← Chapters

အခန်း (၄၃၅-၄၃၆)

Vol. 23 Ch. 435-536

အခန်း (၄၃၅-၄၃၆)

Vol. 23 Ch. 435-536

အခန်း(၄၃၅)

လင်းထျန်းက ပြုံးလျက် “ဘာမှမဟုတ်ပါဘူး၊ ငါ မိစ္ဆာမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို စုံစမ်းသိရှိခဲ့ရုံပါ” ဟု ဆိုချေသည်။

“စုံစမ်းသိရှိခဲ့တယ် ဟုတ်လား” ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားသွားလေသည်။

လင်းထျန်းက ခေါင်းညိတ်ပြကာ “မင်းပေးခဲ့တဲ့ သတင်းအချက်အလက်တွေအရ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကနေ တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့ကြတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ဟာ မိစ္ဆာလက်နက်တစ်ခုကို ရရှိခဲ့ဖူးတယ်လို့ သိရတယ်” ဟု ပြောကြားသည်။

“မိစ္ဆာလက်နက် ဟုတ်လား” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

လင်းထျန်းကလည်း ထပ်မံခေါင်းညိတ်လျက် “မှန်တယ်၊ အဲဒီမိစ္ဆာလက်နက်ထဲမှာ အဆုံးမဲ့တဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ကိန်းအောင်းနေပြီး အသုံးပြုသူကို ကြီးမားတဲ့ အစွမ်းတန်ခိုးတွေ ပေးစွမ်းနိုင်တယ်၊ ဒါပေမဲ့ အဲ့တာကက အသုံးပြုသူရဲ့ အသိစိတ်ကို ဝါးမြိုဖျက်ဆီးပစ်လိမ့်မယ်၊ ဒါကြောင့်မို့လို့ ဒီမိစ္ဆာလက်နက်ကို ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ရဲ့ ရတနာတိုက်ထဲမှာပဲ အစဉ်အမြဲ သိမ်းဆည်းထားခဲ့တာ ဖြစ်တယ်”

“ဒါဆိုရင်တော့ ဟုတ်ပြီ၊ သူက ဒီမိစ္ဆာလက်နက်ကို ရည်ရွယ်နေတာ သေချာတယ်” ချင်ယွမ်ဖုန်းသည် မိမိပေါင်ကို မိမိ ရိုက်ပုတ်လျက် လေးနက်စွာ ရေရွတ်လိုက်မိသည်။

“မင်း သေချာလို့လား” လင်းထျန်းက မျက်မှောင်ကုတ်လျက် မေးမြန်းချေသည်။

ချင်ယွမ်ဖုန်းက အသေအချာ ခေါင်းညိတ်ပြပြီး “ကျိန်းသေပေါက်ကို အပြည့်အဝ သေချာပါတယ်၊ ကျွန်တော့်ဆီမှာလည်း မိစ္ဆာလက်နက်တစ်ခု ရှိနေတာ၊ ဒီကိုလာတဲ့ လမ်းခရီးမှာ မိစ္ဆာမျိုးနွယ်စု တစ်စုရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသေးတယ်၊ တော်သေးတာပေါ့၊ စီနီယာတစ်ယောက် ကူညီပေးခဲ့လို့သာပဲ” ဟု ဆိုသည်။

ထိုအခါမှသာ ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် မိစ္ဆာမျိုးနွယ်စုများက သူတို့ကို အဘယ်ကြောင့် လာရောက်တိုက်ခိုက်ခဲ့ကြသည်ကို သဘောပေါက်သွားကြတော့သည်၊ ယင်းမှာ သူတို့အား ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးတွင် မပါဝင်နိုင်စေရန် တားဆီးခြင်းသာ ဖြစ်ပေသည်။

ထိုသို့ တားဆီးနိုင်မှသာလျှင် ထိုသူသည် ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီး၌ အနိုင်ရရှိရန် အခွင့်အရေး ရရှိမည် မဟုတ်လော။

“ဒါဆို ဒီလိုကိုး၊ အဲဒီမိစ္ဆာလက်နက်က အတိအကျ ပြောရရင် ဘယ်လိုမျိုးလဲ” လင်းထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းပြန်သည်။

“မိစ္ဆာလက်နက်ဆိုတာ မိစ္ဆာမျိုးနွယ်စုတွေ ချန်ထားခဲ့တဲ့ လက်နက်တွေ ဖြစ်ပြီးတော့ အဆင့်အတန်း အလွန်မြင့်မားကြတယ်၊ အဆင့်နိမ့်တဲ့ လက်နက်တွေဆိုရင်တော့ ကာလကြာမြင့်လှပြီဖြစ်လို့ ဆွေးမြည့် ပျက်စီးသွားလောက်ပါပြီ၊ တစ်နည်းအားဖြင့် ပြောရရင်တော့ ဒီမိစ္ဆာလက်နက်တွေဟာ မိစ္ဆာမျိုးနွယ်စုထဲက အလွန်တရာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေသာ အသုံးပြုနိုင်တဲ့ လက်နက်တွေ ဖြစ်နိုင်တယ်၊ မိစ္ဆာမျိုးနွယ်စုတွေအတွက်ဆိုရင် သူတို့ရဲ့ အစွမ်းသတ္တိကို အကြီးအကျယ် မြှင့်တင်ပေးနိုင်တာပေါ့”

“ငါ နားလည်ပါပြီ” လင်းထျန်းက ခေါင်းညိတ်ရင်း “ငါ အခုချက်ချင်းပဲ တခြားအကြီးအကဲတွေကို သွားပြောလိုက်မယ်၊ ပြီးရင် သူ့ကို ဖမ်းဆီးကြတာပေါ့” ဟု ဆို၏။

“မလောပါနဲ့ဦး” ချင်ယွမ်ဖုန်းက လင်းထျန်းကို တားဆီးလိုက်ပြီး “ကျွန်တော် စဉ်းစားနေတာက ဒီကျွန်းပေါ်မှာ တခြားမိစ္ဆာမျိုးနွယ်စုဝင်တွေ ပုန်းအောင်းနေဦးမလားဆိုတာပဲ၊ သူတို့ရဲ့ ရုပ်သွင်က လူသားတွေနဲ့ ထပ်တူပဲလေ၊ ဦးခေါင်းပေါ်က ဦးချိုအမှတ်အသား နှစ်ခုကလွဲရင် ခွဲခြားဖို့ မလွယ်ဘူး မဟုတ်လား” ဟု ပြောသည်။

“တခြား မိစ္ဆာမျိုးနွယ်စုဝင်တွေ ဟုတ်လား” လင်းထျန်းက ရေရွတ်လိုက်ပြီး “မင်းပြောချင်တာက သူတို့ကို မြှူထုတ်ရမယ်လို့ ဆိုလိုတာလား”

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “သူ့မှာ ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးကို အနိုင်ရဖို့ တခြားနည်းလမ်းတစ်ခုခု ရှိနေတာ ကျိန်းသေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လည်း သူ မအောင်မြင်စေရအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ၊ အဲဒီအချိန်ကျလို့ ကျွန်တော်တို့ ပထမဆု ရသွားခဲ့ရင် ရတနာတိုက်ထဲကို သွားခွင့်ပြုဖို့ အယောင်ပြပြီး တောင်းဆိုလိုက်မယ်၊ အဲဒီအခါကျရင် သူ ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်တော့ဘူး” ဟု အကြံပြုလေသည်။

လင်းထျန်းက မျက်မှောင်ကြုတ်လျက် ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်ကာ “မြေခွေးအိုလေးပါလား၊ မင်းမှာ ဒီလောက်အကွက်တွေ များလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး” ဟု ဆို၏။

ချင်ယွမ်ဖုန်းက ပြုံးလျက် လင်းထျန်း၏ ဝမ်းဗိုက်ကို ခင်မင်ရင်းနှီးစွာဖြင့် ပုတ်လိုက်ရင်း “စီနီယာနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး လိုပါသေးတယ်” ဟု အရွှန်းဖောက်လိုက်သည်။

“သွားစမ်းပါ၊ သွားစမ်းပါ၊ ဒီနည်းလမ်းကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ သူသာ ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးမှာ နိုင်သွားခဲ့ရင်တော့ သူ့ကို ဖမ်းဆီးလိုက်ရုံပဲ ရှိတော့မယ်၊ အဲဒီလိုဆိုရင်တော့ တခြားမိစ္ဆာမျိုးနွယ်စုဝင်တွေကို မြှူထုတ်နိုင်မှာ မဟုတ်တော့ဘူး” ဟု လင်းထျန်းက ဆိုချေသည်။

“စိတ်မပူပါနဲ့ စီနီယာ၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ချင်ယွမ်ဖုန်းက လင်းထျန်းကို မျက်စိတစ်ချက် ပစ်ပြလိုက်ပြီး “ဒါပေမဲ့ ကျွန်တော်သာ နိုင်သွားခဲ့ရင် ရတနာတိုက်ထဲ သွားဖို့ တောင်းဆိုမယ်ဆိုတာ အယောင်ပြသက်သက် ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ တကယ့်တောင်းဆိုချက်ကတော့ အဲဒါပဲနော်” ဟု သတိပေးလိုက်သည်။

“စိတ်ချပါ၊ ငါ သိပါတယ်” လင်းထျန်းက ခပ်အေးအေးပင် ပြန်လည်ပြောကြားခဲ့သည်။

မကြာမီပင် မွန်းလွဲပိုင်းသို့ ရောက်ရှိလာခဲ့ပြီး ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီး၏ နောက်ဆုံးဗိုလ်လုပွဲ အဆင့် စတင်ရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်ရာ ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များသည်လည်း စောစီးစွာ ရောက်ရှိ နေရာယူနေကြပြီ ဖြစ်သည်။

နောက်ဆုံးဗိုလ်လုပွဲသည် အလွန်တရာ အံ့ဩခမန်း ဖြစ်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပေ၊ ယင်းက ဆေးဖော်စပ်သူ အများအပြားနှင့် သာမန်လူသားများအတွက်ပင် ခဲရာခဲဆစ် ကြုံတွေ့ရခဲသော အခွင့်အရေး တစ်ရပ် ဖြစ်ပေသည်။

ရင်ပြင်အတွင်း လူအများ စုဝေးမိသည်ကို မြင်သောအခါ အစီအစဉ်တင်ဆက်သူသည် စင်မြင့်ပေါ်သို့ တက်လှမ်းလာခဲ့သည်။

“ဆက်လက်ပြီးတော့ ဒီအကြိမ် ဆေးဖော်စပ်သူ မဟာပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲကို စတင်တော့မှာ ဖြစ်ပါတယ်၊ ဒီပြိုင်ပွဲမှာ ထိပ်ဆုံးက ရွေးချယ်ခံရတဲ့ သုံးယောက်ဟာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲ ရာထူးကို ရရှိမှာဖြစ်ပြီး ဆေးဖော်စပ်သူများအသင်း ဌာနချုပ်က အကြီးအကဲတစ်ယောက်ရဲ့ ခံစားခွင့်တွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်၊ အဲဒီလိုပဲ အဆုံးစွန်သော အောင်နိုင်သူဟာ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ထံကို မိမိအလိုရှိရာ တောင်းဆိုချက်တစ်ခု တောင်းဆိုနိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်”

သူ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပ၍ စိတ်အားထက်သန်မှုများ ပြည့်နှက်သွားရသည်။ သူသည် ဤနေရာသို့ ရောက်ရှိရန် ဒုက္ခပေါင်းစုံကို ကျော်ဖြတ်ကာ ဆယ်စုနှစ်တစ်ခုတိုင်တိုင် ပြင်ဆင်လာခဲ့ရခြင်း ဖြစ်ပြီး ဤအခိုက်အတန့်လေးတစ်ခုတည်းအတွက်သာ ဖြစ်ပေသည်။

သို့သော် သူသည် ချင်ယွမ်ဖုန်းနှင့် တခြားသူများကို လှမ်းကြည့်လိုက်သောအခါ မျက်ဝန်းထဲ၌ ပြင်းထန်သော စက်ဆုပ်ရွံရှာမှု အလင်းတန်းတစ်ခု ဖြတ်သန်းသွားရ၏၊ ဤလူများသည် သူ အောင်မြင်မည့် လမ်းခရီးထက်က အကြီးမားဆုံးသော အဟန့်အတား ဆူးညောင့်ခလုတ်များ ဖြစ်ကြပေ၏။

‘ငါ မင်းတို့ကို အထင်သေးမိသွားတယ်၊ ငါ့ရဲ့ မျိုးနွယ်စုဝင်တွေက မင်းတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘဲ မင်းတို့ရဲ့ ရက်စက်တဲ့ လက်ချက်နဲ့ ကျဆုံးသွားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ စိတ်မပူနဲ့ဦး၊ ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ဒေါသသင့်လက်နက်ကို ရတာနဲ့ မင်းတို့အားလုံးကို ကျိန်းသေပေါက် သတ်ပစ်မယ်’ ဟု သူက ရာဇဝတ်ကောင်ကဲ့သို့ တွေးတောကာ ကြုံးဝါးနေမိသည်။

“နောက်ဆုံးဗိုလ်လုပွဲအတွက် မင်းတို့ လက်ရှိရောက်ရှိနေတဲ့ ဆေးဖော်စပ်သူ အဆင့်အတိုင်း တူညီတဲ့ ဆေးလုံးအဆင့်ကို ဖော်စပ်ကြရမှာ ဖြစ်တယ်၊ ဆေးလုံးရဲ့ အရည်အသွေး အကောင်းဆုံးနဲ့ အမြန်ဆုံး ဖော်စပ်နိုင်တဲ့သူက အဆုံးစွန်သော အောင်ပွဲကို ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်” ဟု အခမ်းအနားမှူးက ခပ်အေးအေးပင် ဆိုလိုက်ချေသည်။

မကြာမီပင် စာမေးပွဲကြီးကြပ်သူများသည် ဖော်စပ်ရမည့် ဆေးလုံးဖော်စပ်နည်းနှင့် ဆေးဘက်ဝင်ပစ္စည်းများကို လူတိုင်း၏ ရှေ့မှောက်၌ လာရောက်ချထားပေးကြသည်။

သို့ရာတွင် ချင်ယွမ်ဖုန်း၏ အရာများသာလျှင် တခြားသူများနှင့် ကွဲပြားနေသည်ကို တွေ့ရ၏။

ချင်ယွမ်ဖုန်းသည် ပဉ္စမအဆင့် ဆေးလုံးကို ဖော်စပ်ရန် လိုအပ်ပြီး တခြားသူများကမူ ဆဋ္ဌမအဆင့် ဆေးလုံးကို ဖော်စပ်ရန် လိုအပ်ပေသည်။

နောက်ဆုံးဗိုလ်လုပွဲသည် ချင်ယွမ်ဖုန်းအား အလွန်တရာ စိတ်လှုပ်ရှားစေသည်၊ အကြောင်းမူကား မိမိ၏ ထူးခြားလှသော ‘အတင်းအကျပ် ဆေးလုံးတည်ဆောက်ခြင်း’ ပညာရပ်ဖြင့် ဖော်စပ်မည့် ဆေးလုံး၏ အရည်အသွေးသည် တခြားသူများထက် အဆမတန် သာလွန်ကောင်းမွန်လိမ့်မည်ဟု ချင်ယွမ်ဖုန်း ယုံကြည်နေသောကြောင့်ပင် ဖြစ်သည်။

ကောင်းက ခေါင်းကို လှည့်၍ ချင်ယွမ်ဖုန်းကို တစ်ချက်ကြည့်ကာ “မင်းအနေနဲ့ နတ်ဘုရားအမှတ်အသားပါတဲ့ ဆေးလုံးမျိုးကို ဖော်စပ်နိုင်သေးတယ်ဆိုရင်တော့ ဒီပွဲမှာ မင်း နိုင်သွားပြီပေါ့” ဟု ဆို၏။

သူ၏ စကားလုံးများထဲတွင် ပြင်းထန်သော သရော်လှောင်ပြောင်မှုများ စွက်ဖက်နေသည်။ ထိုနေ့က ချင်ယွမ်ဖုန်း နတ်ဘုရားအမှတ်အသားပါသော ပြည့်စုံကံကောင်းသည့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်းမှာ ကံကောင်းခြင်း သက်သက်မျှသာ ဖြစ်သည်ဟု သူက အမြဲတစေ ယူဆထားကြောင်း ချင်ယွမ်ဖုန်း သိရှိနားလည်ပေသည်။

ချင်ယွမ်ဖုန်းက ပခုံးတွန့်ပြလိုက်ပြီး “ကောင်းပါပြီ၊ ဒါဆိုရင်တော့ မင်းကြည့်နိုင်ဖို့ ငါ တစ်လုံးလောက် ဖော်စပ်ပြရတာပေါ့” ဟု တုံ့ပြန်လိုက်သည်။

“အရှက်မရှိ ကြွားဝါလှချည်လား၊ မင်းမှာ ဆေးဖော်စပ်ခြင်း ပညာရပ်နဲ့ ပတ်သက်ပြီး ဒီလောက်နက်နဲတဲ့ အောင်မြင်မှုတွေ ရှိနေလိမ့်မယ်လို့ ငါ မယုံဘူး” ချင်ယွမ်ဖုန်း၏ အမူအရာကို မြင်သောအခါ သူသည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားရတော့သည်။

ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ချလျက် “ငါ ပြောရဦးမယ်၊ လူသားချင်း တူပေမယ့် မင်းနဲ့ ငါ့ကြားမှာ မိုးနဲ့မြေလို ကွာခြားချက်တွေ ရှိတယ်ဆိုတာပဲ” ဟု ဆို၏။

သူသည် သွားကို တင်းတင်းကြိတ်ထားမိပြီး ချင်ယွမ်ဖုန်းကို ထိုနေရာ၌ပင် ရိုက်သတ်ပစ်ချင်စိတ် ပေါက်နေမိသော်လည်း နောက်ဆုံးတွင်တော့ အောင့်အည်းသည်းခံလိုက်ရသည်။

“ဘယ်သူက နောက်ဆုံးမှ ရယ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့” ဟု ကောင်းက အေးစက်စက် ပြောဆိုလိုက်သည်။

ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်နှင့် ဆေးဖော်စပ်သူ လေးဦးစလုံးသည် တစ်ပြိုင်နက်တည်းပင် မိမိတို့၏ ဆေးမီးဖိုများကို ထုတ်ယူကာ အတွင်းရှိ မီးလျှံများကို စတင်တောက်လောင်စေခဲ့ကြတော့သည်။

ကောင်းကို ချန်လှပ်၍ တခြားသူများအားလုံးတွင် မိမိတို့ကိုယ်ပိုင် ထူးခြားသော မီးလျှံများ ရှိကြပေသည်။

ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်ရာ ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားများ တိုးဝှေ့ထွက်ပေါ်လာပြီး နဂါးဖမ်းဆေးမီးဖိုပေါ်ရှိ အပေါက်သုံးဆယ့်သုံးပေါက်မှတစ်ဆင့် ဆေးမီးဖိုအတွင်းသို့ ချက်ချင်းပင် စီးဝင်သွားတော့သည်။

ကျောက်စင်မြင့်ပေါ်ရှိ ဆေးဘက်ဝင်ပစ္စည်းများသည်လည်း တစ်ချိန်တည်းမှာပင် ဆေးမီးဖိုအတွင်းသို့ အတူတကွ ရောက်ရှိသွားကြရ၏။

ဤသည်မှာ နောက်ဆုံး စာမေးပွဲဖြစ်သဖြင့် လူလေးဦး ဖော်စပ်သည့် ဆေးလုံးအဆင့်များ ကွဲပြားသော်လည်း ခက်ခဲမှုအပိုင်းတွင်မူ အတူတူပင် ဖြစ်ကာ အားလုံးက အလွန်တရာ ခက်ခဲလှပေသည်။

လိုအပ်သော ကုန်ကြမ်းပစ္စည်းများပင်လျှင် အရေအတွက် တစ်ရာထက်မနည်း ရှိနေချေသည်။

ချင်ယွမ်ဖုန်းကိုယ်တိုင်ပင်လျှင် ဆေးဘက်ဝင်ပစ္စည်း အားလုံးကို လေးကြိမ်ခွဲ၍ သန့်စင်ဖော်စပ်ခဲ့ရသည်။

ချင်ယွမ်ဖုန်းနှင့် မတူညီသည်မှာ တခြားသူများသည် အနှစ်သာရများကို တစ်ခုပြီးတစ်ခုသာ သန့်စင်နေကြခြင်း ဖြစ်သည်။

သူတို့၏ အရှိန်အဟုန်မှာ သာမန်ဆေးဖော်စပ်သူများထက် အဆမတန် မြန်ဆန်လှသော်လည်း ချင်ယွမ်ဖုန်းနှင့် နှိုင်းယှဉ်ပါကမူ များစွာ နှေးကွေးနေသေးသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူသည် ကျောက်စင်မြင့်ကို ရုတ်တရက် ရိုက်ပုတ်လိုက်ရာ ကုန်ကြမ်းပစ္စည်း အားလုံးသည် လေထုထဲသို့ မြောက်တက်သွားကြပြီးနောက် ဆေးမီးဖိုအတွင်းသို့ တိုက်ရိုက် သက်ဆင်းသွားကြတော့သည်။

အခန်း (၄၃၆) ဆေးမီးဖို ပေါက်ကွဲခြင်း

“မင်းတစ်ယောက်တည်းပဲ တတ်နိုင်တယ်လို့ မမှတ်လိုက်နဲ့” ဟု ကောင်းက ဆိုကာ ဆေးမီးဖို၏ ဘေးတစ်ဖက်တစ်ချက်တွင် လက်နှစ်ဖက်ကို ရုတ်တရက် တင်လိုက်ပြီး ဆေးမီးဖိုပေါ်သို့ သွေးတစ်လုပ်ကို တိုက်ရိုက် ထွေးထုတ်လိုက်ချေသည်။

ထိုခဏ၌ပင် ကောင်း၏ ဆေးမီးဖိုအတွင်းမှ မီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်လာပြီး ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအားလုံးကို တခဏချင်းအတွင်း ဝါးမြိုသွားတော့သည်။

ဆေးမီးဖိုပေါ်ရှိ သွေးစက်များမှာ အသက်ဝင်လာဟန်ရှိကာ ဆေးမီးဖိုပေါ်တွင် လျင်မြန်စွာ တွန့်လိမ်လှုပ်ရှားလျက် အတွင်းသို့ တိုးဝင်သွားလေသည်။

ယင်းမှာ ကောင်း အသုံးပြုသည့် လျှို့ဝှက်ပညာရပ် ဖြစ်ပေရာ ချင်ယွမ်ဖုန်း၏ ပညာရပ်နှင့် ဆင်တူသော်လည်း ဆေးဖော်စပ်သည့် ပစ္စည်းအမြောက်အမြားကို တခဏချင်းအတွင်း သန့်စင်ပေးနိုင်သည်။

သို့သော် ထိုလျှို့ဝှက်ပညာရပ်မှာ ခန္ဓာကိုယ်ကို များစွာ ထိခိုက်စေတတ်၏။

မကြာမီအချိန်အတွင်းမှာပင် ကောင်းသည် ဆေးဖော်စပ်သည့် ပစ္စည်းအားလုံးကို သန့်စင်ပြီးစီးသွားသော်လည်း ၎င်း၏ မျက်နှာမှာမူ အတန်ငယ် ဖြူဖျော့နေတော့သည်။

အခြားတစ်ဖက်တွင်မူ မုန့်ချီလော့သည်လည်း လျှို့ဝှက်ပညာရပ် တစ်ခုကို အသုံးပြုနေသည်။ သူမက လက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ လက်ထဲမှ ဖြူဖွေးသော မြူတိမ်များ ထွက်ပေါ်လာပြီး ကျောက်စင်မြင့်ပေါ်ရှိ ပစ္စည်းအားလုံးကို ဖုံးလွှမ်းသွားလေသည်။

ထို့နောက် သူမက လက်ချောင်းဖြင့် တစ်ချက် ခတ်လိုက်ရာ နီရဲသော သားရဲမီးလျှံ တစ်ခုမှာ မြူတိမ်များထဲသို့ ပျံနှံ့သွားပြီး မြူတိမ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

နောက်တစ်ခဏ၌ မြူတိမ်များထဲမှ သန့်စင်ပြီးသား အဆီအနှစ်လုံးလေးများ ထွက်ပေါ်လာပြီး ဆေးမီးဖိုအတွင်းသို့ ဖြည်းညင်းစွာ ကျဆင်းသွားတော့သည်။

မုဟွိုက်သည်လည်း သူမ၏ ထူးခြားသော စွမ်းရည်ကို ထုတ်ဖော်ပြသလေသည်။ သူမ၏ သူငယ်အိမ်များမှာ တခဏချင်းအတွင်း လုံးဝ နက်မှောင်သွားကာ ကြည့်ရသည်မှာ ထူးဆန်းအံ့ဩဖွယ် ကောင်းလှပေသည်။

သူမ၏ ရှေ့မှ ကျောက်စင်မြင့်ပေါ်ရှိ ပစ္စည်းများမှာ ယခုအခါ ဖြည်းညင်းစွာ လွင့်ပျံတက်လာသည်။

မုဟွိုက်၏ အကြည့်အောက်တွင် ထိုပစ္စည်းများမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားပြီး အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ထိုအမှုန့်များထဲမှ အရောင်အသွေးစုံလင်သော အဆီအနှစ်များမှာ လွင့်ပျံထွက်လာကာ ဆေးမီးဖိုအထက်တွင် စုစည်းလျက် အဆီအနှစ်လုံးများ ဖြစ်ပေါ်လာလေသည်။

ဆေးဖော်စပ်သူ လေးဦး၏ ဆေးဖော်စပ်ပုံ နည်းစနစ်များကြောင့် ပွဲကြည့်စင်ပေါ်ရှိ လူအားလုံးမှာ အသက်ရှူရန်ပင် မေ့လျော့နေကြရသည်။ ဤကဲ့သို့သော ဆေးဖော်စပ်နည်းမျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

အကယ်၍ ချင်ယွမ်ဖုန်းသာ ဆေးဖော်စပ်သည့် ပစ္စည်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း သန့်စင်သည့် စံနမူနာကို မပြခဲ့ပါက ဤလူအနည်းငယ်သည် အောင်မြင်မှုနှုန်း နည်းပါးလှသည့် ဤလျှို့ဝှက်ပညာရပ်များကို အသုံးပြုရန် စွန့်စားမည်မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် သူတို့ သုံးဦးစလုံး အောင်မြင်ခဲ့ကြပြီး နောက်ဆုံးတွင် ချင်ယွမ်ဖုန်း၏ အရှိန်အဟုန်ကို အမှီလိုက်နိုင်ခဲ့ကြသည်။

သို့သော် ချင်ယွမ်ဖုန်းတွင်လည်း ဆေးလုံးများ ပေါင်းစပ်ခြင်းအတွက် ကိုယ်ပိုင်နည်းလမ်း ရှိနေသေးသည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို အားကိုးခြင်းဖြင့် ချင်ယွမ်ဖုန်းမှာ သာမန်လူများထက် များစွာ သာလွန်နေပေသည်။

“အတင်းအကြပ် ပေါင်းစပ်ခြင်း”

ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ ကြွေးကြော်လိုက်ပြီး ကြီးမားလှသော ဝိညာဉ်စွမ်းအားဖြင့် ဆေးမီးဖိုအတွင်း လုံခြုံသော နယ်ပယ်တစ်ခု ဖန်တီးကာ အဆီအနှစ်အားလုံးကို စုစည်းလျက် ပြင်းထန်စွာ ဖိသိပ်လိုက်တော့သည်။

အဆီအနှစ်အားလုံးမှာ တခဏချင်းအတွင်း စုဆုံသွားသော်လည်း ၎င်းတို့၏ သက်ဆိုင်ရာ ဂုဏ်သတ္တိများမှာ ကွဲပြားခြားနားနေသဖြင့် ပဋိပက္ခဖြစ်ရန်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။

သို့သော် ချင်ယွမ်ဖုန်း၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားအောက်တွင် ထိုအဆီအနှစ်များမှာ မတတ်သာဘဲ အတူတကွ ပေါင်းစပ်သွားရလေသည်။

ချင်ယွမ်ဖုန်းသည် ဆေးလုံးများ ပေါင်းစပ်ခြင်း၏ အရေးကြီးဆုံး အချိန်သို့ ရောက်ရှိနေစဉ်မှာပင် အေးစက်ပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ အားအင်တစ်ခုက ရုတ်တရက် ရိုက်ခတ်လာကာ မြေပြင်မှတစ်ဆင့် ချင်ယွမ်ဖုန်း၏ ဆေးမီးဖိုအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

ဆေးမီးဖိုအတွင်း၌ ချင်ယွမ်ဖုန်း၏ သားရဲမီးလျှံ၊ ဝိညာဉ်စွမ်းအားနှင့် ကိုယ်တွင်းစွမ်းအင်တို့ ရှိနေသည်။

မူလက ဤသုံးခုမှာ ဟန်ချက်ညီနေသော်လည်း ဤကျူးကျော်လာသော အားအင်ကြောင့် ချင်ယွမ်ဖုန်း၏ ဆေးမီးဖိုအတွင်းရှိ စွမ်းအင်များမှာ တခဏချင်းအတွင်း ဟန်ချက်ပျက်သွားရလေသည်။

ထိုခဏ၌ နဂါးဖမ်းဆေးမီးဖိုမှာ ပြင်းထန်စွာ တုန်ခါလာပြီး အပေါ်သို့ လွင့်စင်တက်တော့မည့်ဟန် ရှိနေသည်။ ယင်းမှာ ပေါက်ကွဲတော့မည့် နိမိတ်ပင် ဖြစ်တော့သည်။

ကောင်း၏ မျက်နှာပေါ်တွင် မသိမသာ ပြုံးယောင်သန်းသွားလေသည်။

ပွဲကြည့်စင်နှင့် အဓိကစင်မြင့်ပေါ်ရှိ လူများမှာ အဝေးတွင် ရှိနေကြသဖြင့် ဤနေရာမှ အခြေအနေကို သတိမပြုမိကြဘဲ ချင်ယွမ်ဖုန်း ဆေးဖော်စပ်ရာတွင် ကြုံတွေ့ရသည့် မတော်တဆမှုတစ်ခုဟုသာ ထင်မှတ်နေကြသည်။

သို့သော် သူတို့အားလုံးမှာ ချင်ယွမ်ဖုန်းအတွက် စိုးရိမ်တကြီးဖြင့် အသက်ရှူအောင့်ကာ ကြည့်နေကြရသည်။

ဆေးဖော်စပ်ခြင်းမှာ အနှောင့်အယှက်များ မရှိစေရန် အများအားဖြင့် ဆိတ်ငြိမ်သော နေရာကို ရှာဖွေရလေ့ရှိသည်။ အနှောင့်အယှက်ဖြစ်ပါက ဆေးဖော်စပ်သူကိုပင် ထိခိုက်စေနိုင်ပေသည်။

ချင်ယွမ်ဖုန်းသည် ကောင်းကို တစ်ချက် ကြည့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

ဤကောင်းမှာ ဤကဲ့သို့ ယုတ်ညံ့သော နည်းလမ်းကို အသုံးပြုနေခြင်းမှာ အမှန်တကယ်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည်။

သို့သော် အကယ်၍ ဆေးမီးဖို ပေါက်ကွဲသွားပါက ချင်ယွမ်ဖုန်းအနေဖြင့် နောက်ထပ် ဆေးလုံးတစ်သုတ်ကို ထပ်မံဖော်စပ်လျှင်ပင် အချိန်မီတော့မည် မဟုတ်ပေ။

ထို့ကြောင့် ချင်ယွမ်ဖုန်းမှာ သွားကို ကြိတ်ကာ သူ၏ ဝိညာဉ်စွမ်းအားကို အစွမ်းကုန် အသုံးပြုလျက် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော စွမ်းအင်များကို နှိမ်နင်းပြီး ဆေးဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်နေတော့သည်။

သို့သော် ကောင်းသည် ချင်ယွမ်ဖုန်းကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။ ချင်ယွမ်ဖုန်းက ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော စွမ်းအင်များကို နှိမ်နင်းလိုက်သည်နှင့် အခြားသော အေးစက်သည့် အားအင်တစ်ခုမှာ မြေပြင်မှ ထပ်မံ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏

ဆေးမီးဖိုအတွင်းသို့ တိုးဝင်သွားပြန်သည်။

ဤအားအင်မှာ အလွန်ပင် လျှို့ဝှက်လွန်းလှသဖြင့် အနီးကပ် စောင့်ကြည့်နေသော စာမေးပွဲကြီးကြပ်သူများပင် သတိမပြုမိကြချေ။

စွမ်းအင်အားလုံးမှာ ထပ်မံ၍ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး ချင်ယွမ်ဖုန်းကိုပင် ပြန်လည် ထိခိုက်စေသဖြင့် သူသည် လတ်ဆတ်သော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရတော့သည်။

“ဘုန်း”

ချင်ယွမ်ဖုန်းပင်လျှင် အခြေအနေကို ပြောင်းပြန်လှန်ရန် မတတ်နိုင်တော့ပေ။ ထိုခဏ၌ ဆေးမီးဖိုအတွင်းမှ ပြင်းထန်သော အသံတစ်သံ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားတော့သည်။

လူတိုင်းမှာ အလွန်ပင် နှမြောတသ ဖြစ်သွားကြပြီး ချင်ယွမ်ဖုန်းသည် သူတို့၏ သက်ပြင်းချသံများကိုပင် ကြားနေရသည်။

“နှမြောစရာပဲ၊ ချင်ယွမ်ဖုန်းရဲ့ ဆေးမီးဖို ပေါက်ကွဲသွားပြီ၊ ပြိုင်ပွဲက ထွက်ရတော့မယ်” ဟု အခမ်းအနားမှူးက ထိုခဏ၌ မတတ်သာသည့် လေသံဖြင့် ကြေညာလိုက်လေသည်။

သို့သော် ထိုအချိန်မှာပင် ချင်ယွမ်ဖုန်းက သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး မတ်တတ်ရပ်ကာ “ခဏနေပါဦး၊ မပြီးသေးပါဘူး” ဟု ဆိုလိုက်သည်။

“မပြီးသေးဘူး ဟုတ်လား၊ မင်းရဲ့ ဆေးမီးဖို ပေါက်ကွဲသွားပြီလေ၊ နောက်တစ်သုတ် ထပ်ဖော်ဦးမလို့လား” ဟု ကောင်းက ရိုင်းစိုင်းစွာ လှောင်ပြောင်လိုက်သည်။

“ဒါပေါ့၊ မဟုတ်ပါဘူး”

ချင်ယွမ်ဖုန်းသည် ကောင်းကို ကြည့်ကာ ပြုံးလိုက်လေသည်။

ကောင်းသည် မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ ရင်ထဲတွင် တုန်လှုပ်သွားကာ မကောင်းသည့် အရာတစ်ခုခု ဖြစ်တော့မည့်အလား ခံစားလိုက်ရသည်။

ချင်ယွမ်ဖုန်း၏ ရှေ့မှ ဆေးမီးဖိုမှာ ပေါက်ကွဲသွားသော်လည်း မီးခိုးများ ထွက်ပေါ်လာခြင်း မရှိပေ။

ဆေးမီးဖို ပေါက်ကွဲခြင်းမှာ အဆီအနှစ်အားလုံး လေလွင့်သွားပြီး မီးလျှံများ၏ လောင်မြိုက်ခြင်းကို ခံရကာ မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်း၏ ဆေးမီးဖိုတွင်မူ မီးခိုးများ မရှိချေ။

ထို့နောက် ဆေးမီးဖိုအတွင်းမှ တောက်ပနေသော လက်ဖဝါးကြီး နှစ်ဖက်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုလက်ဖဝါးကြီးများ၏ အလယ်တွင် စုစည်းနေသော အဆီအနှစ်လုံး ရှိနေသည်။

“ချင်ယွမ်ဖုန်း၊ မင်းရဲ့ ဝိညာဉ်စွမ်းအားအပေါ် ထိန်းချုပ်မှုက အရမ်း အားကောင်းတယ် ဆိုပေမဲ့ ဆေးဖော်စပ်လို့ ရပါ့မလား” ဟု အစီအစဉ် တင်ဆက်သူက ထပ်မံ ပြောကြားလိုက်သည်။

“ဒါပေါ့၊ ဖော်စပ်လို့ ရတာပေါ့”

ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီး ဝိညာဉ်စွမ်းအား လက်ဖဝါးကြီး နှစ်ဖက်ဆီသို့ သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ကာ လက်သီးကို ဖြည်းညင်းစွာ ဆုပ်လိုက်ပြီး “လောကကို သန့်စင်ခြင်း” ဟု ဆိုလိုက်လေသည်။

လက်ဖဝါးကြီးများ အတွင်းမှ မီးလျှံတစ်ခု ထွက်ပေါ်လာပြီး ဆေးလုံးကို ဆက်လက် ကင်လိုက်ရာ အတင်းအကြပ် ပေါင်းစပ်ခြင်းမှာလည်း ဆက်လက် ဖြစ်ပေါ်နေတော့သည်။

ဤလုပ်ဆောင်ချက်က တစ်ကွင်းလုံးကို တိတ်ဆိတ်သွားစေသည်။

သူတို့သည် ဆေးမီးဖို မလိုအပ်ဘဲ ဝိညာဉ်စွမ်းအားဖြင့်သာ ဆေးဖော်စပ်နိုင်သည့် ဤကဲ့သို့သော ဆေးဖော်စပ်နည်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြချေ။

ယင်းမှာ ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များအတွက်သာမက အဓိကစင်မြင့်ပေါ်ရှိ အကြီးအကဲများအတွက်လည်း ကြီးမားသော တုန်လှုပ်မှု ဖြစ်စေခဲ့သည်။

သူတို့သည် မတ်တတ်ရပ်ကာ အဓိကစင်မြင့်၏ အစွန်းသို့ ပြေးထွက်လာကြပြီး ချင်ယွမ်ဖုန်း၏ ဆေးဖော်စပ်မှုကို ဂရုတစိုက် စောင့်ကြည့်နေကြတော့သည်။

မုန့်ချီလော့က ပြုံးလိုက်မိသည်။ ဤချင်ယွမ်ဖုန်းမှာ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ဟန် ရှိပေရာသည်။

တိတ်ဆိတ်သွားပြီးနောက် ပရိသတ်များထံမှ အားပေးသံများ ဟိန်းထွက်လာပြီး သူတို့အားလုံးမှာ အံ့ဖွယ်အမှုကို ဖန်တီးခဲ့သည့် ချင်ယွမ်ဖုန်းကို အားပေးနေကြတော့သည်။

“တော်သေးတာပေါ့၊ ဒီကောင်လေးက ငါ့ကို ဒေဝါလီခံခိုင်းတော့မလို့” ဟု ချိုးချန်ချီက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ဆိုလိုက်သည်။ သူမမှာ ခုနက အသက်ရှူပင် ရပ်တော့မည့်အလား ခံစားခဲ့ရခြင်း ဖြစ်သည်။

ကောင်း၏ သွားများမှာ ကြိတ်လွန်းသဖြင့် ကျိုးလုနီးပါး ဖြစ်နေသော်လည်း ဤအခြေအနေသို့ ရောက်လာပြီ ဖြစ်ရာ သူလည်း ဘာမျှ မတတ်နိုင်တော့ပေ။

နောက်ဆုံးတွင် မည်သူ၏ ဆေးလုံးက အရည်အသွေး ပိုမြင့်မားမည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်းတွင်မူ ကောင်းကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။ ဆေးလုံးမှာ သူ၏ ဝိညာဉ်စွမ်းအား လက်ဖဝါးကြီးများအတွင်း ဖြည်းညင်းစွာ ပုံဖော်လာပြီး ပေါင်းစပ်မှုမှာလည်း အောင်မြင်သွားခဲ့သည်။

သို့သော် ချင်ယွမ်ဖုန်းမှာ ဆေးမီးဖိုအတွင်း၌ ဝိညာဉ်စွမ်းအား အပိုင်းအစတစ်ခုကို လျှို့ဝှက်စွာ ချန်ထားခဲ့လေသည်။

ထိုဝိညာဉ်စွမ်းအား အပိုင်းအစမှာ ကျောက်စင်မြင့်မှတစ်ဆင့် မြေပြင်သို့ တိတ်တဆိတ် ဆင်းသက်သွားပြီး လူတိုင်း၏ အာရုံစိုက်မှုမှာ အပေါ်ရှိ ဝိညာဉ်စွမ်းအား လက်ဖဝါးကြီးများဆီသို့ ရောက်ရှိနေစဉ်မှာပင် ကောင်း၏ ထံသို့ ရုတ်တရက် တိုးဝင်သွားတော့သတည်း။

All Chapters