အခန်း (၉၄၁-၉၄၂)
Vol. 68 Ch. 941-942
အခန်း ၉၄၁ တစ်စုံတစ်ရာကို ရရှိပါက အခြားတစ်စုံတစ်ရာကို ပြန်လည်ပေးဆပ်ရမည်
"ဘိုးဘေးဗိမာန်ကို အသက်သွင်းတဲ့ နေရာမှာ အသုတ်ခွဲပြီး ပါဝင်မယ့် တိုက်ရိုက်မျိုးဆက် ၃၇၉ ယောက် ရှိတယ်။ သူတို့က ငါတို့ဘိုးဘေးရဲ့ ဂုဏ်ကျက်သရေကို အမွေဆက်ခံပြီးတာနဲ့ တာအိုချန်ရဲ့ မျိုးဆက်တွေဖြစ်ကြောင်း ပြသတဲ့ သူတို့ရဲ့ သွေးတွေကို အငွေ့ပျံစေလိမ့်မယ်။ အဲဒီအခါ မင်းရဲ့ စွမ်းအားတွေ နောက်တစ်ကြိမ် ထပ်တက်လာလိမ့်မယ်"
"အမြန်ဆုံး ပြန်လာခဲ့တော့" ရှေးကျသော အသံကြီးသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသော်လည်း လူအုပ်ကြီးကမူ မကြားလိုက်ကြပေ။ ထိုအခိုက်အတန့်တွင် သူတို့၏ ဝိညာဉ်များကြား၌ ချိတ်ဆက်ထားသော ကြိုးတစ်ချောင်း ရှိနေသောကြောင့် စုမင်နှင့် ရွှီဟွေ့တို့သာလျှင် ထိုအသံကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။
စုမင်၏ မျက်လုံးများ စူးရှသွားသည်။ သူသည် ကြယ်တာဝတ်ရုံမှ ထွက်ပေါ်လာသော အသံက ပြောသည့်အတိုင်း နံနက်ခင်း တာအိုလောကရှိ အပြောင်းအလဲကို အငြိုးမျက်လုံးဖြင့် ယခင်ကတည်းက မြင်တွေ့ခဲ့ရပြီး ဖြစ်သောကြောင့် မည်သို့ ဖြစ်ပျက်နေသည်အား သူ သိနိုင်သည်။ အင်မော်တယ်များနှင့် နံနက်ခင်း တာအိုဂိုဏ်းတို့ကြား အဘယ်ကြောင့် အဆက်အသွယ် ဖြတ်တောက်သွားရသည့် အသေးစိတ် အချက်အလက်များကိုမူ စုမင် မသိပေ။ ထို့ကြောင့် သူ မြင်တွေ့ခဲ့ရသည့် အရာများမှ မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့နိုင်ခဲ့သလို အကြောင်းရင်းအား ရှာမတွေ့နိုင်သောအခါ အင်မော်တယ်များသည် မည်သည့်အတွက်ကြောင့် နံနက်ခင်း တာအိုဂိုဏ်းကို တိုက်ခိုက်ရသနည်း ဆိုသည့် နောက်ကွယ်က အကြောင်းရင်းကိုလည်း သူ မတွေးတတ်အောင် ဖြစ်နေသည်။ သို့သော် သူတို့က စတင် တိုက်ခိုက်လာသည် ဖြစ်ရာ သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့် ရှိနေရမည် ဖြစ်သည်။
ရွှီဟွေ့၏ မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စုမင်၏ ကြယ်တာဝတ်ရုံမှ ရှေးကျသော အသံကို ကြားလိုက်ရသည့် တစ်ချိန်တည်းမှာပင် ဖီးနစ်ငှက်တစ်ကောင်၏ အသံနှင့်တူသော အသံတစ်သံက သူမ၏ ဝိညာဉ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
ထိုအသံက သူမ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားပြီး ဝိညာဉ်ကို စုမင်နှင့် ချိတ်ဆက်ထားသော ကြိုးအား ရှောင်ကွင်းနိုင်သည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက သူမနှင့် စုမင်ကြားတွင် ခပ်ရေးရေး အတားအဆီး နံရံတစ်ခုကို ဖန်တီးလိုက်သည်နှင့် သူမသာလျှင် ကြားနိုင်သော စကားလုံးများအား ပြောကြားလာတော့သည်။
"ဟွေ့အာ... ဒါက မင်းဆီကို သတင်းစကားပါးဖို့ ဒီနည်းလမ်းကို ငါ ပထမဆုံးအကြိမ် အသုံးပြုတာပဲ။ မလန့်ပါနဲ့၊ ပြီးတော့ ဘာအရိပ်အယောင်မှလည်း ထုတ်မပြနဲ့..."
ဤသည်မှာ သူမ၏ ဂိုဏ်းဖြစ်သော ဖီးနစ်ဂိုဏ်းမှ လာသော အသံလွှင့်ချက် ဖြစ်သည်။ ၎င်းသည် ဝိညာဉ်ကို စုမင်နှင့် ချိတ်ဆက်ထားသော ကြိုးအား ဖြတ်တောက်နိုင်သည့် အတားအဆီးတစ်ခု ဖန်တီးနိုင်သည်ဆိုသည့် အချက်ကို ကြည့်ခြင်းအားဖြင့် သူ ဤသတင်းစကားအား ကြားနိုင်မည် မဟုတ်ပေ။
ဤသည်မှာ ရွှီဟွေ့ တစ်ခါမျှ မသိခဲ့ဖူးသော စွမ်းအားတစ်ခု ဖြစ်သည်။ သူမ၏ ဂိုဏ်းတွင် ဤသို့သော အတားအဆီးမျိုး ဖန်တီးနိုင်စွမ်း ရှိသည်ကိုလည်း သူမ မသိခဲ့ပေ!
ဤအတားအဆီးသည် ရေကာတာပေါ်ရှိ အက်ကွဲကြောင်း တစ်ကြောင်းနှင့် တူသည်။ အမှန်တွင် ရွှီဟွေ့၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့်ဆိုလျှင် ဖီးနစ်ဂိုဏ်းနှင့် နံနက်ခင်း တာအိုဂိုဏ်းတို့ကို လက်ထပ်ထိမ်းမြားခြင်းဖြင့် ပေါင်းစည်းပေးမည့် ဤတံဆိပ်နှင့် ကတိကဝတ်ဆိုသည်မှာ ဆုတ်ဖြဲမရနိုင်လောက်အောင် ခိုင်မာနေခြင်း မဟုတ်ကြောင်း သူမ မှန်းဆမိနိုင်နေပြီ ဖြစ်သည်။ တံဆိပ်ပေါ်တွင် အကာအကွယ်တစ်ခု ထားရှိနိုင်ပြီး ထိုသို့သာဆိုလျှင် ၎င်းတွင် ကြီးမားသော အားနည်းချက်တစ်ခု သေချာပေါက် ရှိနေမည် ဖြစ်သည်။ သို့သော် ဤအားနည်းချက်မှာ ပုံမှန်အားဖြင့် အလွန် နက်ရှိုင်းစွာ ဖုံးကွယ်ထားလေ့ရှိပြီး အရေးကြီးသော အချိန်များတွင်သာ ရှာတွေ့နိုင်မည် ဖြစ်ရာ ၎င်းမှတစ်ဆင့် တံဆိပ်အား ချိုးဖျက်ကာ ဖီးနစ်ဂိုဏ်းကို နံနက်ခင်း တာအိုဂိုဏ်းမှ ခွဲထွက်ခွင့် ပြုနိုင်မည် ဖြစ်သည်။
"တာအိုခုန်းက မင်းအနားမှာ ရှိနေတယ်။ မင်းဆီက ဘာထူးခြားမှုကိုမှ သူ့ကို အသိမခံနဲ့။ မင်းကို သူ့ရဲ့ ဇနီးအဖြစ် နံနက်ခင်း တာအိုဂိုဏ်းဆီ ပို့လိုက်ရတုန်းက ငါ အရမ်း စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့ ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး"
"မင်းအတွက် ငါ လုပ်ပေးနိုင်ခဲ့တဲ့ တစ်ခုတည်းသော အရာက မင်းအတွက် ကတိတစ်ခု ရဖို့ တိုက်ပွဲဝင်ပေးခဲ့တာပဲ။ အခုတော့ ဒီကတိက အရေးမကြီးတော့ဘူး။ ဖီးနစ်ဂိုဏ်းက နံနက်ခင်း တာအိုဂိုဏ်းကနေ ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ တံဆိပ်တွေ အကုန်လုံးကို ချိုးဖျက်ပစ်မယ်။ ပြီးတော့ အခုချိန်ကစပြီး မင်း လွတ်လပ်သွားပြီ။ ဖီးနစ်ဂိုဏ်းလည်း လွတ်လပ်သွားပြီ"
"ဒါပေမဲ့ မင်း တာအိုခုန်းကို သတ်ရမယ်။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က သူ့ထက် အများကြီး ပိုမြင့်တယ်။ အခွင့်အရေးရှာပြီး ဒီကောင်လေးကို သတ်လိုက်။ ပြီးတာနဲ့ နံနက်ခင်း တာအိုလောကဆီ အမြန် ပြန်လာခဲ့..."
"ဒါကို မှတ်ထား။ တာအိုခုန်း ဆိုတဲ့ ကောင်လေးက နံနက်ခင်း တာအိုဂိုဏ်းအတွက် မယုံနိုင်လောက်အောင်ကို အရေးကြီးတယ်။ အရင်တုန်းက သူ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ငါ သတိမထားမိခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်း ငါ စဉ်းစားကြည့်တဲ့အခါ သူ့ကို နတ်ဘုရား အနှစ်သာရ နယ်မြေဆီ ပို့လိုက်တဲ့ နံနက်ခင်း တာအိုဂိုဏ်းရဲ့ လုပ်ရပ်မှာ နက်နဲတဲ့ အဓိပ္ပာယ်တစ်ခု ရှိနေပုံရတယ်။ ငါ ဒါကို မကြာသေးခင်ကမှ သိလိုက်ရတာ။ တာအိုခုန်းကို နတ်ဘုရား အနှစ်သာရ နယ်မြေဆီ ပို့ဖို့ အမိန့်ပေးခဲ့တဲ့သူက နံနက်ခင်း တာအိုလောကရဲ့ အိပ်မောကျနေတဲ့ လကပ်ဘေး အရှင်သခင်ပဲ"
"မင်းရဲ့ တာဝန်က တာအိုခုန်းကို သတ်ဖို့ပဲ။ သူ သေသွားတာနဲ့ တံဆိပ်ကို ချိုးဖျက်ဖို့ မင်းကို ငါ ကူညီပေးမယ်"
ရွှီဟွေ့၏ မျက်နှာမှာ မူလကတည်းက ဖြူရော်နေခဲ့သည်။ သူမ၏ ဝိညာဉ်ထဲမှ အသံကို ကြားလိုက်ရသောအခါ သူမ ယိမ်းယိုင်သွားပြီး သူမ အဖော်ဖြစ်သူအား လှမ်းကြည့်လိုက်ချိန်တွင် သူမ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားခဲ့သည်။
စုမင် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ၎င်းတို့ထဲတွင် တောက်ပသော အလင်းရောင်တစ်စ တောက်ပသွားသည်။ ရွှီဟွေ့ကဲ့သို့ပင် ထိုအခိုက်အတန့်၌ သူသာလျှင် ကြားနိုင်သော အသံတစ်သံသည် သူ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ဤအသံသည်လည်း ရွှီဟွေ့ သတင်းစကားကို မကြားနိုင်စေရန် အတားအဆီးတစ်ခုအား အလားတူ ဖန်တီးထားခဲ့သည်။
"ခုန်းအာ... ပြန်လာဖို့ မလောနဲ့။ ခုနက ကြယ်တာဝတ်ရုံကနေ မင်း ကြားလိုက်ရတဲ့ အသံက နတ်ဘုရား အနှစ်သာရရဲ့ နယ်မြေဆီ မင်းနောက်ကို လိုက်လာတဲ့ ရွှီဟွေ့အတွက်ပဲ"
"အဲဒီ အမျိုးသမီးရဲ့ ဂိုဏ်းက ပုန်ကန်ဖို့ ရည်ရွယ်ချက်ကို အချိန်အတော်ကြာကတည်းက မွေးမြူထားခဲ့တာ။ ရယ်စရာကောင်းတာက နံနက်ခင်း တာအိုဂိုဏ်းက အဲဒီအကြောင်းကို မသိဘူးလို့ သူတို့ ထင်နေကြတာပဲ"
"သတိထား။ သူမကို သတ် မသတ် မင်းဘာသာမင်း ဆုံးဖြတ်နိုင်တယ်။ အမှောင် အစောင့်အရှောက် အဘိုးကြီး ကိုးယောက်ဆီမှာ ဖီးနစ်ဂိုဏ်းက လူတွေကို အထူးသီးသန့် ပစ်မှတ်ထားဖို့ ဖန်တီးထားတဲ့ ရတနာတစ်ခု ရှိတယ်။ တကယ်လို့ ဒီကောင်မလေးက မင်းဘက်မှာ ရှိနေရင် မင်း စိတ်အေးအေး ထားနိုင်တယ်။ ဒါပေမဲ့ သူ့ဆီမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေရင်တော့ သူ့ကို သတ်ပစ်လိုက်လို့ ရတယ်"
"မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆိုရင် ရွေးချယ်ခွင့်ကို မင်းဆီမှာ ငါ စိတ်ချလက်ချ ထားခဲ့မယ်။ မှတ်ထား ခုန်းအာ။ အချိန်တိုအတွင်း ပြန်မလာခဲ့နဲ့ဦး"
အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး စုမင်သည် ရွှီဟွေ့ဆီသို့ လှမ်းကြည့်လိုက်သည်။ သူတို့၏ အကြည့်များ ဆုံသွားကြသည်။
ရွှီဟွေ့ ခဏမျှ တိတ်ဆိတ်နေပြီးနောက် တိုးတိုးလေး ပြောလိုက်သည်၊ "ငါ့ဂိုဏ်းက ငါ့ကို... နင့်ကို သတ်ဖို့ ခိုင်းတယ်။ သူတို့က နံနက်ခင်း တာအိုဂိုဏ်းကနေ ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ။ နံနက်ခင်း တာအိုလောကရဲ့ အပြောင်းအလဲမှာ ပါဝင်နေတာ အင်မော်တယ်တွေချည်းပဲ မဟုတ်ဘူး။ ဖီးနစ်ဂိုဏ်းလည်း အဲဒီအထဲမှာ ပါဝင်နေတယ်။ ပုန်ကန်မှုမှာ ပါဝင်နေတဲ့ တခြား အစွမ်းထက် အဖွဲ့အစည်းတွေလည်း သေချာပေါက် ရှိနေလိမ့်မယ်"
ရွှီဟွေ့သည် မျက်ခုံးနှစ်ခုကြားကို ပွတ်လိုက်သည်။ သူမ၏ ဖြူရော်နေသော မျက်နှာပေါ်တွင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အမူအရာတစ်ခု ရှိနေသည်။
"နင့်မှာ ဒဏ်ရာတွေ ရှိနေသေးတယ်။ နင် နားသင့်တယ်" စုမင်က ရိုးရှင်းစွာ ပြောလိုက်သည်။ သူသည် တောင်ပေါ်ကျောက်တုံးပေါ်တွင် ထိုင်လိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။
ရွှီဟွေ့ ခဏမျှ တိတ်ဆိတ်နေပြီးနောက် စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။
"နင် ပြန်သွားမှာလား"
"ငါတို့ ပြန်သွားဖို့ အချိန်မကျသေးဘူး" စုမင် ခေါင်းခါလိုက်သည်။
"နင် ဘယ်တော့ ထွက်သွားမှာလဲ" ရွှီဟွေ့ မျက်လုံးမှိတ်လိုက်သည်။ အတန်ကြာပြီးနောက် သူမ ပြန်ဖွင့်လိုက်သောအခါ မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာသည်။
"နင့်ရဲ့ ဒဏ်ရာတွေနဲ့ဆိုရင် အများစု ကောင်းသွားဖို့ နောက်ထပ် လဝက်လောက် အချိန်ယူရဦးမယ်။ အဲဒီအချိန်ကျရင် ငါ ထွက်သွားမယ်" စုမင်သည် အဝေးမှ ကောင်းကင်ကြီးကို ကြည့်ရင်း သူမအား တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ငါ နင်နဲ့ လိုက်ခဲ့မယ်" ရွှီဟွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
စုမင် တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင် သူ လှည့်၍ သူမကို ကြည့်လိုက်သည်။ အချိန်အတော်ကြာ ကုန်လွန်သွားပြီးနောက်မှ သူ ခေါင်းညိတ်ပြလိုက်သည်။
ရွှီဟွေ့၏ နှုတ်ခမ်းထောင့်များက သဲ့သဲ့မျှ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီးနောက် သူမ လှည့်ကာ အိမ်ဆီသို့ ပြန်သွားတော့သည်။
......
ထိုအခိုက်အတန့်တွင် နံနက်ခင်း တာအိုဂိုဏ်း၌ ဖြစ်ပွားနေသော စစ်ပွဲကို သူ မေ့သွားပြီဟု ထင်ရလောက်အောင်ပင် စုမင်သည် နဝမ မျိုးနွယ်စုပိုင်ဆိုင်သော တောင်ပေါ်တွင် အေးချမ်းစွာ နေထိုင်ခဲ့သည်။ နေထွက် နေဝင်သည်ကို သူ စောင့်ကြည့်ခဲ့ပြီး သူ့ဘေးတွင် အရက်ကောင်းများနှင့်အတူ ရွှီဟွေ့က တစ်ခါတစ်ရံ အဖော်ပြုပေးခဲ့သည်။
ဤကဲ့သို့သော ဘဝမျိုးက ရေစီးကြောင်း တစ်ကြောင်းလို သူတို့ကို ဖြတ်သန်းသွားခဲ့ပြီး အိပ်မက်တစ်ခုနှင့် တူနေခဲ့သည်။ ၎င်းသည် နံနက်မှ ညနေစောင်းအထိ ထို့နောက် ညမှ မိုးလင်းသည်အထိ ကြာမြင့်ခဲ့သည်။
သူတို့နှစ်ယောက်စလုံးသည် ထိုအကြောင်းအား ပြောဆိုရန် ဆန္ဒမရှိကြသည့်အလား နံနက်ခင်း တာအိုလောကနှင့် ပတ်သက်သည့် မည်သည့်အကြောင်းကိုမျှ မဆွေးနွေးခဲ့ကြပေ။ ထိုကဲ့သို့ဖြင့် လဝက်ခန့် ဖြည်းညှင်းစွာ ကုန်လွန်သွားခဲ့သည်။
ဤကာလအတွင်း ပန်းများ ပွင့်လာပြီး နွမ်းခြောက်သွားခြင်း မရှိနိုင်သော်လည်း လမင်းကြီးကမူ ပြည့်ဝန်းလာပြီးနောက် တစ်ဝက်တိတိသာ ကျန်တော့သည်အထိ လျော့ပါးသွားခဲ့သည်။ လဝက်ဆိုသော အချိန်ကာလမှာ လက်ဖျောက်တစ်ချက်စာအတွင်း ကုန်လွန်သွားခဲ့သည်။ အရာများစွာ ရှင်သန် ကြီးထွားလာပြီး သေဆုံးသွားခဲ့သည်ဟု မဆိုနိုင်သကဲ့သို့ ကြယ်များက သူတို့၏ တောက်ပမှုကို ဆုံးရှုံးသွားသည်ဟုလည်း မဆိုနိုင်ပေ။ သို့သော်... ဤလဝက်အတွင်း စုမင်သည် သာမန် လူ့လောကထဲသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ သူ၏ စိတ်ပျက်လက်ပျက် ဖြစ်မှုများနှင့် ရှုပ်ထွေးမှုများကို မေ့ပျောက်သွားခဲ့သည်။
ဤလဝက် တစ်လျှောက်လုံးတွင် ရွှီဟွေ့၏ အပြုံးများသည်လည်း ပိုမို များပြားလာခဲ့သည်။ သူမသည်လည်း စုမင်နည်းတူ ခံစားနေရကြောင်း မြင်တွေ့နိုင်သည်။ လွန်ခဲ့သော လဝက်အတွင်း သူမ ခံစားခဲ့ရသော ပျော်ရွှင်မှုသည် သူမ၏ ဘဝ ပထမတစ်ဝက်အတွင်း ရရှိခဲ့သော ပျော်ရွှင်မှုများနှင့်ပင် ယှဉ်နိုင်ပေသည်။
သို့သော် ပျော်ရွှင်မှုဆိုသည်မှာ ထာဝရ မတည်မြဲပေ။ ရွှင်လန်းစရာ အခိုက်အတန့်များသည် အမြဲတမ်း ယာယီသာဖြစ်ပြီး သာယာနာပျော်ဖွယ်ကောင်းသော တေးသွား အားလုံးသည် ၎င်းတို့ကို စတင် တီးခတ်လိုက်သည့် အချိန်ကတည်းက တစ်ချိန်ချိန်တွင် အဆုံးသတ်သွားရန် ဖန်တီးခံထားရပြီး ဖြစ်သည်။
တစ်နေ့သ၌ နဝမ မျိုးနွယ်စု၏ အထက် ကောင်းကင်ယံမှ မိုးဖွဲဖွဲလေး စတင် ရွာသွန်းလာခဲ့သည်။ ဤသည်မှာ ဤနေရာတွင် စုမင် မိုးရွာသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။ ဤမိုး မည်သို့ ပေါ်လာသည်ကို ကြည့်ရှုရန် အငြိုးမျက်လုံးအား သူ အသုံးမပြုလိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အများကြီး မြင်တွေ့သွားရပြီး မိုးရွာခြင်း၏ အဓိပ္ပာယ် ပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
မိုးပေါက်လေးများ မြေပြင်ပေါ်သို့ ကျရောက်လာသောအခါ မြူခိုးများနှင့် ဖုန်မှုန့်များအား လှုပ်ခတ်သွားစေသည်။ မိုးစက်တို့ လွင့်စင်သွားသောအခါ သေချာ ကြည့်သူတိုင်းက ၎င်းသည် လှိုင်းလုံးတစ်လှိုင်းနှင့် တူသည်ဟု ခံစားရမည်ဖြစ်ပြီး တောင်ပေါ် မြူခိုးများဖြင့် ဝန်းရံခံထားရသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။ ၎င်းကို မြင်တွေ့သူတိုင်းက တိတ်ဆိတ်စွာ ငေးကြည့်နေကြမည်ဖြစ်ပြီး သူတို့၏ အကြည့်များကို လွှဲဖယ်ရန် ဆန္ဒရှိကြမည် မဟုတ်ပေ။
မိုးရွာသည်ကို ကြည့်နေရင်း ဘဝ၏ ခါးသီးပြီး အေးစက်သော အခိုက်အတန့်များ အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခု အကြောင်းအား ပြောပြနေပုံရသော စာအုပ်တစ်အုပ် သို့မဟုတ် သီချင်းတစ်ပုဒ်ထဲမှ ညည်းတွားသံများ အဖြစ်သို့ သိစိတ်မရှိဘဲ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။ အဝေးမှ လေတိုက်ခတ်သံသည် တစ်စုံတစ်ယောက်က ရွှမ်းတူရိယာကို တီးမှုတ်နေသကဲ့သို့ ထွက်ပေါ်လာပြီး ၎င်းသည် သူတို့၏ မြင်ကွင်းတစ်ခုလုံးအား ဖုံးလွှမ်းနေသော မိုးရေများကို မောင်းထုတ်ပစ်နိုင်လောက်အောင် အားကောင်းလှသည်။
စုမင် ငေးကြည့်နေခဲ့သည်။
"ရွှီဟွေ့" သူ ခေါင်းလှည့်ကာ အိမ်ထဲတွင် သူတို့ ခရီးဆောင်အိတ်များကို ထုပ်ပိုးနေသော အမျိုးသမီးအား ကြည့်လိုက်သည်။ သူမ၏ ဆံပင်များက ပခုံးပေါ်တွင် ကျဆင်းနေပြီး လန်းဆန်းစွာ ပွင့်လန်းနေသော ပန်းတစ်ပွင့်နှင့် တူစေသည့် နူးညံ့သော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းနေသည်။
သူမ ခေါင်းလှည့်လာပြီး စုမင်ကို ကြည့်လိုက်သည်။
"အဲဒီမှာ ထိုင်။ ငါ နင့်ကို ပန်းချီဆွဲပေးမယ်" သူက သဲ့သဲ့မျှ ပြောလိုက်သည်။
ရွှီဟွေ့က သူ့ကို ပြုံးပြလိုက်သည်။ သူမသည် ခရီးဆောင်အိတ်များကို ချထားလိုက်ပြီး စုမင် ဘေးသို့ မလျှောက်လာခင် ၎င်းတို့အား သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ရန်ပင် ဂရုမစိုက်တော့ပေ။ သူမသည် တောင်ပေါ်ကျောက်တုံး တစ်တုံးဆီသို့ သွားကာ ထိုင်လိုက်သည်။
သူမ နောက်ကွယ်တွင် ကောင်းကင်မှ သဲကြီးမဲကြီး ရွာချနေသော မိုးရေများနှင့် မှုန်ဝါးနေသော မြေပြင်ကြီး ရှိနေသည်။ ညည်းတွားနေသော လေပြင်းက သူမ၏ ဆံနွယ်များကို ဖြတ်သန်း တိုက်ခတ်သွားပြီး မပြန့်ကျဲသွားသော ဆံပင်မည်းမည်းများအား လွှင့်တင်ပေးနေသည်။
"နင် ပန်းချီဆွဲတတ်လို့လား"
"ငါ အရင်တုန်းက ဆွဲခဲ့ဖူးတယ်" စုမင် စကားပြောလိုက်ရင်း သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူ့လက်ထဲတွင် ပန်းချီဆွဲရန် ဘုတ်ပြားတစ်ပြား ချက်ချင်း ပေါ်လာသည်။ ဤဘုတ်ပြားမှာ သူ မာန်မျိုးနွယ်တို့၏ နယ်မြေတွင် ရှိနေစဉ်က ရရှိခဲ့သော ပစ္စည်းမဟုတ်ဘဲ မင်နက်ဂြိုဟ်တွင် ရှိနေစဉ်က တိုက်ဆိုင်စွာ ရရှိခဲ့သော အရာတစ်ခု ဖြစ်သည်။
"အို... နင့်ရဲ့ ကျွမ်းကျင်မှုက ဘယ်လိုနေလဲ" ရွှီဟွေ့ ပြုံးလိုက်ပြီးနောက် သူမ၏ အဝတ်အစားများကို ကြည့်ရန် ခေါင်းငုံ့လိုက်ကာ အရေးအကြောင်း အချို့အား ဆွဲဆန့်လိုက်သည်။
"မှဲ့နည်းနည်းပဲ ရှိတဲ့သူတွေကိုတော့ ငါ မဆွဲတတ်ဘူး။ ဒါပေမဲ့ မှဲ့အများကြီး ရှိတဲ့သူတွေကိုတော့ သေချာ ဆွဲတတ်လောက်တယ်။ မျက်နှာအမူအရာကို မပြောင်းလဲနဲ့။ နင့်ကို ငါ ပန်းချီဆွဲနေတဲ့ အချိန်ကျရင် ငါ့ကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်" ရွှီဟွေ့၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်ကို မြင်သောအခါ စုမင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"စုမင်... နင် အရမ်းလွန်နေပြီနော်" ရွှီဟွေ့သည် ဒေါသတကြီးဖြင့် လျင်မြန်စွာ မတ်တတ်ရပ်လိုက်သည်။ "ငါ့မှာ ဘယ်နေရာမှာ မှဲ့တွေ အများကြီး ရှိနေလို့လဲ။ ဟမ်... တကယ်လို့ နင် ဒီနေ့ သေသေချာချာ မပြောပြရင် နင့်ကို ငါ သေတဲ့အထိ တိုက်ခိုက်မယ်"
"နင့်ကို ငါ တကယ် ပြောပြစေချင်လို့လား" စုမင်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာ အပြောင်းအလဲမျှ ရှာမတွေ့နိုင်ပေ။
"နင်... နင်" ရွှီဟွေ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ရုတ်တရက် လှည့်ကာ တောင်ခြေရှိ နဝမ မျိုးနွယ်စုဝင်များ ရှိရာသို့ အော်ပြောလိုက်သည်။ "တိကျိုမိုရှား... နင့်ရဲ့ စီနီယာအစ်ကို အရက်သောက်ချင်လို့တဲ့။ မျိုးနွယ်စုထဲကနေ အရက်အိုး နှစ်ဆယ်လောက် ဒီကို ယူခဲ့ပေး"
တိကျိုမိုရှားသည် တောင်ခြေတွင် ကျင့်ကြံနေခဲ့သည်။ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာက ပြောင်းလဲမသွားခဲ့ပေ။ လွန်ခဲ့သော လဝက်အတွင်း ဤသို့သော စကားမျိုးကို သူ အမြဲ ကြားနေရပြီး ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် စီနီယာအစ်ကို သေချာပေါက် နောက်ဆုတ်သွားမည်အား သူ သိသည်။ သူတို့ဆီသို့ အရက်များ ယူသွားပေးရန် လုံးဝ မလိုအပ်ပေ။
"နင့်ကိုယ်ပေါ်မှာ မှဲ့ လုံးဝ မရှိပါဘူး..." စုမင် စိတ်ပျက်လက်ပျက် ပြုံးလိုက်မိသည်။
ရွှီဟွေ့ သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် ပြန်ထိုင်လိုက်သည်။ သူမ၏ ဝတ်ရုံများကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီးနောက် သဲ့သဲ့မျှ အပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်သည်။
စုမင်သည် ပန်းချီဆွဲသည့် ဘုတ်ပြားကို ကောက်ကိုင်လိုက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်သည်။ "နင့်ကိုယ်ပေါ်မှာ မှဲ့ရှစ်လုံး မရှိဘူး..."
ရွှီဟွေ့၏ မျက်နှာအမူအရာ ထပ်မံ ပြောင်းလဲသွားသည်ကို သူ မြင်သောအခါ ညာလက်အား မြှောက်ကာ တောင်ပေါ်ကျောက်တုံးဘေးရှိ ရေအိုင်လေးကို လက်ချောင်းဖြင့် မင်တို့သကဲ့သို့ တို့လိုက်သည်။ ထို့နောက် သူသည် ဘုတ်ပြားပေါ်တွင် ပန်းချီဆွဲတော့သည်။
သူ၏ နှလုံးသားက တည်ငြိမ်နေသကဲ့သို့ စက္ကူသည်လည်း ရှင်းလင်းနေသည်။
သူ၏ မျက်လုံးများထဲတွင် ကျန်ရစ်နေသော ပျော်ရွှင်စရာ အခိုက်အတန့်များကို သယ်ဆောင်လာသည့်အလား မင်တစ်စက်က အခြားကမ္ဘာတစ်ခုမှ လာသည်ဟု ထင်ရသော အရောင်များဖြင့် စက္ကူအား တဖြည်းဖြည်း စွန်းထင်းသွားစေသည်။ စက္ကူသည် အစကတည်းက ရှိနေခဲ့သော အခြေအနေသို့ ပြန်မရောက်နိုင်တော့သော်လည်း ၎င်းသည် ယခင်က တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးသော အလှတရားတစ်ခုအား ရရှိသွားခဲ့သည်။
တစ်စုံတစ်ရာကို ရရှိပါက အခြားတစ်စုံတစ်ရာအား ပြန်လည်ပေးဆပ်ရမည်။ ဤသည်မှာ ဘဝ၏ သဘာဝပင် ဖြစ်သည်။
ဘဝဆိုသည်မှာ ပထမဆုံးအကြိမ် မြင်တွေ့ရသလိုမျိုး သာယာလှပနေခဲ့မည်ဆိုလျှင် ထိုအခိုက်အတန့်က အခြေအနေသည် ထိုစကားလုံးများနှင့် တူနေခဲ့သည်။ သို့သော်လည်း အစပိုင်းတွင် တွေ့ခဲ့ရသော အလှတရားသည် လူတစ်ဦး၏ ဘဝတွင် နှစ်များစွာ စုဆောင်းလာပြီးနောက် ရရှိလာသည့် အေးချမ်းမှုနှင့် နှိုင်းယှဉ်၍မရနိုင်သော အချိန်များလည်း ရှိတတ်သည်။ ၎င်းသည် ဤစက္ကူနှင့် တူသည်။ စက္ကူပေါ်တွင် မည်သည့်အရာမျှ မဆွဲထားသောအခါ စက္ကူသည် ဗလာဖြစ်ပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ လူတစ်ဦးက ယင်းပေါ်တွင် ပန်းချီဆွဲပြီးနောက် အရောင်များ ထည့်လိုက်သောအခါ မည်သည့်အရာက ပို၍ လှပနေသနည်း။
ပန်းချီဆွဲသူသာလျှင် သိနိုင်ပေမည်။
ဤသို့သော အရာများကို ယခင်က ကြုံဖူးသူများသာလျှင် နားလည်နိုင်ပေမည်။
စုမင် ဆက်လက် ပန်းချီဆွဲနေခဲ့သည်။ ပုံထဲတွင် မိုးရေများ၊ မြေပြင်၊ ကောင်းကင်နှင့် အမျိုးသမီး တစ်ဦး၏ ပုံရိပ်တို့ ပါဝင်သည်။ နက်မှောင်တောင်တွင် ရှိနေစဉ်က အတိတ်က လှပသော အခိုက်အတန့်များသည် သူ့ခေါင်းထဲတွင် ခပ်ရေးရေး ကျန်ရစ်နေဆဲ ဖြစ်သော်လည်း နှစ်များစွာ ကုန်လွန်သွားပြီး လေနှင့် တိမ်များ ဆက်လက် ပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့သည် ရေပြင်ပေါ်သို့ ကျရောက်သွားပြီး မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်စေဘဲ သို့မဟုတ် မည်သည့် လှိုင်းဂယက်ကိုမျှ မဖြစ်ပေါ်စေမည့် ဖုန်မှုန့်များကဲ့သို့ ဖြစ်လာခဲ့သည်။ ၎င်းတို့သည် ပန်းချီစက္ကူကို ပျက်စီးစေမည် မဟုတ်ပေ။
တောင်တန်းများ အလွန်မှ လာသော လေပြင်းက သူ၏ ဝတ်ရုံလက်များထဲသို့ ဝင်ရောက်လာသည်။ လှပသော အမျိုးသမီးတစ်ဦးသည် မိုးရေထဲတွင် သူ့ရှေ့၌ ထိုင်နေသည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားချက်မျှ မရှိသကဲ့သို့ ၎င်းတို့သည် သူ့နှလုံးသားထဲသို့လည်း ဝင်ရောက်မလာခဲ့ပေ။ ဤသည်မှာ နှလုံးသား၏ အပြောင်းအလဲတစ်ခု ဖြစ်သည်။
အခန်း ၉၄၂ မင်းက ငါ့ရဲ့ ဂျူနီယာညီလေး ဖြစ်နေပါပြီ
စုမင် ပန်းချီဆွဲ၍ မပြီးသေးခင်မှာပင် ရွှီဟွေ့၏ နှလုံးသားက တုန်လှုပ်နေခဲ့သည်။ သူမသည် သူ့ကို ငေးကြောင်စွာ စိုက်ကြည့်နေမိသည်။ အကြောင်းမှာ သူ ပထမဆုံး မျဉ်းတစ်ကြောင်းကို ဆွဲလိုက်သည်နှင့် သူ့ပုံစံမှာ လောကီအာရုံများနှင့် ကင်းကွာသွားသည့် အငွေ့အသက်တစ်ခုအား ရရှိသွားသကဲ့သို့ ဖြစ်သွားသည်ကို သူမ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။
ဤသည်က သူ့ခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားသကဲ့သို့ ထင်ရစေသည်။ အမှန်တော့ သူ၏ တည်ရှိမှုနှင့် ဝိညာဉ်ပါမကျန် အရိပ်အယောင်မရှိ ပျောက်ကွယ်သွားသကဲ့သို့ပင်။ သို့သော် စုမင်၏ ကျင့်ကြံခြင်း အခြေခံ ကိုယ်ပွားနှင့် သူမ ချိတ်ဆက်ထားသော ဆက်သွယ်မှုတွင်မူ ထိုအရာနှင့်ပတ်သက်သည့် မည်သည့် အရိပ်အယောင်ကိုမျှ သူမ သတိမထားမိခဲ့ပေ။
သူ ထိုနေရာတွင် ထိုင်နေသကဲ့သို့ ရှိသော်လည်း တစ်ချိန်တည်းမှာပင် သူ တည်ရှိမနေသကဲ့သို့ ဖြစ်နေသည်။
သူသည် တောင်တန်းများ၊ မြေပြင်၊ ကောင်းကင်နှင့် သူတို့၏ မျက်စိဖြင့် မြင်နိုင်သော ကောင်းကင်အောက်ရှိ အရာအားလုံးနှင့် ပေါင်းစပ်သွားသကဲ့သို့...။ သူ့ဆီသို့ တိုက်ခတ်လာသော လေ၊ ရွာသွန်းနေသော မိုးရေများနှင့်ပင် ပေါင်းစပ်သွားခဲ့သည်။ သူတို့ကြားတွင် မည်သည့် ကွဲပြားခြားနားမှုမျှ မရှိတော့ပေ။
ဤသည်မှာ သူ ပန်းချီဆွဲနေခြင်း မဟုတ်ပေ။ သူသည် လေ၊ မိုး၊ ကောင်းကင်၊ မြေကြီးနှင့် စကြာဝဠာထဲရှိ အခြားအရာ အားလုံးကို ပုံနှိပ်မှတ်တမ်းတင်နေခြင်း ဖြစ်သည်။
ရွှီဟွေ့ကို အသက်ပြင်းပြင်း ရှူသွင်းမိစေခဲ့သည့် အရာမှာ သူမ၏ မျက်စိရှေ့တွင်ပင် သူ ထိုလောကီနှင့် ကင်းကွာသော အခြေအနေသို့ ရောက်ရှိသွားသည့် အခိုက်အတန့်၌ စုမင်၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းဂယက်များ လျင်မြန်စွာ လှုပ်ခတ်လာခြင်းကြောင့် ဖြစ်သည်။ ထို့နောက် သူမကို တုန်လှုပ်သွားစေသည့် ပုံစံဖြင့် ထိုလှိုင်းဂယက်များသည် လျင်မြန်စွာဖြင့် စွမ်းအားများ မြင့်တက်လာခဲ့သည်။
အချိန်တိုလေးအတွင်း သူသည် ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ အလွန်တရာ နီးကပ်သွားခဲ့သည်။
ဤကျင့်ကြံခြင်း နည်းလမ်းက ရွှီဟွေ့၏ စိတ်ထဲတွင် စကားလုံး တစ်လုံးကို ချက်ချင်း ပေါ်လာစေခဲ့သည်။ ဤကား ဉာဏ်အလင်းပွင့်ခြင်း။
ဤသည်မှာ ဉာဏ်အလင်းပွင့်ခြင်း ဖြစ်သည်။ ဤစကားလုံးမှလွဲ၍ ဆေးလုံးများ အသုံးပြုခြင်း သို့မဟုတ် လေ့ကျင့်ခြင်းများ မရှိဘဲ လူတစ်ဦး၏ ကျင့်ကြံခြင်း အခြေခံအား ဤသို့ ရုတ်တရက် ပေါက်ကွဲထွက်လာစေနိုင်သည့် အခြား မည်သည့်အရာကိုမျှ ရွှီဟွေ့ ရှာမတွေ့နိုင်ခဲ့ပေ။
ဤအရာက အတိတ်က သူမ ဆရာ ပြောပြခဲ့ဖူးသော စကားအချို့ကို သတိရသွားစေသည်။
"ရှေးလူတွေ ကျင့်ကြံတဲ့အခါ သူတို့ရဲ့ နှလုံးသားကို အဓိက အာရုံစိုက်ကြတယ်။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် နှလုံးသားကို အဆက်မပြတ် မေးခွန်းထုတ်ပြီး စကြာဝဠာရဲ့ အမှန်တရားကို နားလည်ဖို့ အဆက်မပြတ် ကြိုးစားကြတယ်။ အဲဒါက ကြီးမားတဲ့ အမှန်တရားဖြစ်စေ သေးငယ်တဲ့ အမှန်တရားဖြစ်စေ အရေးမကြီးဘူး။ သူတို့ရဲ့ နှလုံးသားကို လေ့ကျင့်တာက သူတို့ရဲ့ စိတ်ဝိညာဉ်ကို လေ့ကျင့်တာနဲ့ အတူတူပဲ"
"သူတို့က စကြာဝဠာကို နားလည်အောင် ကြိုးစားကြတယ်။ ပြီးတော့ သူတို့ ဉာဏ်အလင်းပွင့်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရတဲ့အခါ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက သာမန် အသိတရားနဲ့ ရှင်းပြလို့မရတဲ့ အခြေအနေတစ်ခုကို ရောက်သွားတတ်ကြတယ်"
"အခုခေတ်မှာ ငါတို့ အသုံးပြုတဲ့ ကျင့်ကြံခြင်း နည်းလမ်းက နှလုံးသားအပေါ်ကို တစ်ဝက်ပဲ အာရုံစိုက်ပြီး ကျန်တဲ့ တစ်ဝက်က သိုင်းပညာရပ်တွေအပေါ်မှာ အာရုံစိုက်နေကြတယ်။ ငါတို့က ဘယ်တော့မှ ဉာဏ်အလင်းပွင့်တဲ့ အခြေအနေကို ရောက်နိုင်မှာ မဟုတ်ဘူး"
ရွှီဟွေ့၏ အသက်ရှူနှုန်း မြန်ဆန်လာသော်လည်း စုမင် ပန်းချီဆွဲနေသည်ကို အနှောင့်အယှက် မဖြစ်စေရန် သူမ အလွန် ဂရုစိုက်ခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆက်လက် တည်ရှိနေပြီး သူမ လုံးဝ မလှုပ်ရှားမိစေရန် သေချာ ဂရုစိုက်နေခဲ့သည်။ အကြောင်းမှာ သူမ တစ်ခုခု လုပ်မိပါက သူ၏ ဉာဏ်အလင်းပွင့်နေမှုကို ထိခိုက်သွားမည်အား စိုးရိမ်သောကြောင့် ဖြစ်သည်။ သူ ထိုအခြေအနေမှ နိုးထလာသည်နှင့် ဤကံကောင်းသော အခွင့်အရေးကို ဆုံးရှုံးသွားပေလိမ့်မည်။
စုမင် ဆက်လက် ပန်းချီဆွဲနေစဉ် သူ့ထံမှ စွမ်းအားလှိုင်းဂယက်များ ပိုမို အားကောင်းလာသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ ခဏအကြာတွင် ကောင်းကင်မှ မိုးများ ရွာချလာသည်နှင့်အတူ တောင်တန်းများအလွန်တွင် မိုးကြိုးများ ပစ်ခတ်သွားသည်။ မြေကြီးပင်လျှင် ခပ်ရေးရေး တုန်ခါလာခဲ့သည်။ တောင်ထိပ်ရှိ စုမင် အထက်တွင် ကြီးမားသော လေဝဲကတော့ကြီး တစ်ခု ပေါ်လာသည်။ ဤလေဝဲကတော့ကြီးသည် အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားပြီး မိုးရေများနှင့် တောင်ပေါ်လေပြင်းများကို ရစ်ပတ်ကာ ပုံမှန်မဟုတ်သော ဖြစ်စဉ်တစ်ခုအား ဖန်တီးလိုက်သည်။
နဝမ မျိုးနွယ်စုဝင်များက ၎င်းကို သတိထားမိသွားကြသည်။ သူတို့ ခေါင်းမော့ကာ ကောင်းကင်ရှိ လေဝဲကတော့ကြီးအား ကြည့်လိုက်ကြချိန်တွင် စုမင်ထံမှ စွမ်းအားလှိုင်းဂယက်များကိုလည်း သူတို့ သတိပြုမိသွားကြသည်။
သူတို့ကြားတွင် ဆူညံပွက်လောရိုက်မှု တစ်ခု ဖြစ်ပေါ်လာချိန်မှာပင် တိကျိုမိုရှားက သူတို့ကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။ သူသည် စုမင်၏ ကျောပြင်ကို ကြည့်ရင်း အပေါ်ဘက်ရှိ ထိုနေရာသို့ ငေးကြောင်စွာ စိုက်ကြည့်နေခဲ့သည်။ သူ့အသက်ရှူနှုန်း မြန်ဆန်လာပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
'နှလုံးသား အပြောင်းအလဲ။ ဒါက... နှလုံးသား အပြောင်းအလဲပဲ။ ဆရာက သူ့ရဲ့ တပည့်တွေနဲ့ပဲ သီးသန့် သက်ဆိုင်တယ်လို့ တစ်ခါက ပြောခဲ့ဖူးတဲ့ ပညာရပ်ပဲ' တိကျိုမိုရှားသည် နှလုံးသား အပြောင်းအလဲအကြောင်းကို နားလည်ထားပြီး ဤအခိုက်အတန့်သည် စုမင်အတွက် မယုံနိုင်လောက်အောင် အရေးကြီးကြောင်း သိထားသည်။ ထို့ကြောင့် သူသည် မျိုးနွယ်စုဝင်များကြောင့် ဖြစ်ပေါ်လာသော ဆူညံမှုများကို တိတ်ဆိတ်စေခဲ့ရုံသာမက သတိကြီးသော မျက်နှာအမူအရာဖြင့် ထိုနေရာ တစ်ခုလုံးအား သူကိုယ်တိုင် စတင် ကာကွယ်ပေးနေခဲ့သည်။
"ငါ့ရဲ့ နှလုံးသား အပြောင်းအလဲက ဘယ်တော့များမှ ရောက်လာပါ့မလဲ" သူ တိုးတိုးလေး ညည်းတွားလိုက်သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး စုမင် ပန်းချီစဆွဲကတည်းက နာရီအတော်ကြာ ကုန်လွန်သွားခဲ့သည်။ ကောင်းကင်ရှိ မိုးများ တဖြည်းဖြည်း လျော့နည်းသွားပြီး လေကလည်း တဖြည်းဖြည်း အားပျော့သွားခဲ့သည်။ ရွှီဟွေ့ကမူ မူလ ကိုယ်ဟန်အနေအထားအတိုင်း ဆက်လက် ရှိနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ မိုးများ ရွာချနေသော်လည်း သူမသည် မလှုပ်မယှက် ဆက်လက် ရှိနေဆဲဖြစ်သည်။
သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သော်လည်း မျက်လုံးများထဲတွင်မူ စိုးရိမ်ပူပန်မှုများ ရှိနေသည်။
သူမ နာရီအတော်ကြာ မလှုပ်မရှားဘဲ နေခဲ့ရသောကြောင့် စိုးရိမ်နေခြင်း မဟုတ်ဘဲ လွန်ခဲ့သော နာရီအနည်းငယ်အတွင်း စုမင်သည် ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် ခုနစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်ကို သူမ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော် သူ အကြိမ်တိုင်းတွင် ကျရှုံးခဲ့သည်။
ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့် ကြားတွင် အတားအဆီးတစ်ခု ရှိနေကြောင်း သူမ နက်ရှိုင်းစွာ သိထားသည်။ ဤအတားအဆီးမှာ ချိုးဖျက်ရန် မယုံနိုင်လောက်အောင် ခက်ခဲသည်။ အတိတ်က ဆရာဖြစ်သူက သူမကို သူ့အစွမ်းကုန် အသုံးပြုကာ ကူညီပေးခဲ့သောကြောင့်သာ ထိုအတားအဆီးအား သူမ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုအခါမှသာ ကြီးမားသော အခက်အခဲများကြားမှ သူမ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် စုမင်တွင် အချိန်အလုံအလောက် ရှိနေသမျှ ကာလပတ်လုံး သူသည် ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့်သို့ သေချာပေါက် ချိုးဖျက် ဝင်ရောက်နိုင်မည်ဟု သူမ ယုံကြည်ထားသည်။ သူသည် တစ်ခါတစ်ရံတွင် အားနည်းနေသကဲ့သို့ ခံစားရစေပြီး အခြားအချိန်များတွင် အစွမ်းထက်နေသကဲ့သို့ ခံစားရစေသည့် အကြောင်းရင်းကို သူမ မသိသော်လည်း ဤသည်မှာ တာအိုခုန်းအား သူ ဝင်ပူးထားခြင်းနှင့် သက်ဆိုင်သည်ဟု သူမ ယုံကြည်ထားသည်။
သို့သော် ထိုအခိုက်အတန့်တွင် မိုးများ လျော့ပါးလာပြီး လေများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည်ကို ရွှီဟွေ့ ခံစားသိရှိနိုင်သည်။ လေနှင့် မိုးများ ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် စုမင်၏ ပန်းချီကား ပြီးဆုံးသွားပေလိမ့်မည်။
ထိုအချိန်အထိ သူ အဆင့်မချိုးဖျက်နိုင်သေးပါက ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်သည် အဆုံးသတ်သွားမည်ဖြစ်ပြီး သူ ဆက်မလုပ်နိုင်ခင် နောက်ထပ် ကံကောင်းသော အခွင့်အရေးတစ်ခုကို ထပ်မံ လိုအပ်ပေလိမ့်မည်။
စုမင် ဤအချက်ကို သိသည်။
လူတစ်ဦးသည် ဤပညာရပ်ဖြင့် နှလုံးသား အပြောင်းအလဲကို ကြုံတွေ့ရတိုင်း ၎င်းက သူတို့၏ နှလုံးသားအား အသွင်ကူးပြောင်းမှု တစ်ခုသို့ ဖြတ်သန်းခွင့်ပေးမည်ဖြစ်ပြီး သူတို့၏ ဝိညာဉ်နှင့် သူတို့နှင့် ပတ်သက်သမျှ အရာအားလုံးက ပိုမို ကြီးကျယ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအခြေခံကို လှုံ့ဆော်ရန် ဤသို့သော အသွင်ကူးပြောင်းမှုမျိုး ရှိနေသော်လည်း အတွင်းတွင် အတားအဆီးတစ်ခု ရှိနေဆဲဖြစ်သည်။ အကယ်၍ သူ ၎င်းကို မချိုးဖျက်နိုင်ပါက သူ့လမ်းကြောင်းတွင် ရပ်တန့်ရန် ဖိအားပေးခံရပေလိမ့်မည်။
ဤသည်မှာ စုမင်က တာအိုခုန်းကို ကျင့်ကြံခြင်းအခြေခံ ကိုယ်ပွားအဖြစ် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။ အမှန်တွင် ဤကျင့်ကြံခြင်း အခြေခံ ကိုယ်ပွားသည် ခွက်တစ်ခွက်နှင့် တူပြီး အတားအဆီးကို ချိုးဖျက်ရန် သူ့အတွက် ပိုမို လွယ်ကူစေရန် စုမင်က ယင်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အခြေခံကျကျ သူ စဉ်းစားကြည့်မည်ဆိုလျှင် အလားအလာဟု ခေါ်သော အရာမှာ တကယ်တမ်းတွင် လူတစ်ဦး၏ ကျင့်ကြံခြင်း လမ်းကြောင်းတွင် အတားအဆီး မည်မျှ ရှိသည်၊ ထိုအတားအဆီးများ မည်မျှ ထူထဲသည် ဆိုသည့်အချက်ပင် ဖြစ်သည်။
ဤသည်မှာ စုမင်က ရဲ့ဝမ်၏ ကံကြမ္မာကို ဖျက်ဆီးရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ သူ့အတွင်းရှိ ကံကြမ္မာကို သူ ဖျက်ဆီးလိုက်သည်နှင့် စနံနက်ခင်း တာအိုလောကတွင် နောင်နှစ်ပေါင်းများစွာအထိ သူ့ကိုယ်သူ ကံကြမ္မာ စုစည်းနိုင်မည့် တစ်ဦးတည်းသော သူမှာ တာအိုခုန်းသာ ဖြစ်ပေမည်။
ဤသည်မှာ တာအိုခုန်းကို နံနက်ခင်း တာအိုဂိုဏ်းက အလွန် တန်ဖိုးထားရသည့် အကြောင်းရင်းပင် ဖြစ်သည်။
သို့သော် ကံကြမ္မာဆိုသည်မှာ ဒြပ်မဲ့ ဖြစ်သည်။ ၎င်းကို အပြည့်အဝ နားလည်ပြီး အသုံးပြုနိုင်သူ အလွန် နည်းပါးသည်။ စုမင်ကိုယ်တိုင်ပင် ထိုသို့ မလုပ်နိုင်ပေ။ သူသည် ကံကြမ္မာအား ပြောင်းလဲရန် သို့မဟုတ် ရွှေ့ပြောင်းရန် သူ၏ ကိုယ်ပိုင် နည်းလမ်းကိုသာ အသုံးပြုနိုင်ပြီး မမြင်ရသော လောကတွင် တည်ရှိနေသည့် ဤကံကြမ္မာကို သွယ်ဝိုက်သော နည်းဖြင့်သာ လမ်းညွှန်ပေးနိုင်သည်။
ဥပမာအားဖြင့် ယခုအချိန်တွင် ဖြစ်သည်။
ဂျိန်း...
ကောင်းကင်ယံတွင် ကျယ်လောင်သော မိုးကြိုးပစ်သံ တစ်သံ ထွက်ပေါ်လာသည်။ ထိုမိုးကြိုးက ဟိန်းဟောက်လိုက်ပြီး လောကကြီးကို အရပ်မျက်နှာ အားလုံးသို့ တုန်ခါသွားစေသည်။ ၎င်းက ပဲ့တင်ထပ်သွားစဉ် ပျောက်ကွယ်တော့မည့် မိုးရေများက ကောင်းကင်မှ တစ်ဖန် ပြန်လည် ရွာသွန်းလာပြီး အားပျော့တော့မည့် လေကလည်း တစ်ဖန် ပြန်လည် ပြင်းထန်လာခဲ့သည်။
မိုးမတိတ်ခဲ့သလို လေလည်း မရပ်တန့်ခဲ့ပေ။ ၎င်းတို့အားလုံးက နောက်တစ်ကြိမ် ရူးသွပ်ကြမ်းတမ်းစွာ သောင်းကျန်းလာကြပြန်သည်။
ဒါက ကံကြမ္မာလား။ ဖြစ်နိုင်တယ်။ ဒီကံကြမ္မာလို့ ခေါ်တဲ့ အရာမပါဘဲနဲ့တောင် ဒီမိုးက မတိတ်ဖို့ ဖန်တီးခံထားရတာ ဖြစ်နိုင်ပေမဲ့ ဒီမိုးက ရက်အတော်ကြာ ဆက်ရွာနေမယ် ဆိုရင်တော့"
"ဒါက တကယ်ကို ကံကြမ္မာရဲ့ လုပ်ရပ် ဖြစ်သွားလိမ့်မယ်"
ဒုတိယမြောက်နေ့၊ တတိယမြောက်နေ့... ပဉ္စမမြောက်နေ့ ရောက်လာသည့်တိုင်အောင်...
ပဉ္စမမြောက်နေ့တွင် ကောင်းကင်မှ မိုးများ သဲကြီးမဲကြီး ရွာသွန်းနေဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ ဆက်လက် ကျဆင်းနေသည်။ တိမ်မည်းများက ကောင်းကင်ကို ဖုံးလွှမ်းနေသည်။ လေပြင်းများက တောင်တန်းများတွင် သောင်းကျန်းနေပြီး လောကကြီးထဲတွင် ကြမ်းတမ်းစွာ တိုက်ခတ်နေသည်။ ရွှီဟွေ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ဤငါးရက်တာ ကာလအတွင်း စုမင် ပန်းချီဆွဲနေစဉ် သူ့ကို အနှောင့်အယှက် မဖြစ်စေရန် သူမ ငြိမ်ငြိမ်လေး နေပြီး မလှုပ်ရှားမိစေရန် သူမ အကောင်းဆုံး ကြိုးစားခဲ့သည်။
ပဉ္စမမြောက်နေ့ ညနေစောင်းသို့ အဆုံးသတ် ရောက်ရှိလာသောအခါ စုမင်၏ ကျင့်ကြံခြင်း အခြေခံက ထိုအတားအဆီးကို နောက်တစ်ကြိမ် ပြေးဝင် တိုက်ခိုက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံမှ ကြီးမားကျယ်ပြန့်သော စွမ်းအားလှိုင်း တစ်လှိုင်းက အတွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအရာက ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ်အဆင့် စွမ်းအား မဟုတ်ဘဲ နှောင်းပိုင်းအဆင့် စွမ်းအားပင် ဖြစ်သည်။
စုမင်၏ ကျင့်ကြံခြင်း အခြေခံ ကိုယ်ပွားသည် နောက်ဆုံးတွင် ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်း အဆင့်သို့ ဝင်ရောက်သွားခဲ့ပြီး ပုံရိပ်ဝါးမျိုခြင်း ပညာရပ် ကျင့်ကြံသော ကိုယ်ပွားနှင့် အဆင့် တူညီသွားခဲ့သည်။ ဤအခိုက်အတန့်ရောက်မှသာ စုမင်သည် အစွမ်းထက်သော စစ်သည်တော်များ စာရင်းသို့ အမှန်တကယ် ဝင်ရောက်သွားပြီဟု သတ်မှတ်နိုင်ပေမည်။
သူ့ကိုယ်ပွားအားလုံးသည် နယ်မြေတစ်ခု၏ အရှင်သခင်များ ဖြစ်လာနိုင်သည်။ ပုံရိပ်ဝါးမျိုခြင်း ပညာရပ် ကျင့်ကြံသော ကိုယ်ပွားနှင့် သူ၏ ကျင့်ကြံခြင်း အခြေခံ ကိုယ်ပွားတို့ ယခင်က ထပ်တူကျသွားချိန်တွင် စုမင်သည် ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်း ပြည့်စုံခြင်း အဆင့် တစ်ဦးနှင့် နီးစပ်သော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့ထံမှ ပေါက်ကွဲထွက်လာမည့် စွမ်းအားမှာ ကမ္ဘာမြေပြင် နယ်ပယ်တွင် မဟာ ပြည့်စုံခြင်းသို့ ရောက်ရှိနေသူ တစ်ဦးနှင့် အမှန်တကယ် သက်ဆိုင်သည့် စွမ်းအားမျိုး ဖြစ်ပြီး ၎င်းမှာ သူ့နတ်ဘုရား အနှစ်သာရကိုပင် ထည့်သွင်း ပေါင်းစပ်ထားခြင်း မရှိသေးပေ။
အကယ်၍ သူ့နတ်ဘုရား အနှစ်သာရကိုသာ ထည့်သွင်းလိုက်မည်ဆိုလျှင် ကန္တာရထဲတွင် ရွှီဟွေ့ကို ကယ်တင်ရန် ကြိုးစားစဉ်က လုပ်ခဲ့သကဲ့သို့ လကပ်ဘေး နယ်ပယ်ရှိ သူများအား တိုက်ခိုက်ရန် အိစန်း၏ စွမ်းအားဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်ကို သူ အသုံးပြုရန် လိုအပ်တော့မည် မဟုတ်ပေ။ ယခုအချိန်တွင် အိစန်း ပုံရိပ်ယောင်ကို အသုံးမပြုဘဲနှင့်ပင် လကပ်ဘေး နယ်ပယ်ရှိ သူများအား သူ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
၎င်းမှာ အိစန်း ကိုယ်ပွားကို မထည့်သွင်းတွက်ချက်ထားလျှင် ဖြစ်ပြီး အကယ်၍ အိစန်း ပုံရိပ်ယောင်သာ ထွက်ပေါ်လာမည်ဆိုလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းများ မည်မျှ ကြီးမားလာမည်အား စုမင်ကိုယ်တိုင်ပင် မသိနိုင်သော်လည်း သူသည် နေကပ်ဘေး နယ်ပယ်ရှိ သူများကိုပါ တိုက်ခိုက်နိုင်မည်မှာ ထင်ရှားနေသည်။
အကယ်၍ အိစန်း ကိုယ်ပွားက ကိုယ်တိုင် ရောက်လာပြီး ကိုယ်ပွား သုံးခုစလုံး ပေါင်းစပ်သွားမည်ဆိုလျှင် ၎င်းတို့အား သူ၏ ဝိညာဉ်ဖြင့် ချိတ်ဆက်လိုက်သည်နှင့် သူ့ထံမှ ပေါက်ကွဲထွက်လာမည့် တိုက်ခိုက်ရေး စွမ်းအားသည် ကောင်းကင်ကြီးကိုပင် တုန်လှုပ်သွားစေနိုင်လိမ့်မည်။ စုမင်သည် အနောက်ငွေ့ရည်တိမ်တိုက် သီးခြားနယ်မြေမှ ပထမဆုံးအကြိမ် ထွက်ပေါ်လာပြီး အစစ်အမှန် ယင်လောကမှ အစွမ်းထက် အဖွဲ့အစည်းများ တပ်စွဲထားရာ နဂါးငွေ့တန်းထဲသို့ ဝင်ရောက်လာစဉ်ကထက်ပင် ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။
သို့သော်လည်း သူ့ကို ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များ၏ အောက်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်၍ ရနိုင်မည် မဟုတ်သေးပေ။ သို့သော် သူ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းပြီး ကျင့်ကြံခြင်း အခြေခံ ကိုယ်ပွားနှင့် ပုံရိပ်ဝါးမျိုခြင်း ပညာရပ် ကျင့်ကြံသော ကိုယ်ပွား နှစ်ခုစလုံးကို ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့်တွင် မဟာ ပြည့်စုံခြင်း ရရှိအောင် လုပ်နိုင်မည်ဆိုပါက သူသည် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များ၏ အောက်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာပေမည်။
အကယ်၍ အိစန်း ကိုယ်ပွားက အခြား အိစန်းများကိုသာ ဝါးမျိုလိုက်မည်ဆိုလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းများမှာ အဆမတန် မြင့်တက်လာမည်ဖြစ်ပြီး ဤသည်မှာ အသူရာ ဖန်ဆင်းရှင်များ၏ မွေးရာပါ စွမ်းရည်မှ လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအား ပေါင်းစပ်ဖွဲ့စည်းမှုပင် ဖြစ်သည်။
စုမင် မျက်လုံးဖွင့်လိုက်သည်။ သို့မဟုတ် သူသည် ရုပ်ပိုင်းဆိုင်ရာအရ မျက်လုံးများကို တစ်ခါမျှ ပိတ်မထားခဲ့ပေ။ သူ ဖွင့်လိုက်သော မျက်လုံးများမှာ ဝိညာဉ်နှင့် သက်ဆိုင်သော မျက်လုံးများ ဖြစ်သည်။
ကောင်းကင်ကြီးက ချက်ချင်း တိတ်ဆိတ်သွားသည်။ မိုးကြိုးသံများ မရှိတော့ပေ။ မိုးများ ပျောက်ကွယ်သွားပြီး လေများလည်း ရပ်တန့်သွားကာ ကောင်းကင်ကြီးမှာ လီ သောင်းနှင့်ချီ၍ ကြည်လင်နေတော့သည်။
စုမင် လက်ထဲရှိ ပန်းချီဆွဲသော ဘုတ်ပြားကို ကြည့်လိုက်သည်။ ၎င်းပေါ်တွင် ကောင်းကင်မှ အဆက်မပြတ် ရွာသွန်းနေသော မိုးရေများနှင့်အတူ သိမ်မွေ့သော ပုံရိပ်လေးတစ်ခု ပါဝင်သည့် ပန်းချီကားတစ်ချပ် ရှိနေသည်။ လေပြင်းက သူမ၏ ဆံနွယ်များကို လွှင့်တင်ပေးနေပြီး သူမ အပြုံးထဲတွင် ကမ္ဘာကြီးတစ်လုံး ပါဝင်နေသကဲ့သို့ ဖြစ်နေကာ ၎င်းကို မြင်တွေ့ရသူတိုင်းမှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ပြုံးမိသွားစေသည်။
"ကျေးဇူးတင်ပါတယ်" စုမင် ခေါင်းမော့ကာ ရွှီဟွေ့ဆီသို့ လှမ်းကြည့်လိုက်သည်။
ရွှီဟွေ့၏ မျက်နှာပေါ်တွင် သဲ့သဲ့မျှ အပြုံးတစ်ခု ပွင့်လန်းလာပြီး ၎င်းမှာ ပန်းချီကားထဲရှိ အပြုံးနှင့် အတိအကျ တူညီနေသည်။
......
လူများ ခွဲခွာရမည့် အချိန်ဟူသည်က အမြဲတမ်း ရောက်လာစမြဲပင်။
သီချင်းတစ်ပုဒ် အဆုံးသတ်သွားပြီး လူများ ပြဇာတ်ရုံမှ ထွက်သွားရမည့် အချိန်ကား အမြဲတမ်း ရောက်လာတတ်သည်။
စုမင် နိုးထလာပြီး ဒုတိယမြောက်နေ့တွင် သူသည် နဝမ မျိုးနွယ်စု တည်ရှိရာ တောင်တန်းကို စွန့်ခွာခဲ့ပြီး ထိုနယ်မြေအား စွန့်ခွာကာ သူ့ကို ဦးညွှတ် ရှိခိုးနေကြသော နဝမ မျိုးနွယ်စုဝင် တစ်ထောင်ခန့်အား ထားရစ်ခဲ့သည်။
သူသည် တိကျိုမိုရှားအား သူနှင့်အတူ မခေါ်သွားခဲ့ဘဲ မြေပုံတစ်ခုကိုသာ ယူဆောင်သွားခဲ့သည်။ ၎င်းမှာ ဆရာဖြစ်သူ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အတွင်းပိုင်းတွင် ရှိနေစဉ်က ဆရာ့ကို ဝန်းရံ တိုက်ခိုက်ခဲ့ကြသည့် မဟာ မျိုးနွယ်စုကြီး လေးခု၏ တည်နေရာများကို အသေးစိတ် ဖော်ပြထားသော မြေပုံတစ်ခု ဖြစ်သည်။
အကယ်၍ စုမင်သာ တစ်စုံတစ်ယောက်အပေါ် အငြိုးထားမိပြီဆိုလျှင် သူ သေချာပေါက် လက်စားချေပေမည်။ ဤသည်မှာ သူ၏ မူဝါဒပင် ဖြစ်သည်။
သူ ထွက်သွားစဉ်တွင် တိကျိုမိုရှားကို ခေါင်းငုံ့ကာ သူ့အား ဦးညွှတ်သွားစေသည့် စကားအချို့ကို သူ ချန်ထားရစ်ခဲ့သည်။
"ဆရာ ဘယ်လိုပဲတွေးတွေး၊ ငါ့အတွက်ကတော့ မင်းက ငါ့ရဲ့ ဂျူနီယာညီလေး ဖြစ်နေပါပြီ"
ထိုစကားများက တိကျိုမိုရှားကို တုန်လှုပ်သွားစေခဲ့သည်။ သူ စုမင်ကို ကြည့်လိုက်သောအခါ သူ့အတွေးများအား ဖတ်နိုင်သည့်အလား မျက်လုံးများထဲတွင် ဉာဏ်ပညာနှင့် တောက်ပနေသော အလင်းရောင်တစ်စကို တွေ့လိုက်ရသည်။ တဖြည်းဖြည်းနှင့် တိကျိုမိုရှား၏ မျက်နှာပေါ်တွင် သူ့ကို စကားမပြောနိုင်တော့အောင် ဖြစ်စေသည့် ရှက်ရွံ့သော အမူအရာတစ်ခု ပေါ်လာသည်။ သူ တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်သော်လည်း ထိုစကားများက သူ့နှလုံးသားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။
ဤသည်မှာ စုမင်၏ အသိအမှတ်ပြုမှု ဖြစ်သည်။
ဆရာဖြစ်သူ၏ ရုပ်တုအောက်ရှိ ကျောက်တုံး ငါးတုံးကို စုမင် ပထမဆုံး မြင်လိုက်ရချိန်ကတည်းက ပဉ္စမမြောက် ကျောက်တုံးမှာ နောက်ပိုင်းမှ ထိုနေရာသို့ လာထားခြင်းဖြစ်ကြောင်း သူ သိနိုင်နေပြီ ဖြစ်သည်။ ၎င်းသည် ကျန်ကျောက်တုံး လေးတုံးနှင့် ကွာခြားနေသည်ဟု မထင်ရသော်လည်း မူလ တပည့်လေးယောက်ကို ကိုယ်စားပြုသော ကျောက်တုံးလေးတုံးမှာ ဆရာ၏ ခြေရင်းတွင် ရှိနေပြီး ပဉ္စမမြောက် ကျောက်တုံးမှာမူ ခြေရင်းနှင့် အနည်းငယ် ကင်းကွာသော နေရာတွင် ရှိနေသည်။
ဤသေးငယ်သော အသေးစိတ် အချက်လေးက စုမင်ကို အရာများစွာ နားလည်သွားစေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ဆရာ အနားတွင် ရပ်ကာ ထျန်းရှဲ့ကျီကို ဆရာအဖြစ် သတ်မှတ်ခွင့်ရရန် တောင့်တနေခဲ့သော ကောင်လေး တစ်ယောက်အား သူ မြင်ယောင်ကြည့်နိုင်သည်။ သို့သော် ထျန်းရှဲ့ကျီ ထွက်သွားသည့် အချိန်အထိ သူသည် ထိုကောင်လေးကို တပည့်အဖြစ် လက်မခံခဲ့ပေ။
သို့တိုင်အောင် ကောင်လေးက လက်မလျှော့ခဲ့ပေ။ သူသည် သူ့မျိုးနွယ်စုကို ကာကွယ်ခဲ့ပြီး ထျန်းရှဲ့ကျီ မထွက်သွားခင် တောင်းဆိုခဲ့သည့် အရာအား မည်သည့် ညည်းညူမှု၊ မြည်တွန်တောက်တီးမှုမျှ မရှိဘဲ ဖြည့်ဆည်းပေးခဲ့သည်။ အမှန်တွင် နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်လာသည်နှင့်အမျှ သူသည် သူ့ကိုယ်သူ ထျန်းရှဲ့ကျီ၏ တပည့်အဖြစ် သတ်မှတ်ကာ ပဉ္စမမြောက် ကျောက်တုံးအား ရုပ်တု၏ ခြေရင်းနားတွင် ထားရှိခဲ့သည်။
ဤသည်မှာ စုမင်က သူ တွေးထားသည့် အရာ၏ တစ်ဝက်ကိုသာ ပြောခဲ့ရခြင်း ဖြစ်သည်။ ကျန်တစ်ဝက်ကို သူ့နှလုံးသားထဲတွင်သာ ထားရှိခဲ့သည်။
"ဆရာက ပဉ္စမမြောက် တပည့်ကို လက်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆရာ ဘယ်လိုပဲ တွေးတွေး ငါ့အတွက်ကတော့ မင်းက ငါ့ရဲ့ ဂျူနီယာညီလေး ဖြစ်နေပါပြီ" ဤသည်က စကား အပြည့်အစုံ ဖြစ်သည်။
စုမင် ထွက်ခွာသွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူ ကျင့်သားရနေပြီဖြစ်သော အထီးကျန်မှုမှာ သူ့အဖော် မဟုတ်တော့ပေ။ ရွှီဟွေ့က ထိုနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။
သူတို့ နှစ်ယောက်သည် အလင်းတန်းရှည် နှစ်တန်းအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အတွင်းပိုင်းနှင့် အတိတ်က ဆရာ့ အသက်ကို ရန်ရှာခဲ့ကြသော မျိုးနွယ်စု လေးခုဆီသို့ ဦးတည်သွားကြသည်။ သူတို့သည် နဝမ မျိုးနွယ်စု၏ အမြင်အာရုံမှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တိကျိုမိုရှား၏ မျက်စိရှေ့မှလည်း ပျောက်ကွယ်သွားခဲ့သည်။
"စီနီယာအစ်ကို..." တိကျိုမိုရှား တိုးတိုးလေး ညည်းတွားလိုက်သည်။ ဤသည်မှာ သူ ဤစကားလုံး နှစ်လုံးကို ပြောလိုက်ချိန်တွင် နှလုံးသား နက်ရှိုင်းရာ၌ မည်သည့် နာကျင်ခံစားရမှုမျှ မပေါ်လာခဲ့သည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။