖြတ်ခံရသည့် မြင်ကွင်းကမူ ကြားနာသူများ အားလုံး၏ နှလုံးသားများအား ပြင်းထန်စွာ ထုနှက်လိုက်သော နာရေး ခေါင်းလောင်းသံနှင့် တူနေတော့သည်။

"အကြီးအကဲ"

"ပြေး... ဒီကနေ အမြန် ထွက်သွားကြ"

ခဏတာမျှ အံ့အားသင့်သွားပြီးနောက် သူတို့ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကြားနာသူများ အားလုံးသည် ထိုအခိုက်အတန့်တွင် အကန့်အသတ်မဲ့ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့ စိတ်များ ချက်ချင်း ကျိုးပဲ့ ပျက်စီးသွားပြီး သူတို့ အားလုံး ဆုတ်ခွာရန် စတင်ကြသည်။ သူတို့၏ စိတ်အာရုံ အားလုံးသည် စကားလုံး တစ်လုံးတည်းအပေါ်တွင်သာ စူးစိုက်နေကြသည်။ 'ပြေး...'

"နဝမ မျိုးနွယ်စုဝင်များ အားလုံး ငါ့အမိန့်ကို နားထောင်ကြ။ ငါနဲ့အတူ လိုက်ခဲ့။ ပြီးတော့ သူတို့ကို သတ်ကြ။ ကြားနာသူတွေက ငါတို့လူတွေကို နှစ်ပေါင်းများစွာ သတ်ဖြတ်နေခဲ့ကြတာ။ ဒီတစ်ကြိမ်မှာတော့ သူတို့ကို အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းမယ်"

တိကျိုမိုရှား ဟိန်းဟောက်လိုက်ပြီး မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အမုန်းတရားများ လောင်ကျွမ်းနေသည်။ သူ ဟိန်းဟောက်လိုက်သည်နှင့် အမွေးအမည်း ဘီလူးကြီး၏ ဧရာမ အရိပ်သည် သူ့နောက်တွင် ပေါ်ထွက်လာပြီး ၎င်းနှင့်အတူ... ခေါင်းပေါ်တွင် ထိုင်နေသော ထျန်းရှဲ့ကျီ၏ ပုံရိပ်ပါ ပေါ်လာကာ ထိုမြင်ကွင်းသည် စုမင်၏ အကြည့်များကို သူ့ထံသို့ တစ်ဖန် ရောက်ရှိသွားစေသည်။

ဟိန်းဟောက်သံများက သူ့ခေါ်သံကို ချက်ချင်း တုံ့ပြန်ကြသည်။ ၎င်းသည် နဝမ မျိုးနွယ်စု၏ စစ်သည်တော်များ အားလုံးအတွင်း၌ ရေတွက်မရနိုင်သော နှစ်ပေါင်းများစွာအကြာ ဖိနှိပ်ခံထားရပြီးနောက် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လူရာပေါင်းများစွာ ပျံသန်းထွက်လာကြပြီး ကောင်းကင်သို့ တိုးဝင်သွားသော ခုံးဝိုက်သည့် မျဉ်းကြောင်းရှည်များ အဖြစ်သို့ ပြောင်းလဲသွားကာ ယခုအခါ ပြန့်ကျဲနေပြီး စည်းလုံးမှု ကင်းမဲ့နေသော ထွက်ပြေးနေသည့် ကြားနာသူများအပေါ် ရူးသွပ်စွာ သတ်ဖြတ်ပွဲ တစ်ပွဲကို စတင်လိုက်ကြသည်။

တစ်ဖက်က စိတ်ပျက်လက်ပျက် ထွက်ပြေးနေပြီး အခြားတစ်ဖက်က ဟိန်းဟောက်ရင်း ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးနေကြသည်။ ရှင်းလင်းစွာပင် ဤတိုက်ပွဲသည် အချိန်တိုအတွင်း ပြီးဆုံးမည် မဟုတ်ဘဲ စစ်မျက်နှာပြင်သည် ရှည်လျားသွားမည် ဖြစ်သည်။

စုမင်သည် တောင်ထိပ်တွင် ရပ်ကာ ဤမြင်ကွင်းကို ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ သူသည် ကြားနာသူများအပေါ် အငြိုးအတေး မရှိပေ။ ထို့ပြင် သူ့မူဝါဒများအရ သူတို့က သူ့ကို မဆွသရွေ့ မျိုးနွယ်စု တစ်ခုလုံးကို အကြောင်းပြချက် မရှိဘဲ သုတ်သင်မည် မဟုတ်ပေ။

ယနေ့သည် စုမင်က ကြားနာသူများနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

သို့သော် အဝေးမှ ကြားနာသူများကို လိုက်လံ ဖမ်းဆီးနေသော တိကျိုမိုရှား၏ အနောက်တည့်တည့်ရှိ အမွေးအမည်း ဘီလူးကြီးပေါ်တွင် ထိုင်နေသော သူ့ဆရာအပေါ်သို့ အကြည့် ရောက်သွားသည်နှင့် သူ့မျက်လုံးများထဲတွင် ပြတ်သားသော အကြည့်တစ်ခု ပေါ်လာသည်။

ဆရာ့အတွက် သူ့မူဝါဒများကို ပြောင်းလဲနိုင်သည်။

'ဒါက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်မှာ ဆရာ တည်ထောင်ခဲ့တဲ့ မျိုးနွယ်စုပဲ။ သူတို့က အထီးကျန်ဆန်တဲ့ နှစ်ပေါင်းများစွာအတွင်း ဆရာ့ရဲ့ အဖော်တွေ ဖြစ်ခဲ့ကြတာ'

စုမင် သူ့ညာလက်ကို မြှောက်လိုက်သည်။ လက်ဟန် တစ်ကွက် ဖော်လိုက်သည်နှင့် လက်မောင်းကို လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ ၎င်းနှင့်အတူ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင် ဖြစ်သော လက်မောင်းပေါ်ရှိ အမှတ်အသားသည် မယုံနိုင်လောက်အောင် ဝေးကွာသော နေရာတစ်နေရာတွင် ပေါ်လာသည့် မီးတိမ်တိုက် တစ်စိုင်ကို ချက်ချင်း ဖန်တီးလိုက်သည်။ ထိုနေရာသည် ထွက်ပြေးနေသော ကြားနာသူများ အနီးကပ် မရောက်နိုင်သေးသည့် တိုက်ကြီး၏ နယ်နိမိတ် ဖြစ်သည်။

သူတို့ ရောက်ရှိသွားသောအခါ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် မီးတိမ်တိုက်ထဲမှ လျှောက်ထွက်လာသည်။ သူ၏ မျက်နှာအမူအရာသည် ခပ်တန်းတန်း ဖြစ်နေပြီး လက်မောင်းများကို ဖြန့်ကားလိုက်သောအခါ ကောင်းကင်ဆီသို့ ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံ တစ်ချက်တည်းဖြင့် ကြီးမားသော ပေါက်ကွဲသံများနှင့်အတူ မီးပင်လယ် တစ်စင်း သူ့ပတ်လည်တွင် ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း မီးအတားအဆီး တစ်ခုကို မြေပြင်တစ်ဝိုက်တွင် တည်ဆောက်လိုက်သည်။

ဤအတားအဆီးသည် ကြားနာသူများအတွက် ရှင်သန်နိုင်မည့် အခွင့်အရေး မှန်သမျှကို လုံးဝ ဖြတ်တောက်လိုက်သော သော့ခလောက် တစ်လုံးနှင့် တူနေသည်။

"ဟင့်အင်း..."

"ငါတို့ သစ္စာခံပါ့မယ်။ ငါတို့ နဝမ မျိုးနွယ်စုနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်"

"ကျေးဇူးပြုပြီး ငါတို့ကို ချမ်းသာပေးပါ။ ဒါတွေ အားလုံးက အကြီးအကဲရဲ့ အမိန့်တွေပါ။ ငါတို့ အမိန့်ကြောင့် လာခဲ့ရတာပါ..."

သနားညှာတာမှုအတွက် တောင်းပန်သံများ၊ ရူးသွပ်စွာ အော်ဟစ်သံများနှင့် စိတ်ပျက်အားငယ်စွာ ငိုကြွေးသံများသည် အရပ်မျက်နှာ အားလုံးတွင် ချက်ချင်း ပဲ့တင်ထပ်သွားသော်လည်း ထိုအရာအားလုံးသည် နဝမ မျိုးနွယ်စုဝင်များထံမှ ကလဲ့စားချေလိုသော ရည်ရွယ်ချက်များနှင့် ရောနှောနေသည့် ဒေါသတကြီး ဟိန်းဟောက်သံများအောက်တွင် ဖုံးလွှမ်းသွားသော နာကျင်စွာ အော်ဟစ်သံများ အဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင် မျက်လုံးများကို မှိတ်လိုက်ပြီး တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် သူ မပါဝင်ချင်ပေ။ မျိုးနွယ်စုကို ကူညီ၍ သူတို့၏ ရန်သူများထဲမှ အသန်မာဆုံးသူကို သတ်ဖြတ်ပေးခြင်းနှင့် အင်းဆက် ပင်လယ်၏ ကျူးကျော်မှု ခြိမ်းခြောက်မှုအား ဖြေရှင်းပေးခြင်းသည် စုမင်က ဆရာအတွက် လုပ်ပေးခဲ့သော အရာဖြစ်သော်လည်း ဤသည်မှာ သူ လုပ်ပေးမည့် အရာ အားလုံးလည်း ဖြစ်သည်။

အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို မြင်တွေ့ရသည်မှာ အသားကျနေပြီ ဖြစ်သော စုမင်အတွက် ဤမျိုးနွယ်စုသည် ဆက်လက် ကြီးပွား တိုးတက်နိုင်မည်လော ဆိုသည်ကား အရေးမကြီးပေ။

နာကျင်စွာ အော်ဟစ်သံများသည် နားထဲတွင် ဆူညံစွာ ပေါ်ပေါက်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။ သွေးနံ့သည် ထူထပ်နေပြီး ထွက်ခွာသွားရန် ငြင်းဆန်နေသည်။ ၎င်းသည် မီးပင်လယ်နှင့် တိုက်မိသွားသောအခါ မနှစ်မြို့ဖွယ် အနံ့အသက် တစ်ခုကို ဖြစ်ပေါ်စေသည်။

အချိန်ကြာလာသည်နှင့်အမျှ အော်ဟစ်သံများ အရေအတွက် နည်းပါးလာသော်လည်း ထိုအခိုက်အတန့်တွင် စုမင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး အဝေးဆီသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။ လွတ်မြောက်ရန် လမ်းကြောင်းကို မီးပင်လယ်က ဖြတ်တောက်လိုက်သည်နှင့် တိကျိုမိုရှားကို ဆန့်ကျင်၍ အသက်လု တိုက်ခိုက်နေသော အမျိုးသား ကြားနာသူ တစ်ဦးအပေါ် သူ၏ အကြည့်များ ရောက်ရှိသွားသည်။

သူသည် ထူးချွန်သော အင်အား ရှိပြီး ကမ္ဘာမြေပြင်နယ်ပယ် နှောင်းပိုင်း သို့မဟုတ် အလယ်အလတ် အဆင့်တွင် ရှိပုံရကာ တိကျိုမိုရှားနှင့် အဆင့်တူ အင်အားကို ပိုင်ဆိုင်ထားသည်။ သူတို့၏ နတ်ဘုရား စွမ်းရည်များသည် လေထဲတွင် မြည်ဟည်းနေပြီး သူတို့၏ တိုက်ပွဲသည် အပြင်းထန်ဆုံး အခိုက်အတန့်သို့ ရောက်ရှိသွားသောအခါ...

စုမင်၏ မျက်နှာအမူအရာသည် ယခင်ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူသည် အေးစက်စက် နှာမှုတ်သံ တစ်သံကို ထုတ်လွှင့်လိုက်သည်။ တိကျိုမိုရှား မမြင်နိုင်သလို နဝမ မျိုးနွယ်စုမှ မည်သူမျှလည်း မမြင်နိုင်သော်လည်း ထိုကြားနာသူ၏ အနောက်ဘက် လေထဲတွင် အက်ကွဲကြောင်း သေးသေးလေး တစ်ကြောင်း ပေါ်လာသည်ကို စုမင် မြင်နိုင်သည်။ ၎င်းသည် လျင်မြန်စွာ ဆုတ်ပြဲ ပွင့်ဟလာပြီး အသက်ရှိုက်စာ အကြိမ် အနည်းငယ်အတွင်း ၎င်းသည် လုံးဝ ဆုတ်ပြဲ ပွင့်ဟသွားတော့မည် ဖြစ်သည်။

စုမင်၏ နှာမှုတ်သံသည် သိပ်ဝေးဝေးသို့ မရောက်ခဲ့ပေ။ ၎င်းသည် ဧရိယာအတွင်း ပေတစ်ရာကျော်မျှသာ ပဲ့တင်ထပ်သွားသော်လည်း အခြား မည်သူမျှ မမြင်နိုင်သော ထိုကြားနာသူ နောက်ကွယ်ရှိ အက်ကွဲကြောင်း သေးသေးလေးသည် ရုတ်တရက် ရပ်တန့်သွားသည်။

စုမင်၏ မျက်လုံးများထဲရှိ နတ်ဘုရား အနှစ်သာရ မှော်သင်္ကေတများ တောက်ပလာပြီး နတ်ဘုရား အနှစ်သာရ၏ စွမ်းအားကြောင့်ကဲ့သို့ မျက်စိရှေ့ရှိ ကမ္ဘာကြီးသည် အေးခဲသွားပုံရသည်။ ၎င်းသည် မလှုပ်ရှားတော့ဘဲ ရပ်တန့်နေသော ရုပ်ပုံ တစ်ပုံ အဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင်သည် ဤမြင်ကွင်းကြောင့် ခဏတာမျှ အံ့အားသင့်သွားသည်။ သူ လှမ်းကြည့်လိုက်သောအခါ ထိုရုပ်ပုံသည် ရွေ့လျားနေသကဲ့သို့ မျက်စိရှေ့တွင် ချက်ချင်း ကြီးမားလာသည်။ ၎င်းသည် အဆက်မပြတ် ကြီးမားလာသည်နှင့်အမျှ စုမင်နှင့် ကြားနာသူ၏ အကွာအဝေးသည် လျော့ကျသွားသကဲ့သို့ ထင်ရသည်။ စုမင်၏ အကြည့်က ထိုလူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး ထိုလူ၏ နောက်ကွယ်ရှိ ပုံမှန်ဟု ထင်ရသော လေထဲမှ အက်ကွဲကြောင်း သေးသေးလေးပေါ်သို့ ကျရောက်သွားသည်အထိ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။

စုမင် ၎င်းကို စိုက်ကြည့်နေစဉ် လေသည် အဆုံးအစမရှိ ကြီးမားလာသည်။ အဆပေါင်း ရာနှင့်ချီ၍ ကြီးမားလာသောအခါ အက်ကွဲကြောင်း သေးသေးလေး တစ်ကြောင်းကို သူ မြင်လိုက်ရသည်။

သူ အက်ကွဲကြောင်းကို နောက်တစ်ကြိမ် ချဲ့ကြည့်လိုက်ပြီး ၎င်းသည် အဆပေါင်း ထောင်နှင့်ချီ၍ ကြီးမားလာသောအခါ ထိုအက်ကွဲကြောင်းသည် ဧရာမ ချောက်ကမ်းပါးကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ စုမင်၏ အကြည့်သည် ၎င်းကို ဖောက်ထွင်း ဖြတ်သန်းသွားပြီး အလင်းလွှာ တစ်လွှာကို သူ မြင်လိုက်ရသည်။

အနက်ရောင် မြေပြင် တစ်ပြင်ကို သူ မမြင်ရမချင်း ၎င်းသည် စုမင်၏ မျက်လုံးများထဲတွင် ရွေ့လျားနေခဲ့သည်။

ထိုမြေပြင်ပေါ်တွင် မီးတောင်ပေါက်ကွဲနေသော အနက်ရောင် မီးတောင် တစ်လုံး ရှိသည်။ မီးတောင်ခြေတွင် အနက်ရောင် မျှော်စင်များဖြင့် ဖွဲ့စည်းထားသော မျိုးနွယ်စု တစ်ခု ရှိသည်။ ထိုမျိုးနွယ်စုအတွင်းတွင် အမျိုးသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် လူငယ်များ ရှိကြသော်လည်း ထိုအခိုက်အတန့်တွင် သူတို့အားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရုပ်တု တစ်ရုပ်ကို ဝိုင်းရံထားကြသည်။

ထိုရုပ်တုသည် မျက်လုံး တစ်လုံး ဖြစ်သည်။

သူ၏ ခန္ဓာကိုယ် အနှံ့ ပြည်တည်နေသော ဒဏ်ရာများနှင့် အားနည်းပြီး ချည့်နဲ့နေသော အဘိုးအို တစ်ဦးသည် သူ ကနေသကဲ့သို့ လှုပ်ရှားမှုများဖြင့် မျက်လုံးတစ်ဝိုက်ကို လှည့်ပတ်နေစဉ် အသက်ရှူ မဝဖြစ်နေသည်။ သူ့မျက်လုံးများသည် အမုန်းတရားနှင့် စိုးရိမ်ပူပန်မှုများဖြင့် တောက်ပနေပြီး ရှုပ်ထွေးသော မန္တန် ရွတ်ဆိုသံများသည် သူ့ပါးစပ်မှ အဆုံးအစမရှိ ထွက်ကျလာကာ နှစ်သောင်းချီသော လေနှင့် တိမ်တိုက်များသည် ၎င်းအား ဖြတ်သန်းသွားသကဲ့သို့ ထိုမျက်လုံးထဲတွင် တိမ်ထူသော အသွင်အပြင်ကို တဖြည်းဖြည်း ပေါ်လာစေသည်။

မြေပြင်ပေါ်တွင် ဒူးထောက် ရှိခိုးနေကြသော လူများ၏ အသွင်အပြင်ကို အကဲဖြတ်ခြင်းအားဖြင့် သူတို့သည် ကြားနာသူများ ဖြစ်ကြောင်း စုမင် သိနိုင်ပြီး ဤနေရာသည် ကြားနာသူများ၏ မျိုးနွယ်စု တည်ရှိရာ နေရာဖြစ်ကြောင်း ရှင်းလင်းနေသည်။ ထိုမျက်လုံးအတွက်မူ ၎င်းသည် ကြားနာသူများက ရေတွက်မရနိုင်သော နှစ်ပေါင်းများစွာ ရှိခိုးကိုးကွယ်ခဲ့သည့် နတ်ဘုရား ဖြစ်ကြောင်း သေချာသည်။

သူတို့၏ မျိုးနွယ်စုဝင်များ သေဆုံးမှုကို သူတို့ ခံစားသိရှိခဲ့ပြီး သူတို့အား အံ့ဖွယ် တစ်ခု ပြသမည်ဟု မျှော်လင့်ကာ သူတို့ နတ်ဘုရားကို ရှိခိုးကိုးကွယ်နေကြောင်း ရှင်းလင်းနေသည်။

စုမင်၏ အကြည့်က အက်ကွဲကြောင်းမှတဆင့် ထိုမျက်လုံးဆီသို့ ကြည့်လိုက်သည့် အချိန်တွင် ရှိခိုးကိုးကွယ်ခံနေရသော မျက်လုံးပေါ်တွင် ဒေါင်လိုက် သူငယ်အိမ် တစ်ခု ပေါ်လာသည်။ ထိုသူငယ်အိမ်သည် အညိုရောင် ဖြစ်ပြီး အဆုံးအစမရှိသော လက်စားချေလိုသည့် ဝိညာဉ်များသည် ထိုနေရာမှ အပြင်သို့ ထွက်ရန် ရုန်းကန်နေပုံရကာ ၎င်းကို မယုံနိုင်လောက်အောင် ယုတ်မာ ဆိုးသွမ်းပုံ ပေါက်စေသည်။

သူငယ်အိမ် လှည့်လာပြီး စုမင်ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။

သူတို့၏ အကြည့်များ ဆုံတွေ့လိုက်သည့် အခိုက်အတန့်တွင် မျက်လုံးထဲရှိ သူငယ်အိမ်သည် ရုတ်တရက် ကျဉ်းသွားပြီး စူးရှသော အော်ဟစ်သံ တစ်သံ စုမင်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည်။ ပေါက်ကွဲသံ တစ်သံနှင့်အတူ သူ့မျက်စိရှေ့တွင် ကြီးမားလာသော ကမ္ဘာကြီးထဲမှ သူ လိမ့်ထွက်သွားသည်။ ချောက်ကမ်းပါးကြီးသည် အက်ကွဲကြောင်း အဖြစ်သို့ ပြောင်းလဲသွားပြီး သူ မြင်နေရသော ကမ္ဘာကြီးသည် ရုပ်ပုံ တစ်ပုံ မဟုတ်တော့ဘဲ ရွေ့လျားမှုကို ပြန်လည် ရရှိလာသောအခါ လောင်ကျွမ်းနေသော မီးတောက်များသည် လေထဲတွင် ပဲ့တင်ထပ်သွားကာ သွေးနံ့များ ပျံ့နှံ့လာပြီး ကြားနာသူသည် တိကျိုမိုရှားကို ဆက်လက် တိုက်ခိုက်နေသည်။

မမြင်ရသော အင်အားတစ်ခုက သူ့ကို ဝင်တိုက်လိုက်သကဲ့သို့ စုမင် အနောက်သို့ ဆုတ်သွားပြီး ထို့နောက် အေးစက်သော အရောင်တစ်စ သူ့မျက်လုံးများထဲတွင် တောက်ပလာသည်။

အခန်း ၉၃၆ မင်းရဲ့ ကံကြမ္မာ

'နတ်ဘုရား အနှစ်သာရ ရတနာ...' စုမင်၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားပြီး သူ လျင်မြန်စွာ မတ်တပ်ရပ်လိုက်သည်။

ကမ္ဘာကြီးကို ရပ်တန့်သွားစေနိုင်သည့်အပြင် သူ မြင်ချင်သည့်အရာကို ချဲ့ကားကြည့်ရှုနိုင်ပြီး ပုံမှန်အားဖြင့် မမြင်နိုင်သော အသေးစိတ် အချက်အလက်များကို မြင်နိုင်စွမ်းရှိသည့် နတ်ဘုရား စွမ်းရည်မျိုး သူ မပိုင်ဆိုင်ထားကြောင်းရှင်းလင်းစွာ သိထားသည်။

သူ့မျက်လုံးများထဲတွင် နတ်ဘုရား အနှစ်သာရများကို စုစည်းထားလျှင်ပင် ဤအရာအား သူ လုပ်နိုင်မည် မဟုတ်ပေ။

ထိုအရာ ဖြစ်ပျက်ခဲ့စဉ်က သူ အံ့အားသင့်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် အကြောင်းအရာများကို ဆက်စပ် တွေးတော ကြည့်လိုက်သောအခါ ဤသည်မှာ သူ့သိုင်းပညာရပ် မဟုတ်ဘဲ မျက်လုံးများထဲရှိ နတ်ဘုရား အနှစ်သာရသည် သူ နားမလည်သော ထိုမျက်လုံးနှင့် တစ်စုံတစ်ရာ ဆက်သွယ်မှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သူ သိလိုက်သည်။ ၎င်းကို ပြန်လည် စဉ်းစားကြည့်သောအခါ မယုံနိုင်လောက်အောင် အစွမ်းထက်သည်ဟု သူ ထင်မြင်မိသော ထိုနတ်ဘုရား စွမ်းရည်ကို ဖြစ်ပေါ်စေခဲ့သည်မှာ ဤဆက်သွယ်မှုပင် ဖြစ်သည်။

စုမင်၏ မျက်လုံးများ တောက်ပသွားသည်။ သူ မတ်တပ်ရပ်လိုက်သည့် အခိုက်အတန့်တွင်ပင် ရှေ့သို့ လျင်မြန်စွာ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်သည်။ သူ့အမြန်နှုန်းမှာ မျက်စိတစ်မှိတ်အတွင်း တိကျိုမိုရှားနှင့် ကြားနာသူ အနီးသို့ ရောက်ရှိသွားသည်အထိ မြန်ဆန်သည်။

သူ ရောက်ရှိသွားသည့် အချိန်တွင် စုမင်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသော ဟိန်းဟောက်သံ တစ်သံသည် ကြားနာသူ နောက်မှ ထွက်ပေါ်လာသည်။ စုမင်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသော်လည်း မျက်လုံးများထဲရှိ နတ်ဘုရား အနှစ်သာရ မှော်သင်္ကေတများ တောက်ပလာသည်နှင့်အမျှ သူ ပြန်လည် သတိဝင်လာပြီး မျက်လုံးများထဲရှိ တောက်ပသော အလင်းရောင်သည် ပိုမို လင်းလက်လာသည်။ ထိုလူကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ သူ ဖြတ်လျှောက်သွားပြီးနောက် နောက်ဘက်ရှိ လေဟာနယ်အား ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ထိုအရာနှင့်အတူ ပေါက်ကွဲသံကြီးများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး အဆုံးအစမရှိသော လှိုင်းဂယက်များသည် လေထဲတွင် ချက်ချင်း ပေါ်လာသည်။ အခြားသူများ မမြင်နိုင်သော်လည်း ထိုအခိုက်အတန့်တွင် လေထဲရှိ အက်ကွဲကြောင်းသည် လျင်မြန်စွာ ပိတ်နေကြောင်း စုမင် ခပ်ရေးရေး ခံစားသိရှိနိုင်သည်။

ချက်ချင်းဆိုသလိုပင် ပို၍ အစွမ်းထက်သော ဟိန်းဟောက်သံ တစ်သံ စုမင်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့နတ်ဘုရား အနှစ်သာရ စွမ်းအားကို ဆန့်ကျင် တိုက်ခိုက်နေသည့် လက္ခဏာရပ်များအား ခပ်ရေးရေး ပြသနေသည်။ ဤအသံကို သူ့နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသော ဟိန်းဟောက်သံနှင့် ဆက်စပ်ကြည့်လိုက်သောအခါ သူ့အား ဆက်မလုပ်ရန် တားဆီးချင်နေကြောင်း ရှင်းလင်းနေသည်။ လျင်မြန်စွာ ပိတ်သွားနေသော အက်ကွဲကြောင်းကို သူ ကြည့်လိုက်သောအခါ ကြားနာသူများ ရှိခိုးကိုးကွယ်နေသော ထိုမျက်လုံးသည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုအား သတိပြုမိသွားကြောင်း သူ သေချာသွားသည်။ စုမင် ယူဆောင်လာသော ခြိမ်းခြောက်မှုကို သူက ခံစားသိရှိသွားသောကြောင့် နှစ်ပေါင်းများစွာ သူ့အား ရှိခိုးကိုးကွယ်ခဲ့သော ကြားနာသူများကို ငြင်းပယ်ကာ သူတို့ မျိုးနွယ်စုဝင်များအား စွန့်ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းအစား စုမင် ပိုမို နီးကပ်လာခြင်းမှ တားဆီးရန် အက်ကွဲကြောင်းကို ပိတ်ပစ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ကို တုန်လှုပ်စေသော ဟိန်းဟောက်သံများသည် ကြားနာသူများ၏ မျိုးနွယ်စုထံမှ ထွက်ပေါ်လာသည်။ ထိုမျက်လုံးကို ဝိုင်းရံထားသော မျိုးနွယ်စုဝင်များ အားလုံးသည် သူတို့ နားများကို လက်ဖြင့် အုပ်ထားကြပြီး နာကျင်စွာ အော်ဟစ်နေကြစဉ် သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများ ယိုကျလာသည်။ အချို့ဆိုလျှင် ချက်ချင်းပင် သေဆုံးသွားကြသည်။

အလွန်အမင်း အားနည်း ချည့်နဲ့နေပြီး ခန္ဓာကိုယ် အနှံ့ ပြည်တည်နေသော ဒဏ်ရာများ ရှိနေသည့် အဘိုးအို၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားသည်။ မည်သို့ ဖြစ်သွားသည်ကို သူ မသိသော်လည်း မျက်လုံးဆီမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုအား သူ ခံစားသိရှိနိုင်သည်။

မျက်လုံးသည် သူ့ကို မသက်မသာ ဖြစ်စေသော တည်ရှိမှု တစ်ခုအား ခံစားသိရှိသွားသကဲ့သို့ ဖြစ်ပြီး ထိုအခိုက်အတန့်တွင် သူ ဖွင့်လှစ်ထားသော ဥမင်လမ်းကြောင်းကို လျင်မြန်စွာ ပိတ်နေခဲ့သည်။

မျက်လုံး၏ သူငယ်အိမ်က ကျဉ်းသွားသည်။ ထိုအတွင်းရှိ ရေတွက်မရနိုင်သော လက်စားချေလိုသည့် ဝိညာဉ်များသည် စူးရှသော ဟိန်းဟောက်သံများကို ထုတ်လွှင့်နေကြပြီး ထိုအရာကြောင့် ကြားနာသူများသည် ချက်ချင်း သေဆုံးသွားခြင်း သို့မဟုတ် နာကျင်စွာ အော်ဟစ်နေကြရသည်ကို မြင်လိုက်ရခြင်းကြောင့် စုမင်၏ နှလုံးသားမှာ တုန်ယင်သွားသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်သည် ရပ်တန့်သွားမည့် လက္ခဏာရပ်များ ပြသနေသည်။

"ဘယ်သူလဲ၊ ဘယ်သူကများ အငြိုးမျက်လုံးကို ဒီလောက် ကြောက်အောင် လုပ်နိုင်တာလဲ"

ယိမ်းယိုင်နေသည့် ခြေလှမ်းများဖြင့် ချည့်နဲ့နေသော အဘိုးအိုသည် မျက်လုံးအနီးသို့ သွားကာ ညာလက်ကို မြှောက်လိုက်သည်။ သူတို့ မျိုးနွယ်စု စစ်သည်တော်များကို ဖျက်ဆီးပစ်ပြီး နဝမ မျိုးနွယ်စုကို မျိုးတုံးသတ်ဖြတ်မည်ဟူသော ကတိအား ဖောက်ဖျက်ကာ မျိုးနွယ်စုဝင်များ၏ အသက်ရှင်သန်ရေးကိုပင် ဂရုမစိုက်နိုင်လောက်အောင် အငြိုးမျက်လုံးအား ထိတ်လန့်စေခဲ့သူကို အာရုံခံ ကြည့်ရှုရန် ရည်ရွယ်ချက်ဖြင့် ထိုအပေါ်သို့ လက်အား ဖိချလိုက်သည်။

စုမင် ဘက်တွင်မူ သူ့နတ်ဘုရား အနှစ်သာရက ထိုမြည်ဟည်းသံများကို ဆန့်ကျင် တိုက်ခိုက်နေစဉ် သူသည် လေဟာနယ်အား ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီးနောက် ၎င်းကို အပြင်ဘက်သို့ လျင်မြန်စွာ ဆွဲဖြဲလိုက်သည်။ သူ၏ စွမ်းအားသည် ပေါက်ကွဲသံတစ်သံနှင့်အတူ ပေါက်ကွဲထွက်လာပြီး လေဟာနယ်သည် ချက်ချင်း ဆုတ်ပြဲသွားသည်။

တစ်ချိန်တည်းတွင် ပြင်းထန်သော အင်အားတစ်ခု အက်ကွဲကြောင်းထဲမှ ပေါက်ကွဲထွက်လာပြီး သူ့ဆီသို့ တည့်တည့် ပြေးဝင်လာသည်။ လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားစဉ် သူ ချက်ချင်း နောက်ဆုတ်လိုက်ပြီး တိကျိုမိုရှားကို ဆွဲကိုင်ကာ ထိုနေရာမှ ပေရာပေါင်းများစွာ အကွာသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စုမင် လေထဲတွင် သူ ဆွဲဖြဲထားသော အက်ကွဲကြောင်းအား ကြည့်ရန် ခေါင်းကို လျင်မြန်စွာ မော့လိုက်သည်။

အခြားသူများသည် ဤအက်ကွဲကြောင်းနှင့် ပတ်သက်၍ ထူးဆန်းသည်ဟု ထင်မည် မဟုတ်သော်လည်း စုမင် ထိုအက်ကွဲကြောင်းကို ကြည့်လိုက်သောအခါ ၎င်းသည် ထိုမျက်လုံး၏ သူငယ်အိမ်နှင့် မယုံနိုင်လောက်အောင် တူညီနေကြောင်း သူ ခံစားလိုက်ရသည်။

စုမင် ရောက်ရှိလာခြင်းနှင့် သူ့ကို ဆွဲကိုင်၍ နောက်ဆုတ်သွားသော လုပ်ရပ်က တိကျိုမိုရှားအား ခဏတာမျှ အံ့အားသင့်သွားစေသည်။ သို့သော် မကြာမီတွင် သူကိုယ်တိုင်လည်း မေးခွန်းထုတ်မနေဘဲ နောက်ဆုတ်လိုက်သည်။ စုမင် အဘယ်ကြောင့် ရုတ်တရက် ရောက်လာကြောင်း သူ မသိနိုင်သော်လည်း ထိုကြားနာသူ နောက်တွင် ပေါ်လာသော အက်ကွဲကြောင်းသည် သူ့နှလုံးသားကို တုန်ယင်သွားစေသည့် အန္တရာယ် အငွေ့အသက် တစ်ခုအား ဖြစ်ပေါ်စေခဲ့သည်။ ဤအရာကြောင့် စုမင် အဘယ်ကြောင့် ရောက်လာကြောင်းကို သူ ရိပ်မိသွားသည်။

ထိုကြားနာသူအတွက်မူ သူသည် စုမင်ကို ဒေါသတကြီး မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်သော်လည်း ရှေ့သို့ မတိုးလာခဲ့ပေ။ ယင်းအစား သူ လျင်မြန်စွာ နောက်ဆုတ်သွားပြီး နောက်ရှိ ထိုအက်ကွဲကြောင်းကို ထိတွေ့ရန် ရွေ့လျားသွားသည်။

စုမင် လေထဲတွင် ရပ်နေပြီး သူ့ကို တားဆီးရန် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ပေ။ ထိုလူ အက်ကွဲကြောင်းကို ထိတွေ့နေသည်ကို မြင်လိုက်ရပြီး သူ့မျက်နှာပေါ်တွင် မျိုးနွယ်စုဆီသို့ အသက်ရှင်လျက် ပြန်သွားလိုသော ဆန္ဒအား မြင်လိုက်ရသောအခါ စုမင် အေးစက်စက် ပြုံးလိုက်သည်။

ထိုအခိုက်အတန့်တွင် ထိုလူသည် နာကျင်စွာ စူးစူးရှရှ အော်ဟစ်လိုက်သည်။ သူ အက်ကွဲကြောင်းကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် သူ နေရာရွှေ့ပြောင်းခြင်း မခံရဘဲ သူ၏ အသက်စွမ်းအင်နှင့် ကျင့်ကြံခြင်း အခြေခံ အားလုံး စုပ်ယူခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် ချက်ချင်း ခြောက်ကပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း အရိုးနှင့် အရေပြားသာ ကျန်တော့ကာ မကြာမီ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

အက်ကွဲကြောင်းသည် ထိုလူ၏ အသက်စွမ်းအင်ကို စုပ်ယူပြီးသွားသည်နှင့် လူတစ်ဦး၏ ဒဏ်ရာ ကျက်သွားသကဲ့သို့ပင် လူတိုင်း၏ မျက်စိရှေ့တွင် ချက်ချင်း စတင် ပိတ်သွားတော့သည်။ ထိုလုပ်ငန်းစဉ်အတွင်း ၎င်းသည် လျင်မြန်စွာ ဆုတ်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း အက်ကွဲကြောင်း သေးသေးလေးသာ ကျန်ရစ်တော့သည်။

"ဒါဆို... မင်း ငါ့ကို ကြောက်နေတာပေါ့" စုမင် ရှေ့သို့ တိုးသွားပြီး လျင်မြန်စွာ ပိတ်သွားနေသော အက်ကွဲကြောင်းဆီသို့ ပြေးဝင်သွားသည်။

"ငါတို့... အချင်းချင်း ဝင်မစွက်ဖက်ကြရအောင်..." တဝီဝီ မြည်သံ၊ စူးရှသော အော်သံများနှင့် ရှေးဟောင်းလေထုတို့ ရောနှောနေသည့် အသံတစ်သံသည် လျင်မြန်စွာ ပိတ်နေသော အက်ကွဲကြောင်းထဲမှ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ထိုအသံသည် ကမ္ဘာကြီးထဲတွင် ပဲ့တင်ထပ်သွားပြီး အဆုံးအစမရှိသော ပဲ့တင်သံများကို ဖြစ်ပေါ်စေခဲ့သည်။

"အချင်းချင်း ဝင်မစွက်ဖက်ကြရအောင်တဲ့လား။ ဟက်... ငါသာ လုံလောက်တဲ့ အစွမ်း မရှိခဲ့ဘူးဆိုရင် မင်း ဒီစကားတွေကို ပြောနေဦးမှာလား" စုမင်က ခပ်ပြတ်ပြတ် မေးလိုက်သည်။ သူ အက်ကွဲကြောင်းဆီသို့ ဆက်လက် ချဉ်းကပ်သွားပြီးနောက် ညာလက်ကို မြှောက်ကာ ပိတ်နေသော အက်ကွဲကြောင်းအား လက်ချောင်းများဖြင့် နောက်တစ်ကြိမ် ဆွဲကိုင်လိုက်သည်။

ကျယ်လောင်သော ဆုတ်ဖြဲသံနှင့်အတူ အက်ကွဲကြောင်းသည် နောက်တစ်ကြိမ် ဆုတ်ပြဲသွားသည်။ ဤတစ်ကြိမ်တွင်မူ စုမင် မရပ်တန့်ခဲ့ပေ။ သူ၏ နှလုံးသားထဲရှိ ဟိန်းဟောက်သံများနှင့် အက်ကွဲကြောင်းထဲမှ သူ့ဆီသို့ ပြေးဝင်လာသော ပြင်းထန်သည့် အင်အားတို့ကို သည်းခံရင်း သူ အတွင်းသို့ ပြေးဝင်သွားခဲ့သည်။

သူ အက်ကွဲကြောင်းထဲသို့ ခြေချလိုက်သောအခါ ကြားနာသူများ၏ မျိုးနွယ်စုထဲရှိ အငြိုးမျက်လုံးထံမှ ဟိန်းဟောက်သံများသည် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ ထိုအသံ၏ တိုက်ခိုက်မှုအောက်တွင် အငြိုးမျက်လုံးပေါ် ညာလက် တင်ထားသော အဘိုးအိုသည် ခန္ဓာကိုယ် ချက်ချင်း ကြေမွ ပျောက်ကွယ်သွားသည့် ပထမဆုံးလူ ဖြစ်လာခဲ့သည်။ သူ့နောက်တွင်မူ မျက်လုံးတစ်ဝိုက်ရှိ ကြားနာသူများ အားလုံးသည် ချက်ချင်း အဖတ်ဆယ်မရအောင် သေဆုံးသွားကြသည်။ သူတို့ မြေပြင်ပေါ်သို့ လဲကျသွားသောအခါ သူတို့ ခန္ဓာကိုယ်များ ခြောက်ကပ်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည့် ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်အတွင်း သူတို့၏ အသက်စွမ်းအင် အားလုံးကို အငြိုးမျက်လုံးက စုပ်ယူလိုက်သည်။ မျက်လုံးသည် ယခုအခါ လုံးဝ တိတ်ဆိတ်သွားပြီဖြစ်သော အနက်ရောင် မျှော်စင်များဖြင့် ဖွဲ့စည်းထားသည့် မျိုးနွယ်စုထံမှ အထက်သို့ လျင်မြန်စွာ ပျံတက်သွားပြီး ကောင်းကင်ယံသို့ ထွက်ပြေးသွားသည်။

ထိုအခိုက်အတန့်အတွင်း မျိုးနွယ်စုထဲတွင် ကြားနာသူများ သေဆုံးသွားသော နေရာဖြစ်သည့် အငြိုးမျက်လုံး ယခင်က ရှိနေခဲ့သော ဧရိယာတွင် ပေါက်ကွဲသံကြီး တစ်သံ မြည်ဟည်းသွားသည်။ လေထဲတွင် ဧရာမ အက်ကွဲကြောင်းကြီး တစ်ကြောင်း ဆုတ်ပြဲသွားပြီး စုမင် လျှောက်ထွက်လာသည်။

ထိုသို့ လုပ်လိုက်သည့် အခိုက်အတန့်တွင်ပင် သူ ခေါင်းမော့လိုက်ပြီး ကောင်းကင်တွင် ကမန်းကတန်း ထွက်ပြေးနေသော အငြိုးမျက်လုံးကို ကြည့်လိုက်သည်။

"ငါ့ရဲ့ မျက်လုံး ဖြစ်လာခဲ့..." စုမင် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ မျက်လုံး နောက်သို့ မလိုက်ဘဲ ညာလက်ကို မြှောက်ကာ ကောင်းကင်ယံ ဦးတည်ရာဘက်ရှိ လေဟာနယ်အား ဆုပ်ကိုင်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အထက်အမြင့်တွင် ဧရာမ လက်ကြီး တစ်ဖက် ပေါ်လာသည်။

ထိုလက်ကြီးသည် ပေပေါင်း သောင်းနှင့်ချီ ကြီးမားပြီး ၎င်းသည် အငြိုးမျက်လုံးကို ဖမ်းဆုပ်ရန် လျင်မြန်စွာ ပြေးဝင်သွားသည်။

"ဟင့်အင်း"

အငြိုးမျက်လုံးထံမှ ဒေါသတကြီး ဟိန်းဟောက်သံ တစ်သံ ထွက်ပေါ်လာသည်။ သူသည် လေထဲတွင် ပဲ့တင်ထပ်သွားစဉ် လှိုင်းဂယက် အမြောက်အမြားကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် ကောင်းကင်မှ သူ့ဆီသို့ လာနေသော လက်ဝါးကြီးနှင့် ဝင်တိုက်မိသွားသည်။ ပေါက်ကွဲသံကြီးများ ကောင်းကင်ယံသို့ ထိုးတက်သွားစဉ် လက်ဝါးကြီးသည် ပြိုကျ ပျက်စီးသွားသည်။ ထို့နောက် အငြိုးမျက်လုံးသည် ထိုနေရာမှ ဖောက်ထွက်သွားပြီး အဝေးဆီသို့ နောက်တစ်ကြိမ် ထွက်ခွာသွားသည်။

"မင်းနဲ့ငါက ဒီနေ့ တွေ့ဆုံရမယ့် ကံကြမ္မာ ပါလာခဲ့တယ်..." စုမင်က ဤစကားများကို ခပ်ပြတ်ပြတ် ပြောလိုက်ချိန်တွင် သူသည် မလှုပ်မယှက် ရပ်နေဆဲဖြစ်သော်လည်း ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် သူ့နောက်တွင် မီးပင်လယ်နှင့်အတူ အငြိုးမျက်လုံး၏ အရှေ့တည့်တည့်ရှိ လေထဲမှ လျှောက်ထွက်လာသည်။ သူ့ဘယ်လက်ကို မြှောက်လိုက်သောအခါ မီးပင်လယ်သည် ဧရာမ လက်ကြီး တစ်ဖက် အဖြစ်သို့ ပြောင်းလဲသွားပြီး အငြိုးမျက်လုံးကို ဖမ်းဆုပ်ရန် ရှေ့သို့ ပြေးဝင်သွားသည်။

"ချီးပဲ... ငါ လက်မခံဘူး"

ထိုအငြိုးမျက်လုံး၏ သူငယ်အိမ်ရှိ တိမ်များနှင့် အခိုးအငွေ့များ ရောနှောနေသော အရောင်အဝါ အတွင်း၌ ရေတွက်မရနိုင်သော ရက်စက်သည့် ဝိညာဉ်များသည် ဒေါသတကြီး ဟိန်းဟောက်နေကြသည်။ သူတို့ထဲမှ အချို့သည် မျက်လုံးထဲမှ အပြင်သို့ပင် ပြေးထွက်လာကာ အဆုံးအစမရှိသော တစ္ဆေများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့ထဲမှ အတော်များများသည် ကြားနာသူများ ဖြစ်ကြပြီး သူတို့ အားလုံးသည် ကြက်သွေးရောင် မီးတောက် မြို့စား ဖန်တီးထားသော မီးလက်ဝါးဆီသို့ ပြေးဝင်သွားကြသည်။

သူတို့ အချင်းချင်း ထိတွေ့မိသည့် အခိုက်အတန့်တွင် ပေါက်ကွဲသံကြီးများ လေထဲသို့ ထွက်ပေါ်လာသည်။ မီးလက်ဝါးသည် ပြိုကွဲသွားပြီး မြေပြင်သို့ ထိုးဆင်းသွားသော မီးတောက် ပင်လယ်အတွင်း အဆုံးအစမရှိသော မီးခဲများအဖြစ်သို့ ပြောင်းလဲသွားသည်။ အငြိုးမျက်လုံးက ထိုးဆင်းသွားသော မီးပင်လယ်ထဲတွင် မီးတောက်များ မရှိသည့် အက်ကွဲကြောင်း တစ်ကြောင်းကို သတိပြုမိလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းသည် စုမင်၏ အကြည့်ထဲမှ ပျံသန်းထွက်သွားတော့မည့်အလား ထိုနေရာမှ ထိုးထွက်သွားသည်။

သို့သော် စုမင်မှာ ယခင်ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။

"ဒါက မင်းရဲ့ ကံကြမ္မာပဲ" စုမင် သူ၏ ဝါကျ ဒုတိယပိုင်းကို တည်ငြိမ်စွာ ရေရွတ်လိုက်ပြီး သူ ပြောချင်သည့် စကားကို အဆုံးသတ်လိုက်သည်။

ထိုစကားများကို သူ ပြောလိုက်သည့် အခိုက်အတန့်တွင် ပြေးဝင်လာသော အငြိုးမျက်လုံး၏ အရှေ့တည့်တည့်တွင် ဧရာမ အရိပ်ကြီး တစ်ရိပ် ပေါ်လာသည်။ ထိုအရိပ်သည် သစ်ပင် တစ်ပင်၏ အရိပ်ဖြစ်ပြီး ထိုသည်က စုမင်၏ အိစန်း ပုံရိပ်ယောင်ပင် ဖြစ်သည်။

အိစန်း ပုံရိပ်ယောင် ပေါ်ထွက်လာခြင်းသည် ကမ္ဘာကြီးကို လွှမ်းခြုံသွားသော တည်ရှိမှု တစ်ခုကို ယူဆောင်လာပြီး ဖိနှိပ်သည့် အင်အားတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အငြိုးမျက်လုံးအား စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော စူးရှသည့် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာစေသည်။

"အိစန်း၊ ကျစ်... အိစန်း... မင်း ထာဝရအသက်နဲ့ လဲလှယ်ဖို့အတွက် အတိတ်တုန်းက ပျက်စီးခြင်း အဘိုးအိုကို ပူဇော်ဖို့ ငါ့ရဲ့ မူလခန္ဓာကိုယ်ကို မင်း သတ်ခဲ့တယ်။ ငါ့ရဲ့ အငြိုးမျက်လုံးတွေကို ခွဲထုတ်လိုက်လို့ ငါ အားအနည်းဆုံး ဖြစ်နေချိန်မှာ မင်း ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တယ်။ ဒါသာ မဟုတ်ခဲ့ရင် မင်းက ဘယ်လိုလုပ် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"

"ငါ... ငါက စကြဝဠာကြီး မဖန်တီးရသေးခင်ကတည်းက မွေးဖွားလာခဲ့တဲ့ ပထမဆုံး မျက်လုံးပဲ။ ငါက စကြဝဠာကြီးရဲ့ ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးခြင်းတွေကို မျက်မြင်တွေ့ခဲ့ရတဲ့ ပထမဆုံး မျက်လုံးပဲ။ ငါ... ငါ အရှုံးမပေးနိုင်ဘူး" အငြိုးမျက်လုံးထံမှ ဟိန်းဟောက်သံများသည် ဖော်ပြ၍မရနိုင်သော ရူးသွပ်မှုနှင့် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် အိစန်း ပုံရိပ်ယောင်ဆီသို့ တည့်တည့် ပြေးဝင်သွားသည်။

၎င်း ပြေးဝင်လာသောအခါ လျင်မြန်စွာ ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပေတစ်သိန်း အမြင့်အထိ ကြီးမားလာကာ လေထဲတွင် မတ်မတ် ရပ်တည်နေသည်။ ပေါက်ကွဲသံ တစ်သံနှင့်အတူ သူသည် အိစန်း ပုံရိပ်ယောင်ကို ဝင်တိုက်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် အိစန်း ပုံရိပ်ယောင်ထဲမှ လက်တစ်ဖက် ဆန့်ထွက်လာသည်။ ဧရာမ မျက်လုံးကြီးနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ မယုံနိုင်လောက်အောင် သေးငယ်သော လက်တစ်ဖက် ဖြစ်သည်။ ထိုလက်သည် အငြိုးမျက်လုံးကို ဝင်တိုက်လိုက်သောအခါ နာကျင်သည့် စူးစူးရှရှ အော်ဟစ်သံ တစ်သံ အရပ်မျက်နှာ အားလုံးတွင် ပဲ့တင်ထပ်သွားသည်။

ပေါက်ကွဲသံကြီးများ ကောင်းကင်ယံသို့ ထိုးတက်သွားသော်လည်း စုမင်သည် နေရာတွင် မလှုပ်မယှက် ဆက်လက် ရပ်တည်နေခဲ့သည်။

ပေါက်ကွဲသံများ ငြိမ်ကျသွားပြီး အိစန်း ပုံရိပ်ယောင် ပျောက်ကွယ်သွားသည်နှင့် ခရမ်းရောင် ဝတ်ဆင်ထားသည့် ဆံပင်ရှည်ရှည်နှင့် ရုပ်ချောသော အမျိုးသား တစ်ဦးသည် ကမ္ဘာကြီးကို အထက်စီးမှ ကြည့်နိုင်သည့် တည်ရှိမှု တစ်ခုနှင့်အတူ ကောင်းကင်တွင် ရပ်နေသည်။ သူ့လက်ထဲတွင် မျက်လုံး တစ်လုံး ကိုင်ထားသည်။

မျက်လုံးသည် လက်ရှိတွင် မီးခိုးရောင် ဖြစ်နေသော်လည်း သူငယ်အိမ် အတွင်း၌ စကြဝဠာ၏ ဖြစ်တည်ခြင်းနှင့် ပျက်စီးခြင်းများ ပါဝင်နေသကဲ့သို့ မီးခိုးငွေ့များနှင့် တိမ်တိုက်များသည် အတွင်းဝယ် လှုပ်ရှားနေသည်။

သဘာဝကျကျပင် ထိုခရမ်းရောင် ဆံပင်နှင့် အမျိုးသားက စုမင်၏ အိစန်း ကိုယ်ပွား ဖြစ်သည်။

ဤသည်မှာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အတွင်း စုမင်က အိစန်း ပုံရိပ်ကို ဥမင်လမ်းကြောင်း တစ်ကြောင်းအဖြစ် အောင်မြင်စွာ အသုံးပြုပြီး အိစန်း ကိုယ်ပွားအား ဆင့်ခေါ်ရန် သူ့ဝိညာဉ်ကို လမ်းပြအဖြစ် အသုံးပြုခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။

"မင်းက ငါ့အပိုင်ပဲ။ ဒါက မင်းရဲ့ ကံကြမ္မာပဲ" စုမင်နှင့် အိစန်း ကိုယ်ပွားတို့ ပြိုင်တူ ပြောလိုက်ကြသည်။

All Chapters