← Chapters

အခန်း (၁၀၉၅)

Vol. 105 Ch. 1095

အခန်း (၁၀၉၅)

Vol. 105 Ch. 1095

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

သို့သော် ထိုက်ခန်အင်ပါယာ မြို့တော်ရှိ လူသားများမှာ ဧရာမ စွမ်းအင်အကာအကွယ်ကြီး၏ ကာကွယ်မှုအောက်၌ ဘေးကင်းလျက် ရှိနေကြ၏။ ထို့အပြင် ထိုအကာအကွယ်ကြီး၏ စွမ်းအားကို တောက်ပလှသည့် နေရောင်ခြည်က စဉ်ဆက်မပြတ် ဖြည့်တင်းပေးနေသည်။

အသက်ရှင်ကျန်ရစ်သူ သိန်းနှင့်ချီသော လူများမှာ ဝမ်းသာလုံးဆို့နေကြ၏။ သူတို့သည် ထိုက်ခန်အင်ပါယာ နန်းတော်ရင်ပြင်ဆီသို့ ပြေးထွက်လာကြပြီး ဦးညွှတ်ကာ အားပါးတရ အော်ဟစ်လိုက်ကြသည်။

"ဧကရာဇ်မင်းမြတ်... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်းရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ..."

နေရောင်ခြည်နှင့် ထိတွေ့ပြီးနောက် ကမ္ဘာမြေ၏ အူတိုင်သည် တဖြည်းဖြည်း ပြန်လည်လည်ပတ်လာ၏။ မူလအမြန်နှုန်းသို့ ပြန်ရောက်ရန် အချိန်ကြာမြင့်စွာ ယူရမည်ဖြစ်သော်ငြား လက်ငင်းကြုံတွေ့နေရသည့် ပျက်သုဉ်းခြင်းကပ်ဘေးကြီးကိုတော့ ကျော်လွန်သွားနိုင်လိုက်လေပြီ။

**--**--**--**--**--**--**--**

မြင့်မြတ်နယ်မြေ၌မူ စိတ်လှုပ်ရှားမှုက ပို၍ပင် ကြီးမားနေ၏။ ဤနေရာရှိ ပတ်ဝန်းကျင်သည် ကမ္ဘာမြေထက် ပိုမို သန့်စင်၏။ နေရောင်ခြည်က သူတို့၏ စွမ်းအားကြီးမားလှသော နဂါးစွမ်းအင် အစီအရင်ကြီးကို လာရောက်ဟပ်ဟပ်ချင်းမှာပင် စွမ်းအင်နှင့် အင်အားများအားလုံး ချက်ချင်း ပြန်လည် ပြည့်ဝသွားတော့သည်။

မြင့်မြတ်နယ်မြေလောက တစ်ခုလုံး တစ်ဖန် ပြန်လည် လင်းလက်သွားပြီး သက်တောင့်သက်သာရှိသည့် ပုံမှန်အပူချိန်သို့ ပြန်လည်ရောက်ရှိသွားကာ မရေမတွက်နိုင်သော အာကာသယာဉ်များနှင့် လေယာဉ်များမှာလည်း ကောင်းကင်ယံ၌ လွတ်လပ်စွာ ပျံသန်းသွားလာလိုက်ကြ၏။

မကြာမီ၌ ဤနေရာရှိ စက်ရုံအလုပ်ရုံများက အစားအစာများကို အဆုံးအစမရှိ ဆက်တိုက် ထုတ်လုပ်ပေးနိုင်တော့မည် ဖြစ်သည်။

မရေမတွက်နိုင်သည့် နဂါးသွေးနွယ်ဖွားများမှာ တုပိုင်၏ ရုပ်တုရှေ့၌ စုရုံးလာကြပြီး ဦးညွှတ်ကာ ဝမ်းသာမျက်ရည်များ ကျဆင်းလျက် ကြွေးကြော်လိုက်ကြသည်။

"ဧကရာဇ်မင်းမြတ်... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်းရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ..."

ကမ္ဘာလောကကြီး တစ်ခုလုံး တစ်ဖန် ကယ်တင်ခံလိုက်ရပြန်လေပြီ။ သို့သော် နဂါးသွေးနွယ်ဖွားအားလုံးက ဤအံ့ဖွယ်ကိစ္စအတွက် ဧကရီမိုဟန်ထက် တုပိုင်ကိုသာ ကျေးဇူးတင်နေကြ၏။ မိုဟန်သည် ကမ္ဘာကြီးကို ကယ်တင်ရန် ရဲရင့်စွာ ထွက်ခွာသွားခဲ့သော်ငြား သူမကိုယ်သူမ ဉာဏ်နည်းသည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့သည့်အတွက် လူတိုင်းက သူမကျရှုံးမည့် သတင်းကိုသာ စောင့်မျှော်နေခဲ့ကြသည်။

**--**--**--**--**--**--**--**

တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောက၌လည်း နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော လူများက နွေးထွေးသည့် နေရောင်ခြည်ကို ခံစားရန် အပြင်ဘက်သို့ ပြေးထွက်လာကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လုံးဝ ငရဲခန်းတစ်ခုသဖွယ် ဖြစ်ခဲ့၏။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသော်ငြား နောက်ဆုံး၌ နေမင်းကြီး ပြန်လည် ထွက်ပေါ်လာလေပြီ။ အနည်းဆုံးတော့ ကမ္ဘာလောကကြီး တစ်ခုလုံး ကယ်တင်ခံလိုက်ရပြီ ဖြစ်သည်။

"မေမေ..."

တိတ်ဆိတ်သည့် ခြံဝင်းတစ်ခုအတွင်း၌ နင်းရွှဲ့၏ ကလေးမှာ အဝတ်အစားပါးပါးလေးကို ဝတ်ဆင်ထားလျက် မတ်တပ်ရပ်နေ၏။ ကလေးငယ်က သူမ၏ လက်မောင်းသေးသေးလေးများကို ဆန့်တန်းကာ ဘဲပေါက်စလေးတစ်ကောင်ကဲ့သို့ ယိမ်းထိုးလျက် မိခင်ဖြစ်သူဆီသို့ လျှောက်လာသည်။ လပိုင်းအရွယ်သာ ရှိသေးသော်ငြား လမ်းလျှောက်နိုင်နေပြီ ဖြစ်ကာ ဖန်ရှောင်ကဲ့သို့ပင် ဉာဏ်ကောင်းပြီး သန်စွမ်းကြောင်း သက်သေပြနေ၏။

နောက်ဆုံး ခြေလှမ်းအနည်းငယ်၌ ကလေးငယ်က အရှိန်တင်လိုက်ပြီး အနည်းငယ် တိမ်းယိမ်းသွားကာ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ အောင်မြင်စွာ ပစ်ဝင်သွားလိုက်သည်။

"ခစ်ခစ်..." ကလေးငယ်က ပျော်ရွှင်စွာဖြင့် တစီစီ ရယ်မောလိုက်၏။

နင်းရွှဲ့ကမူ ကလေးငယ်ကို ပွေ့ချီကာ နှာခေါင်းလေးကို နမ်းလိုက်ပြီး ပင်ပန်းနွမ်းနယ်နေသည့် အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"သမီးလေးက တကယ် တော်တာပဲ... သမီးရဲ့ ဖေဖေသာ သမီးလေးကို မြင်ရင် သိပ်ပျော်သွားမှာ သေချာတယ်။"

**--**--**--**--**--**--**--**

လက်ရှိအချိန်၌ အစိတ်လှုပ်ရှားဆုံး ပုဂ္ဂိုလ်မှာ မိုဟန်ပင် ဖြစ်သည်။

မိစ္ဆာဘုရင် ဆယ့်တစ်ပါး၏ မျက်နှာကြီး မှေးမှိန်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းမနေတော့ချေ။ မိုဟန်က ကောင်းကင်ယံ၏ သီးခြားထောင့်တစ်နေရာဆီသို့ စူးစိုက်ကြည့်နေ၏။ သူမ အလွန်တရာ စိတ်လှုပ်ရှားနေသည်။

ကံကောင်းထောက်မစွာဖြင့် တုပိုင်က သူမနှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ချိတ်ဆက်ထားပြီး ကိုဩဒိနိတ်တစ်ခုကို စိတ်အာရုံထဲ၌ တိုက်ရိုက် ထည့်သွင်းပေးထား၏။

မိုဟန် တွေးတောပူပန်သွားသည်။

"အို... ငါ ဘယ်လောက်အဝေးကြီး ပျံသန်းရမလဲ ၊ အချိန် ဘယ်လောက် ကြာမလဲဆိုတာ တုပိုင်ကို မေးဖို့ မေ့သွားတာပဲ။ အလင်းနှစ် ၄.၂၂ ဆိုတာ ဘယ်လောက်တောင် ဝေးတာလဲ။ မိုင် တစ်သိန်းလောက်လား။ မိုင် ငါးသိန်းထက်တော့ ပိုမဝေးလောက်ပါဘူးနော်။"

ရုတ်တရက် မိုဟန်သည် ရွှေရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံရှိ ကိုဩဒိနိတ်ဆီသို့ ပစ်လွှတ်လိုက်သကဲ့သို့ ပျံသန်းသွားတော့သည်။

"ဝှီးးး"

သူမ ကမ္ဘာမြေကို မျက်စိတစ်မှိတ်အတွင်း၌ နောက်ချန်ထားရစ်ခဲ့၏။ ပုံမှန်အားဖြင့်ဆိုလျှင် မိခင်ဂြိုဟ်ကို စက္ကန့်တိုင်း လှည့်ကြည့်ချင်နေမည် ဖြစ်သည်။ သို့သော် သူမ မရဲချေ။ တုပိုင်က တည့်တည့်သာ ပျံသန်းရန် ညွှန်ကြားထား၏။ ခေါင်းလှည့်ကြည့်လိုက်ခြင်းကပင် အမှားအယွင်းတစ်ခုကို ဖြစ်စေနိုင်ပေလိမ့်မည်။

တောက်ပသည့် အလင်းရောင်များက တဖြည်းဖြည်း စုစည်းသွားပြီး နောက်ဆုံး၌ သူမ၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားကာ စူးရှသည့် စွမ်းအင်အမှတ်အသား တစ်ခုတည်းအဖြစ် ပြောင်းလဲသွား၏။ ပျံသန်းမှု အမြန်နှုန်းမှာ အလင်းအလျင်နှင့် နီးကပ်နေသည်။ မကြာမီမှာပင် ကမ္ဘာမြေကြီးသည် သူမနောက်၌ အစက်အပြောက်ငယ်လေး တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ပြီး နေမင်းကြီးပင်လျှင် အဝေးမှ အနီရောင် အစက်လေးတစ်ခုအဖြစ်သို့ ကျုံ့ဝင်သွားတော့သည်။

"နေမင်းသုံးစင်း... နေမင်းသုံးစင်း... နေမင်းသုံးစင်း..."

ယခုအခါ အလင်းစက်လေး တစ်ခုသာ ဖြစ်နေသည့် မိုဟန်က သူမ သွားရမည့် ခရီးစဉ်ကို ဆက်တိုက် ရေရွတ်နေ၏။ သူမ မည်သည့် နေရာသို့ သွားနေသည်ကို အပြည့်အဝ နားမလည်ချေ။ သူမ မှတ်မိသည်မှာ တုပိုင်ပြောခဲ့သည့် နေမင်းသုံးစင်းကို မြင်တွေ့ရလျှင် ရောက်ပြီဆိုသည့် အချက်ကိုသာ ဖြစ်သည်။

**--**--**--**--**--**--**--**

လက်ရှိအချိန်၌ နဂါးသွေးဂြိုဟ် အူတိုင်ရှိ မိစ္ဆာနန်းတော်၏ အနက်ရှိုင်းဆုံးနေရာ၌... ပထမ မိစ္ဆာဘုရင်က ဩဇာပါပါ ကြေညာလိုက်သည်။

"ကမ္ဘာမြေပေါ်က ပိတ်ဆို့ထားမှုတွေကို ငါတို့ ဖယ်ရှားလိုက်ပြီ။ မင်း ရှေ့ဆက်သွားလို့ရပြီ တုပိုင်..."

တုပိုင် ခေါင်းညိတ်ကာ ကြီးစိုးသူ မိစ္ဆာဧကရာဇ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။ ထူးဆန်းသည်မှာ သူ ပိုမို နီးကပ်သွားလေလေ မိစ္ဆာဧကရာဇ်က ပို၍ သေးငယ်သွားလေလေ ဖြစ်နေခြင်းပင်။

မကြာမီမှာပင် အမှန်တရားကို သူ နားလည်သွားသည်။ ဧကရာဇ်၏ ခန္ဓာကိုယ်က ကျုံ့ဝင်သွားခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကြီးက ပိုမို ကြီးမားလာနေခြင်းပင်။

တုပိုင် ခန်းမဆောင်ကြီး၏ အဆုံးသို့ ရောက်ရှိလာ၏။ သူ အမှောင်နန်းပလ္လင်ရှေ့၌ ရပ်လိုက်ပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင်လောကများကို ဖျက်ဆီးခဲ့သူ ၊ အစွမ်းအထက်ဆုံး တည်ရှိမှု ဖြစ်သည့် ကြီးစိုးသူ မိစ္ဆာဧကရာဇ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

တုပိုင်က လက်ကို ဆန့်တန်းကာ ခပ်တိုးတိုး မေးမြန်းလိုက်သည်။

"ဧကရာဇ်မင်းမြတ်... ကျုပ်တို့ရဲ့ အဆုံးအဖြတ် တိုက်ပွဲက တရားဝင် စတင်ပြီလား။"

ကြီးစိုးသူ မိစ္ဆာဧကရာဇ်အဖြစ် အုပ်စိုးနေသည့် အနက်ရောင် အရိပ်ကြီးက လေးနက်စွာ တုံ့ပြန်လိုက်သည်။

"အင်း...။ တရားဝင် စတင်ပြီ။"

ဖြည်းညင်းစွာဖြင့် အနက်ရောင် အရိပ်ကြီးသည် နန်းပလ္လင်ပေါ်မှ ထရပ်လိုက်၏။ ကြီးစိုးသူ မိစ္ဆာဧကရာဇ်သည် တကယ်ပဲ နိုးထလာပြီလော။ ဘယ်သောအခါမှ စကားမပြောခဲ့ဘဲ နန်းပလ္လင်ပေါ်၌ ထာဝရ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည့် သူ... နိုးထလာပြီလော။

အထွတ်အထိပ်အရှင်သခင်များ၏ တိုက်ပွဲတစ်ခု၌ လှုပ်ရှားမှု တစ်ကွက်တည်းကပင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်၏။ ထို့အပြင် ဤသည်က ဟင်းလင်းပြင်လောက၏ အမြင့်ဆုံး အရှင်သခင်များကြားမှ တိုက်ပွဲ ဖြစ်နေသည်။

တုပိုင် သူ၏ ဓားကို ဆွဲထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် ကြီးစိုးသူ မိစ္ဆာဧကရာဇ်၏ အနက်ရောင် အရိပ်ကြီးကလည်း သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။

တုပိုင် သူ၏ ဓားသွားကို ရှေ့သို့ ထိုးသွင်းလိုက်၏။

မိစ္ဆာဧကရာဇ်ကလည်း သူ၏ ဓားသွားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။

သူတို့၏ လှုပ်ရှားမှုများက ပြီးပြည့်စုံစွာ တစ်ထပ်တည်း ကျနေ၏။

တုပိုင်၏ ဓားနှင့် မိစ္ဆာဧကရာဇ်၏ ဓားတို့မှာ တဖြည်းဖြည်း နီးကပ်လာကြပြီး... နောက်ဆုံး၌... သူတို့၏ ဓားဖျားများ အချင်းချင်း ထိပ်တိုက် တွေ့ဆုံသွားကြ၏။

ဓားသွားနှစ်လက်မှ စွမ်းအင်လှိုင်းများ ရုတ်တရက် ဖြာထွက်လာပြီးနောက် မှန်တစ်ချပ်ကဲ့သို့ တောက်ပသည့် အလင်းကန့်လန့်ကာကြီး တစ်ခုအဖြစ်သို့ စုစည်းသွားသည်။

ထိုအလင်းကန့်လန့်ကာကြီး၏ အတွင်း၌ မိစ္ဆာဧကရာဇ် ရပ်နေ၏။ မူလက သူသည် မျက်နှာသွင်ပြင်နှင့် ခြေလက်အင်္ဂါ တိတိကျကျ မရှိသည့် အနက်ရောင် အရိပ်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် သူတို့၏ ဓားများ ထိတွေ့သွားသည့် အခိုက်အတန့်မှာပင် ဧကရာဇ်၏ မျက်နှာက စတင် ပေါ်လွင်လာတော့သည်။

ထိုသည်က အနက်ရောင် မိစ္ဆာဂျိုများဖြင့် အလှဆင်ထားသည့် ခန့်ညားလှသော မျက်နှာတစ်ခု ဖြစ်၏။

အဘယ်ကြောင့် ထိုမျက်နှာက ဤမျှ ရင်းနှီးနေရသည်နည်း။

တုပိုင် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ အလင်းကန့်လန့်ကာ မှန်ပြင်ထဲရှိ မိစ္ဆာဧကရာဇ်ကလည်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

တုပိုင် ခေါင်းစောင်းလိုက်၏။ မှန်ပြင်ထဲရှိ မိစ္ဆာဧကရာဇ်ကလည်း ခေါင်းစောင်းလိုက်သည်။

"ဟူးးး"

တုပိုင် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။

မှန်ပြင်ထဲရှိ အရှင်သခင်ကလည်း သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။

သူတို့၏ လုပ်ရပ်များက လုံးဝ တစ်ထပ်တည်း ကျနေ၏။ မှန်ထဲရှိ ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြည့်နေရသကဲ့သို့ အတိအကျပင် ဖြစ်နေသည်။

တုပိုင် လက်မြှောက်ကာ သူ၏ ခေါင်းပေါ်ကို ပွတ်သပ်လိုက်၏။ မှန်ထဲရှိ အရှင်သခင်ကလည်း ထိုအမူအရာအတိုင်း လက်မြှောက်ကာ ကိုယ်ပိုင်ခေါင်းကို ပွတ်သပ်လိုက်သည်။

တုပိုင် သူ၏ မိစ္ဆာဂျိုကို ကိုင်ကြည့်လိုက်၏။ မှန်ထဲရှိ မိစ္ဆာဧကရာဇ်ကလည်း သူ၏ ဂျိုကို ကိုင်ကြည့်လိုက်သည်။

တုပိုင် သက်ပြင်းချကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ တုပိုင်... မင်္ဂလာပါ... မိစ္ဆာဧကရာဇ်မင်းမြတ်...။"

မှန်ထဲရှိ မိစ္ဆာဧကရာဇ်ကလည်း ပါးစပ်ဖွင့်ကာ တုံ့ပြန်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ တုပိုင်... မင်္ဂလာပါ... မိစ္ဆာဧကရာဇ်မင်းမြတ်...။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၅ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters