အခန်း (၁၀၉၈)
Vol. 105 Ch. 1098
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နဂါးသွေးနွယ်ဖွားများအားလုံး ပျောက်ကွယ်သွားကြလေပြီ။ နန်းတော်ရှေ့၌ တုပိုင်၏ ဧရာမရုပ်ထုကြီးသာ ကျန်ရစ်၏။
တုပိုင်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေမိသည်။ သူ လေဟာပြင်၌ စက်ဝိုင်းတစ်ခုရေးဆွဲကာ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်ပြီး တာ့နင်အင်ပါယာဆီသို့ တိုက်ရိုက်ပေါက်မည့် တံခါးပေါက်တစ်ခုကို ဖန်တီးလိုက်၏။
"ဝှီးးး"
ဟင်းလင်းပြင်တံခါးပေါက်ထဲသို့ ခြေလှမ်းဝင်လိုက်သည်နှင့် တာ့နင်အင်ပါယာဆီသို့ သူ ရောက်လာသည်။
**--**--**--**--**--**--**--**
တာ့နင်အင်ပါယာထက်မှ ကောင်းကင်ယံကြီးမှာ နေရောင်ခြည်များဖြင့် တောက်ပနေ၏။ အေးခဲနေသည့် ပင်လယ်ပြင်ကြီးမှာလည်း လုံးဝအရည်ပျော်သွားလေပြီ။
ရေပြင်မှာ အပြာရောင်သက်သက်မဟုတ်ဘဲ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပသည့် မြပစိမ်းရောင်အဆင်း ရှိနေသည်။ သို့သော် တုပိုင်မှာ ဤလှပသော မြင်ကွင်းကို ခံစားနိုင်မည့် စိတ်အခြေအနေမျိုး လုံးဝမရှိပေ။
နေရာရွှေ့ပြောင်းခြင်း မှော်အတတ်ဖြင့် နန်းတော်ဆီသို့ သူ တိုက်ရိုက် သွားလိုက်သည်။
သို့သော် ဤနေရာ၌လည်း လုံးဝကို လူသူကင်းမဲ့နေ၏။ နန်းတော်ထဲရှိလူများသာမက အင်ပါယာတစ်ခုလုံးရှိ လူသားအားလုံး... ပွားလာသည့် ကမ္ဘာမြေဟင်းလင်းပြင်တစ်ခွင်ရှိ လူသားအားလုံး ပျောက်ကွယ်သွားလေပြီ။
နန်းတော်ထဲရှိ အရာအားလုံးက လွန်ခဲ့သော ဆယ်မိနစ်ခန့်ကအတိုင်းပင် တိတိကျကျ ရှိနေသေးသည်ကို တုပိုင် သတိပြုမိလိုက်သည်။ လှုပ်မြင်းများ ၊ ဒန်းလေးများနှင့် ကလေးကစားစရာ အရုပ်မျိုးစုံကို သူ တွေ့လိုက်ရ၏။ နင်းရွှဲ့ ကလေးမွေးဖွားပြီ ဖြစ်ပေလိမ့်မည်။ ယခုအခါ တုပိုင်၌ သူ တစ်ခါမျှပင် မတွေ့ဖူးသေးသည့် ကလေးတစ်ယောက် ထပ်ရှိနေပြီဖြစ်သည်။
ယခုမူကား နင်းရွှဲ့ ပျောက်ကွယ်သွားပြီဖြစ်ကာ သူတို့၏ မွေးကင်းစကလေးလေးသည်လည်း သူမနှင့်အတူ ပျောက်ကွယ်သွားလေပြီ။
"ဝေါင်းးးးးးးးးးးးး"
တုပိုင် ကမ္ဘာမြေကြီး တုန်ဟည်းသွားလောက်အောင် ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ တာ့နင်အင်ပါယာတစ်ခုလုံးကို အပေါ်စီးမှ ကြည့်လိုက်၏။
သင်္ဘောများက ပင်လယ်ပြင်ထက်၌ ရွက်လွှင့်နေဆဲဖြစ်သော်ငြား ကုန်းပတ်များပေါ်၌ မည်သည့်သက်ရှိမျှ မရှိတော့ချေ။
ဧရာမ လေယာဉ်ပျံကြီးများက တိမ်တိုက်များကိုဖြတ်သန်း၍ ပျံသန်းနေသော်လည်း အတွင်း၌ လုံးဝအလွတ်ကြီးဖြစ်နေသည်။
တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောကရှိ လူသားအားလုံး ပျောက်ကွယ်သွားလေပြီ။ လူသားများသာမက အပင်များမှလွဲ၍ ကျန်သက်ရှိအားလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရ၏။
ခြင်များနှင့် ကြွက်များပင် အရိပ်အယောင်မျှမကျန်တော့ဘဲ ပျောက်ကွယ်သွားကြလေပြီ။
ကမ္ဘာပျက်ခေါင်းလောင်းသံကြီးက မိစ္ဆာများနှင့် နဂါးများကိုသာ ဖျက်ဆီးပစ်လိုက်ခြင်းမဟုတ်ဘဲ ဟင်းလင်းပြင်လောကအားလုံးရှိ လူသားများ၊ သားရဲများနှင့် ငှက်များအားလုံးကိုပါ အမြစ်ပြတ် ဖျက်ဆီးပစ်လိုက်ခြင်းပင်။
နတ်ဘုရားများ၏ ကစားပွဲ ပြီးဆုံးသွားလေပြီ။
လူသားများနှင့် မရေမတွက်နိုင်သည့် အခြားသက်ရှိများအားလုံးကို နတ်ဘုရားများက သူတို့၏ ကစားပွဲတစ်ခုထက်မပိုဟု သတ်မှတ်ထားကြခြင်းလော။
"အားးးးးးးးးးးးးးးးး"
တုပိုင် ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်လိုက်၏။ သူ ဤမျှ နာကျင်မှု ၊ ဒေါသတို့ဖြင့် တစ်ခါမှ မအော်ဟစ်ဖူးပေ။
ဤလောကရှိ သိထားသမျှ ဟင်းလင်းပြင်လောကအားလုံးမှ သက်ရှိများအားလုံး သေဆုံးသွားကြလေပြီ။ သူ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်သူဖြစ်သည်။
မရေမတွက်နိုင်သည့် နဂါးများ ၊ မိစ္ဆာများနှင့် လူသားများက သူတို့ကိုယ်သူတို့ စတေးကြပြီး သူတို့၏ စွမ်းအင်အားလုံးကို သူ့တစ်ယောက်တည်းထံသို့ ပေါင်းစုပေးအပ်ကြ၏။
သူတို့က သူ့ကို ကမ္ဘာပျက်ခေါင်းလောင်းသံကြီးမှ လွတ်မြောက်နိုင်စေရန်အတွက် နတ်ဘုရားတစ်ပိုင်းအဖြစ်သို့ မြှင့်တင်ပေးကြခြင်းပင်။
မိုဟန်ရော ဘယ်မှာနည်း။ မိုဟန် အသက်ရှင်နေသေးသည်လား။
လူတိုင်း ပျောက်ကွယ်သွားပြီဆိုလျှင် ၊ သူ ချစ်ရသူများအားလုံး ပျောက်ကွယ်သွားပြီဆိုလျှင် သူ အသက်ရှင်ကျန်ရစ်ခြင်းက မည်သည့်အဓိပ္ပာယ် ရှိတော့မည်နည်း။ သူ မည်မျှပင် အစွမ်းထက်လာပါစေ ၊ သူ၏စွမ်းအားက ယခု မိဘများထက်ပင် ကျော်လွန်နေပြီဖြစ်သော်ငြားလည်း မည်သည်က အရေးပါတော့မည်နည်း။
ဤသည်က နောက်ဆုံးအဆုံးသတ်လား။ ဤနတ်ဘုရားအဆင့်ဆိုသည်မှာ မရေမတွက်နိုင်သည့် သက်ရှိများ၏ စတေးမှုအပေါ်၌ လုံးလုံးလျားလျား တည်ဆောက်ထားခြင်းလော။
ကောင်းကင်ဘုံ၌သာ ခံစားချက်များရှိမည်ဆိုလျှင် ကောင်းကင်ဘုံသည်လည်း အိုမင်းရင့်ရော်သွားပေလိမ့်မည်။
နတ်ဘုရားတစ်ပါးဖြစ်လာခြင်း၏ အဓိပ္ပာယ်က ဤအရာလော... အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီး ဘာတစ်ခုမှ မကျန်ရစ်တော့ခြင်းလော။
တုပိုင် အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။ မှန်ပြင်သဖွယ်ဖြစ်နေသည့် သမုဒ္ဒရာမျက်နှာပြင်ထက်၌ သူ၏ကိုယ်ပိုင်အရိပ်ကို သူ မြင်တွေ့လိုက်ရသည်။ မရေမတွက်နိုင်သည့် နဂါးများ၏ အသံများက သူ၏စိတ်ထဲ၌ ပဲ့တင်ထပ်လာ၏။
"ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးတို့အတွက် ကလဲ့စားချေပေးပါ။"
ထို့နောက်... မရေမတွက်နိုင်သည့် မိစ္ဆာများ၏ အသံများ ထွက်ပေါ်လာ၏။
"ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးတို့အတွက် ကလဲ့စားချေပေးပါ။"
နောက်ဆုံး၌ မိဘနှစ်ပါး၏ အသံများ ထွက်ပေါ်လာသည်။
"ရဲရဲဝင့်ဝင့် အသက်ရှင်ပါ။ အစစ်အမှန် လွတ်လပ်ခွင့် ၊ ဂုဏ်သိက္ခာတို့နဲ့ ဆက်လက်ရှင်သန်ပါ။"
"သက်ရှိအားလုံးအတွက် ကံကြမ္မာကို ခြေအောက်မှာ နင်းခြေပစ်လိုက်ပါ။"
**--**--**--**--**--**--**--**
တုပိုင်က စကားလုံးတိုင်းကို ပီပီသသ အလေးအနက် ကတိသစ္စာဆိုလိုက်သည်။ "ငါ ဆုံးရှုံးခဲ့ရတဲ့ အရာအားလုံး... ငါ့ဇနီး ၊ ငါ့ကလေးတွေနဲ့ ငါ့မိသားစု အားလုံးကို ပြန်ရှာမယ်။ သူတို့ ပြာကျသွားခဲ့ပြီ ဆိုရင်တောင်မှ ဒီလောကမှာ ပြန်ပေါ်လာစေရမယ်။ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ သူတွေက နတ်ဘုရားတွေ ဖြစ်နေရင်တောင် ငါ သူတို့ကို စစ်ကြေညာမယ်။ မိစ္ဆာတွေအားလုံး ၊ နဂါးတွေအားလုံးနဲ့ စတေးခံခဲ့ရတဲ့ သက်ရှိတစ်ယောက်ချင်းစီတိုင်းအတွက် ငါ ကလဲ့စားချေမယ်။"
သူ၏ ကတိသစ္စာများက အမှန်တကယ် လက်တွေ့ဖြစ်လာသကဲ့သို့ပင်။ သူ၏စကားလုံးများက နှုတ်ခမ်းမှတစ်ဆင့် လွင့်ပျံသွားပြီး ကမ္ဘာမြေနှင့် တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောက၏ နက်ရှိုင်းသည့်နေရာများအထိ စွဲထင်သွား၏။
**--**--**--**--**--**--**--**
နတ်ဘုရားများ၏ ကစားပွဲ... နတ်ဘုရားများ၏ ကြိုးကိုင်ခြယ်လှယ်မှု... သို့သော် နတ်ဘုရားက မည်သည့်နေရာမှာ ရှိနေသည်နည်း။
တုပိုင် ကလဲ့စားချေရန် ဆာလောင်မွတ်သိပ်နေ၏။ ဗလာနယ်ထဲမှ သူ၏ ဇနီးနှင့် ကလေးများကို ပြန်လည်လုယူချင်နေသည်။ သို့သော် ဘယ်ကနေ စတင်ရမည်နည်း။ နတ်ဘုရားက မည်သည့်နေရာမှာ ရှိနေသည်နည်း။
တုပိုင် မျက်လုံးများကိုမှိတ်ကာ နက်ရှိုင်းစွာ တွေးတောလိုက်၏။
ရုတ်တရက် သူ ကောင်းကင်ယံ၌ ဟင်းလင်းပြင်တံခါးပေါက်တစ်ခုကို ဖန်တီးလိုက်ပြီး ခေတ်သစ်ကမ္ဘာမြေဆီသို့ ပြန်သွားလိုက်သည်။ သူ၏ပုံရိပ်က နေရာရွှေ့ပြောင်းသွားပြီး ငရဲမျှော်စင်၏ တံခါးပေါက်ရှေ့၌ တိုက်ရိုက် ပြန်လည်ထွက်ပေါ်လာ၏။
အတွင်းသို့ ခြေလှမ်းဝင်လိုက်ကာ သူ တစ်ထပ်ပြီးတစ်ထပ် စတင်တက်လှမ်းလိုက်သည်။ ငရဲမျှော်စင်၌ အထပ်ငါးထပ်သာရှိသည်ဟု တစ်ခါက ကောလာဟလများ ထွက်ပေါ်ဖူး၏။
သို့သော် အမှန်တရားကို တုပိုင် သိရှိထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ဆဋ္ဌမထပ်မှာ ကမ္ဘာမြေ၏ အာကာသပြင်ပဆီသို့ ဝင်ပေါက်အဖြစ် ဆောင်ရွက်ပေးသည့် သန့်စင်သော တွေးခေါ်မှုနယ်ပယ်တစ်ခုဖြစ်သည်။ သတ္တမထပ်မှာ နဂါးအကျဉ်းထောင်ဖြစ်၏။ အဋ္ဌမထပ်မှာ နဂါးကောင်းကင်ဘုံဖြစ်ပြီး နဂါးသရဖူ ၊ နဂါးတောင်ဝှေးနှင့် နဂါးနေမင်းငယ်လေးတို့ ရှိနေသည်။
သို့သော် နဝမထပ်ကမူ.... နဝမထပ်ဆိုသည်မှာ အမှန်တကယ် တည်ရှိနေသည်လား။ အကယ်၍ ရှိနေလျှင်ပင် ထိုနေရာက နဂါးကောင်းကင်ဘုံထက် များစွာပိုမိုမြင့်မားသည့် ဟင်းလင်းပြင်လောကတစ်ခု ဖြစ်ပေလိမ့်မည်။
တုပိုင် ငရဲမျှော်စင်၏ အဋ္ဌမထပ်သို့ ရောက်ရှိသွား၏။
လှေကားများ မရှိတော့ချေ။ နဝမထပ်ဆိုသည်မှာ မရှိသကဲ့သို့ပင်။
သို့တိုင် တုပိုင်က လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်ပြီး မမြင်ရသည့် လှေကားထစ်များကိုနင်းကာ တစ်ထပ်ပြီးတစ်ထပ် အထက်သို့ တက်လှမ်းသွားလိုက်၏။
နတ်ဘုရားတစ်ပိုင်းဖြစ်နေပြီဖြစ်ရာ သူ ရုပ်ပိုင်းဆိုင်ရာလှေကားများ မလိုအပ်တော့ပေ။ နဝမထပ်သာ ရှိနေမည်ဆိုလျှင် သူ ရောက်ရှိသွားမည်သာဖြစ်သည်။
သူ ဆက်လက် တက်လှမ်းသွားလိုက်၏။
သူ၏အထက်၌ မှောင်မည်းနေသည့် အရိပ်အကာအကွယ်တစ်ခု ရှိနေ၏။ အမှောင်ထုကို ဖြတ်ကျော်ပြီးနောက် တုပိုင် ငရဲမျှော်စင်၏ နဝမထပ်သို့ ရောက်လာသည်။
သူ သံသယဝင်သည့်အတိုင်း ထိုအထပ်က အမှန်တကယ် ရှိနေ၏။ ထို့အပြင် ဤအထပ်၌ နံရံများမရှိဘဲ အဆုံးအစမရှိ ကျယ်ပြန့်နေသည့် ဗလာနယ်တစ်ခုသာ ရှိနေသည်။
ဤဗလာနယ်၏ အလယ်တည့်တည့်၌ သက်တံရောင် တံခါးပေါက်တစ်ခု ရှိနေ၏။ ထိုတံခါးပေါက်က တောက်ပသည့် အလင်းရောင်များဖြာထွက်နေပြီး အရောင်များက အဆက်မပြတ် ပြောင်းလဲနေကာ ပုံပြင်များထဲမှ နတ်ဘုရားတိုင်းပြည်၏ တံခါးပေါက်များနှင့် အလွန်တရာ ဆင်တူနေသည်။
တုပိုင် သက်တံရောင် တံခါးပေါက်ဆီသို့ ချဉ်းကပ်သွားရင်း သူ၏ကတိသစ္စာများကို တိတ်ဆိတ်စွာ ရေရွတ်လိုက်၏။
"နဂါးတွေအားလုံး ၊ မိစ္ဆာတွေအားလုံးနဲ့ ဆုံးရှုံးသွားတဲ့ သက်ရှိတိုင်းအတွက် ငါ ကလဲ့စားချေမယ်။"
"ငါ့ဇနီးနဲ့ ငါ့ကလေးတွေ လုံးဝ ဖျက်ဆီးခံလိုက်ရရင်တောင် ငါ သူတို့ကို ပြန်လုယူမယ်။"
"ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ သူတွေက နတ်ဘုရားတွေ ဖြစ်နေရင်တောင် ငါ သူတို့ကို စစ်ကြေညာမယ်။"
သူ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့်အတူ တုပိုင် ရှေ့သို့ လှမ်းသွားကာ သက်တံရောင် တံခါးပေါက်ကို ဖြတ်သန်းသွား၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ကောင်းကင်ဘုံ၌သာ ခံစားချက်များရှိမည်ဆိုလျှင် ကောင်းကင်ဘုံသည်လည်း အိုမင်းရင့်ရော်သွားပေလိမ့်မည်။ ဆိုတာက တရုတ်ကဗျာတစ်ပုဒ်ဗျ။
天若有情天亦老 (Tian ruo you qing tian yi lao)
If Heaven had feelings, Heaven too would grow old.
ဆိုလိုရင်း အဓိပ္ပာယ်က ကောင်းကင်ဘုံက ခံစားချက်မရှိဘဲ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပဲ နေတဲ့အတွက်ကြောင့်သာ ထာဝရတည်တံံ့နေနိုင်တာဗျ။
ဒါပေမဲ့ အကယ်ဤ ကောင်းကင်ဘုံကသာ လူသားတွေလိုမျိုး ချစ်ခြင်း ၊ မုန်းခြင်း ၊ ဝမ်းနည်းခြင်း ၊ ခွဲခွာရခြင်း စတဲ့ သံယောဇဥ်တွေသာ ရှိရင် အဲဒီခံစားချက်တွေရဲ့ ဖိအားကြောင့် ကောင်းကင်ဘုံကလည်း အိုမင်းလာလိမ့်မယ်တဲ့။
ခံစားချက်ဆိုတာက အိုမင်းခြင်း ၊ ပျက်စီးခြင်းနဲ့ ဆင်းရဲဒုက္ခတွေရဲ့ အရင်းအမြစ်ဖြစ်ကြောင်းကို တင်စားထားတာဗျ။
ကုန်းကုန်းဧကရာဇ်ကြီး အဆုံးသတ်ဖို့ ၂၂ ပိုင်းသာ လိုအပ်ပါတော့တယ်ဗျ။ နေ့စဥ် ဆက်မတင်တော့ဘူးနော်။ ခြောက်လပိုင်း june 2 ရက်နေ့ ညနေကြရင် ကျန်တဲ့ ၂၂ ပိုင်းလုံးကို တစ်ခါတည်း တင်ပေးပါမယ်ဗျ။ ^^