← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 23 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 23 Ch. 443-444

အခန်း (၄၄၃) ကောင်းကို သတ်ဖြတ်ခြင်း

“သတိထားဦး”

ချင်ယွမ်ဖုန်းက အော်ဟစ်ကာ သတိပေးလိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ကောင်း၏ ဦးချိုနှစ်ခုကြားမှ နက်မှောင်သော အလင်းတန်းတစ်ခု စုစည်းလာပြီး ဟင်းလင်းပြင်နယ်ပယ်ကို ကွဲအက်လျက် မုန့်ချီလော့၏ ရှေ့မှောက်သို့ ရုတ်ချည်း ရောက်ရှိလာတော့သည်။

မုန့်ချီလော့၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်မျှပင် ထင်ဟပ်ခွင့်မရလိုက်ဘဲ မီးခိုးငွေ့ကဲ့သို့ ချက်ချင်းပင် လွင့်ပြယ်ပျောက်ကွယ်သွားရရှာသည်။

ထိုခဏ၌ပင် ချင်ယွမ်ဖုန်း၏ အနီးတွင်ရှိနေသော မုန့်ချီလော့၏ လက်ကောက်ဝတ်မှ ခရမ်းရောင်လက်ကောက်ထက်တွင် ခရမ်းရောင်ကျောက်မျက်ရတနာတစ်လုံး တိုးပွားလာသည်ကို တွေ့ရပေမည်။

“မင်း ဘာမှမဖြစ်ဘူးမလား” ချင်ယွမ်ဖုန်းက ပျာပျာသလဲ မေးမြန်းရှာသည်။

“ကျွန်မ ဘာမှမဖြစ်ပါဘူး” မုန့်ချီလော့က ခေါင်းခါပြလျက် “ပုံတူခန္ဓာတစ်ခု ပျက်စီးသွားရင်တောင် ခရမ်းရောင်ကျောက်မျက်အဖြစ် ပြောင်းလဲသွားပြီး အလိုအလျောက် ပြန်လည်ပြုပြင်ပေးတာ။ ဒီခရမ်းရောင်ကျောက်မျက် မပျက်စီးသရွေ့တော့ ပြန်ကောင်းလာနိုင်ပါတယ်” ဟု ဆို၏။

“တကယ်ကို အံ့ဩစရာကောင်းတာပဲ” ချင်ယွမ်ဖုန်းက စိတ်မကောင်းခြင်းများစွာဖြင့် ဆိုမိသည်။ မိမိ၏ ပုတီးစေ့များနှင့် နှိုင်းယှဉ်ကြည့်လျှင် ချင်ယွမ်ဖုန်းခမျာ ပင်လယ်ထဲသို့သာ ခုန်ချသေပစ်ချင်စိတ် ပေါက်သွားရ၏။

ထိုစဉ် ကောင်း၏ ဦးချိုနှစ်ခုကြားမှ နက်မှောင်သောအလင်းတန်းများ တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်ရာ ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့လည်း တိုက်ပွဲထဲသို့ လျင်မြန်စွာ ဝင်ရောက်လိုက်ကြရသည်။

ထိုနက်မှောင်သောအလင်းတန်းမှာ အနှိုင်းမဲ့စွမ်းအားကို ဆောင်ကျဉ်းထားသဖြင့် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ပင် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြချေ။

“အခွင့်အရေးကို အရယူရမယ်။ ကောင်းကို အသက်ရှင်လျက် ပြန်ခေါ်သွားဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”

ချင်ယွမ်ဖုန်းက ပြောအပြီးတွင် ကောင်း၏ထံသို့ အရှိန်အဟုန်ဖြင့် လှမ်းခုန်လိုက်တော့သည်။

“ယွမ်ဖုန်း… မလုပ်နဲ့ဦး” မုန့်ချီလော့က စူးစူးဝါးဝါး အော်ဟစ်တားဆီးရှာသည်။ ချင်ယွမ်ဖုန်း၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်လှရာ ဤမျှအထိ အဆင်ခြင်မဲ့ရဲရသနည်း။

ကောင်း၏ ဦးချိုနှစ်ခုကြားမှ နီမြန်းသောအလင်းတန်းမှာ နောက်တစ်ကြိမ် လျှပ်ခနဲ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

သို့သော်လည်း နောက်တစ်ခဏ၌ ချင်ယွမ်ဖုန်းမှာ ကောင်းကင်အပြည့် လင်းဆွဲနက်များအဖြစ်သို့ ပြောင်းလဲသွားပြီး နီမြန်းသောအလင်းတန်း ဖြတ်သန်းသွားပြီးမှ ခန္ဓာကိုယ်ကို ပြန်လည်စုစည်းကာ လက်ထဲမှ ရှောင်ထျန်းတုတ်ရှည်ကြီးဖြင့် ကောင်း၏ ဦးခေါင်းပေါ်ရှိ ဦးချိုကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

သူကိုင်စွဲထားသော တုတ်ရှည်ကြီးမှာ ကြည့်ရသည်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အလွန်တရာ လျင်မြန်လှပေသည်။

“နေဝင်ချိန်တစ်ချက်ခုတ်”

ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ရာ ကောင်း၏ ဦးချိုတစ်ဖက်မှာ တိခနဲ ကျိုးပြတ်သွားရလေတော့သည်။

ဦးချိုရှည်တစ်ဖက် ကျိုးပဲ့သွားသဖြင့် ကောင်းမှာ အလွန်အမင်း နာကျင်ခံစားရပုံပေါ်၏။ သူသည် သတိလွတ်နေပြီဖြစ်သော်လည်း တိရစ္ဆာန်ပင်လျှင် ကြောက်ရွံ့တတ်သည် မဟုတ်လော။

ထို့ကြောင့် ကောင်းက နောက်ဆုတ်ရန် ကြံရွယ်လိုက်သော်လည်း နောက်ဆုတ်လိုသောစိတ် ပေါ်လာသည့် ထိုခဏ၌ပင် သူသည် ရှုံးနိမ့်သွားခဲ့ချေပြီ။

မုန့်ချီလော့၏ ကျန်ရှိနေသော ခန္ဓာကိုယ်ပုံတူ ရှစ်ခုမှာ ရုတ်ချည်း ရှေ့သို့ ပြေးဝင်သွားကြပြီး ထက်မြက်သော ဓားအလင်းတန်း ရှစ်စင်းက ကောင်း၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ထိုးဖောက်သွားတော့သည်။

ကောင်းသည် မိမိခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိပြီး ၎င်းဒဏ်ရာများက မူလအခြေအနေသို့ ဖြည်းညှင်းစွာ ပြန်လည်ပြောင်းလဲသွားပြန်သည်။

သူက တစ်စုံတစ်ခုကို ပြောလိုသော်လည်း သွေးများ အထက်သို့ ဆန်တက်လာသဖြင့် စကားပင် မဆိုနိုင်တော့ချေ။

နောက်ဆုံးတွင် ကောင်း၏ အလောင်းမှာ ပင်လယ်ထဲသို့ ကျဆင်းသွားခဲ့ပြီး ချင်ယွမ်ဖုန်းက တစ်ခုတည်းသော သိုလှောင်အိတ်ကို ယူဆောင်လိုက်သည်။

မုန့်ချီလော့မှာမူ ထိုအိတ်ထဲရှိ ပစ္စည်းများကို စိတ်ဝင်စားခြင်း မရှိသဖြင့် ချင်ယွမ်ဖုန်းကပင် အားမနာတမ်း အကုန်လုံး သိမ်းဆည်းလိုက်တော့သည်။

တစ်ပါးကျွန်းသား မိစ္ဆာများထဲမှ ပါရမီရှင်တစ်ဦး ဤသို့ဖြင့် ကျဆုံးသွားခဲ့ရသော်လည်း ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့မှာမူ ဝမ်းနည်းပူဆွေးခြင်း မရှိကြချေ။

အကြောင်းမူကား ၎င်းတို့နှင့် ကောင်းကဲ့သို့သော တစ်ပါးကျွန်းသား မိစ္ဆာများသည် မျိုးနွယ်စုချင်း မတူညီကြသောကြောင့် ဖြစ်သည်။

“သွားကြစို့… ငါတို့ ပြန်ပြီး သွားကြည့်ရအောင်” ချင်ယွမ်ဖုန်းက အားအင်ချိနဲ့စွာ ပြောလိုက်သည်။ အားအင်ကုန်ခမ်းမှု အရှိန်အဟုန်တစ်ခုက သူ၏ စိတ်နှလုံးထဲသို့ ဆန်တက်လာသဖြင့် ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားကာ ကောင်းကင်ယံမှ တိုက်ရိုက် ကျဆင်းသွားရရှာသည်။

မုန့်ချီလော့က မျက်စိလျင် လက်လျင် ရှိလှသဖြင့် ပြုတ်ကျလာသော ချင်ယွမ်ဖုန်းကို လှမ်း၍ ဖမ်းထိန်းလိုက်၏။

“ယွမ်ဖုန်း… နင် ဘာဖြစ်တာလဲ” မုန့်ချီလော့က ချင်ယွမ်ဖုန်း၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာအနာအဆာကို ကြည့်လျက် စိတ်မကောင်းခြင်းကြီးစွာဖြင့် မေးရှာသည်။

“ငါ ဘာမှမဖြစ်ပါဘူး” ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းခါပြလိုက်၏။ ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ မိမိထံတွင် နောက်ဆုံးကျန်ရှိသော နတ်သက်ကြွေဆေးမြက် အရွက်တစ်ရွက်ကို ထုတ်ယူကာ ဝါးမြိုလိုက်တော့သည်။

“ဒါက နတ်သက်ကြွေဆေးမြက်ရဲ့ အရွက်တစ်ရွက်ပဲ။ ဒဏ်ရာရခဲ့ရင် ဒီအရွက်တစ်ရွက်ကို စားလိုက်ရုံနဲ့ အလွန်လျင်မြန်စွာ ပြန်ကောင်းလာလိမ့်မယ်။ နှမြောစရာကောင်းတာက နတ်သက်ကြွေဆေးမြက် တစ်ပင်က တစ်ခါပွင့်ရင် အရွက်သုံးရွက်ပဲ ထွက်တာ” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။

မုန့်ချီလော့သည်လည်း ထိုစဉ်က နတ်သက်ကြွေဆေးမြက် မျိုးစေ့တစ်စေ့ကို ယူဆောင်လာခဲ့ဖူးသည်။

သဘာဝ နတ်စမ်းရေဖြင့် သွင်းကုပျိုးထောင်ခဲ့သဖြင့် နတ်သက်ကြွေဆေးမြက်တစ်ပင် ကြီးထွားလာခဲ့သော်လည်း သူမနှင့် သူမ၏ ဆရာသခင်တို့မှာ နတ်သက်ကြွေဆေးမြက်ကို မြတ်နိုးဖွယ်ရာ နတ်အရာဝတ္ထုအဖြစ်သာ အစဉ်သဖြင့် သဘောထားခဲ့ကြပြီး အရွက်တစ်ရွက် ဆွတ်ခူး၍ စမ်းသပ်ကြည့်ရန် တစ်ခါမျှ မတွေးတောခဲ့မိကြချေ။

မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို ကမ်းခြေသို့ လျင်မြန်စွာ ပျံသန်းခေါ်ဆောင်သွားခဲ့ပြီး ချင်ယွမ်ဖုန်းလည်း ထိုင်ချလိုက်ကာ နတ်သက်ကြွေဆေးမြက်အရွက်မှ ဆေးအာနိသင်များကို စတင်စုပ်ယူလေတော့သည်။

အမွှေးတိုင်တစ်တိုင်စာမျှ ကြာမြင့်ပြီးနောက် ချင်ယွမ်ဖုန်းသည် မိမိ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်၏။

သူ၏ ရင်ဘတ်ထက်မှ ဒဏ်ရာအနာအဆာများအားလုံးမှာ အနာဖေးတက်ကာ ကျက်သွားခဲ့ချေပြီ။

လတ်တလောတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်ဟု ထင်ရသော်လည်း မကြာမီအချိန်အတွင်းမှာပင် ထိုရင်ဘတ်ပေါ်ရှိ အမာရွတ်များလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

“ရပြီ… ငါ အဆင်ပြေသွားပြီ”

ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောဆိုကာ မြေပြင်မှ ထရပ်ရန် ကြံရွယ်သော်လည်း ခန္ဓာကိုယ်က ပျော့ခွေသွားပြီး ဘယ်လိုမှ ထရပ်နိုင်ခြင်း မရှိတော့ချေ။

“ယွမ်ဖုန်း… နင် တကယ်ပဲ ဘာဖြစ်တာလဲ” မုန့်ချီလော့က ချင်ယွမ်ဖုန်းကို တွဲထူပေးရင်း စိုးရိမ်တကြီး မေးမြန်းရှာသည်။

“အဆင်ပြေသင့်တာပေါ့… ငါ့ဒဏ်ရာတွေ အကုန်လုံးလည်း ပြန်ကောင်းသွားပြီပဲဥစ္စာ” ချင်ယွမ်ဖုန်းကိုယ်တိုင်လည်း ယခုခဏ၌ အလွန်တရာ အံ့ဩမိသဖြင့် လှုပ်လှုပ်ရှားရှား ချက်ချင်း ပြုလုပ်ကြည့်ရာ ယခုအခါ လမ်းပင်မလျှောက်နိုင်တော့ကြောင်း သိလိုက်ရတော့သည်။

“ဒါ… ဒါ ဘယ်လိုဖြစ်တာလဲ” ချင်ယွမ်ဖုန်းက မုန့်ချီလော့ကို ဆွဲကိုင်လျက် ပျာပျာသလဲ မေးမြန်းမိပြီး သူ၏ မျက်နှာထက်တွင် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်သွားရ၏။

မုန့်ချီလော့က ပူပန်သောကရောက်လျက် ချင်ယွမ်ဖုန်းကို ပွေ့ချီလိုက်ပြီး “ကိစ္စမရှိပါဘူး… ငါတို့ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို ပြန်ကြတာပေါ့။ သူတို့မှာ နည်းလမ်းရှိမှာ သေချာပါတယ်။ စိတ်မပူပါနဲ့ဦး” ဟု ချော့မော့ရှာသည်။

ပြောပြီးသည်နှင့် မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို တိုက်ရိုက်ပွေ့ချီကာ ပျံသန်းသွားတော့သည်။ အားကျမနာလိုဖြစ်ဖွယ်ရာ အကြည့်ပေါင်းများစွာ ကြားထဲမှ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ဆီသို့ ပျံသန်းသွားခဲ့ချေသည်။

ထိုအချိန်တွင် ဆေးဖော်စပ်သူများအသင်း၌ စုဝေးနေကြသော တစ်ပါးကျွန်းသား မိစ္ဆာများကို အလွှာလိုက် ဝိုင်းရံပိတ်ဆို့ထားကြပြီး အမြောက်အမြားမှာ မြေပြင်ထက်တွင် သေဆုံးလျက် လဲလျောင်းနေကြပြီ ဖြစ်သည်။

ဟင်းလင်းပြင်နယ်ပယ်ထဲတွင် တိုက်ခိုက်နေကြသော တစ်ပါးကျွန်းသား မိစ္ဆာခေါင်းဆောင် နှစ်ဦးပင်လျှင် ယခုအခါ အကျပ်အတည်းဆိုက်အောင် ဝိုင်းဝံပိတ်ဆို့ခြင်းကို ခံနေရချေပြီ။

ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ မဟာအကြီးအကဲလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ သူ၏ စွမ်းအားမှာ ရတနာတိုက်တော်ကို စောင့်ကြပ်ကြသော အကြီးအကဲ ဖုန်းနှင့် အကြီးအကဲ လိုင်တို့ထက်ပင် သာလွန်လှရာ ထိုတစ်ပါးကျွန်းသား မိစ္ဆာခေါင်းဆောင် နှစ်ဦးမှာ တရစပ် ရှုံးနိမ့်ကာ တိုက်ပွဲတွင် လျင်မြန်စွာပင် ကျရှုံးသွားရတော့သည်။

တစ်ပါးကျွန်းသား မိစ္ဆာ ခုနစ်ဆယ်ကျော်နှင့် မိစ္ဆာခေါင်းဆောင် နှစ်ဦးစလုံး ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၌ပင် သေကြေပျက်စီးသွားကြရချေပြီ။

၎င်းတို့သည် မူလက တစ်ပါးကျွန်းသား မိစ္ဆာများနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို စုံစမ်းမေးမြန်းရန် တစ်ပါးကျွန်းသား မိစ္ဆာခေါင်းဆောင်တစ်ဦးကို အသက်ချန်ထားလိုသော်လည်း ထိုမိစ္ဆာခေါင်းဆောင် နှစ်ဦးစလုံးက အသေအလဲ တိုက်ခိုက်ခဲ့ကြသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းတို့သည် တစ်ပါးကျွန်းသား မိစ္ဆာ နှစ်ဦးကိုသာ အရှင်ဖမ်းဆီးရမိပြီး ချုပ်နှောင်ထားနိုင်ခဲ့တော့သည်။

“ဟားဟားဟား… ဒီတစ်ပါးကျွန်းသားတွေက ငါတို့ ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို တိုက်ခိုက်ရဲကြတယ်ပေါ့လေ။ တကယ်ကိုပဲ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ”

လင်းထျန်းနှင့် အခြားအကြီးအကဲများအားလုံးမှာ ယခုခဏ၌ အားရပါးရ ရယ်မောနေကြလေသည်။

“လင်းထျန်း… ချင်ယွမ်ဖုန်း ပြန်ရောက်လာရင် သူ့ကို ငါ့ဆီ ခေါ်လာခဲ့ဦး” မဟာအကြီးအကဲက စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် ပျောက်ကွယ်သွားခဲ့ချေသည်။

“ဟုတ်ကဲ့ပါ… မဟာအကြီးအကဲ” လင်းထျန်းက လက်အုပ်ချီလျက် ပြန်လည်ဖြေကြားလိုက်၏။

အခြားဆေးဖော်စပ်သူများလည်း ယခုအချိန်တွင် စစ်မြေပြင်ကို စတင်ရှင်းလင်းနေကြပြီဖြစ်ပြီး ရတနာတိုက်တော်၏ တံခါးကြီးမှာလည်း တဖြည်းဖြည်း ပိတ်သွားကာ ဟင်းလင်းပြင်နယ်ပယ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

တစ်ပါးကျွန်းသား မိစ္ဆာများ၏ အလောင်းများကို အတူတကွ စုပုံပြီးနောက် တိုက်ရိုက်ပင် မီးရှို့ပြာချလိုက်ကြချေပြီ။

ထိုခဏ၌ပင် မုန့်ချီလော့သည် မျက်ရည်များ ဝိုင်းလျက် ယိုင်တိုင်တိုင်ဖြင့် ပြေးဝင်လာရာ ချင်ယွမ်ဖုန်းမှာ သူမ၏ ရင်ခွင်ထဲတွင် သတိလစ်မေ့မြောနေခဲ့ချေပြီ။

“ဘာဖြစ်တာလဲ” လင်းထျန်းက ဤမြင်ကွင်းကို မြင်တွေ့ရသဖြင့် ပျာပျာသလဲ ဆီးကြိုမေးမြန်းလေသည်။

“ကျွန်မ မသိတော့ဘူး။ ကျွန်မတို့ ကောင်းကို တားဆီးပြီး သူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့လို့ နောက်ဆုံးတော့ သူ့ကို သတ်နိုင်ခဲ့ပါတယ်။ ယွမ်ဖုန်းက ပြင်းထန်စွာ ဒဏ်ရာရခဲ့ပေမယ့် ဒဏ်ရာတွေ အကုန်လုံးကတော့ ပြန်ကောင်းသွားပါပြီ။ ဒါပေမဲ့ ဘာလို့ ဒီလိုဖြစ်နေရတာလဲ မသိဘူး။ စီနီယာ… ကျွန်မ တောင်းပန်ပါတယ်၊ ချင်ယွမ်ဖုန်းကို ကယ်တင်ပေးပါဦး” မုန့်ချီလော့က ငိုယိုလျက် အသနားခံရှာသည်။

“စိတ်မပူပါနဲ့ဦး… မင်း မပြောရင်တောင် ငါ သူ့ကို မဖြစ်မနေ ကယ်တင်မှာပါ” လင်းထျန်းက ပြတ်သားစွာ ဆိုလိုက်၏။

ချင်ယွမ်ဖုန်း သတိရနိုးထလာသောအခါ မိမိ၏ ဘေးတွင် ဆရာတူဦးလေး ချိုးချန်ချီ ထိုင်နေသည်ကို တွေ့လိုက်ရပြီး မုန့်ချီလော့နှင့် လင်းထျန်းတို့ကမူ အနီးအနားတွင် ပူပန်သောကရောက်လျက် စောင့်ဆိုင်းနေကြပေသည်။

အခန်း (၄၄၄) ဘေးဒုက္ခ ကျရောက်ခြင်း

“ဆရာတူဦးလေး...” ချင်ယွမ်ဖုန်းသည် အလွန်အမင်း အားအင်ချိနဲ့နေသော အသံဖြင့် လှမ်း၍ ခေါ်လိုက်မိ၏။

မိမိ၏ ခန္ဓာကိုယ်သည် မူလက သွေးသားအင်အား ပြည့်ဝနေပါလျက်နှင့် အဘယ်ကြောင့် ယခုကဲ့သို့ ရုတ်ချည်း ဖောက်ပြန်ပျက်စီးသွားရသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။

“ဆရာတူ တူလေး... မင်း သတိရလာပြီလား...” ချိုးချန်ချီသည် ချင်ယွမ်ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဘာမျှမတတ်နိုင်သည့်အလား ခေါင်းကို ခါယမ်း၍ သက်ပြင်းချလေသည်။

“ဆရာတူဦးလေး... ကျွန်တော့် ခန္ဓာကိုယ်က ဘာဖြစ်သွားတာလဲ...” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

“မင်းရဲ့ ခန္ဓာကိုယ်ထဲက ကောင်းကင်ဘုံသုဉ်း ‘ဂူ’ကြောင့် ဖောက်ပြန်လာတာပဲ...” ချိုးချန်ချီက စိတ်မကောင်းစွာဖြင့် ညည်းတွားရင်း “အခုအခါမှာ အဲဒီသန်ကောင်က မင်းရဲ့ ကိုယ်တွင်းအသက်ဇီဝိန်ကို ရူးသွပ်မတတ် စုပ်ယူဝါးမြိုနေပြီ...” ဟု ဆိုလာချေသည်။

မုန့်ချီလော့နှင့် လင်းထျန်းတို့သည် ကောင်းကင်ဘုံသုဉ်း ‘ဂူ’အကြောင်းကို ချိုးချန်ချီအား ကြိုတင်၍ ပြောပြထားခဲ့ကြဟန် တူပေသည်။

သမားတော် ဝမ်ရှူးကျူးက ချင်ယွမ်ဖုန်းတွင် သက်တမ်း တစ်နှစ်သာ ကျန်တော့သည်ဟု ပြောခဲ့ဖူးသော်လည်း ယင်းက ခန့်မှန်းခြေ အချိန်ကာလမျှသာ ဖြစ်ခဲ့သည်။

ယခု ပြန်လည် စဉ်းစားကြည့်သောအခါ ကောင်းကင်ဘုံသုဉ်း ‘ဂူ’သည် အချိန်စော၍ ဖောက်ပြန်လာခဲ့ခြင်း မဟုတ်ချေ။

“ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ကိုး...” ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ချရင်း “ကျွန်တော့်ကိုယ်မှာ တခြား အဖျားအနာတစ်ခုခု စွဲကပ်နေပြီလို့ ထင်နေတာ...” ဟု ခပ်အေးအေးပင် ရေရွတ်လိုက်သည်။

“နင်က ဒီလို အခြေအနေမျိုးအထိ ရောက်နေတာတောင် ပြုံးနိုင်သေးတယ်ပေါ့လေ...” မုန့်ချီလော့၏ မျက်ဝန်းအစုံတို့သည် နီမြန်းလျက်ရှိပြီး ကြာမြင့်စွာ ငိုကြွေးထားခဲ့ရသည့်အလား ထင်ရှားနေ၏။

“နင် ခန္ဓာကိုယ်က ဒီလောက်တောင် ဖြစ်ပျက်နေပြီဥစ္စာကို...”

ထိုစဉ် ရှောင်ဟေးသည်လည်း ချိုးချန်ချီ၏ ခန္ဓာကိုယ်ပေါ်မှတစ်ဆင့် ချင်ယွမ်ဖုန်း၏ ရင်ဘတ်ထံသို့ တွားသွားလာပြီး ၎င်း၏ မျက်လုံးငယ်နှစ်လုံးတွင် ဝမ်းနည်းပူဆွေးရိပ်များ ထင်ဟပ်နေချေသည်။

ချင်ယွမ်ဖုန်း ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နေစဉ်အတွင်း ရှောင်ဟေးသည် အနှောင့်အယှက် မဖြစ်စေရန်အတွက် အပြင်သို့ ထွက်မလာခဲ့ဘဲ ချိုးချန်ချီထံတွင်သာ စောင့်ရှောက်ရန် အပ်နှံထားခဲ့ခြင်း ဖြစ်ရာ ထို့ကြောင့်ပင် ရှောင်ဟေးအနေဖြင့် တစ်ဖက်တစ်လမ်းမှ များစွာ ကူညီပေးနိုင်ခြင်း မရှိခဲ့ချေ။

“စိတ်မပူပါနဲ့... ဘာမှမဖြစ်ပါဘူး...” ချင်ယွမ်ဖုန်းသည် မုန့်ချီလော့၏ ဆံနွယ်များကို သာသာယာယာ ပွတ်သပ်ပေးလိုက်ပြီးနောက် လင်းထျန်းဘက်သို့ လှည့်၍ ကြည့်လိုက်၏။

“စီနီယာ... ဆေးဖော်စပ်သူများအသင်းက အဆင့် ၈ ရှိတဲ့ ဆေးဖော်စပ်သူတစ်ယောက်က ကျွန်တော့်အတွက် သန့်စင်ခြင်းဆေးလုံးကို ဖော်စပ်ပေးနိုင်မလားဆိုတာ သိချင်မိပါတယ်...” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

“ဒါပေါ့... ရတာပေါ့...” လင်းထျန်းက ခေါင်းညိတ်ပြရင်း “လိုအပ်တဲ့ ဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးကို မြန်မြန်သာ ထုတ်ပေးလိုက်... ငါ အဲ့ပစ္စည်းတွေကို မဟာအကြီးအကဲဆီ ချက်ချင်းယူသွားပြီး မင်းအတွက် သန့်စင်ခြင်းဆေးလုံး ဖော်စပ်ပေးဖို့ အကူအညီတောင်းပေးမယ်...” ဟု အလျင်အမြန် ဆိုလေသည်။

“မဟာအကြီးအကဲ ကိုယ်တိုင် ဖော်စပ်ပေးမှာလား... ဒါဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ...” ချင်ယွမ်ဖုန်းက ညည်းညူသံဖြင့် ရယ်မောလိုက်၏။

ဆေးဖော်စပ်သူများအသင်း ဌာနချုပ်တွင် မဟာအကြီးအကဲ၏ အဆင့်အတန်းသည် မြင့်မြတ်လှပြီး သူသည် အလွန်အမင်း လေးစားကြည်ညိုရသော အဆင့် ၈ ဆေးဖော်စပ်သူကြီး တစ်ဦး ဖြစ်ပေ၏။

မဟာအကြီးအကဲကို ဆေးလုံးတစ်လုံး ဖော်စပ်ပေးရန် အကူအညီတောင်းခံနိုင်သူ ဟူသည် အလွန်ပင် ရှားပါးလှပေသည်။

“ကဲပါ... စကားတွေ အပိုပြောမနေဘဲ ဆေးဘက်ဝင်ပစ္စည်းတွေကို မြန်မြန်သာ ထုတ်ပေးစမ်းပါ...” လင်းထျန်းက ပျာပျာသလဲ ပြောဆိုလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် ကြိုတင်ပြင်ဆင်ထားသော ဆေးဘက်ဝင်ပစ္စည်းများဖြစ်သည့် မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်၊ ကောင်းကင်ဘုံသန့်စင်သီး၊ မြူကင်းကြာပွင့်နှင့် နဂါးပြာငှက်၏ အနှစ်သာရသွေးတို့ကို ထုတ်ပေးလိုက်လေသည်။

နဂါးပြာငှက်၏ အနှစ်သာရသွေးသည် တစ်စက်တည်းသာ ရှိသောကြောင့် သန့်စင်ခြင်းဆေးလုံးကို ဖော်စပ်ရန်အတွက် အခွင့်အရေးသည် တစ်ကြိမ်တည်းသာ ရှိပေရာသည်။

“နဂါးပြာငှက်ရဲ့ အနှစ်သာရသွေး ထည့်ထားတဲ့ နှစ်သောင်းချီ သက်တမ်းရှိ ရေခဲအနှစ်သာရတုံးကိုလည်း ကျွန်တော့်ဆီ ပြန်ပေးဖို့ မမေ့ပါနဲ့ဦး...” ချင်ယွမ်ဖုန်းက အားအင်ချိနဲ့စွာဖြင့် သတိပေးလိုက်သေး၏။

လင်းထျန်းသည် ချင်ယွမ်ဖုန်းကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး “ဒီလို သေရေးရှင်ရေး အချိန်မျိုးမှာတောင် မင်းက လောဘတက်နိုင်သေးတယ်ပေါ့လေ...” ဟု ငေါက်ငမ်းလိုက်လေသည်။

“ဪ... ပြီးတော့ ဒါက ကမ္ဘာမြေခြင်ဆီအရည်ပါ... မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ဟာ ကမ္ဘာမြေခြင်ဆီအရည်ရဲ့ အာနိသင်လက္ခဏာတွေ အားလုံး ရှိတယ်လို့ ကြားဖူးပါတယ်... ဒါကြောင့်မို့ ကမ္ဘာမြေခြင်ဆီအရည်က မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ထက် ပိုပြီး အစွမ်းထက်တယ်လို့ ဆိုနိုင်ပါတယ်... သန့်စင်ခြင်းဆေးလုံးကို ဖော်စပ်တဲ့နေရာမှာ ကမ္ဘာမြေခြင်ဆီအရည်ကို အသုံးပြုမယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်မယ် ထင်ပါတယ်...” ချင်ယွမ်ဖုန်းက တတွတ်တွတ် ဆက်၍ ပြောနေမိ၏။

“ကောင်းပြီ... ကောင်းပြီ... မင်း ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေ... ငါ မဟာအကြီးအကဲကို သွားရှာလိုက်ဦးမယ်...” လင်းထျန်းက ပြောပြောဆိုဆိုနှင့် အခန်းထဲမှ အပြေးအလွှား ထွက်ခွာသွားပြီး မဟာအကြီးအကဲ ရှိရာဆီသို့ ဦးတည်သွားလေတော့သည်။

“ဆရာတူဦးလေး... ကျွန်တော့်မှာ အချိန် ဘယ်လောက် ကျန်သေးလဲ...” ချင်ယွမ်ဖုန်းက မေးလိုက်၏။

ချိုးချန်ချီက သက်ပြင်းချရင်း “အခု အခြေအနေကို ကြည့်ရသလောက်ဆိုရင်တော့ မင်းမှာ အချိန် သုံးရက်ခန့်ပဲ ကျန်တော့တယ်...” ဟု ဆိုချေသည်။

ချင်ယွမ်ဖုန်းက ပြုံး၍ ခေါင်းညိတ်လိုက်ရင်း “နားလည်ပါပြီ ဆရာတူဦးလေး... ကျွန်တော် မုန့်ချီလော့နဲ့ နှစ်ယောက်တည်း ခဏလောက် စကားပြောချင်ပါတယ်...” ဟု ဆိုလေသည်။

ချိုးချန်ချီသည် မတ်တတ်ထရပ်ကာ ချင်ယွမ်ဖုန်း၏ ရင်ဘတ်ပေါ်တွင် ဝပ်စင်းနေသော ရှောင်ဟေးကို ပွေ့ချီလိုက်ပြီး “ကောင်းပါပြီ... မင်းတို့ နှစ်ယောက် စကားပြောကြတာပေါ့...” ဟု ဆိုကာ ထွက်သွားလေသည်။

ယခုအခါ အခန်းတွင်း၌ ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။ မုန့်ချီလော့သည် စိုးရိမ်ပူပန်သော မျက်နှာပေးဖြင့် ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေမိပြီး ဘာစကား ပြန်ပြောရမှန်းပင် မသိအောင် ဖြစ်နေရရှာသည်။

“ဝမ်းမနည်းပါနဲ့... မင်း ငိုတာကို ငါ မမြင်ချင်ဘူး...” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်ရင်း “ငါ့ကို အပြင်ဘက်ကို တွန်းပြီး လမ်းလျှောက်လိုက်ရအောင်လား...” ဟု ဆိုလာသည်။

“ကောင်းပါပြီ...” မုန့်ချီလော့သည် မိမိ၏ မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး ရွှင်လန်းစွာ ပြုံးပြလိုက်၏။

သူတို့သည် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ထံမှ သစ်သားဘီးတပ်ကုလားထိုင်တစ်လုံးကို ငှားရမ်းခဲ့ကြပြီး မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို တည်းခိုရာအခန်းပြင်သို့ တွန်းထုတ်ပေးခဲ့လေသည်။

ဆေးဖော်စပ်သူများအသင်း၏ ဧည့်သည်ဆောင်များ၏ အနောက်ဘက်တွင်မူ ဆေးဘက်ဝင် အပင်အမျိုးမျိုးကို စိုက်ပျိုးထားသည့် ဝိညာဉ်ဆေးပင်ဥယျာဉ် ရှိနေချေသည်။

ယခုအချိန်သည် ဧပြီလနှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဝိညာဉ်ဆေးပင် အများအပြားသည် ဖူးပွင့်ဝေဆာလျက် ရှိကြသည်။

ပေါကြွယ်ဝလှသော ကိုယ်တွင်းစွမ်းအင် ချီဓာတ်တို့ကို ခံစားမိရသဖြင့် မုန့်ချီလော့၏ စိတ်အခြေအနေသည်လည်း များစွာ ကောင်းမွန်လာခဲ့ရသည်။

ထိုသို့ဖြင့် မုန့်ချီလော့သည် ဝိညာဉ်ဆေးပင်ဥယျာဉ်အတွင်း ချင်ယွမ်ဖုန်းကို တိတ်တဆိတ် တွန်းရွှေ့ပေးနေမိ၏။ ယခုကဲ့သို့ လှပသော နေမွန်းလွဲချိန် အခိုက်အတန့်သည် သူတို့နှစ်ဦး၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်နေတော့မည် ဖြစ်ပေသည်။

“ချီလော့... တကယ်လို့ ငါသာ တစ်ခုခု...”

“လျှောက်မပြောပါနဲ့... နင် ဘာမှ မဖြစ်စေရဘူး... ငါ နင့်ကို စောင့်နေမှာ...” မုန့်ချီလော့က ချင်ယွမ်ဖုန်း၏ မျက်ဝန်းများကို စိုက်ကြည့်လျက် ပြတ်သားစွာ ပြောဆိုလိုက်၏။

ချင်ယွမ်ဖုန်းက ရယ်မောလိုက်ရင်း “ဟုတ်ပါတယ်... ငါ ဘာမှ မဖြစ်ပါဘူး... ငါ မင်းကို လက်ထပ်ဖို့ စောင့်နေဦးမှာပဲဥစ္စာ...” ဟု ဆိုလေသည်။

သုံးရက်တိုင်တိုင် မုန့်ချီလော့သည် ချင်ယွမ်ဖုန်း၏ အနားတွင်သာ မခွဲမခွာဘဲ တစ်ဖဝါးမှ မလှုပ်ဘဲ စောင့်ကြပ်ပေးခဲ့သည်။ ချင်ယွမ်ဖုန်း တစ်ရက်ထက်တစ်ရက် ပိန်ချောင်ကျဆင်းလာသည်ကို စောင့်ကြည့်နေရသဖြင့် မုန့်ချီလော့၏ နှလုံးသားသည် ကွဲကြေမတတ် ခံစားနေရရှာသည်။

“ငါ သန့်စင်ခြင်းဆေးလုံး အခြေအနေကို သွားပြီး စုံစမ်းကြည့်လိုက်ဦးမယ်...” မုန့်ချီလော့သည် ယခုကဲ့သို့ ဆက်လက်ကြည့်ရှုရန် မစွမ်းသာတော့သည့်အလား မတ်တတ်ထရပ်လိုက်၏။

ထို့အပြင် မဟာအကြီးအကဲသည် သန့်စင်ခြင်းဆေးလုံးကို ဖော်စပ်ရာတွင် တစ်စုံတစ်ရာသော အခက်အခဲများနှင့် ကြုံတွေ့နေရဟန် တူပြီး ထို့ကြောင့်ပင် ယခုမျှလောက်အထိ အချိန် ကြန့်ကြာနေရခြင်း ဖြစ်ပေသည်။

အဆင့် ၈ ရှိသော ဆေးလုံးဟူသည် အလွန်တရာ မြင့်မားသောအဆင့်ရှိ ဆေးလုံးမျိုး ဖြစ်သဖြင့် အဆင့် ၈ ရှိသော ဆေးဖော်စပ်သူကြီးပင် ဖြစ်လင့်ကစား အောင်မြင်မှုနှုန်းကို အပြည့်အဝ အာမမခံနိုင်ချေ။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ သည်ကား ထပ်မံ၍ အချိန်ဆွဲထားရန် မဖြစ်နိုင်တော့ပေ။

ထိုအခိုက်တွင် ချင်ယွမ်ဖုန်းသည် မုန့်ချီလော့၏ လက်ကို လှမ်း၍ ဆွဲကိုင်လိုက်ပြီး ခေါင်းကို ခါယမ်းပြရင်း “မင်း ငါ့အနားမှာပဲ နေပေးစေချင်တယ်...” ဟု တောင်းဆိုလိုက်သည်။

မုန့်ချီလော့သည် မျက်ရည်များ စီးဆင်းလာလျက် ကုတင်ဘေးတွင် ဝပ်စင်းကာ ချင်ယွမ်ဖုန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိတော့၏။

“ငါ တကယ်ပဲ ဒီလိုနဲ့ သေရတော့မှာလား...” ချင်ယွမ်ဖုန်းသည် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ မိမိအနေဖြင့် တစ်ပါးကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် ယခုကဲ့သို့သော သေဆုံးခြင်းမျိုးဖြင့် လမ်းဆုံးရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့မိပါချေ။

ယင်းက အနည်းငယ်... အလွန်အမင်းပင် မကျေနပ်နိုင်စရာ ကောင်းလှပေသည်။

“သခင်...” ရှောင်လင်သည်လည်း ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာခဲ့ပြီး ၎င်း၏မျက်နှာတွင် ဝမ်းနည်းပူဆွေးသော ရိပ်ယောင်များ ထင်ဟပ်နေကာ ချင်ယွမ်ဖုန်း မကြာမီ သေဆုံးတော့မည်ကို ယုံကြည်နေသည့်အလား ရှိနေချေသည်။

“ငါ မင်းကို တစ်ခုလောက် တောင်းဆိုလို့ ရမလား...” ချင်ယွမ်ဖုန်းက ရုတ်ချည်း မေးမြန်းလိုက်၏။

ရှောင်လင်က ခေါင်းညိတ်ပြရင်း “သခင်... မိန့်မှာပါ...” ဟု ဆိုသည်။

“ငါ သေဆုံးသွားပြီးတဲ့နောက်... မင်း မုန့်ချီလော့ကို မင်းရဲ့ နောက်ထပ် သခင်အသစ်အဖြစ် ရွေးချယ်ပေးနိုင်မလား...” ချင်ယွမ်ဖုန်းက မေးလိုက်၏။

“ဒါက ကျွန်တော် ကိုယ်တိုင် ရွေးချယ်လို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး...” ရှောင်လင်က ဘာမျှမတတ်နိုင်သည့်အလား ခေါင်းကို ခါယမ်း၍ ပြန်ပြောလေသည်။

“ငါဟာ မင်းရဲ့ ပထမဆုံးသခင် ဖြစ်ခဲ့ဖူးတာကို ထောက်ထားပြီးတော့... ပြီးတော့ ငါ အခု သေတော့မယ့်အချိန်မှာ ဒါဟာ ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒမို့လို့ပါ... မင်းက ဒီလောက်တောင် ရက်စက်တတ်တာလား...”

“ကောင်းပါပြီ..နားလည်ပါပြီ...” ရှောင်လင်က သူ့စကားကို အလျင်အမြန် ဖြတ်ပြောလိုက်ရင်း “ နားလည်ပါပြီ... သခင် ကွယ်လွန်သွားပြီးရင် မုန့်ချီလော့ဟာ ကျွန်မရဲ့ နောက်ထပ် သခင်အသစ် ဖြစ်လာစေရပါမယ်...” ဟု ကတိပေးလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ရှောင်လင်... ငါ့အနားမှာ ဒီလောက်ကြာအောင် အဖော်ပြုပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...”

ချင်ယွမ်ဖုန်းသည် မုန့်ချီလော့၏ လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော မိမိ၏လက်ကို လွှတ်မပေးချင်ဘဲ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်တော့၏။

“ငါ့မှာ လုပ်ဆောင်ဖို့ ကျန်သေးတဲ့ အလုပ်တွေ အများကြီး ရှိနေသေးတာကို...” ချင်ယွမ်ဖုန်း၏ မျက်စိရှေ့မှောက်တွင် အတိတ်က ပုံရိပ်တချို့သည် သဏ္ဌာန်မျိုးစုံဖြင့် ပေါ်လာခဲ့ပြီး ယင်းတို့အထဲတွင် ကမ္ဘာမြေပြင်မှ မြင်ကွင်းများလည်း ပါဝင်ကာ ၎င်း၏ စိတ်အာရုံထဲ၌ အလျင်အမြန် ဖြတ်သန်း ပြေးလွှားသွားကြချေသည်။

ထိုစဉ် လင်းထျန်းသည် အခန်းတံခါးကို ရုတ်တရက် ကန်ဖွင့်၍ ဝင်ရောက်လာပြီးနောက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ချင်ယွမ်ဖုန်း၏ နှုတ်ခမ်းဝသို့ အတင်း တေ့ပေးလိုက်လေတော့သည်။

“ဒါတွေအားလုံးဟာ မင်းကြောင့်ပဲ... မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်အစား ကမ္ဘာမြေခြင်ဆီအရည်ကို သုံးခိုင်းလို့ ပြဿနာတွေ တက်ပြီး အချိန်တွေ ဒီလောက်တောင် ကြန့်ကြာသွားရတာ... ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ဆေးလုံးက အောင်အောင်မြင်မြင် သန့်စင်ပြီးသွားပြီ...”

ချင်ယွမ်ဖုန်း၏ ရှင်သန်လိုသော စိတ်ဆန္ဒကြောင့် သူသည် မျက်လုံးများကို ရုတ်ချည်း ဖွင့်ဟလိုက်ပြီး ခန္ဓာကိုယ်တွင်းမှ နောက်ဆုံးကျန်ရှိသော အားအင်များကို စုစည်း၍ ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်လေတော့သည်။

All Chapters