အခန်း (၁၀၉၁)
Vol. 105 Ch. 1091
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မြင့်မြတ်နယ်မြေလောက၏ ရင်ပြင်မျာ အနှံ့အပြား၌ ကမ္ဘာမြေ၏ မြောက်ဝန်ရိုးစွန်းမှ အအေးလှိုင်းများ ကျဆင်းလာသကဲ့သို့ အေးခဲနေပြီး အဆောက်အအုံတိုင်းသည်လည်း အပိုင်းပိုင်းအစစ ကွဲကြေသွားတော့မည့်အလား ဖြစ်နေ၏။
တစ်ချိန်က လင်းထိန်နေခဲ့သည့် နယ်မြေမှာ လုံးဝ အမှောင်အတိ ကျသွားလေပြီ။ အလိုအလျောက်ပင် နဂါးစွမ်းအင်အကာအကွယ်က အနိမ့်ဆုံး စွမ်းအင်သုံးစနစ်ကို ဖွင့်လှစ်လိုက်ပြီး မြင့်မြတ်နယ်မြေလောက၏ အပူချိန်ကို ဆဲလ်စီးယပ် သုညဒီဂရီဝန်းကျင်၌ ထိန်းသိမ်းထားလိုက်၏။ သို့သော် ရုန်းကန်နေရသည်။
ယခင်က မြင့်မြတ်နယ်မြေလောက၌ အစားအစာများ ပေါများကြွယ်ဝခဲ့၏။ အလွန်တရာ အဆင့်မြင့်မားသည့် စွမ်းအင်အစီအရင်များ၏ ကျေးဇူးကြောင့် သူတို့ စိတ်ကူးနိုင်သမျှ မည်သည့် အရသာရှိသော အစားအစာမျိုးကိုမဆို ပေါင်းစပ်ဖန်တီးနိုင်စွမ်း ရှိခဲ့သည်။
ရလဒ်အနေဖြင့် အမှန်တကယ် အစားအစာ သိုလှောင်ထားမှုမှာ အမြဲတမ်း အန္တရာယ်ရှိလောက်အောင် နည်းပါးနေခဲ့၏။ ထို့အတွက်ကြောင့် ကပ်ဘေးဆိုက်နေသည့် ကမ္ဘာမြေထက် နည်းပညာပိုင်းဆိုင်ရာအရ များစွာ ပိုမို အဆင့်မြင့်မားနေသော်ငြား မြင့်မြတ်နယ်မြေလောကသည် ပို၍ပင် စောစီးစွာ အစာပြတ်လပ်၍ သေဆုံးရမည့် ကြောက်မက်ဖွယ် လက်တွေ့ဘဝနှင့် ရင်ဆိုင်နေရလေပြီ။
**--**--**--**--**--**--**--**
နဂါးသွေးနွယ်ဖွား သန်းနှင့်ချီ၍ နန်းတော်ရင်ပြင်၌ တစ်ဖန် ပြန်လည် စုရုံးရောက်ရှိလာကြသည်။ တုပိုင်၏ ရုပ်တုရှေ့၌ ညီညာစွာ ဒူးထောက်လိုက်ကြရင်း လက်အုပ်ချီကာ အသည်းအသန် ဆုတောင်းနေကြ၏။
တုပိုင်သည် ကမ္ဘာကြီးကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီး ဖြစ်သည်။ ဧကရာဇ်မင်းမြတ်း တုပိုင်က ကမ္ဘာကြီးကို တတိယအကြိမ်မြောက် ကယ်တင်ရန် ပြန်လည်ရောက်ရှိလာပါစေရန်အတွက် သူတို့ ကောင်းကင်ဘုံထံ ဆုတောင်းနေကြခြင်းပင်။
ယခင်က အိပ်မက်ဆိုးမိစ္ဆာကို သုတ်သင်ရန် တုပိုင်အတွက် သိပ်မခက်ခဲခဲ့သော်လည်း ထိုသည်မှာ အောင်ပွဲတစ်ခုသာ ဖြစ်ခဲ့၏။ ကံကြမ္မာမိစ္ဆာကို ဖျက်ဆီးရန်ကမူ လုံးဝ ကွဲပြားခြားနားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ သူ အသုံးပြုနိုင်သည့် နည်းလမ်းပေါင်းစုံကို ကုန်စင်အောင် အသုံးပြုခဲ့ပြီး ဖြစ်၏။
တိုက်ပွဲ၏ အဓိက အဆုံးအဖြတ်မှာ စွမ်းအင် ထုတ်လွှတ်နိုင်စွမ်းအပေါ်၌သာ မူတည်နေပြီး စွမ်းအင်ကျင့်ကြံမှုအရ ဆိုရလျှင် တုပိုင်သည် ကံကြမ္မာမိစ္ဆာထက် များစွာ အားနည်းနေသေးသည်။
ယခုအခါ၌မူ... သူသည် မိစ္ဆာဘုရင် ဆယ့်တစ်ပါးနှင့် ရင်ဆိုင်နေရလေပြီ။
မိစ္ဆာဘုရင် တစ်ပါးတည်းကို ဖျက်ဆီးရန်ပင်လျှင် အလွန် ကြီးမားခက်ခဲသည့် အရာတစ်ခု ဖြစ်နေရာ ဆယ့်တစ်ပါးဆိုလျှင်တော့... ဆိုဖွယ်ရာပင် မရှိတော့ပေ။ သူတို့အားလုံး၏ အထက်၌ မဟာမိစ္ဆာဧကရာဇ်ကြီးလည်း ရှိနေသေး၏။ ထိုကဲ့သို့သော အခြေအနေမျိုးအောက်၌ မည်သူမဆို မျှော်လင့်ချက် ကင်းမဲ့သွားမည်သာ။
**--**--**--**--**--**--**--**
အမြဲတစေ ပေါ့ပေါ့တန်တန် နေတတ်သည့် ဧကရီမိုဟန်သည် နောက်ဆုံး၌ မတ်တတ်ရပ်လိုက်ပြီး တုပိုင်၏ ရုပ်တုအောက်၌ ပေါ်လာ၏။
တာ့နင်အင်ပါယာ၌ ဖြစ်စေ ၊ ကပ်ဘေးဆိုက်ပြီးနောက်ပိုင်း ကမ္ဘာမြေပေါ်၌ ဖြစ်စေ ၊ မြင့်မြတ်နယ်မြေလောက၌ ဖြစ်စေ သူမသည် အုပ်ချုပ်ရေးကို ဘုရင်မတမ်းကစားသည့် ဂိမ်းတစ်ခုသဖွယ်သာ အမြဲတမ်း သဘောထားခဲ့သည်။
သူမအနေဖြင့် ထိုရာထူးဘွဲ့အမည်ကို ကိုင်စွဲထားရသရွေ့ လက်အောက်ခံများမှာ လူသားများ ၊ အသိဉာဏ်မဲ့ ဖုတ်ကောင်များ ၊ သို့မဟုတ် နဂါးသွေးနွယ်ဖွားများ မည်သူပင် ဖြစ်နေပါစေ ဂရုမစိုက်ဘဲ ကျေနပ်နေခဲ့၏။
နယ်မြေများကို ပိုင်ဆိုင်နေသရွေ့ လက်အောက်ခံများ ရှိမရှိကိုပင် သူမ သိပ်ဂရုမစိုက်တတ်ပေ။ မူလကတည်းက သူမသည် တာဝန်ဝတ္တရားများကို မကျေပွန်ဘဲ အာဏာ၏ အခွင့်ထူးများကိုသာ အမြဲတစေ ခံစားစံစားနေခဲ့သည်။
ဧကရီမိုဟန်က လေးနက်စွာ ပြောလိုက်သည်။
"ကမ္ဘာကြီး ပျက်သုဉ်းသွားလိမ့်မယ်။ မြင့်မြတ်နယ်မြေလောကလည်း အတူတူပဲ။ နန်းတော်ထဲမှာ တုပိုင်ကို ငါစောင့်နေခဲ့ပေမဲ့ သူ ရောက်မလာဘူး။ အဲဒီတော့... ဒီလောကကို ကယ်တင်ဖို့ ငါပဲ ကြိုးစားရတော့မယ်။ ဘာပဲဖြစ်ဖြစ်... ငါက ဘုရင်မပဲလေ။"
မိုဟန်က စုရုံးနေကြသည့် နဂါးသွေးနွယ်ဖွားများကို အေးစက်စက် ဝေ့ကြည့်လိုက်သည်။
"ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ ငါက အရူးမပဲ။ ကမ္ဘာကြီးကို ဘယ်လိုကယ်ရမလဲ ငါမသိဘူး။ ငါကျရှုံးဖို့ သေချာတယ်။"
မိုဟန်က ဆက်ပြော၏။ "ငါ သွားပြီ... ငါ ကျရှုံးတဲ့သတင်းကိုသာ စောင့်နေကြတော့။"
ထိုသို့ ပြောပြီးသည်နှင့် သူမသည် ရွှေရောင်အလင်းတန်း တစ်တန်းအဖြစ်သို့ ပြောင်းလဲသွားကာ မြင့်မြတ်နယ်မြေလောကမှ ထွက်ခွာပြီး တောင်ဘက်သို့ ပျံသန်းထွက်ခွာသွားတော့သည်။
**--**--**--**--**--**--**--**
လေထဲ၌ ပျံသန်းသွားစဉ် နဂါးမလေး မိုဟန်သည် သူမ၏ စိတ်ထဲ၌ နက်ရှိုင်းလှသည့် ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။
ယခင်က ကမ္ဘာမြေသည် ဖုတ်ကောင်များ ၊ မျိုးဗီဇပြောင်း သားရဲများနှင့် မိစ္ဆာများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသော်လည်း သူမအနေဖြင့် ခြောက်ကပ်နေသည်ဟု မခံစားခဲ့ရပေ။ ထိုအစား ဖရိုဖရဲနိုင်သည့် သက်ဝင်လှုပ်ရှားမှုမျိုး ရှိနေခဲ့သည်။
ယခုအခါ တစ်ကမ္ဘာလုံးမှာ အခဲလိုက် အေးခဲနေလေပြီ။ ကျယ်ပြောလှသည့် အပြာရောင်ရေခဲများက နေရာအနှံ့ကို ဖုံးလွှမ်းသွားပြီး ကမ္ဘာကြီးကို လုံးဝ မြှုပ်နှံထားလျက် ရှိနေသည်။
အဘယ်ကြောင့်မှန်း သူမ မသိသော်လည်း ဤမြင်ကွင်းက သူမအား ကြီးမားလှသည့် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားစေ၏။
ထို့အပြင်... သူမ၏ ကိုယ်ပိုင် စွမ်းအားများ အလျင်အမြန် ဆုတ်ယုတ်ကျဆင်းလာနေသည်ကိုလည်း သူမ ခံစားနေရသည်။ အရှေ့တိုင်းနဂါး တစ်ကောင်အနေဖြင့် သူမ၏ စွမ်းအားကို နေမင်းကြီးထံမှ တိုက်ရိုက် ရယူထားခြင်း ဖြစ်၏။ နေမင်းကြီး၏ အလင်းရောင်အား မရရှိတော့သည့်အခါ သူမ အားနည်းလာသည်မှာ သဘာဝကျ၏။
မိုဟန် ငရဲမျှော်စင်သို့ ရောက်ရှိသည်အထိ တောင်ဘက်သို့ အနားမယူဘဲ ဆက်လက် ပျံသန်းသွားလိုက်သည်။
ရောက်ရှိသွားချိန်၌မူ သူမ၏ နှလုံးသားမှာ မျှော်လင့်ချက် ကင်းမဲ့မှုထဲသို့ ပို၍ပင် နစ်မွန်းသွားတော့၏။ ငရဲမျှော်စင် တစ်ခုလုံးမှာ လုံးဝ အေးခဲနေလေပြီ။
ငရဲမျှော်စင်သည် ကမ္ဘာမြေပေါ်ရှိ နဂါးများ၏ အင်အားအကြီးမားဆုံး ရတနာကြီးဖြစ်ပြီး သန့်စင်သည့် မြင့်မြတ်နယ်မြေ ဖြစ်ကြောင်း တုပိုင်က သူမအား တစ်ခါက ပြောပြခဲ့ဖူး၏။ သို့သော် ယခုအခါ ထိုနေရာပင်လျှင် ရေခဲများ၏ အောက်သို့ ကျရောက်သွားပြီ ဖြစ်သည်။
မိစ္ဆာဘုရင် ဆယ့်တစ်ပါးသည် တိုက်ရိုက် တိုက်ခိုက်ခြင်းကိုပင် မလုပ်ဆောင်ခဲ့သလို ခြိမ်းခြောက်မှု တစ်ကြိမ်ပင် မပြုလုပ်ခဲ့ပေ။ ဧရာမ မျက်နှာကြီးများ၏ အရိပ်ကို ကမ္ဘာမြေပေါ် လွှမ်းခြုံချထားရုံမျှဖြင့် ကမ္ဘာကြီးကို သေဆုံးသည်အထိ အေးခဲသွားစေနိုင်ပြီး ရှိသမျှ လူများအားလုံးကို အလွယ်တကူ မျိုးသုဉ်းသွားစေနိုင်နေသည်။
**--**--**--**--**--**--**--**
နဂါးမလေး မိုဟန် ငရဲမျှော်စင်ထဲသို့ ဝင်ရောက်သွားလိုက်ပြီး ဆဋ္ဌမမြောက် အထပ်သို့ ရောက်သည်အထိ တစ်ထပ်ပြီးတစ်ထပ် တက်သွားလိုက်သည်။
ထိုနေရာ၌ ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ရှိနေ၏။
"တုပိုင် ဒီကနေ ဖြတ်သွားလောက်ပြီလား..."
မိုဟန် တံခါးပေါက်ထဲသို့ ဝင်လိုက်သည်။
"ဝှီးးး"
ထူးဆန်းသည့် ခံစားချက်တစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီးနောက် သူမသည် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖြတ်သန်းသွားကာ တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားတော့သည်။
**--**--**--**--**--**--**--**
တုပိုင်က ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မိုဟန်ကမူ သူမ ထွက်ခွာသွားပြီးကတည်းက ပြန်မလာခဲ့ပေ။ ဤသည်မှာ သူမ၏ မွေးရပ်မြေ ဖြစ်ပြီး ဝေးကွာနေသည်မှာ ဆယ့်ခြောက်နှစ်တိုင်တိုင် ရှိနေလေပြီ။
သို့သော် လွမ်းဆွတ်တမ်းတနေရန် အချိန်မရှိချေ။ အကြောင်းမူကား သူမအပေါ်သို့ နောက်ထပ် ဝမ်းနည်းပူဆွေးမှု လှိုင်းလုံးသစ်တစ်ခု ရိုက်ခတ်လာသည့်အတွက်ပင်။
အကြောင်းရင်းမှာ ရှင်းလင်းနေသည်။ တာ့နင်အင်ပါယာသည်လည်း အေးခဲနေ၏။ ကပ်ဘေးဆိုက် ကမ္ဘာမြေ၏ အစွန်းရောက်မှုအထိ မဆိုးရွားသော်ငြား သမုဒ္ဒရာများမှာ လုံးဝ အခဲလိုက် အေးခဲနေပြီး လေထဲ၌လည်း နှင်းများ အဆက်မပြတ် ကျဆင်းနေသည်။ ဤလောက၏ ကောင်းကင်ယံသည်လည်း အလားတူပင် ဖုံးကွယ်ခံထားရ၏။
မိစ္ဆာဘုရင် ဆယ့်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ မျက်နှာကြီးများ၏ အရိပ်များသည် တာ့နင်အင်ပါယာ၏ ခွဲထွက်လာသည့် ဟင်းလင်းပြင်ကမ္ဘာငယ် တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံထားလေပြီ။
ဤနေရာရှိ ကောင်းကင်ယံမှ မိစ္ဆာအရိပ်များမှာ အနည်းငယ် ပိုပါးလွှာပုံရပြီး နေရောင်ခြည် အလင်းတန်း အနည်းငယ်ကို ထိုးဖောက်ဝင်ရောက်ခွင့် ပြုထားသည်။ သို့သော် ထိုသည်ကပင် မိစ္ဆာဘုရင် ဆယ့်တစ်ပါး၏ မျက်နှာများကို ကြောက်ခမန်းလိလိ ရှင်းလင်းစွာ မြင်နေရစေပြီး ပို၍ပင် ရုပ်ဆိုးကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေစေ၏။
ဤဟင်းလင်းပြင်ခွဲသည်လည်း ပျက်သုဉ်းရန် ကံကြမ္မာဖန်လာလေပြီ။ တာ့နင်အင်ပါယာရှိ လူတိုင်းမှာ ဖြည်းညင်းစွာ သေဆုံးနေကြသည်။ အပူချိန်မှာ အစစ်အမှန် မူလကမ္ဘာမြေလောက် မနိမ့်ကျသေးသော်ငြား လူသေစေနိုင်လောက်သည့် အနှုတ် ကိုးဆယ်ဒီဂရီ ဆဲလ်စီးယပ်အထိ ထိုးကျနေဆဲပင်။
ထိုကဲ့သို့ အစွန်းရောက်သည့် အပူချိန်မျိုး၌ သာမန်မီးများမှာ လုံးဝ အသုံးမဝင်တော့ပေ။ အသက်ရှင်ရပ်တည်ရေးအတွက် အပူရရှိရန် စွမ်းအင်ကျောက်သလင်းများကို လောင်ကျွမ်းစေခြင်းအပေါ်၌သာ လုံးဝ မှီခိုနေရ၏။
နန်းတော်အတွင်း၌ အနီရောင် ကျောက်သလင်းများ တောက်ပစွာ လောင်ကျွမ်းနေသည့်တိုင်အောင် တုပိုင်နှင့် နင်းရွှဲ့တို့၏ သားဖြစ်သူ ဆယ့်ခြောက်နှစ်အရွယ် တာ့နင်အင်ပါယာ၏ မင်းသား နင်ယဲ့သည် ပြင်းထန်စွာ တုန်ယင်နေကြရသည်။
နင်းရွှဲ့သည်လည်း လအနည်းငယ်သာ အရွယ်ရှိသေးသည့် ကလေးမလေးတစ်ယောက်ကို သူမ၏ ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ချီထား၏။ တုပိုင် တာ့နင်အင်ပါယာမှ နောက်ဆုံးအကြိမ် ထွက်ခွာသွားခဲ့စဉ်က နင်းရွှဲ့သည် နောက်ထပ် ကလေးတစ်ယောက် လိုချင်ခဲ့ပြီး နောက်ဆုံး၌ ဤသမီးလေးကို မွေးဖွားခဲ့ခြင်းပင်။ ကလေးမလေးမှာ ဉာဏ်ရည်ထက်မြက်ပြီး လှပကာ ဖန်ရှောင်၏ ကလေးဘဝပုံစံနှင့် ချွတ်စွတ် တူနေသည်။
သို့သော် ယခုအခါ၌မူ အေးခဲလွန်းသည့် ဒဏ်ကြောင့် ကလေးငယ်လေး၏ နူးညံ့သော အသားအရေမှာ ဖျော့တော့သည့် အပြာနှင့် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲနေလေပြီ။
နင်းရွှဲ့သည် ကလေးလေး နွေးထွေးနေစေရန် နက်ရှိုင်းသည့် စွမ်းအင်များကို ကလေး၏ ခန္ဓာကိုယ်ထဲသို့ အသည်းအသန် အဆက်မပြတ် ထည့်သွင်းပေးနေ၏။
ကလေးငယ်လေးက တတ်ထားသည့် တစ်ခုတည်းသော စကားလုံး နှစ်ခွန်းကို အပြစ်ကင်းစင်စွာ ရေရွတ်လိုက်ပြီးနောက် အားပျော့စွာ နှစ်ကြိမ် နှာချေလိုက်သည်။
"မေမေ... ဖေဖေ..."
ကလေးလေးသည် မိခင်ဖြစ်သူ၏ မျက်နှာကို ထိတွေ့ရန် လက်သေးသေးလေးကို မြှောက်ရန် ကြိုးစားလိုက်သော်လည်း ခြေလက်များမှာ အေးခဲလွန်းသဖြင့် တောင့်တင်းနေပြီး လှုပ်ရှား၍ မရနိုင်တော့ပေ။
နင်းရွှဲ့၏ နှလုံးသားမှာ ကြေကွဲနေရလေပြီ။ တာ့နင်အင်ပါယာ၏ ပြည်သူ ပြည်သား များမှာလည်း အုပ်စုလိုက် သေဆုံးနေကြပြီး ရက်စက်ကြမ်းကြုတ်သည့် အအေးဒဏ်ထဲ၌ အေးခဲသေဆုံးနေကြရကြောင်းကို သူမ သိနေသည်။
နိုင်ငံတော် အဓိပတိ စစ်ခုန်းယဲ့က ကြောက်မက်ဖွယ်ကောင်းသည့် တွက်ချက်မှုများကို ပြီးစီးပြီ ဖြစ်၏။ ဤအတိုင်းသာ ဆက်သွားပါက တာ့နင်အင်ပါယာ တစ်ခုလုံးသာမက တစ်ကမ္ဘာလုံးသည် ဆယ့်သုံးရက်အတွင်း ပျက်သုဉ်းသွားပေလိမ့်မည်။
အပူချိန်မှာ ဆက်လက် ထိုးကျနေဆဲပင်။ သတ်မှတ်ထားသည့် အမှတ်တစ်ခုထက် ကျော်လွန်သွားသည်နှင့် အနီရောင် သလင်းကျောက်များကို လောင်ကျွမ်းစေခြင်းကပင် လုံးဝ အသုံးမဝင်တော့ပေ။ ကမ္ဘာကြီး တစ်ခုလုံး သေဆုံးနေပြီး အနီရောင် သလင်းကျောက် ထောက်ပံ့မှုများမှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေလေပြီ။
**--**--**--**--**--**--**--**
တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင် တစ်ခုလုံး၌ မအေးခဲဘဲ ကျန်ရစ်နေသည့် တစ်ခုတည်းသော နေရာမှာ ကမ္ဘာ့ဟင်းလင်းပြင် အက်ကွဲကြောင်းသာ ဖြစ်၏။
နဂါးမလေး မိုဟန်သည် ထိုအက်ကွဲကြောင်း၏ အထက် ကောင်းကင်ယံ၌ လွင့်မျောလျက် ရှိနေသည်။
"ငါ့လို အရူးမကို ကမ္ဘာကြီးရဲ့ ကံကြမ္မာ လွှဲပေးထားတယ်... ဘာလုပ်ရမလဲ ဘုရားပဲ သိမယ်။ ဒါပေမဲ့ ရောက်တဲ့နေရာ ဆက်သွားရုံပဲ။"
ထိုသို့ပြောပြီးသည်နှင့် သူမ ကမ္ဘာ့ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ တိုက်ရိုက် ထိုးဆင်းသွားလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အေးခဲနေသည့် ပင်လယ်ပြင်ထံမှ သူမ၏ ပုံရိပ်လေး ပျောက်ကွယ်သွားပြီး အက်ကွဲကြောင်း၏ ဖရိုဖရဲ စွမ်းအင်ဟင်းလင်းပြင်ထဲသို့ လုံးဝ ဝါမျိုခံလိုက်ရတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။