← Chapters

အခန်း (၄၅၅-၄၅၆)

Vol. 23 Ch. 455-456

အခန်း (၄၅၅-၄၅၆)

Vol. 23 Ch. 455-456

အခန်း (၄၅၅)

ချင်မိသားစု၏ မျိုးဆက်များ

“ကဲပါ... တိတ်ကြပါတော့၊ မင်းတို့တွေ ဘေးကင်းရာကို ထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြပါဦး” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်ချေသည်။

ထိုစဉ် ချင်ယွမ်ဖုန်းထက် တစ်နှစ်မျှသာ ငယ်ရွယ်သော အဒေါ်ငယ်ဖြစ်သူ ချင်နန်က ရှေ့သို့ လှမ်းထွက်လာခဲ့၏။

သူမသည် မျက်ရည်များကို သုတ်ဖယ်ရင်း ချင်မင်ယန်နှင့် တစ်ပုံစံတည်း ထုဆစ်ထားသည့်အလား ခိုင်မာပြတ်သားသော မျက်နှာပေးမျိုး ရှိနေပေသည်။

ချင်နန်သည် ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကြုံတွေ့ခဲ့ရသမျှသော အဖြစ်အပျက် အဝဝကို ချင်ယွမ်ဖုန်းအား အစအဆုံး ပြောပြလေတော့သည်။

သူတို့သည် ထျန်းတူး ပြည်နယ်မြို့တော်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ထွက်ပြေးခဲ့ကြပြီးနောက် ချင်မိသားစု၏ ဂိုဏ်းခွဲရှိရာသို့ သွားရောက်ခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို လက်ခံစောင့်ရှောက်ရန် အလိုမရှိခဲ့ကြပေ။

ထို့ကြောင့် သူတို့သည် အရှေ့ဘက်သို့သာ ဦးတည်၍ အဆက်မပြတ် ထွက်ပြေးခဲ့ကြရပြီး လမ်းခရီးတွင် ဆေးနတ်ဘုရားဂိုဏ်း၏ တရားဝင်တပည့်များနှင့် ဆုံတွေ့ခဲ့ကြရခြင်း ဖြစ်ပေသည်။

“သူတို့က ဂိုဏ်းတူတပည့်တွေ ဖြစ်ကြပါလျက်နဲ့ ငါတို့တွေ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ကူညီဖို့ ငြင်းဆန်ခဲ့ကြတယ်ပေါ့လေ” ဟု ချင်ယွမ်ဖုန်းက ဒေါသတကြီးဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

ချင်နန်၏ မျက်နှာငယ်လေးမှာ ရှုံ့မဲ့သွားပြီး ငိုလုမတတ် ဖြစ်သွားကာ “င့တို့ကို သူတို့နဲ့ပတ်သက်ပြီး ပြဿနာတွေ ကူးစက်မလာအောင် လုပ်ပါလို့တောင် ပြောလွှတ်လိုက်ကြသေးတယ်...” ဟု ဆိုရှာသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို မောစွာ ချမိလေသည်။ ဘေးအန္တရာယ်ကြီး ဆိုက်ရောက်လာသည့်အခါ မိသားစု သံယောဇဉ် သွေးသားနှောင်ကြိုးများမှာ ယခုကဲ့သို့ပင် အလွန်တရာ ပါးလွှာသွားတတ်ပေရာ ချင်ယွမ်ဖုန်း၏ စိတ်အစုံတွင် စိတ်မချမ်းမြေ့စရာ ဝမ်းနည်းပူဆွေးမှုတို့ လွှမ်းမိုးသွားရချေသည်။

“ရပါတယ်... ငါတို့ သူတို့ကို အားကိုးဖို့ မလိုပါဘူး၊ ငါတို့ရဲ့ ကံကြမ္မာအတွက် ငါတို့ကိုယ်တိုင်ပဲ ကောင်းကောင်းမွန်မွန် လက်စားချေကြတာပေါ့၊ အခုကစပြီး မင်းတို့တွေ ဒီနေရာမှာပဲ နေထိုင်ကြပါ၊ ဒီနေရာကို လာပြီး ပြဿနာရှာရဲတဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာ ပြောကြားလိုက်၏။

“ကျေးဇူးတင်ပါတယ်...” ဟု ချင်နန်က တိုးညှင်းသော လေသံဖြင့် ဆိုလေသည်။

ချင်ယွမ်ဖုန်းနှင့် မျိုးဆက်တူဖြစ်ကြသော အခြားသူများကလည်း သူ့ကို အရိုအသေအလေးအမြတ် ပြုလျက် အားလုံးက ဦးညွှတ်လိုက်ကြပြီး “အကြီးအကဲတွေရဲ့ ကိုယ်စားအစ်ကိုကို တောင်းပန်ပါတယ်” ဟု ဆိုကြပေသည်။

ချင်ယွမ်ဖုန်း ယခင်က ခံစားခဲ့ရဖူးသမျှသော မကျေနပ်ချက်နှင့် နာကျည်းမှု အဝဝတို့သည်လည်း ယခုအချိန်တွင် လွင့်စင်ပျောက်ကွယ်သွားရချေပြီ။

“ရပါတယ်... ဒါတွေအားလုံးက အတိတ်က အကြောင်းအရာတွေပဲဥစ္စာ၊ အခုဆိုရင် ငါတို့အားလုံးက မိသားစုဝင်တွေ ဖြစ်နေကြပြီပဲ၊ ဒီလောက်ထိ အားနာနာနာနဲ့ ယဉ်ကျေးပြနေဖို့ မလိုပါဘူး” ဟု ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး ပိုမို ရင်းနှီးကျွမ်းဝင်သွားစေရန် ခေတ္တမျှ ထိုင်၍ စကားစမြည် ပြောဆိုခဲ့ကြပေရာ အသက်အရွယ်ချင်းလည်း သိပ်မကွာခြားလှသဖြင့် မကြာခင်မှာပင် ရင်းနှီးသွားကြတော့သည်။

“ဖုန်းအစ်ကို... ငါတို့တွေ ဘယ်လို လက်စားချေကြမလဲ၊ အခုချက်ချင်းပဲ သွားပြီး သူတို့ကို သတ်ပစ်လိုက်ရမလား” ဟု ထိုအချိန်တွင် ချင်ကျုံးဟု အမည်ရသော လူငယ်လေးတစ်ဦးက မေးမြန်းလာ၏။

ချင်ယွမ်ဖုန်းက ဦးခေါင်းကို ခါယမ်းလိုက်ပြီး “လောလောဆယ်မှာတော့ ငါတို့ဆီမှာ ရှာမိသားစုကို ယှဉ်ပြိုင်အံတုနိုင်တဲ့ အင်အားမျိုး မရှိသေးဘူး၊ ဒါပေမဲ့ မင်းတို့တွေသာ ကျင့်ကြံခြင်းကို ကြိုးကြိုးစားစား လုပ်ဆောင်ကြမယ်ဆိုရင် တစ်နေ့ကျရင် ငါကိုယ်တိုင်ပဲ မင်းတို့ကို ဦးဆောင်ပြီး သွားရောက် လက်စားချေပေးမှာပါ” ဟု ပြောကြားလိုက်သည်။

လူငယ်များသည် အနည်းငယ် စိတ်ပျက်သွားကြသော်လည်း သူတို့၏ ရင်ထဲတွင်မူ စိတ်ပိုင်းဖြတ်မှု ပြတ်သားချက်တို့ဖြင့် ပြည့်လျှံနေကြပေရာ ယင်းက ကျင့်ကြံခြင်းလမ်းစဉ်အတွက် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်ပေသည်။

“ငါ ဒီနေရာမှာ အကြာကြီး နေလို့မရဘူး၊ ရှန်းဝူအကယ်ဒမီကို သွားပြီး ဆက်လက် ကျင့်ကြံရဦးမယ်၊ ဒါကြောင့် မင်းတို့တွေ ဒီမြေနက်မြေကို သေချာ ဂရုစိုက်ပြီး စီမံခန့်ခွဲထားကြရမယ်၊ အခုဆိုရင် ဒီနေရာက ငါတို့ပိုင်တဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ၊ ဒီမှာ စိုက်ပျိုးထားတဲ့ ဝိညာဉ်ဆေးမြက်တွေကို အပြင်ကို ထုတ်ပြီး ရောင်းချလို့ရတယ်” ဟု ချင်ယွမ်ဖုန်းက ဆိုလေသည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ယင်းစကားကို ကြားလိုက်ရသည့်အခါ ဝမ်းသာအားရဖြင့် ခုန်ပေါက်မိကြတော့သည်။

ယခင်က ဤနေရာသည် ဆေးနတ်ဘုရားဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်ခဲ့ပြီး သူတို့သည် ဆေးနတ်ဘုရားဂိုဏ်းအတွက် အလုပ်အကျွေး ပြုပေးနေကြရခြင်း ဖြစ်ပေရာ ယခုအခါ မိမိတို့ကိုယ်ပိုင် ဖြစ်လာခဲ့ပြီ ဖြစ်သဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပေသည်။

“ဟုတ်တယ်... ငါတို့တွေ ဒီနေရာမှာ အင်အားတွေကို စုဆောင်းတည်ဆောက်ကြရမယ်” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုပြီး “အခုကစပြီး ချန်ဒါချောင်၊ ချန်ရှောင်ချောင်နဲ့ ငါ့ရဲ့ အဒေါ်ငယ်တို့ သုံးယောက်က ဒီနေရာကို ကြီးကြပ်ကွပ်ကဲရမယ်၊ ငါ့အတွက် အရေးကြီးတဲ့ ဝိညာဉ်ဆေးမြက် အနည်းငယ်ကလွဲလို့ ကျန်တဲ့အပင်တွေကိုတော့ မင်းတို့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်တယ်၊ ဒါတွေကို အသုံးချပြီး ဘယ်လို ပိုမို အင်အားတောင့်တင်းအောင် လုပ်မလဲဆိုတာကတော့ မင်းတို့ရဲ့ သဘောအတိုင်းပါပဲ” ဟု မိန့်ကြားလိုက်ချေသည်။

ချင်နန်သည် ချင်ယွမ်ဖုန်းက မိမိအပေါ် ယခုမျှအထိ ယုံကြည်လိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် အနည်းငယ် မိန်းမောတွေဝေသွားရရှာသည်

လူငယ်မောင်မယ်အချို့သည် ချင်ယွမ်ဖုန်းနှင့်အတူ ညဉ့်နက်သန်းခေါင်တိုင်အောင် စကားစမြည် ပြောဆိုခဲ့ကြပြီးနောက် ကျင့်ကြံအားထုတ်ရန်အတွက် အသီးသီး ပြန်သွားကြလေသည်။

ချင်ယွမ်ဖုန်းသည်လည်း မိမိထံတွင် ရှိနေသော ကျင့်ကြံခြင်းပညာရပ်များနှင့် လျှို့ဝှက်ကျမ်းစာများကို ထုတ်ပေးခဲ့ပြီး သူတို့၏ ကျင့်ကြံခြင်းနှင့် ကိုက်ညီမည့်အရာများကို စိတ်ကြိုက် ရွေးချယ်စေခဲ့ပေသည်။

ညဉ့်နက်ပိုင်း ရောက်ရှိလာသောအခါ ဤနေရာတွင် ချင်ယွမ်ဖုန်း တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

“ရှောင်လင်... ငါ မကြာခင်မှာပဲ ပထမဆုံး အဓိကတာဝန်ကို ပြီးမြောက်တော့မယ် ထင်တယ်” ဟု ချင်ယွုန်းဖုန်းက စိတ်ထဲမှနေ၍ တိုးညှင်းစွာ ရေရွတ်လိုက်၏။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး ပြုံးလျက် ခေါင်းညိတ်ပြလေသည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် မိမိ၏ သိုလှောင်လက်စွပ်အတွင်း စုဆောင်းထားရှိသော ဝိညာဉ်ဆေးမြက် အမြောက်အမြားကို ထုတ်ယူလိုက်ပြီး အဆင့်ခြောက်နှင့် အထက်ရှိသော ဝိညာဉ်ဆေးမြက်များကို အိမ်နောက်ဘက်ရှိ ကျယ်ဝန်းလှသော မြေနေရာတွင် စိုက်ပျိုးလိုက်ချေသည်။

ကျန်ရှိနေသော အခြားအပင်များကိုမူ မြေနက်မြေတွင် အားလုံး စိုက်ပျိုးလိုက်၏။ သန့်စင်သော နတ်ရေစင်ကို လောင်းရွှဲပေးပြီးနောက်တွင် ထိုဝိညာဉ်ဆေးမြက် အားလုံးတို့သည် တစ်ဖန် ပြန်လည် ရှင်သန်လန်းဆန်းလာကြပေသည်။

“.. အဓိကတာဝန် - အဆင့်လေးနှင့် အထက်ရှိသော ဝိညာဉ်ဆေးမြက် အပင်တစ်ရာ စိုက်ပျိုးရန်၊ ပြီးမြောက်ပါပြီ”

“ဆုလာဘ် - မြေနက်မြေ အဆင့်မြှင့်တင်ခြင်း”

“ဆုလာဘ် - ရေကန် အဆင့်မြှင့်တင်ခြင်း၊ သဘာဝ နတ်စမ်းရေ အသစ် ဖြည့်တင်းပေးခြင်း”

“ဆုလာဘ် - မွေးမြူရေးခြံ အဆင့်မြှင့်တင်ခြင်း”

“ဆုလာဘ် - ထိုက်ချင်း နတ်လေပြည် အစီအရင် အဆင့်မြှင့်တင်ခြင်း”

“ဆုလာဘ် - သဘာဝ နတ်စမ်းရေ ပုလင်းတစ်ရာ၊ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးလုံး ဆယ်ပုလင်း၊ ကိုးကွယ်ယုံကြည်မှု ရမှတ်ဆယ်သန်း”

အကြောင်းကြားစာ ပေးပို့သံမှာ ထိုနေရာတွင်ပင် ရပ်တန့်သွားခဲ့ရာ ချင်ယွမ်ဖုန်းသည် ပတ်ဝန်းကျင်သို့ အမြန် ဝေ့ဝဲကြည့်ရှုလိုက်မိပြီး နေရာအနှံ့အပြားတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်ရချေသည်။

ပထမဦးစွာ ထိုက်ချင်း နတ်လေပြည် အစီအရင်ဖြင့် လွှမ်းခြုံထားသော မြေနက်မြေ၏ အကျယ်အဝန်းမှာ သိသိသာသာ ကျယ်ပြန့်လာခဲ့သည်။

အစီအရင်ဖြင့် ဖုံးလွှမ်းထားသော ဧရိယာမှာ ယခုအခါ မူးတစ်ရာခန့်အထိ ရှိနေပြီဖြစ်ပြီး ထိုက်ချင်း နတ်လေပြည် အစီအရင်သည်လည်း အဆင့်လေး အစီအရင်အဖြစ်သို့ အဆင့်မြင့်မားသွားခဲ့ပြီ ဖြစ်ပေသည်။

ထို့ပြင် မြေနက်မြေ ကိုယ်တိုင်လည်း ပြောင်းလဲသွားခဲ့၏။ ယင်းသည် ဖုန်းဆိုးမြေရိုင်း မဟုတ်တော့ဘဲ မှေးမှိန်သော အလင်းရောင်စုံများပင် ဖြာထွက်နေကာ ဝိညာဉ်ဆေးမြက်များမှာ သန့်စင်သော နတ်ရေစင်ကို အသုံးပြုရန်မလိုဘဲ သန်သန်မာမာနှင့် ကောင်းမွန်စွာ ကြီးထွားရှင်သန်နိုင်ကြပေပြီ။

ထို့နောက်တွင် အိမ်နောက်ဘက်ရှိ ရေကန်မှာလည်း ယခင်ကထက် နှစ်ဆမျှ ပိုမိုကျယ်ဝန်းလာခဲ့ပြီး ရေကန်၏ အောက်ခြေတွင် စမ်းရေတွင်းတစ်တွင်း ပေါ်ပေါက်လာကာ ယင်းနေရာမှ သန့်စင်သော နတ်ရေစင်များ တဟုန်ထိုး ပန်းထွက်နေလေတော့သည်။

ရေကန်၏ အပြင်ဘက်တွင်လည်း မြောင်းငယ် အမြောက်အမြား ပေါ်ပေါက်လာခဲ့ပြီး သန့်စင်သော နတ်ရေစင်များကို မွေးမြူရေးခြံနှင့် မြေနက်မြေသို့ အဆက်မပြတ် ပို့ဆောင်ပေးကာ ရေသွင်းစိုက်ပျိုးပေးနေကြပေသည်။

မွေးမြူရေးခြံသည်လည်း အကျယ်အဝန်း အားဖြင့် နှစ်ဆခန့် ပိုမို ကျယ်ဝန်းလာခဲ့ပြီး တစ်ချိန်တည်းမှာပင် ယခင်က ရိုးရှင်းလှသော ပုံစံဟောင်းမှ ကင်းလွတ်သွားခဲ့ပြီ ဖြစ်သည်။

ကောက်ရိုးမိုး တဲအိမ်ငယ်များ၏ နေရာတွင် အုတ်ဖြင့် ဆောက်လုပ်ထားသော တဲအိမ်များဖြင့် အစားထိုးလိုက်သဖြင့် အလွန်တရာ အဆင့်မြင့်မားသော ပုံစံမျိုး ဖြစ်ပေါ်နေပေရာသည်။

မည်သို့ပင်ဆိုစေကာမူ မြေနက်မြေသည် လုံးဝ သစ်လွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။

“ဒီနေရာက တကယ့်ကို ကောင်းမွန်တဲ့ နေရာပဲ၊ ငါသာ သိုင်းလောကကနေ အနားယူတဲ့အခါကျရင် ဒီနေရာကိုလာပြီး ဝိညာဉ်ဆေးမြက်တွေ စိုက်မယ်၊ ငါးတွေနဲ့ မိစ္ဆာသားရဲတွေကို မွေးမြူပြီး စိတ်အေးလက်အေး လှဲလျောင်းရင်း ဝိညာဉ်ကျောက်တုံးတွေကိုပဲ ထိုင်သိမ်းနေတော့မယ်” ဟု ချင်ယွမ်ဖုန်းမှာ မတွေးဘဲ မနေနိုင်အောင်ပင် စိတ်ကူးယဉ် အိပ်မက်မက်နေမိတော့သည်။

“ဒါနဲ့ ရှောင်လင်... ငါ့ဆီမှာ ရှိနေတဲ့ လက်နက်သွန်းလုပ်ခြင်း ကုန်ကြမ်းပစ္စည်းတွေနဲ့ ထိုက်ချင်း နတ်လေပြည် အစီအရင်ကို အဆင့်မြှင့်တင်လို့ ရနိုင်မလား” ဟု ချင်ယွုန်းဖုန်းက မေးမြန်းလိုက်၏။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ သိုလှောင်လက်စွပ်အတွင်းရှိ ကုန်ကြမ်းပစ္စည်းများကို စာရင်းစစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြကာ “မနည်းတော လောက်ငှပါတယ်” ဟု ပြန်လည်ဖြေကြားလေသည်။

“ကောင်းပြီ... ဒါဆိုရင် ငါ့အတွက် အဆင့်မြှင့်တင်ပေးလိုက်ပါဦး” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။

ရှောင်လင်က ခေါင်းညိတ်လိုက်ပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချင်ယွမ်ဖုန်း၏ သိုလှောင်လက်စွပ်အတွင်းမှ လက်နက်သွန်းလုပ်ခြင်း ကုန်ကြမ်းပစ္စည်းများသည် အပြင်သို့ ပျံသန်းထွက်ပေါ်လာကြပြီးနောက် ချင်ယွမ်ဖုန်း၏ ဦးခေါင်းထက်တွင် လွင့်ပျံကာ ထိုက်ချင်း နတ်လေပြည် အစီအရင်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကြတော့သည်။

ထိုအချိန်တွင် အစီအရင်ထံမှ တောက်ပလှသော အလင်းတန်းများ ဖြာထွက်လာခဲ့၏။ လွှမ်းခြုံထားသော ဧရိယာအကျယ်အဝန်းမှာ ပိုမိုကျယ်ပြန့်မလာခဲ့သော်လည်း အစီအရင်၏ ခုခံကာကွယ်နိုင်စွမ်း အင်အားမှာ ပိုမို တောင့်တင်းခိုင်မာလာခဲ့ကြောင်း ချင်ယွမ်ဖုန်း ရှင်းလင်းစွာ ခံစားလိုက်ရပေသည်။

အဆင့်ငါး အစီအရင်တစ်ခုသည် နဝမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်ကြီးတစ်ဦး၏ တိုက်ခိုက်မှုကိုပင် အချိန်ကာလတစ်ခုအထိ ကြံ့ကြံ့ခံ ကာကွယ်ထားနိုင်ပေရာ ယင်းက ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများ၏ ဘေးကင်းလုံခြုံမှုကို များစွာ စိတ်ချရစေမည် ဖြစ်သည်။

သို့သော်လည်း သူတို့အားလုံးသည် ယခုအချိန်တွင် စူးရှတောက်ပလှသော အလင်းရောင်များကြောင့် နိုးစက်တက်လာကြရရှာသည်။ သူတို့သည် ဘာအကြောင်းကိစ္စ ဖြစ်ပျက်နေသည်ကို မသိရှိကြသဖြင့် အခန်းပြင်သို့ အလောတကြီး ပြေးထွက်လာခဲ့ကြ၏။

သို့ရာတွင် သူတို့သည် ပတ်ဝန်းကျင်၏ မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည့်အခါတွင်မူ အံ့အားသင့် မှင်တက်သွားကြရရှာတော့သည်။

“ဖုန်းအစ်ကို... ဘာတွေ ဖြစ်ပျက်ကုန်တာလဲ” ဟု ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့က အမြန် ပြေးလာပြီး မေးမြန်းကြလေသည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်ပြီး “ဘာမှမဖြစ်ပါဘူး၊ အနည်းငယ် ပြုပြင်မွမ်းမံလိုက်တာပါ၊ နောင်ကျရင် ဒီကနေ ထွက်လာမယ့် ပစ္စည်းတွေရဲ့ အရည်အသွေးက ပိုပြီးတော့တောင် ကောင်းမွန်လာဦးမှာပါ” ဟု ပြောကြားလိုက်ချေသည်။

အရာခပ်သိမ်း အဆင်ပြေချောမွေ့သည်ကို ကြားသိလိုက်ရသဖြင့် အားလုံးက သက်ပြင်းချနိုင်ကြတော့သည်။ သို့သော်လည်း ချင်ယွမ်ဖုန်းသည် ယခုကဲ့သို့သော အချိန်တိုလေးအတွင်းမှာပင် ဤနေရာရှိ အရာအားလုံးကို လုံးဝ ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်ကို တွေ့မြင်ရသဖြင့် သူတို့မှာ အလွန်တရာ တုန်လှုပ်အံ့ဩနေကြရဆဲ ဖြစ်ပေသည်။

“ကဲပါ... မင်းတို့တွေ ကျင့်ကြံခြင်းကိုပဲ ဆက်ပြီး အားထုတ်ကြပါတော့” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုပြီး “ဩော်... ပြီးတော့ မင်းတို့အားလုံး တစ်ယောက်ကို တစ်ပုလင်းစီ ယူပြီး ဒါကို သောက်သုံးလိုက်ကြဦး၊ ဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်” ဟု မှာကြားလိုက်လေသည်။

လူငယ်အနည်းငယ်တို့သည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးလုံးကို ယူဆောင်၍ မိမိတို့၏ အခန်းများသို့ ပြန်သွားကြတော့သည်။

သို့ရာတွင် ကြာမြင့်ခက်ထန်သော အချိန်မတိုင်မီမှာပင် အခန်းများဆီမှနေ၍ စူးစူးဝါးဝါး အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာခဲ့ချေပြီ။ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း အသွင်ပြောင်းလဲရသည့် ကိစ္စရပ်သည် မည်သို့ပင်ဆိုစေကာမူ ထင်သလောက် လွယ်ကူရိုးရှင်းသော အရာတစ်ခု မဟုတ်ပေရာတည်း။

အခန်း(၄၅၆)

မြေနက်မြေအား ချင်ယွမ်ဖုန်း၏ ကမ္ဘာဦးအစိတ်အပိုင်းအတွင်းသို့ ရွှေ့ပြောင်းရန်အတွက် ထိုက်ချင်း နတ်လေပြည် အစီအရင်ကို ဆဋ္ဌမအဆင့်အထိ ရောက်ရှိအောင် မြှင့်တင်ရန် လိုအပ်ချေသည်။

သို့ရာတွင် ထိုက်ချင်း နတ်လေပြည် အစီအရင်ကို မြှင့်တင်ရန်အတွက်မူ ရှားပါးလှသော ရတနာပစ္စည်း

အများအပြား လိုအပ်ပေရာ ယင်းကိစ္စကို လောလောဆယ်တွင် ဆိုင်းငံ့ထားလိုက်ရတော့သည်။

ထိုသို့ ဆိုင်းငံ့ထားစဉ်အတွင်း ချင်ယွမ်ဖုန်းသည် မြေနက်မြေ၌ ချန်ထားရစ်ခဲ့သော တုန်ခါကူးပြောင်းခြင်း အစီအရင်ကို ရုတ်တရက် သတိရမိသွား၏။

ထိုစဉ်က ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၌ ရှိနေစဉ် ချင်ယွမ်ဖုန်းသည် မြေနက်မြေသို့ ပြန်လာလိုသဖြင့် ရှာဖွေကြည့်ရာ မြေနက်မြေရှိ နေရာပြောင်းခြင်း အစီအရင်မှာ ရုတ်ချည်းပင် အလုပ်မလုပ်တော့ဘဲ ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသည်။

ထိုအကြောင်းကြောင့်ပင် သူသည် အစီအရင်ဖြင့် ပြန်မလာနိုင်တော့ဘဲ ပင်လယ်ရေကြောင်းခရီးဖြင့် သုံးလတိုင်တိုင် အချိန်ကုန်ခံကာ ခက်ခက်ခဲခဲ ပြန်ခဲ့ရခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် အိမ်အနောက်ဘက်သို့ ထွက်၍ ကြည့်ရှုစစ်ဆေးရာ တုန်ခါကူးပြောင်းခြင်း အစီအရင်မှာ ရွှေရောင်မိုးကြိုးပင်၏ အောက်၌ပင် ရှိနေသေးကြောင်း တွေ့ရသော်လည်း အစီအရင်ပေါ်တွင်မူ မိုးကြိုးပစ်ခတ်ခံထားရသည့်အလား အက်ကွဲကြောင်း အများအပြား ထင်ကျန်နေသည်ကို မြင်လိုက်ရတော့သည်။

“ ဒါလည်း အပစ်ခံလိုက်ရတာလား...”

ချင်ယွမ်ဖုန်းသည် တတ်နိုင်ရုံမျှမရှိဘဲ သက်ပြင်းကိုသာ မတတ်သာဘဲ ချမိလေတော့သည်။

ရွှေရောင်မိုးကြိုးပင်မှ လျှံထွက်လာသော မိုးကြိုးလျှပ်စီးများက တုန်ခါကူးပြောင်းခြင်း အစီအရင်ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေရာ ထိုအဖြစ်က ချင်ယွမ်ဖုန်းကို အလွန်ပင် စိတ်ပျက်အားလျော့သွားစေခဲ့သည်။

သို့သော် ကံကောင်းလှသည်မှာ အနန္တပုံရိပ်သည် နေရာပြောင်း အစီအရင်ကို ပြုပြင်နိုင်စွမ်း ရှိပေသည်။

သူသည် လျင်မြန်စွာပင် အစီအရင်ကို ပြန်လည်ပြင်ဆင်ပေးလိုက်သဖြင့် ချင်ယွမ်ဖုန်းသည်လည်း ထိုနေရာပြောင်း အစီအရင်ကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းကာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၌ သူချန်ထားခဲ့သော အစီအရင်နှင့် ပြန်လည်ချိတ်ဆက်လိုက်လေသည်။

ယခုအခါတွင်မူ ချင်ယွမ်ဖုန်းအတွက် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်သို့ သွားရောက်ရန် အလွန်ပင် လွယ်ကူချောမွေ့သွားခဲ့ပြီ ဖြစ်သည်။ အစီအရင်ကို အသုံးပြုရုံမျှဖြင့် ထိုနေရာသို့ တိုက်ရိုက် ရောက်ရှိသွားနိုင်ပြီ မဟုတ်လော။

ခပ်သိမ်းသော ကိစ္စအဝဝတို့ စနစ်တကျ ပြင်ဆင်ပြီးစီးသွားသည်ကို မြင်ရသောအခါမှ ချင်ယွမ်ဖုန်းလည်း ရင်ထဲမှ အလုံးကြီးကျကာ သက်ပြင်းချနိုင်တော့သည်။

အနည်းဆုံးတော့ ဤနေရာ၌ နေထိုင်ကြသော ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများသည် အသက်အန္တရာယ် စိုးရိမ်ရသည့် ဘေးဒုက္ခများနှင့် ကြုံတွေ့ရတော့မည်မဟုတ်ဘဲ စိတ်အေးချမ်းသာစွာ ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်ကြပေတော့မည်။

ဤမျှ ရတနာမြေမျိုးကို စောင့်ရှောက်ခွင့်ရကာ ဝိညာဉ်ဆေးပင်များကိုလည်း စိတ်ကြိုက် အသုံးပြုနိုင်သည့်အပြင် လိုအပ်သော ဆေးလုံးများနှင့် ရတနာလက်နက်များကိုပါ လဲလှယ်နိုင်ကြပေရာ မိမိပြန်လာမည့် အချိန်တွင် သူတို့အားလုံး မြေကမ္ဘာတုန်ဟည်းမတတ် ပြောင်းလဲတိုးတက်နေကြလိမ့်မည်ဟု ချင်ယွမ်ဖုန်း ယုံကြည်နေမိသည်။

လုပ်ဆောင်စရာ ကိစ္စရပ်များကို အဆုံးသတ်ပြီးနောက် ချင်ယွမ်ဖုန်းသည် အိမ်ပြင်ပ၌ ဝင်ထိုင်ကာ ဤနေရာ၏ ထူထပ်သိပ်သည်းလှသော ဝိညာဉ်ချီစွမ်းအင်များကို ခံစားရင်း ကျင့်ကြံခြင်းနယ်ပယ်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားခဲ့လေသည်။

မိုးသောက်အလင်း ရောက်ရှိလာသောအခါ ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများသည်လည်း ကျင့်ကြံခြင်းမှ နိုးထလာကြပြီး မိမိတို့၏ ခန္ဓာကိုယ်ပေါ်တွင် စက်ဆုပ်ရွံရှာဖွေရာ ကောင်းလှသော အမည်းရောင် ညွန်ပျစ်ကဲ့သို့သော အညစ်အကြေးများ ထွက်နေသည်ကို တပြိုင်နက်တည်း တွေ့ရှိလိုက်ကြရသည်။

သို့သော် ကံကောင်းလှသည်မှာ ကန်ရေပြင်မှ ရေများကို လူတိုင်း၏ အခန်းထဲသို့ တိုက်ရိုက် သွယ်တန်းထားရှိသဖြင့် အခန်းတွင်း၌ပင် ရေချိုးသန့်စင်နိုင်ကြရာ အလွန်ပင် အဆင်ပြေလှပေသည်။

ကိုယ်လက်သန့်စင်ပြီးနောက် အားလုံးသည် အခန်းပြင်သို့ ထွက်လာခဲ့ကြသည်။ ထိုအခါ သူတို့ကိုယ်တိုင်ပင် ထူးခြားသော ပြောင်းလဲမှုကို ခံစားမိကြပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ သမင်ပျိုငယ်များကဲ့သို့ ပေါ့ပါးသွက်လက်နေကာ အချိန်မရွေး ပျံသန်းသွားနိုင်တော့မည့်အလား ထင်မှတ်နေရချေသည်။

ကိုယ်တွင်း၌ ဝိညာဉ်ချီစွမ်းအင်နှင့် ကမ္ဘာဦးချီစွမ်းအင်များကို စုပ်ယူလှည့်ပတ်သည့် အရှိန်နှုန်းမှာလည်း ယခင်ကထက် များစွာ သာလွန်နေပေရာ ယင်းမှာ ချင်ယွမ်ဖုန်း တိုက်ကျွေးခဲ့သော ဆေးရည်တစ်ပုဒ်ကြောင့် ဖြစ်ရမည်ကို သိရှိသွားကြသဖြင့် အတိုင်းမသိ ဝမ်းမြောက်ကြည်နူး သွားကြတော့သည်။

ထိုသို့ဖြင့် သူတို့၏ ရင်ထဲ၌ ဖုန်းအစ်ကိုအပေါ် ရိုသေလေးစားရိုသေမှုမှာလည်း ယခင်ကထက် ပိုမိုနက်ရှိုင်းလာခဲ့ရသည်။

အပြင်၌ ထိုင်နေသော ချင်ယွမ်ဖုန်းကို မြင်ကြသော်လည်း မည်သူမျှ ရှေ့သို့တိုးကာ မနှောင့်ယှက်ဝံ့ကြချေ။ ထိုအစား ခန္ဓာကိုယ် လှုပ်ရှားလေ့ကျင့်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဝိညာဉ်ဆေးပင်များကို ရေလောင်းခြင်းနှင့် မိစ္ဆာသားရဲများကို အစာကျွေးခြင်း စသည့် မိမိတို့၏ လုပ်ငန်းဆောင်တာများကိုသာ အသီးသီး လုပ်ဆောင်နေကြလေသည်။

သူတို့သည် ဤနေရာတွင် တစ်လမျှ နေထိုင်ခဲ့ကြပြီ ဖြစ်သဖြင့် ဤမြေနက်မြေနှင့် တစ်သားတည်း ကျနေပြီ ဖြစ်ရုံမျှမက ယခုနေရာသည် သူတို့၏ နောင်လာမည့် ကျင့်ကြံခြင်းခရီးလမ်းအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်းကိုလည်း ကောင်းစွာ နားလည်ထားကြပေသည်။

ချင်ယွမ်ဖုန်းသည် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ချက်ပြုတ်နေသော ဟင်းလျာများ၏ မွှေးပျံ့လှသော ရနံ့ကြောင့် ဖြည်းညင်းစွာ မျက်လုံးပွင့်လာပြီး ဝမ်းဗိုက်မှာလည်း မတတ်သာဘဲ တဂုဂု မြည်လာခဲ့ရသည်။

ချင်ယွမ်ဖုန်းသည် ဤခရီးစဉ်အတွင်း ငတ်မွတ်ခေါင်းပါးခြင်း မရှိခဲ့သော်လည်း ကောင်းမွန်ကျနသော ထမင်းတစ်နပ်ကိုမူ ကောင်းကောင်းမွန်မွန် မစားသောက်ခဲ့ရသည်မှာ ကြာပြီ မဟုတ်လော။

သူတို့ ဟင်းချက်နေစဉ်အတွင်း ချင်ယွမ်ဖုန်းသည် မွေးမြူရေးခြံထဲသို့ လျှောက်လှမ်း ဝင်ရောက်ခဲ့သည်။

ယခင်က ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့ မောင်းနှင်ခေါ်ဆောင်လာခဲ့သော မိစ္ဆာသားရဲများသည် အတော်ပင် ကြီးထွားလာကြပြီး အများစုမှာ ကျင့်စဉ်အဆင့် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်မျှပင် တိုးတက်လာခဲ့ကြပြီ ဖြစ်သည်။

ထိုအထဲမှ ဧကရာဇ်မျောက်ဝံဖြူဆိုလျှင် နတ်သားရဲအဆင့်သို့ ကူးပြောင်းရန် အနားသတ်အထိပင် ထိတွေ့နေပြီဖြစ်ရာ နတ်သားရဲနယ်ပယ်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုပါတော့သည်။

ဤမိစ္ဆာသားရဲများသည်လည်း ဤနေရာရှိ မွေးမြူရေးခြံကို အလွန်ပင် နှစ်သက်သဘောကျလာကြပုံရသည်။ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်ရုံမျှမက အလွန်လည်း ဘေးကင်းလုံခြုံလှသည် မဟုတ်လော။

ချင်ယွမ်ဖုန်းနှင့် သူ၏အပေါင်းအပါများ ယခင်က ဖမ်းဆီးခဲ့သော နှင်းမြွေပါလေးမှာလည်း ယခင်ကထက် ပိုမိုချစ်စရာကောင်းလာခဲ့သည်။ ၎င်း၏ အရွယ်အစားမှာ သာမန်နှင်းမြွေပါများထက် များစွာ ကြီးထွားလာပြီး မြေခွေးဖြူလေးတစ်ကောင်နှင့်ပင် တူနေတော့သည်။

ဤမိစ္ဆာသားရဲများကို မြင်ရသောအခါ ချင်ယွမ်ဖုန်း စိတ်အေးသွားရတော့သည်။ သူသည် ချင်နန်အား အချိန်ရပါက ဝမ်တောင်တန်းသို့ နောက်တစ်ကြိမ် သွားရောက်ကာ အဆင့်မြင့် မိစ္ဆာသားရဲအချို့ကို ဖမ်းဆီးပြီး ဤမွေးမြူရေးခြံကို အပြည့်ဖြည့်ထားရန် မှာကြားလိုက်သည်။

ထိုသို့ ပြုလုပ်ထားပါက မည်သည့်ရန်သူပင် လာစေကာမူ မွေးမြူရေးခြံကို ဖွင့်လိုက်သည်နှင့် စစ်တပ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရသည့်အလား ဖြစ်သွားပေလိမ့်မည်။

မြိန်ရှက်လှသော ထမင်းတစ်နပ်ကို စားသောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ထိုသူများအား အကြံပြု မှာကြားချက်အချို့ ပေးကာ ထပ်မံထွက်ခွာရန် ပြင်ဆင်တော့သည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် အလွန်ပင် နှမြောတသ ဖြစ်နေကြရပြီး ချင်နန်နှင့် အခြားသော ချင်မိသားစုဝင် မျိုးဆက်များသည်လည်း ချင်ယွမ်ဖုန်းကို မထွက်ခွာစေလိုကြချေ။

“ကဲပါ... ငါ အဝေးဆုံး မြောက်ဘက်နယ်မြေမှာ နေရာပြောင်း အစီအရင်တစ်ခု တည်ဆောက်ထားပါ့မယ်... အချိန်ရရင် မင်းတို့ဆီ ပြန်လာကြည့်ပါ့မယ်...” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်း၏ စကားကို ကြားရသောအခါမှ အားလုံးက ခေါင်းငြိမ့်လက်ခံကြတော့သည်။

“ပြီးတော့... မင်းတို့အားလုံး ကျင့်ကြံခြင်းကို ကြိုးစားအားထုတ်ကြရမယ်... ငါ့ရဲ့ စိတ်အာရုံအရ မကြာခင်မှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်တော့မယ်လို့ ခံစားနေရတယ်... အဲဒီအချိန်ကျရင် အင်အားမရှိတဲ့သူတွေဟာ စင်းလုံးချော အသားတုံးတွေလိုပဲ အသတ်ခံရမယ့် ဘဝကို ရောက်သွားလိမ့်မယ်...” ချင်ယွမ်ဖုန်းက လေးနက်တည်ကြည်သော လေသံဖြင့် ပြောကြားလိုက်၏။

ချင်ယွမ်ဖုန်း၏ တည်ကြည်လှသော အမူအရာကို မြင်သောအခါ အားလုံးက ခေါင်းငြိမ့်ကြသည်။ မည်သည့်အရာ ဖြစ်ပျက်လာမည်ကို သူတို့ မသိကြသော်လည်း ချင်ယွမ်ဖုန်းကိုသာ ယုံကြည်ရန် ရွေးချယ်လိုက်ကြပေသည်။

ချင်ယွမ်ဖုန်းသည် သူတို့အတွက် အသုံးပြုရန် အရင်းအမြစ်များအဖြစ် ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ချန်ထားရစ်ခဲ့ပြီးမှ ဝမ်ချိုင်ကို ခေါ်ယူကာ စိတ်အေးချမ်းသာစွာဖြင့် ထွက်ခွာခဲ့လေသည်။

နောင်သောအခါတွင်မူ ဤနေရာ၌ ရှိနေကြသော အချို့သူများသည် အလွန်ပင် အစွမ်းထက်လှသော တန်ခိုးရှင်ကြီးများ ဖြစ်လာကြလိမ့်မည်ကိုမူ သူ လုံးဝ သိရှိမထားခဲ့ချေ။

မြောက်ဘက်သို့ ဦးတည်လျက် ချင်ယွမ်ဖုန်းသည် အဝေးဆုံး မြောက်ဘက်နယ်မြေသို့ တိုက်ရိုက် ဦးတည်ထွက်ခွာခဲ့သည်။

ထိုအချိန်တွင် ယန်ရုအင်ပါယာ၏ အရှေ့ဘက် ကမ်းရိုးတန်းဒေသ၌ အမျိုးသမီးတစ်ဦးသည် လှိုင်းလုံးများ၏ ရိုက်ခတ်မှုကြောင့် ကမ်းခြေသို့ သောင်တင်လာခဲ့သည်။

သူမတွင် ဖြူဖွေးသော ဆံနွယ်များ ရှိသော်လည်း မျက်နှာတပြင်လုံးမှာမူ အလွန်ပင် လှပချောမောလှပေသည်။ သူမသည် အဝတ်အစား ဗလာကျင်းနေကာ သူမ၏ အသားအရေမှာလည်း ခဲနေသော အဆီခဲကဲ့သို့ ဖြူဖွေးဝင်းပနေချေသည်။

သူမ၏ ခန္ဓာကိုယ်ထက်တွင် ဆန်းကြယ်လှသော အရှိန်အဝါများ ပြည့်နှက်နေပေရာ လူသားတို့အား မရိုသေသေသော စိတ်ကူးစိတ်သန်းများကိုပင် မမွေးမြူဝံ့အောင် တားဆီးထားသည့်အလား ရှိနေတော့သည်။

ခဏမျှ ကြာပြီးနောက် ထိုအမျိုးသမီးသည် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သူမသည် မည်သည့်အရပ်မျက်နှာသို့ သွားရမည်ကို မသိရှိဘဲ ရှေ့သို့သာ လျှောက်လှမ်းနေမိတော့သည်။

သူမသည် မည်မျှကြာအောင် လျှောက်လှမ်းခဲ့သည်ကို မသိရဘဲ လူမျိုးစု မျိုးနွယ်စုငယ်တစ်ခုနှင့် ဆုံတွေ့သည်အထိ လျှောက်လှမ်းခဲ့ချေသည်။

ဤနေရာကား လူဦးရေ ဆယ်ဂဏန်းမျှသာ ရှိပြီး နွားနှင့် သိုး ဆယ်ဂဏန်းမျှသာ ရှိသော ဆင်းရဲနွမ်းပါးလှသည့် မျိုးနွယ်စုငယ်လေးတစ်ခု ဖြစ်သည်။

ထိုဆင်းရဲသော မျိုးနွယ်စုဝင်များသည် ထိုအမျိုးသမီးကို မြင်သောအခါ နတ်မိမယ်တစ်ပါးကဲ့သို့ ရိုသေကိုးကွယ်ကြပြီး အစားအစာနှင့် အဝတ်အထည်များကို ပေးကမ်းကြကာ ပူဇော်ပသမှုများပင် ပြုလုပ်ကြလေသည်။

ထိုအမျိုးသမီးသည်ကား ကျေးဇူးတင်စကား တစ်ခွန်းမျှ မဆိုခဲ့ပေရာ သူမသည် စကားမပြောတတ်သူတစ်ဦး ဖြစ်ပုံရသည်။

နှစ်ရက်မျှ နေထိုင်ပြီးနောက် ထိုအမျိုးသမီးသည် မျိုးနွယ်စုမှ ထွက်ခွာလိုခဲ့သည်။

“မင်းတို့က သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူး...”

ယင်းကား ထိုအမျိုးသမီး မျိုးနွယ်စုမှ ထွက်ခွာချိန်တွင် ပြောဆိုခဲ့သော စကား ဖြစ်ပေရာ မျိုးနွယ်စုဝင်များကို ဝေခွဲမရ ဖြစ်သွားစေခဲ့သော်လည်း သူမကိုမူ ရိုသေလေးစားစွာဖြင့် ပို့ဆောင်ပေးခဲ့ကြဆဲပင် ဖြစ်သည်။

ထိုအမျိုးသမီးတွင် လူသားများကို မိမိအပေါ် နီးစပ်လိုစိတ်နှင့် ရိုသေကိုးကွယ်လိုစိတ် ဖြစ်ပေါ်လာစေသည့် အရှိန်အဝါမျိုး သဘာဝအတိုင်း တည်ရှိနေပုံရသည်။

အမျိုးသမီးသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။

သူမ လျှောက်လှမ်းနေသော အရပ်မျက်နှာမှာ အနောက်ဘက်သို့ ဦးတည်နေကြောင်းကိုလည်း သူမ မသိရှိသကဲ့သို့ မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်း သူမ မသိရှိပါဘဲ ခြေလှမ်းများကိုမူ ဘယ်သောအခါမျှ ရပ်တန့်ခြင်းမရှိခဲ့ချေ။

တစ်နေ့သောအခါတွင်မူ ထိုအမျိုးသမီးသည် ခွေးကြီးတစ်ကောင်ကို စီးနင်းလာသော လူငယ်တစ်ဦးကို လှမ်း၍ မြင်လိုက်ရလေတော့သည်။

All Chapters