← Chapters

အခန်း (၁၀၉၆)

Vol. 105 Ch. 1096

အခန်း (၁၀၉၆)

Vol. 105 Ch. 1096

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မှန်ပြင်ထဲရှိ ကြီးစိုးသူမိစ္ဆာဧကရာဇ်မှာ... တုပိုင်ပင် ဖြစ်နေ၏...။

တုပိုင် မိစ္ဆာနန်းတော်ထဲသို့ ခြေချကာ မှန်ပြင်ထဲသို့ ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် ကြီးစိုးသူမိစ္ဆာဧကရာဇ်က ရှင်သန်နိုးထလာခြင်း ဖြစ်သည်။

သို့သော် ရောင်ပြန်ဟပ်နေသော ပုံရိပ်များကြား၌ သိသာထင်ရှားသည့် ကွာခြားချက်တစ်ခု ရှိနေသေး၏။ မှန်ပြင်ထဲရှိ တုပိုင်မှာ ခေါင်းထက်၌ အနက်ရောင်ဂျိုများ ပေါက်နေသော မိစ္ဆာတစ်ပါး ဖြစ်ပြီး အပြင်ဘက်ရှိ တုပိုင်မှာမူ ရွှေရောင်ဂျိုများ ရှိနေသည့် နဂါးတစ်ကောင် ဖြစ်နေ၏။

တုပိုင် ရှေ့သို့ တိုးသွားကာ သူ၏ ကိုယ်ပိုင်မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူကိုယ်တိုင် မမြင်နိုင်သော်ငြား မှန်ထဲရှိ သူ၏ မျက်လုံးများမှာ အမှောင်အတိ ကျနေပြီး အပြင်ဘက်ရှိ သူ၏ မျက်လုံးများမှာမူ တောက်ပသည့် ရွှေရောင်ဖြစ်နေ၏။

တုပိုင်သည် နဂါးတစ်ကောင် ဖြစ်သလို မိစ္ဆာတစ်ပါးလည်း ဖြစ်နေသည်။

"ဒေါင်းးး ဒေါင်းးး ဒေါင်းးး"

ရုတ်တရက် အပြင်ဘက်မှ ခေါင်းလောင်းထိုးသံကြီး ထွက်ပေါ်လာ၏။ ထိုသည်မှာ ကမ္ဘာပျက်ကပ်ကြီး၏ သေမင်းခေါင်းလောင်းသံပင်။

အချို့က ကမ္ဘာပျက်ကပ်ကြီး ရောက်လာပြီ မဟုတ်ဘူးလားဟု မေးကောင်း မေးကြပေလိမ့်မည်။ သို့သော် မဟုတ်သေးပေ။ နဂါးသွေးတိုက်ကြီး ပျက်စီးသွားခြင်းက အစစ်အမှန် အဆုံးသတ် မဟုတ်သကဲ့သို့ ကမ္ဘာမြေ ပျက်သုဉ်းခြင်းကလည်း အစစ်အမှန် မဟုတ်သေးချေ။

ယခု ထွက်ပေါ်လာသည့် အသံကသာလျှင် အစစ်အမှန် ကမ္ဘာပျက်ကပ်၏ သေမင်းခေါင်းလောင်းသံပင်။

အမှောင်နန်းပလ္လင်ထက်မှ နေမင်းငယ်လေးတစ်စင်း အထက်သို့ လွင့်တက်လာသည်။ ဤသည်က မရေမတွက်နိုင်သော နဂါးများ၏ သက်စောင့်စွမ်းအင်များ ပေါင်းစုကာ ဖြစ်ပေါ်လာသည့် နေမင်းငယ်လေး ဖြစ်၏။ ထိုအရာမှာ ကမ္ဘာမြေ၏ အူတိုင်အတွင်း၌ ကံကြမ္မာမိစ္ဆာဧကရာဇ် မျိုချပြီး ကြီးစိုးသူမိစ္ဆာဧကရာဇ်ထံသို့ လွှဲပြောင်းပေးပို့ခဲ့သော နေမင်းလေးပင်။

"ဝုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"

နေမင်းငယ်လေးက ရုတ်တရက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သည့် ရွှေရောင်နဂါးများအဖြစ် ပြန့်ကျဲသွား၏။ မိစ္ဆာနန်းတော်၏ ခန်းမဆောင်ကြီးအတွင်း၌ နဂါးသောင်းချီ၏ စိတ်ဝိညာဉ်များ လွင့်မျောနေကြသည်။

မရေမတွက်နိုင်သည့် နဂါးများက ဟိန်းဟောက်လိုက်ကြသည်။ "ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးတို့အတွက် ကလဲ့စားချေပေးပါ"

ထို့နောက်... မီးတောက်ဆီသို့ တိုးဝင်သွားကြသည့် ပိုးဖလံများကဲ့သို့ပင် မရေမတွက်နိုင်သော နဂါးများက အသန့်စင်ဆုံး ရွှေရောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြ၏။ သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် လုံးဝ စတေးလိုက်ကြပြီး သူတို့၏ စွမ်းအားများအားလုံးကို တုပိုင်ထံသို့ ပေးအပ်လိုက်ခြင်းပင်။

တုပိုင် ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။ "မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... အဲဒီလို မလုပ်ကြပါနဲ့... မလုပ်ကြပါနဲ့... မင်းတို့အားလုံး မျိုးသုဉ်းသွားလိမ့်မယ်။ ငါက ဒီလောကမှာ နောက်ဆုံးကျန်ရစ်တဲ့ နဂါးဖြစ်သွားလိမ့်မယ်။ မိုဟန်က အရူးမပဲ"

မရေမတွက်နိုင်သော နဂါးလက်အောက်ငယ်သားများနှင့် စစ်သည်တော်များက တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ တစ်ကောင်ပြီးတစ်ကောင် ပစ်ဝင်သွားကြရင်း အော်ဟစ်လိုက်ကြသည်။ "ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးတို့အတွက် ကလဲ့စားချေပေးပါ"

"ဝုန်းးး ဝုန်းးး ဝုန်းးး"

တုပိုင်၏ ကိုယ်တွင်းမှ စွမ်းအင်များ ဆက်တိုက် ပေါက်ကွဲထွက်လာသည်။ နဂါး ဆယ်ဂဏန်း ၊ ရာဂဏန်းနှင့် ထောင်ပေါင်းများစွာက သူ၏ ရုပ်ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်လာကြသည်နှင့်အမျှ သူ၏ စွမ်းအားများက ရူးသွပ်မတတ် ကြီးထွားလာသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာဘုရင် ဆယ့်တစ်ပါးက ဒူးထောက်ကာ ဦးညွှတ်လိုက်ကြသည်။ "ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးတို့အတွက် ကလဲ့စားချေပေးပါ"

ထို့နောက်... ပထမမိစ္ဆာဘုရင်က အမှောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မှန်ထဲရှိ တုပိုင် ၊ ကြီးစိုးသူမိစ္ဆာဧကရာဇ်၏ အတွင်းသို့ အကြမ်းပတမ်း ပစ်ဝင်သွား၏။ သူ၏နောက်မှ ဒုတိယမိစ္ဆာဘုရင်ကလည်း မှန်ထဲရှိ ကြီးစိုးသူမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားသည်။

တတိယမိစ္ဆာဘုရင်... စတုတ္ထမိစ္ဆာဘုရင်... ဤမိစ္ဆာဘုရင်များသည် နဂါးသွေးတိုက်ကြီးကို ဖျက်ဆီးကာ မရေမတွက်နိုင်သည့် ဂြိုဟ်များကို ဝါးမျိုခဲ့ကြသူများ ဖြစ်သည်။

သူတို့ ပိုင်ဆိုင်ထားသည့် ဟင်းလင်းပြင်စွမ်းအားများက တွေးတော၍ပင် မရနိုင်လောက်အောင် ကြီးမားလှ၏။

သို့သော် ယခုအခါ၌မူ သူတို့က ကိုယ်ပိုင်အသက်များကို လိုလိုလားလား စတေးလိုက်ကြပြီး စုဆောင်းထားသမျှ စွမ်းအင်အားလုံးကို မှန်ထဲရှိ တုပိုင်၏ အတွင်းသို့ ထည့်သွင်းပေးလိုက်ကြသည်။

အပြင်ဘက်၌ ကမ္ဘာပျက်ခေါင်းလောင်းသံကြီးက အဆက်မပြတ် ထွက်ပေါ်နေဆဲပင်။

"ဒေါင်းးး ဒေါင်းးး ဒေါင်းးး"

ဤခေါင်းလောင်းသံမှာ ကောင်းကင်ယံမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခြင်းပင်။ ထိုအသံက နဂါးသွေးတိုက်ကြီး တစ်ခုလုံးကိုသာမက တာ့နင်အင်ပါယာ ဟင်းလင်းပြင်လောကကိုဖြတ်၍ ကမ္ဘာမြေတစ်ဝန်းလုံး၌ပါ ပဲ့တင်ထပ်သွားသည်။

မရေမတွက်နိုင်သည့် နဂါးများက ကြွေးကြော်လိုက်ကြသည်။ "ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးတို့အတွက် ကလဲ့စားချေပေးပါ"

မိစ္ဆာဘုရင် ဆယ့်တစ်ပါးကလည်း ကြွေးကြော်လိုက်ကြ၏။ "ဧကရာဇ်မင်းမြတ်... ကျွန်တော်မျိုးတို့အတွက် ကလဲ့စားချေပေးပါ"

နဂါးများနှင့် မိစ္ဆာဘုရင်များ၏ စတေးမှုက အဆက်မပြတ် ဖြစ်ပေါ်နေ၏။ တစ်ပါးပြီးတစ်ပါး သူတို့၏ စွမ်းအားများအားလုံးက မှန်၏ အပြင်ဘက်နှင့် အတွင်းဘက်ရှိ တုပိုင် နှစ်ဦးလုံးဆီသို့ စီးဆင်းသွားသည်။

သုံးမိနစ် ကြာပြီးနောက်... မိစ္ဆာနန်းတော်၏ ခန်းမဆောင်ကြီး တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားလေပြီ။

မရေမတွက်နိုင်သည့် နဂါးများအားလုံး ပျောက်ကွယ်သွားကြလေပြီ။ သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ကြပြီး သူတို့၏ စွမ်းအားများအားလုံးကို တုပိုင်ထံသို့ ပေးအပ်လိုက်ကြခြင်း ဖြစ်သည်။ မိစ္ဆာဘုရင် ဆယ့်တစ်ပါးသည်လည်း ပျောက်ကွယ်သွားကြပြီး သူတို့၏ စွမ်းအားအားလုံးကို မှန်ထဲရှိ တုပိုင်ထံသို့ ပေးအပ်လိုက်ကြလေပြီ။

"ဒေါင်းးး ဒေါင်းးး ဒေါင်းးး"

စကြာဝဠာ ခေါင်းလောင်းသံကြီးက ဆက်လက် ထွက်ပေါ်နေဆဲပင်။

ယခုအခါ၌ မှန်အပြင်ဘက်ရှိ တုပိုင်၏ ခေါင်းထက်၌ ရွှေရောင် သရဖူတစ်ခုကို ဆောင်းထား၏။ ထိုသည်မှာ နဂါးသရဖူပင်။

မှန်အတွင်းဘက်ရှိ တုပိုင်၏ ခေါင်းထက်၌လည်း အနက်ရောင် သရဖူတစ်ခုကို ဆောင်းထား၏။ ထိုသည်မှာ မိစ္ဆာသရဖူ ဖြစ်သည်။

မှန်အပြင်ဘက်ရှိ တုပိုင်၏ မျက်နှာပေါ်မှ မျက်ရည်များ ကျဆင်းလာပြီး မှန်ထဲရှိ တုပိုင်သည်လည်း ငိုကြွေးနေ၏။

တုပိုင် လက်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သည့် မှော်စာလုံး ဆွဲကြိုးလေးကို ဆုပ်ကိုင်လိုက်သည်။ "မယ်တော်"

"ငါ့သားလေး..."

အလင်းရောင်ပုံရိပ်တစ်ခု ဆွဲကြိုးလေးထဲမှ ထွက်ပေါ်လာပြီး လေထဲ၌ လွင့်မျောကာ တုပိုင်ကို အလွန်တရာ နက်ရှိုင်းသည့် ကြင်နာယုယမှု ၊ ချစ်ခြင်းမေတ္တာတို့ဖြင့် စိုက်ကြည့်နေ၏။

သူမမှာ တုပိုင်၏ မိခင်... နဂါးဘုရင်မပင်။

တုပိုင် တုန်ယင်နေသည့် အသံဖြင့် ထပ်ခေါ်လိုက်သည်။ "ခမည်းတော်... ခမည်းတော်..."

"ငါ့သားလေး..."

ဆွဲကြိုးလေးထဲမှ အခြားသော အလင်းရောင်ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။ သူသည်လည်း လေထဲ၌ လွင့်မျောနေပြီး တုပိုင်ကို ကြီးမားလှသည့် ချစ်ခြင်းမေတ္တာများဖြင့် ကြည့်နေသည်။

သူသည်မှာ ယခင် ကြီးစိုးသူမိစ္ဆာဧကရာဇ် ၊ မိစ္ဆာဘုရင် ဆယ့်သုံးပါးတို့၏ အရှင်သခင် ၊ မရေမတွက်နိုင်သည့် ဟင်းလင်းပြင်လောကများကို ဖျက်ဆီးခဲ့သော ကြီးမြတ်သည့် အရှင်သခင်ပင်။

တုပိုင်၏ မိခင်မှာ နဂါးဘုရင်မ ဖြစ်ပြီး သူ၏ ဖခင်မှာ ကြီးစိုးသူမိစ္ဆာဧကရာဇ် ဖြစ်၏။

အချိန်အတော်ကြာပြီးနောက် တုပိုင် တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ "ခမည်းတော်... အိပ်မက်ဆိုးမိစ္ဆာဘုရင်က သားတော် ဘယ်သူလဲဆိုတာကို သိနေတာလား"

ကြီးစိုးသူမိစ္ဆာဧကရာဇ်က ခေါင်းရမ်းလိုက်၏။ "မသိဘူး။"

တုပိုင် ထပ်မေးလိုက်သည်။ "ကံကြမ္မာမိစ္ဆာဧကရာဇ်ကရော"

ကြီးစိုးသူမိစ္ဆာဧကရာဇ်က ပြန်ဖြေသည်။ "သူက အရမ်း ဉာဏ်ကောင်းပြီး အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း ရှိတယ်။ အမှန်တရား တစ်ခုလုံးကို မသိနိုင်ဘူး ဆိုရင်တောင် တစ်စိတ်တစ်ပိုင်းကိုတော့ သူ ခန့်မှန်းမိလောက်ပါတယ်"

"ဒေါင်းးး ဒေါင်းးး ဒေါင်းးး ဒေါင်းးး"

အပြင်ဘက် စကြာဝဠာမှ ကမ္ဘာပျက်ခေါင်းလောင်းသံကြီးက ဆက်လက် မြည်ဟည်းနေဆဲပင်။

နဂါးဘုရင်မက ခပ်တိုးတိုး ပြောလိုက်သည်။ "အချိန်တွေ ကုန်ဆုံးနေပြီ ငါ့သားလေး... နှစ်ထောင်ပေါင်းများစွာ ကြာမြင့်တဲ့ နဂါးတွေနဲ့ မိစ္ဆာတွေကြားက စစ်ပွဲဟာ အမြဲတမ်း နောက်ဆုံး ပန်းတိုင်တစ်ခုတည်းအတွက်ပဲ ဖြစ်တာ။ လွတ်လပ်ခွင့် ၊ ရှင်သန်ခွင့်နဲ့ ဂုဏ်သိက္ခာအတွက်ပဲ။ မျိုးနွယ်စု နှစ်ခုက မတူညီတဲ့ ပုံစံတွေနဲ့ ဖော်ပြကြတာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ နဂါးတွေက မြင့်မြတ်ပြီး သဘာဝကျသလို ဖြစ်နေချိန်မှာ မိစ္ဆာတွေက ယုတ်မာပြီး လောဘကြီးသလို ဖြစ်နေကြတာပေါ့။ ဒါပေမဲ့ နောက်ဆုံး ပန်းတိုင်ကတော့ အတူတူပဲ။ အားလုံးက ရှင်သန်ခွင့်နဲ့ လွတ်လပ်ခွင့်အတွက်ချည်းပဲ"

အိပ်မက်ဆိုးမိစ္ဆာဘုရင် မသေဆုံးမီ ပြောခဲ့သော နောက်ဆုံးစကားများကို တုပိုင် ရုတ်တရက် သတိရသွား၏။ မိစ္ဆာမျိုးနွယ်က လွတ်လပ်ခွင့် ၊ ရှင်သန်ခွင့်နှင့် ဂုဏ်သိက္ခာတို့အတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်ဆိုသည့် စကားကိုပင်။

ကြီးစိုးသူမိစ္ဆာဧကရာဇ်က ဆက်ပြောသည်။ "ဒါပေမဲ့... နဂါးတွေကပဲ မိစ္ဆာတွေကို ဖျက်ဆီးဖျက်ဆီး ၊ မိစ္ဆာတွေကပဲ နဂါးတွေကို ဖျက်ဆီးဖျက်ဆီး ရလဒ်ကတော့ လုံးဝ အတူတူပဲ ဖြစ်လိမ့်မယ်ဆိုတာကို ငါတို့ သိထားကြတယ်။ အနိုင်အရှုံး ဆုံးဖြတ်လိုက်တဲ့ အခိုက်အတန့်က မျိုးနွယ်စု နှစ်ခုလုံးအတွက် အဆုံးသတ်ကို ဖော်ဆောင်လိုက်တာပဲ။ နဂါးယဉ်ကျေးမှုနဲ့ မိစ္ဆာယဉ်ကျေးမှု အားလုံး အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်"

နဂါးဘုရင်မက သက်ပြင်းချလိုက်သည်။ "မိစ္ဆာပဲဖြစ်ဖြစ် နဂါးပဲဖြစ်ဖြစ်... ငါတို့အားလုံးက နတ်ဘုရားတွေ ကစားနေတဲ့ ကစားပွဲတစ်ခုထဲက နယ်ရုပ်လေးပါပဲ"

ကြီးစိုးသူမိစ္ဆာဧကရာဇ်က စကားဆက်လိုက်သည်။ "သူတို့ရဲ့ ကစားပွဲ ပြီးဆုံးသွားတာနဲ့ ရှင်းလင်းရေးနေ့ ရောက်လာပြီး စကြာဝဠာကနေ ကမ္ဘာပျက်ခေါင်းလောင်းသံ ထွက်ပေါ်လာတာပဲ"

နဂါးဘုရင်မက တုပိုင်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်သည်။ "ဒါကြောင့်ပဲ မယ်တော်က သားရဲ့ ခမည်းတော်ကို ချစ်မြတ်နိုးပြီး သားကို မွေးဖွားပေးခဲ့တာ။ ဒါကြောင့်ပဲ နဂါးတွေအားလုံးနဲ့ မိစ္ဆာတွေအားလုံးက သားဆီကို သူတို့ရဲ့ စွမ်းအင်တွေ ပေးအပ်ကြတာပဲ။ မယ်တော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က သားလေး ကမ္ဘာပျက်ခေါင်းလောင်းသံဆီကနေ လွတ်မြောက်နိုင်ပြီး နောက်ဆုံးမှာ ရှင်သန်ခွင့် ၊ လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကို ရရှိဖို့ပဲ။"

"ကမ္ဘာပျက်ခေါင်းလောင်းသံ မြည်လာတာနဲ့အမျှ နတ်ဘုရားတွေရဲ့ ကစားပွဲ ပြီးဆုံးသွားပြီမလို့ နဂါးတွေနဲ့ မိစ္ဆာတွေ အားလုံး သေဆုံးကြရလိမ့်မယ်။ ဒါပေမဲ့ သားလေး အသက်ရှင်နေနိုင်သရွေ့... အရာအားလုံးက တန်ဖိုးရှိသွားလိမ့်မယ်"

ကြီးစိုးသူမိစ္ဆာဧကရာဇ်က အလေးအနက် ပြောသည်။ "အသက်ရှင်ပါ ငါ့သား... ခွန်အားတွေနဲ့ ဆက်လက် ရှင်သန်ပါ။ နောက်ဆုံးမှာ မင်းက နတ်ဘုရားတွေရဲ့ ဆန္ဒကို အနိုင်ယူပြီး သူတို့ရဲ့ ဆုပ်ကိုင်မှုထဲကနေ ရုန်းထွက်ကာ သူတို့ရဲ့ ခေါင်းတွေကို နင်းခြေပစ်ရမယ်။ နဂါးတွေ အားလုံးအတွက် ကလဲ့စားချေပေးပါ။ မိစ္ဆာတွေ အားလုံးအတွက် ကလဲ့စားချေပေးပါ။ ငါ့သား... အခု မင်းက နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားနဲ့ နီးကပ်နေပြီ"

"ဒေါင်းးး ဒေါင်းးး ဒေါင်းးး"

ကမ္ဘာပျက်ခေါင်းလောင်းသံကြီး နောက်ဆုံး၌ ရပ်တန့်သွားလေပြီ။ ထို့နောက် နဂါးဘုရင်မမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ စိတ်ဝိညာဉ်မှာ လုံးဝ ကြွေလွင့်ပျက်သုဉ်းသွားတော့သည်။

ကြီးစိုးသူမိစ္ဆာဧကရာဇ်သည်လည်း မြေမှုန့်အဖြစ်သို့ ကျဆင်းသွားကာ သူ၏ စိတ်ဝိညာဉ်မှာလည်း ဗလာနတ္ထိအဖြစ်သို့ ပြန့်ကျဲပျောက်ကွယ်သွားတော့၏။

နတ်ဘုရားများ၏ ကစားပွဲ ပြီးဆုံးသွားလေပြီ။ သူတို့က နဂါးများအားလုံးနှင့် မိစ္ဆာများအားလုံးကို အမြစ်ပြတ် သုတ်သင်လိုက်ကြခြင်း ဖြစ်သည်။

ထိုအထဲ၌ နဂါးဘုရင်မ၏ စိတ်ဝိညာဉ်နှင့် ကြီးစိုးသူမိစ္ဆာဧကရာဇ်၏ စိတ်ဝိညာဉ်တို့လည်း ပါဝင်သည်။

ဤသည်မှာ စမ်းသပ်မှုတစ်ခု ပြီးဆုံးသွားချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် သန့်စင်ခြင်းမီးတောက်များကို ပန်းထုတ်ကာ အတွင်းရှိ အရာအားလုံးကို လုံးဝ ပြာကျသွားစေပြီး ရှင်းလင်းပစ်လိုက်သည့် ဓာတ်ခွဲခန်းတစ်ခုနှင့် အတိအကျပင် တူညီနေ၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters