← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 23 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 23 Ch. 441-442

အခန်း(၄၄၁)

တစ်ပါးကျွန်းသား မိစ္ဆာခေါင်းဆောင်တစ်ဦး၏ အသံကြောင့် ကောင်းသည် တစ်ကိုယ်လုံး တုန်ရီသွားရချေသည်။

ယင်းမိစ္ဆာလက်နက်ကိုသာ သူ မရရှိပါက၊ ဤနေရာမှ လွတ်မြောက်သွားလျှင်ပင် ထိုမိစ္ဆာခေါင်းဆောင် နှစ်ဦး၏ လက်ချက်ဖြင့် သေရမည်မှာ ဧကန်မလွဲပေ။

“ငါ့အတွက် အကုန်လုံး တိုက်စစ်ဆင်ကြစမ်း။ ဒီနေ့သာ မိစ္ဆာလက်နက်ကို မရရင် အားလုံး သေရလိမ့်မယ်” ဟု ကောင်းကင်ယံသို့ မော့ကာ ကောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

တစ်ပါးကျွန်းသား မိစ္ဆာအားလုံးသည် ယခုအခါ နောက်ဆုတ်ရန် လမ်းမရှိတော့ဘဲ အသက်နှင့်လဲ၍ တိုက်ပွဲဝင်နေကြရချေပြီ။

ရှေ့မှောက်ရှိ ဆေးဖော်စပ်သူများအသင်းမှ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများကို မဖြိုခွင်းနိုင်လျှင်ပင် မိမိတို့အသက်ကို ပူဇော်၍ လမ်းတစ်ခု ဖွင့်လှစ်ရမည် ဖြစ်သည်။

သို့သော်လည်း ၎င်းတို့အား သေမင်းတမန် လမ်းသို့ တွန်းပို့နေသော ကောင်းသည်မူကား လှည့်၍ ထွက်ပြေးသွားလေတော့သည်။

လင်းထျန်းသည် ရှုပ်ထွေးပွေလီလှသော အခြေအနေအတွင်း တစ်ပါးကျွန်းသား မိစ္ဆာများ ရတနာတိုက်တော်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်မသွားနိုင်စေရန် အကြီးအကဲများနှင့်အတူ ရတနာတိုက်တော်၏ အဝင်ဝတွင် စောင့်ကြပ်ရပ်တည်နေခဲ့သည်။

သို့သော်လည်း ယခုအခါ ကောင်းက လှည့်၍ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ၎င်းတို့အားလုံး အလွန်တရာ အံ့အားသင့်သွားကြရသည်။ တစ်ပါးကျွန်းသား မိစ္ဆာတိုင်းသည် အသက်စွန့်ရန် အသင့်ရှိနေကြသည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။

“ကောင်း... မင်း ငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ” ဟူသော မိစ္ဆာခေါင်းဆောင်တစ်ဦး၏ အသံသည် ဟင်းလင်းပြင်အာကာသထဲမှ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံ အမြင့်ပိုင်း၌ လူရိပ်တစ်ရိပ် ရုတ်ခြည်း ထင်ဟပ်လာချေသည်။

ကောင်းက ထိုမိစ္ဆာခေါင်းဆောင်ကို ပြန်လှည့်ကြည့်ကာ “မင်းတို့နဲ့အတူ ငါ အသေမခံနိုင်ဘူး” ဟု ဟစ်အော်လိုက်သည်။

ထိုခဏ၌ပင် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ ဖုန်းသည်လည်း ဟင်းလင်းပြင်ထဲမှ အရှိန်အဟုန်ဖြင့် ပြေးထွက်လာပြီး သူ၏ ကြီးမားလှသော ခြေဖဝါးဖြင့် ထိုတစ်ပါးကျွန်းသား မိစ္ဆာခေါင်းဆောင်၏ မျက်နှာကို ပြင်းထန်စွာ ဆောင့်ကန်လိုက်ရာ ၎င်းသည် ဟင်းလင်းပြင်ထဲသို့ ပြန်လည် လွင့်စင်သွားရတော့သည်။

မိစ္ဆာခေါင်းဆောင် နှစ်ဦးစလုံးသည် အသည်းအသန် တိုက်ပွဲဝင်နေကြရချေပြီ။ ဤသည်မှာ ၎င်းတို့မလာမီကပင် ခန့်မှန်းထားခဲ့သော အခြေအနေ ဖြစ်သော်လည်း ဆေးဖော်စပ်သူများအသင်း၏ ကြိုတင်ပြင်ဆင်မှုများနှင့် ကောင်း၏ သစ္စာဖောက်မှုမှာမူ ၎င်းတို့ တွေးဆမထားမိခဲ့သော အချက်များ ဖြစ်ပေသည်။

နောက်မှ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်နေကြသော ဆေးဖော်စပ်သူများအသင်းမှ ဆေးဖော်စပ်သူများသည် အလွန် အစွမ်းထက်ကြသော်လည်း၊ ကောင်းသည် ဝေဟင်သို့ ခုန်ပျံတက်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို လှိုင်းတံပိုးကြီးတမျှ အရှေ့သို့ ပြင်းထန်စွာ ဆော်နှိုးလိုက်ချေသည်။

လမ်းပိတ်ထားသော ဆေးဖော်စပ်သူများသည် လမ်းဖယ်ပေးရုံမှတစ်ပါး အခြားမရှိသဖြင့် ကောင်းသည် တစ်ခဏချင်းအတွင်း လွတ်မြောက်သွားရတော့သည်။

“သူ့ကို အလွတ်မပေးကြနဲ့” ဟု ထိုခဏတွင် လင်းထျန်းက ဟိန်းဟောက်လိုက်လေသည်။

“ကျွန်မတို့ဆီသာ လွှဲထားလိုက်ပါ”

မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို ဆွဲခေါ်လျက် ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီးနောက် ကောင်း၏ နောက်သို့ အလျင်အမြန်ပင် လိုက်လံဖမ်းဆီးတော့သည်။

ကျန်ရှိနေသော တစ်ပါးကျွန်းသား မိစ္ဆာအနည်းငယ်သည် အသက်ကုန် ရုန်းကန်တိုက်ခိုက်ကြသော်လည်း ဆေးဖော်စပ်သူ အများအပြား၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသဖြင့် တစ်ဦးမျှ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

“၎င်းတို့ကို အသက်ရှင်လျက် ဖမ်းဆီးထားဖို့ သတိရကြပါ။ သူတို့ ဘယ်ကလာလဲ၊ အင်အား ဘယ်လောက်ရှိသလဲဆိုတာ သေချာ မေးမြန်းရမယ်” ဟု လင်းထျန်းက အေးစက်စွာ ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်းသည် မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုလျက် မုန့်ချီလော့နှင့်အတူ ဝေဟင်ထက်၌ ကောင်း၏ နောက်သို့ ကပ်လိုက်သွားကြချေသည်။

သနားစရာကောင်းလှသော ကောင်းသည် တစ်ခဏမျှသာ ဝင့်ဝါခွင့်ရလိုက်ပြီး ယခုမူ ကစဉ့်ကလျား ဖြစ်ကာ အသည်းအသန် ထွက်ပြေးနေရရှာသည်။

၎င်း၏ နောက်ကွယ်ရှိ ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကြောင့် သူသည် ဖျက်ဆီးရေးဘုရင်တစ်ပါးကဲ့သို့ ထင်မှတ်ရပြီး ရှန့်ရန်ကျွန်း၏ ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်းသွားရာ လူအများအပြား၏ အကြည့်များကို ဆွဲဆောင်နေတော့သည်။

“ကောင်း... မပြေးပါနဲ့တော့၊ လက်နက်ချလိုက်စမ်း။ မင်း ဘယ်လိုမှ မလွတ်နိုင်တော့ဘူး” ဟု ချင်ယွမ်ဖုန်းက နောက်မှနေ၍ အေးစက်စွာ အော်ဟစ်လိုက်သည်။

ကောင်းက ချင်ယွမ်ဖုန်းကို အဆိပ်အတောက် ပြည့်နှက်နေသော မျက်လုံးများဖြင့် ပြန်လည်ကြည့်ရှုလျက် “ချင်ယွမ်ဖုန်း... မင်းကို သင်္ဘောပေါ်မှာ မြင်ကတည်းက ငါ သတိထားခဲ့တာ။ ဒါပေမဲ့ ငါ့ရဲ့ အကြံအစည်ကောင်းတွေကို ဖျက်ဆီးမယ့်သူက မင်း တကယ် ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး” ဟု ကန်ကျောက်ပြောဆိုလိုက်သည်။

“မင်းလုပ်နေတာ အကြံအစည်ကောင်း မဟုတ်ဘူး။ မင်းသာ အဲဒီမိစ္ဆာလက်နက်ကို ရသွားရင် ငါတို့အတွက် ဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့် မင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ကောင်းသည် နောင်တတရားများ ပြည့်နှက်နေချေပြီ။ ထိုသင်္ဘောကြီးပေါ်ကတည်းက ချင်ယွမ်ဖုန်းကို သတ်ပစ်ရန် နည်းလမ်း ရှာခဲ့သင့်ပေသည်။

သူ နောင်တရနေသော်လည်း လမ်းဟောင်းသို့ ပြန်လှည့်၍ မရနိုင်တော့ရာ၊ ယခုအချိန်တွင်မူ ကောင်းသည် မိမိရှိသမျှ စွမ်းအားဖြင့်သာ အသည်းအသန် ထွက်ပြေးနေရတော့သည်။

ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ ၎င်းတို့သည် အောက်ခြေတွင် လူသားအများအပြား ရှိနေသောကြောင့် ရှန့်ရန်ကျွန်းပေါ်၌ မတိုက်ခိုက်လိုကြပေ။

အကယ်၍ ၎င်းတို့၏ တိုက်ပွဲကြောင့် အခြားသူများ ထိခိုက်ဒဏ်ရာရသွားပါက မကောင်းလှပေ။

ထို့ကြောင့် ၎င်းတို့ သုံးဦးစလုံးသည် ရှန့်ရန်ကျွန်းနှင့် ဝေးကွာလှသော ပင်လယ်ပြင်ဆီသို့ ဦးတည်၍ ခရီးနှင်ခဲ့ကြချေသည်။

“မင်းတို့ ငါ့ကို အကျပ်ကိုင်လွန်းလှပြီ။ ဒါက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူးလား” ဟု ဆိုကာ ကောင်းက ဒေါသတကြီး ရပ်တန့်လိုက်ပြီး ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့ကို လှည့်၍ စိုက်ကြည့်လိုက်တော့သည်။

ဆေးဖော်စပ်သူများအသင်းမှ အခြားအဖွဲ့ဝင်များ လိုက်မလာသေးသည်ကို မြင်သောအခါ ကောင်းသည် မထွက်ခွာမီ ဤနှစ်ဦးကို ကောင်းကောင်း ကလဲ့စားချေနိုင်သေးသည်ဟု တွေးတောမိလိုက်ချေသည်။

“ကောင်း... ငါတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ။ ဒါဆိုရင် မင်းအတွက် ပြစ်ဒဏ် လျှော့ပေါ့ပေးနိုင်လိမ့်မယ်” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။

“ပေါက်ကရတွေ။ လူမိုက်ပဲ မင်းတို့နဲ့ ပြန်လိုက်မှာပေါ့။ မင်းတို့နှစ်ယောက်က ငါ့နောက်ကို လိုက်ရဲတယ်ပေါ့လေ။ ဒါဆိုရင် ငါ မထွက်ခွာခင် မင်းတို့ကို သတ်ပစ်ရတာပေါ့”

ကောင်း၏ လက်ထဲမှ သံစူးခက်ပုံစံ မှော်လက်နက်သည် အေးစက်သော အလင်းတန်းများ ဖြာထွက်နေပြီး ၎င်း၏ ကိုယ်ပေါ်မှ ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ပေါက်ကွဲထွက်လာချေသည်။

ချင်ယွမ်ဖုန်းသည် ယခင်က ဘိုးဘေးနယ်ပယ် ပထမအဆင့်ရှိသော တစ်ပါးကျွန်းသား မိစ္ဆာတစ်ဦးနှင့် တိုက်ခိုက်ဖူးသဖြင့် ၎င်းတို့သည် သာမန် ဘိုးဘေးနယ်ပယ် ပထမအဆင့် သိုင်းပညာရှင်များထက် များစွာ ပိုမို အစွမ်းထက်ကြောင်း ကောင်းစွာ သိရှိထားပေသည်။

“အားလုံး သေကြစမ်း”

ကောင်း၏ နောက်ကွယ်ရှိ ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် လှုပ်ရှားရုန်းကြွလာပြီး ယင်းထဲမှ ကြောက်မက်ဖွယ်ရာ ရက်စက်သော သတ္တဝါ ရာပေါင်းများစွာ ခုန်ထွက်လာကြချေသည်။

ထိုသားရဲအသစ်များသည် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် ဖွဲ့စည်းထားသဖြင့် တစ်ကိုယ်လုံး မည်းမှောင်နေပြီး ရုပ်ဆိုးလှသော ဆူးချွန်များ ဖုံးလွှမ်းလျက် ပရမ်းပတာ အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

ထို့နောက်တွင် ထိုရက်စက်သော သတ္တဝါ ရာပေါင်းများစွာသည် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ထံသို့ ရုတ်ချည်း ပြေးဝင်လာကြပြီး သွေးပျက်ဖွယ်ရာ ပါးစပ်ကြီးများကို ဖွင့်ကာ စူးရှသော ဟိန်းဟောက်သံများကို မြည်ဟီးကြတော့သည်။

ချင်ယွမ်ဖုန်း၏ လက်ထဲ၌ ရှောင်ထျန်းတုတ်ရှည်ကြီး ပေါ်လာပြီး မီးလျှံများနှင့် ရွှေရောင်မိုးကြိုးများ ဝန်းရံလျက် ရှိနေချေသည်။

“သတိထားပါ”

ချင်ယွမ်ဖုန်းက မုန့်ချီလော့ကို သတိပေးလိုက်ပြီးနောက် အထက်သို့ ပျံတက်ကာ ထိုသားရဲအုပ်ကြီးထဲသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

ရှောင်ထျန်းတုတ်ရှည်ကြီးကို ဝှေ့ယမ်းလိုက်ရာ အရပ်မျက်နှာအနှံ့သို့ မီးလျှံများ ပန်းထွက်သွားပြီး ရွှေရောင် လျှပ်စီးများ ပြန့်ကားသွားကာ ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုအောက်၌ ရက်စက်သော သတ္တဝါများသည် တစ်စစီ ဆုတ်ဖြဲခြင်းကို ခံလိုက်ရချေသည်။

မုန့်ချီလော့၏ ကိုယ်ပတ်လည်တွင်မူ နတ်မိမယ်တစ်ပါးကဲ့သို့ ဖြူစင်သော မြူနှင်းများ ဝန်းရံလာပြီး သူမ၏ ခါးတွင် ချိတ်ဆွဲထားသော ပျော့ပျောင်းသည့် ဓားမြှောင်ကို ရုတ်တရက် ဆွဲထုတ်လိုက်ရာ ၎င်း၏ ကိုယ်တွင်းစွမ်းအင်များသည် ဓားအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဓားအလင်းတန်း တစ်ခုချင်းစီသည် ထိုရက်စက်သော သတ္တဝါတစ်ကောင်ချင်းစီကို တိကျစွာ ထိုးဖောက်သွားချေသည်။

ထိုးဖောက်ခြင်း ခံရသော သားရဲများသည် စူးစူးဝါးဝါး အော်ဟစ်ကာ လေထုထဲ၌ ပျောက်ကွယ်သွားကြရသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် ဖွဲ့စည်းထားသော သားရဲများကို ခြေမှုန်းပစ်သော်လည်း၊ ကောင်း၏ နောက်ကွယ်မှ မိစ္ဆာအရှိန်အဝါများအတွင်းမှ သားရဲများသည် အဆုံးမရှိ ထွက်ပေါ်လာနေဆဲဖြစ်သည်ကို ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။

“ဒီသားရဲတွေက တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာပဲ” ဟု ချင်ယွမ်ဖုန်းက ရေရွတ်ရင်း သူ၏ ဓားရှည်ဖြင့် သားရဲတစ်ကောင်ကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ထိုခဏ၌ မုန့်ချီလော့သည် သူမ၏ ပတ်ပတ်လည်ရှိ ရက်စက်သော သတ္တဝါများကို ရှင်းလင်းလိုက်ပြီး ဓားရှည်ကို ရင်ဘတ်အုံတွင် အနေအထားပြင်ကာ လက်ညှိုးဖြင့် ဓားသွားကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။

“လွင့်မျောခြင်း ဓားသိုင်း”

မုန့်ချီလော့က စူးရှစွာ အော်ဟစ်လိုက်ပြီး ဓားရှည်ကို ကောင်းထံသို့ လှမ်း၍ ချိန်ရွယ်လိုက်ချေသည်။

ကြီးမားလှသော ဓားအလင်းတန်းကြီးသည် စည်းချက်ကျလှသော အလင်းဖြူကြီးကို ဆောင်ကြဉ်းလျက် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ကောင်း၏ ရှေ့မှောက်သို့ တစ်ခဏချင်းအတွင်း ဆိုက်ရောက်သွားတော့သည်။

ကောင်းသည် လန့်ဖျန့်သွားကာ ကိုယ်ကို ဘေးသို့ အလျင်အမြန် ရှောင်ရှားလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ သံစူးခက်ပုံစံ မှော်လက်နက်ဖြင့် ထိုဓားအလင်းတန်းကို ပြင်းထန်စွာ လွှဲခုတ်လိုက်ချေသည်။

သို့သော်လည်း ထိုဓားအလင်းတန်းသည် အလွန်တရာ အစွမ်းထက်လှသဖြင့် ကောင်းက အစွမ်းကုန် ရှောင်ကွင်းခဲ့သော်လည်း သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

သို့ရာတွင် ကောင်းကို အံ့အားသင့်စေသည်မှာ သူ၏ မှော်လက်နက်ဖြင့် ခုတ်ချလိုက်သောအခါ ၎င်းသည် ဓားအလင်းတန်းကို လေဟာနယ်ကို ဖြတ်သန်းသွားသကဲ့သို့ တိုက်ရိုက် ဖြတ်ကျော်သွားခြင်း ဖြစ်ပေသည်။

ထိုဓားအလင်းတန်းသည် အမှန်တကယ် တည်ရှိပြီး သူ့ကို ဒဏ်ရာရစေခဲ့သော်လည်း သူကမူ ယင်းကို ထိတွေ့၍ မရနိုင်ချေ။

ဓားအလင်းတန်းသည် ကောင်း၏ နောက်ကွယ်ရှိ ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများထဲသို့ ပြင်းထန်စွာ တိုးဝင်သွားပြီးနောက် မြည်ဟီးသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။

“ဘုန်း”

ချင်ယွမ်ဖုန်းသည် စူးရှတောက်ပသော အလင်းဖြူကြီး ပေါ်ထွက်လာသည်ကိုသာ မြင်လိုက်ရသဖြင့် မျက်လုံးများကို မမှိတ်ဘဲ မနေနိုင်တော့ပေ။

ဓားအလင်းတန်း ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်လှသော အဟုန်သည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို ရိုက်ခွဲပစ်လိုက်ရာ၊ ရက်စက်သော သတ္တဝါအားလုံးသည်လည်း လေထုထဲ၌ ကွယ်ပျောက်သွားကြရတော့သည်။

ကောင်း၏ ခန္ဓာကိုယ်သည် ထိုပေါက်ကွဲမှုကြောင့် မီတာ ရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားရချေသည်။

သူသည် ကိုယ်ကို မနည်း ပြန်လည် ထိန်းကျောင်းလိုက်ရသော်လည်း၊ ထိုခဏ၌ပင် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် ဘယ်နှင့်ညာ ညှပ်ပိတ်လျက် သူ့နောက်သို့ ကပ်လိုက်လာကြချေပြီ။

အခန်း(၄၄၂)

"မင်းတို့အားလုံး သေရမယ်.. မုချသေရမယ်။"

ကောင်း၏ မျက်ဝန်းအစုံသည် သွေးကဲ့သို့ ရဲရဲနီနေပြီး စိတ်ဖောက်ပြန်ရူးသွပ်နေသည့် အလား ရှိချေသည်။

သူသည် မိမိ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ တစ်ချက် ရိုက်လိုက်ရာ ပါးစပ်မှ သွေးတစ်ပေါက် ပန်းထွက်လာလေတော့သည်။

ကောင်း၏ နောက်ကျောဘက်တွင် မသီမတင် ပြန်လည် စုစည်းနေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် အစာကို မြင်လိုက်ရသည့် ဆာလောင်မွတ်သိပ်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ ရှေ့သို့ ဝုန်းခနဲ တိုးဝင်လာပြီး ထိုသွေးစက်များကို ဝါးမြိုလိုက်ကြလေသည်။

ထို့နောက်တွင်မူ ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့ လှိုင်းထလို့ လာသည့်အခါ ရံဖန်ရံခါ ဆိုသလိုပင် အနီရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာတတ်ပြီး ကြည့်ရသည်မှာ လွန်စွာ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှပေသည်။

"ကောင်းကင်ဘုံမိစ္ဆာ သွေးလက်ဝါး..."

ကောင်းသည် ဟိန်းဟောက်လိုက်ရာ အတိုင်းအဆမဲ့သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် ချက်ချင်းပင် ကြီးမားလှသော မည်းနက်သည့် လက်ဝါးကြီးတစ်ခုအဖြစ် စုစည်းသွားပြီး မုန့်ချီလော့နှင့် ချင်ယွမ်ဖုန်းတို့ ရှိရာသို့ အရှိန်အဟုန်ဖြင့် ဖိနှိပ် ချေမှုန်းလာလေတော့သည်။

ထိုလက်ဝါးကြီးမှာ တောင်ငယ်တစ်ခုပမာ ကြီးမားလှပြီး ၎င်း၏ အက်ကွဲကြောင်းများ ကြားတွင်မူ ထူးဆန်းသော အနီရောင် အလင်းတန်းများ လျှပ်ကူးနေဆဲ ဖြစ်ကာ အနှိုင်းမဲ့ ရှုပ်ထွေးတုန်လှုပ်ဖွယ်ရာ အရှိန်အဝါတို့နှင့်အတူ ကောင်းကင်ယံမှ လွှမ်းခြုံ သက်ဆင်းလာခဲ့သည်။

ကောင်းသည် တစ်ကိုယ်တော် ဖြစ်သော်လည်း မုန့်ချီလော့နှင့် ချင်ယွမ်ဖုန်း နှစ်ဦးလုံးကို ရင်ဆိုင်ရာတွင် အားနည်းချက် လုံးဝ မရှိချေ။

သူသည် တစ်ပါးကျွန်းသား မိစ္ဆာများထဲတွင်ပင် ပါရမီရှင်တစ်ဦးဟု အသိအမှတ်ပြု ခံရသူ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်ကာ ခေါင်းငြိမ့်လိုက်ကြပြီးနောက် ဘယ်နှင့် ညာသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ကြလေသည်။

ကြီးမားလှသော လက်ဝါးရိပ်ကြီးသည် ဝုန်းခနဲ ကျရောက်လာရာ ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့မှာ ယင်း၏ လွှမ်းမိုးမှု အဝန်းအဝိုင်းအတွင်းမှ

သီသီလေး လွတ်မြောက်သွားခဲ့ကြ၏။

သို့သော် ထိုအချိန်တွင်ပင် ထိုကြီးမားလှသော လက်ဝါးရိပ်ကြီးအတွင်းမှ အနီရောင် အလင်းတန်းနှစ်ခု ရုတ်ချည်း သန့်စင် ပေါ်ထွက်လာခဲ့သည်။

ထိုအနီရောင် အလင်းတန်းများသည် လျှပ်တစ်ပြက်အတွင်း လက်ကနဲ ဖြစ်သွားပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာတော့သည်။

သူ သတိမမူမိခင်မှာပင် ထိုအနီရောင် အလင်းတန်းများသည် သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားလေပြီ ဖြစ်သည်။

ဝုန်း...

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ပင်လယ်ပြင်ထဲသို့ လွင့်စင်ကျသွားပြီး ရေလှိုင်းလုံးကြီးများ ပေ ဒါဇင်ပေါင်းများစွာ မြင့်တက်ကာ လွင့်စင်သွားရသဖြင့် ထိုအနီရောင် အလင်းတန်း၏ ဖျက်ဆီးမှု စွမ်းအား မည်မျှ ကြီးမားကြောင်း သိသာလှပေသည်။

အခြားသော အနီရောင် အလင်းတန်းတစ်ခုမူ မုန့်ချီလော့ထံသို့ တိုးဝင်သွားသော်လည်း သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော မြူဖြူများနှင့် ထိတွေ့မိသည့်အခါတွင်မူ ဖြည်းညှင်းစွာပင် အရည်ပျော် သွားခဲ့ရလေသည်။

"ပြတ်စမ်း..."

မုန့်ချီလော့သည် ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး လက်ထဲရှိ ပျော့ပျောင်းသော ဓားမြှောင်ကို အပေါ်သို့ ပင့်ယမ်းကာ ခုတ်ပစ်လိုက်ရာ အရည်ပျော်လုနီးပါး ဖြစ်နေသော အနီရောင် အလင်းတန်းသည် နှစ်ပိုင်း ပြတ်သွားပြီး ဟင်းလင်းပြင်ထဲ၌ပင် ကွယ်ပျောက် သွားရရှာသည်။

သို့သော်လည်း ထိုခဏ၌ပင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့ဖြင့် စုစည်းထားသော လက်ဝါးကြီးသည် လမ်းကြောင်း ပြောင်းလဲသွားပြီး မုန့်ချီလော့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာပြန်သည်။

ယင်းထံမှ လှိမ့်တက်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် ဝဲလှည့်နေပြီး လက်ဝါးရိပ်ကြီးအတွင်းမှ ရေတွက်၍မရနိုင်သော ညည်းတွား ငိုကြွေးသံများပင် ပဲ့တင်ထပ် လာသကဲ့သို့ ရှိချေသည်။

မုန့်ချီလော့သည် လက်ထဲရှိ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကိုယ်တွင်းစွမ်းအင်များကို သူမ၏ လက်ဆီသို့ အဆက်မပြတ် စုစည်းနေစေသည်။

မြူဖြူများသည်လည်း ပိုမို သိပ်သည်းလာပြီး မုန့်ချီလော့၏ ခန္ဓာကိုယ်ကို လုံးဝ ကွယ်ဝှက်ပစ်တော့မည့် အလား ရှိနေတော့သည်။

ထိုသို့သော အချိန်၌ပင် သူမ၏ ခြေဖဝါးအောက်ရှိ ပင်လယ်ရေပြင်သည် ရုတ်ချည်းဆိုသလို သိပ်သည်းလှသော ရေပူဖောင်းများ တစီစီ ထွက်ပေါ်လာပြီး ရေငွေ့ အမြောက်အမြား အပေါ်သို့ လွင့်ပျံလာခဲ့၏။

နောက်တစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ပင်လယ်ရေအောက်မှ ရုန်းကန် ထွက်မြောက်လာပြီး လက်မောင်းများ ကြားတွင် ရှည်လျားသော အရာတစ်ခုကို ပွေ့ပိုက်ထားလေသည်။

ထိုအရာသည် ဆန်းပြားသော အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသော်လည်း ထိုအစိမ်းရောင်များ ကြားတွင်မူ အပြာရောင် မီးလျှံများနှင့် ရွှေရောင် လျှပ်စီးကြောင်းများကို မြင်တွေ့နိုင်ပေသည်။

ယင်းကား ချင်ယွမ်ဖုန်း၏ မိုးကြိုးမီးလျှံ ဗုံးသီးပင် ဖြစ်တော့သည်။

"ဒီတစ်ကွက်ကို မြည်းစမ်းကြည့်စမ်း..."

ချင်ယွမ်ဖုန်းသည် ပွေ့ပိုက်ထားရာမှ လွှတ်လိုက်ရာ သူ၏ လက်မောင်းများ ကြားမှ မိုးကြိုးမီးလျှံ ဗုံးသီးသည် အပေါ်သို့ ရုတ်ချည်း ပစ်လွှတ်သွားပြီး ဟိန်းဟောက်သံကြီး တစ်ခုကို မြည်ဟီးစေခဲ့သည်။

မုန့်ချီလော့သည်လည်း ချင်ယွမ်ဖုန်းနှင့်အတူ ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ရ၏။ သို့သော် ထိုအချိန်တွင် မုန့်ချီလော့သည် ချင်ယွမ်ဖုန်း၏ ရင်ဘတ်ပေါ်ရှိ အဝတ်အစားများ စုတ်ပြဲသွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေကာ သူ၏ ရင်ဘတ်တစ်ခုလုံး သွေးချင်းချင်းနီလျက် အသားစများ စုတ်ပြဲနေသည်ကို သတိပြုမိလိုက်သည်။

ဤဒဏ်ရာကား ထိုအနီရောင် အလင်းတန်း၏ ရိုက်ခတ်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာ ဖြစ်သည်မှာ အမှန်ပင်။

ဒိုင်း...

မိုးကြိုးမီးလျှံ ဗုံးသီးနှင့် စိတ်အာဃာတမိစ္ဆာ လက်ဝါးရိပ်ကြီးတို့သည် ပြင်းထန်စွာ ပွတ်တိုက် မိကြပြီး ကောင်းကင်နှင့် မြေကမ္ဘာကို တုန်ဟည်းသွားစေသော ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ချက်ချင်းပင် ဖြစ်ပွားသွားတော့သည်။

ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် ပြိုလဲ ပျက်စီးသွားတော့မည့် အလား လွန်စွာ ကွေးကောက် ပုံပျက်သွားခဲ့ရ၏။

ထိုအချိန်တွင် ရှန့်ရန်ကျွန်းပေါ်ရှိ လူသားများသည် ပင်လယ်ပြင်မှ မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခု တက်လာသည်ကို မြင်တွေ့လိုက်ရပြီးနောက် နားကွဲလုမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရလေသည်။

အရှိန်အဟုန်ကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှု လှိုင်းလုံးများသည် စက်ဝိုင်းပုံသဏ္ဌာန် အပြင်ဘက်သို့ ပြန့်ကားသွားခဲ့သည်။

ပင်လယ်ရေပြင်သည်လည်း ကြီးမားလှသော ကုန်းတွင်းပိုင်း ချိုင့်ဝှမ်းကြီးတစ်ခုပမာ ဖြစ်သွားပြီး အချိန်အတော်ကြာအောင် ပြန်လည် စုစည်းနိုင်ခြင်း မရှိခဲ့ချေ။

ထိုမှတစ်ဆင့် ဖြစ်ပေါ်လာသော ရေလှိုင်းကြီးများသည် ပေ ဒါဇင်ပေါင်းများစွာ မြင့်တက်လာပြီး ရှန့်ရန်ကျွန်းပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ် လာခဲ့လေတော့သည်။

ထိုမိုးကြိုးမီးလျှံ ဗုံးသီးသည် ချင်ယွမ်ဖုန်း ကိုယ်တိုင် ဖန်တီးထားသော သိုင်းပညာရပ် တစ်ခု ဖြစ်ပြီး ၎င်း၏ စွမ်းအားကိုမူ အသုံးပြုသည့် ကိုယ်တွင်းစွမ်းအင် ပမာဏအပေါ် မူတည်၍ ထိန်းချုပ်နိုင်ပေသည်။

ယခုအကြိမ်တွင် ချင်ယွမ်ဖုန်းသည် မိမိခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင် သုံးပုံနှစ်ပုံကို အသုံးပြုထားသဖြင့် မိုးကြိုးမီးလျှံ ဗုံးသီး၏ စွမ်းအားမှာ ဘိုးဘေးနယ်ပယ် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

စိတ်အာဃာတမိစ္ဆာ လက်ဝါးရိပ်ကြီးသည် တစစီ ကြေမွ ပျက်စီးသွားခဲ့ရပြီး လွင့်စင်သွားသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည်လည်း ပြန်လည် စုစည်းနိုင်ခြင်း မရှိတော့ချေ။

ကောင်း၏ မျက်နှာသည် လူသေကဲ့သို့ ဖြူလျော်သွားခဲ့ရသည်။

"မဖြစ်နိုင်တာ... မင်းက နဝမအဆင့် မဟာဆရာနယ်ပယ်ပဲ ရှိသေးတာကို ဒီလောက် ပြင်းထန်တဲ့ သိုင်းပညာရပ်ကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်ရတာလဲ။"

ကောင်းသည် ဖြူလျော်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာဖြင့် ချင်ယွမ်ဖုန်းကို ကြည့်ကာ အော်ဟစ်လိုက်လေသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "မင်း ပြေးလို့ မလွတ်တော့ပါဘူး... ငါတို့နဲ့အတူ ငြိမ်ငြိမ်လေး ပြန်လိုက်ခဲ့ပါ၊ ဒါမှ ငါတို့လည်း အလုပ်မရှုပ်မှာ။"

"မလိုက်နိုင်ဘူး... ငါ မင်းကို တစစီ ဆုတ်ဖြဲပစ်မယ်။"

ကောင်းသည် ကောင်းကင်ယံသို့ မော့ကာ အော်ဟစ် မြည်တမ်းလိုက်ရာ သူ၏ သုံးခွလှံထံမှ ဆန်းကြယ်သော လှိုင်းတွန့်များ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။

နောက်တစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့၏ ထိတ်လန့် ခြောက်ခြားဖွယ်ရာ မျက်ဝန်းများ အောက်တွင်ပင် ကောင်း၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် စတင် ပြောင်းလဲလာတော့သည်။

သူ၏ ဦးခေါင်းပေါ်ရှိ ကျိုးပဲ့နေသော ဦးချိုနှစ်ခုသည် ဖြည်းညှင်းစွာ ပြန်လည် ရှင်သန် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲ၌ပင် ဝပ်စင်းသွားကာ ခန္ဓာကိုယ် အရေပြား ပေါ်မှနေ၍ အရိုးစူးများ စူးထွက်လာခဲ့၏။

ကောင်းသည် အမှန်တကယ်ပင် ယခင်က စိတ်အာဃာတမိစ္ဆာ အရှိန်အဝါဖြင့် စုစည်းထားသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ထူးခြားချက်တစ်ခုမှာ သူ၌ ထိုရက်စက်ကြမ်းကြုတ်သော သားရဲကြီးများထက် ရှည်လျားသော ဦးချိုနှစ်ခု ပိုမို ပါရှိနေခြင်းပင် ဖြစ်သည်။

ကောင်း၏ မျက်နှာသည် နောက်ဆုံးတွင် မိစ္ဆာကောင်ကြီး၏ မျက်နှာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားပြီး ၎င်း၏ မျက်ဝန်းအစုံတွင်မူ ရက်စက်ခြင်း၊ ကြမ်းကြုတ်ခြင်းနှင့် ချင်ယွမ်ဖုန်းအပေါ် ထားရှိသော နာကျည်းမုန်းတီးခြင်းတို့ဖြင့် ပြည့်နှက်နေတော့သည်။

"ဝူး..."

ကောင်းသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ အသံမှာ အောရှသံကြီး ဖြစ်နေပြီး နက်ရှိုင်းလှပေသည်။

"စကားတောင် မပြောနိုင်တော့ဘူးလား... တကယ့်ကို တိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တာပဲ။" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။

ထိုသို့သော အချိန်၌ပင် ကောင်းသည် ရုတ်ချည်း ရှေ့သို့ တိုးဝင်လာရာ သူ၏ အရှိန်မှာ ယခင်ကထက် ဆထက်ထမ်းပိုး လျင်မြန်လှပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး လေးလံသော တူကြီးတစ်စင်းပမာ ကြီးမားလှသော စွမ်းအားတို့သည် ချင်ယွမ်ဖုန်း၏ ရင်ဘတ်ဆီသို့ သက်ဆင်းသွားတော့သည်။

"အဟွတ်..."

ချင်ယွမ်ဖုန်းသည် သွေးအပြည့် တစ်ချက် အန်ထုတ်လိုက်ရပြီး သူ၏ ရင်ဘတ်ရှိ ဒဏ်ရာဟောင်းပေါ်တွင် ဒဏ်ရာသစ်များ ထပ်မံ ထပ်ဆင့်သွားကာ ခန္ဓာကိုယ်သည် ပင်လယ်ပြင်ထဲသို့ နောက်တစ်ကြိမ် ပြင်းထန်စွာ ကျရောက်သွားရပြန်သည်။

ထိုအချိန်တွင် မုန့်ချီလော့သည် ရုတ်ချည်းပင် ပင်လယ်ရေထဲသို့ ငုပ်ဆင်းသွားပြီး ချင်ယွမ်ဖုန်းကို ရေထဲမှ ဆွဲတင်လိုက်ရာ ချင်ယွမ်ဖုန်း၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကြောင့် ဖြူဖွေးလှသော အရိုးများကိုပင် မြင်တွေ့နေရတော့သည်။

"အဟွတ်... အဟွတ်... ငါ့ကို ဂရုမစိုက်ပါနဲ့... ဒီကောင်းကို အသက်ရှင်လျက် လွှတ်ထားလို့ မဖြစ်ဘူး။" ချင်ယွမ်ဖုန်းသည် နှစ်ချက်မျှ ချောင်းဆိုးလိုက်ပြီး လျင်မြန်စွာပင် ပြောဆိုလိုက်၏။

သို့သော် သူ ခေါင်းလှည့် ကြည့်လိုက်သည့် အခါတွင်မူ ချက်ချင်းပင် ဆွံ့အ သွားခဲ့ရချေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ မုန့်ချီလော့ အများအပြားသည် ကောင်း ပြောင်းလဲသွားသော မိစ္ဆာကောင်ကြီးကို ဝိုင်းရံကာ တိုက်ခိုက်နေကြသောကြောင့် ဖြစ်ပေသည်။

"ဒါ... ဒါက ပုံတူပွား တိုက်ခိုက်တဲ့ ပညာရပ်လား။" ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံသည် ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရသည်။

"မဟုတ်ပါဘူး။" မုန့်ချီလော့က ပြုံး၍ ပြောဆိုရင်း သူမ၏ လက်ကို မြှောက်ပြလိုက်သည်။ ထိုအချိန်တွင် သူမ၏ လက်ကောက်ပေါ်ရှိ ခရမ်းရောင် ကျောက်မျက်ရတနာများ အားလုံး ကွယ်ပျောက်နေပြီ ဖြစ်၏။

"ဒါက ထိုရတနာပစ္စည်းရဲ့ စွမ်းရည်လား။" ချင်ယွမ်ဖုန်းက မရေမရာဖြင့် မေးမြန်းလိုက်သည်။

မုန့်ချီလော့က ခေါင်းငြိမ့်ပြကာ "ဟုတ်တယ်... ဒီရတနာပစ္စည်းမှာ ခရမ်းရောင် ကျောက်မျက် ကိုးလုံး ပါရှိပြီး အဲဒါက ငါ့ကို အချိန်တိုအတွင်းမှာ ပုံတူပွား ကိုးခု ရရှိစေတာပါ... သူတို့ရဲ့ စွမ်းအားက ငါ့ရဲ့ ပင်မ ခန္ဓာကိုယ်နဲ့ ထပ်တူထပ်မျှ တူညီပေမယ့် သုံးရက်မှာ တစ်ကြိမ်ပဲ အသုံးပြုလို့ ရပါတယ်။"

ဒါကတော့ နည်းနည်း လွန်လွန်းလှချေကော" ချင်ယွမ်ဖုန်းက မပြောဘဲ မနေနိုင်တော့ချေ။ မိမိ ရရှိခဲ့သော ပုတီးစေ့ကို တွေးတောမိရင်း ချင်ယွမ်ဖုန်းသည် လွန်စွာ နှမြောတသ ဖြစ်မိတော့သည်။

ကောင်းသည် မိစ္ဆာကောင်ကြီးအဖြစ် ပြောင်းလဲသွားပြီးနောက် သူ၏ အသိဉာဏ်များ ပျောက်ဆုံးကာ တိုက်ခိုက်မှု စွမ်းအားများ လွန်စွာ မြင့်တက်လာခဲ့သော်လည်း မုန့်ချီလော့ ရှစ်ဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါတွင်မူ အနည်းငယ် ရုန်းကန်နေရဆဲ ဖြစ်ပုံရပေသည်။

သို့သော်လည်း ကောင်းသည် လွန်စွာ ရက်စက် ကြမ်းကြုတ်လှပြီး သူ၏ ဦးခေါင်းပေါ်ရှိ ဦးချိုများထံမှ မည်းနက်သော အလင်းတန်းများ ထွက်ပေါ်လာကာ ရင်သပ်ရှုမောဖွယ် ကောင်းလှသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေတော့သည်။

All Chapters