အခန်း (၄၄၅-၄၄၆)
Vol. 23 Ch. 445-446
အခန်း(၄၄၅)
မုန့်ချီလော့သည် သန့်စင်ခြင်းဆေးလုံးကို ချင်ယွမ်ဖုန်းအား အမြန်တိုက်ကျွေးလိုက်ပြီးနောက် သူ၏နောက်ဘက်၌ ဝင်ထိုင်ကာ ခန္ဓာကိုယ်ထဲသို့ နူးညံ့သိမ်မွေ့သော ကိုယ်တွင်းစွမ်းအင်များကို တစ်ရှိန်ထိုး ထည့်သွင်းပေးရင်း သန့်စင်ခြင်းဆေးလုံး၏ အာနိသင်ကို လမ်းညွှန်ပြသပေးလေတော့သည်။
ဆေးလုံး၏ စွမ်းများ ပြန့်နှံ့သွားပြီးနောက် သန့်စင်ခြင်းဆေးလုံးသည် သိုင်းပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များနှင့် မိမိနှင့်မသက်ဆိုင်သော အခြားစွမ်းအင်များအပါအဝင် ဘေးထွက်ဆိုးကျိုးဟူသမျှကို ဖယ်ရှားပေးနိုင်စွမ်းရှိပေရာ မုန့်ချီလော့ ထည့်သွင်းပေးလိုက်သော ကိုယ်တွင်းစွမ်းအင်များသည်လည်း တိုက်ရိုက်ပင် ပယ်ထုတ်ခြင်း ခံလိုက်ရချေသည်။
“ယွမ်ဖုန်း... နင်ဒီဆေးအာနိသင်ကို ကိုယ်တိုင်လမ်းညွှန်ပေးနိုင်မလား” မုန့်ချီလော့က ပျာပျာသလဲ မေးရှာသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြရင်း “ရလောက်ပါတယ်” ဟု ဆိုလိုက်၏။
ထိုသို့ဆိုကာ သူသည် မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းစွမ်းအင်များကို အားကုန်သုံး၍ လှုံ့ဆော်ကာ ဆေးအာနိသင်ကို ဦးနှောက်အတွင်းရှိ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ တည်ရှိရာနေရာသို့ ဦးတည်၍ လမ်းညွှန်လိုက်တော့သည်။
ဤဆေးအာနိသင်ကို လမ်းညွှန်ပေးရုံမျှဖြင့် ချင်ယွမ်ဖုန်းတစ်ယောက် ရှိသမျှအင်အားအားလုံး ကုန်ခမ်းလုနီးပါး ဖြစ်သွားရချေ၏။
လွန်ခဲ့သော သုံးရက်ပတ်လုံး ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ကြောင့် သူ၏ခန္ဓာကိုယ်မှာ အဆမတန် အားအင်ချိနဲ့နေခဲ့ရပြီ မဟုတ်လော။
သန့်စင်ခြင်းဆေးလုံး၏ ဆေးစွမ်းသည် စိမ်းစိုသော စွမ်းအင်လှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ကိုယ်တွင်းစွမ်းအင်များနှင့်အတူ ချင်ယွမ်ဖုန်း၏ ဦးခေါင်းအတွင်းသို့ တစ်ဟုန်ထိုး တိုးဝင်သွားကာ ဦးခေါင်းထဲတွင် ပုန်းအောင်းနေသော ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ကို ရှာဖွေတွေ့ရှိသွားလေသည်။
ထိုအချိန်၌ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ သည် ချင်ယွမ်ဖုန်း၏ ဦးနှောက်တွင် တွယ်ကပ်နေပြီး သူ၏အသက်ဇီဝနှင့် အားအင်များကို အဆက်မပြတ် စုပ်ယူဝါးမြိုနေခဲ့ကာ ယင်း၏ခန္ဓာကိုယ်မှာလည်း ထိုစွမ်းအင်များကြောင့် ဖြည်းဖြည်းချင်း ဖောင်းကားလာနေပြီ ဖြစ်၏။
ထိုစဉ် သန့်စင်ခြင်းဆေးလုံးမှ ပြောင်းလဲလာသော ဆေးစွမ်းများ စတင်အာနိသင်ပြလာပြီး ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အပေါ်သို့ အထပ်ထပ်အခါခါ လွှမ်းမိုးတိုက်ခိုက်လေတော့သည်။
အကျိုးအာနိသင်တစ်ခု ထင်ရှားလာချေပြီ။ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ သည် အလွန်နေရထိုင်ရ ခက်ခဲသွားပုံရပြီး ဖြည်းဖြည်းချင်း ကုန်းထလာ၏။ ထိုမြင်ကွင်းကြောင့် ချင်ယွမ်ဖုန်းမှာ အတိုင်းထက်အလွန် ဝမ်းသာသွားရသည်။
သန့်စင်ခြင်းဆေးလုံးသည် ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ကို တကယ်ပဲ နှိမ်နင်းနိုင်စွမ်းရှိသည်ဟူ၍လော။
သို့သော်လည်း နောက်တစ်ခဏ၌မူ ချင်ယွမ်ဖုန်း၏ စိတ်လုံးလုံး ခြောက်ခြားသွားရပြန်သည်။
အကြောင်းမူကား ကောင်းကင်ဘုံသုဉ်း ‘ဂူ’ သည် ယင်း၏အနေအထားကို ပြောင်းလဲလိုက်ပြီး ပြန်လည်ဝပ်စင်းသွားကာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲရှိ အသက်ဇီဝနှင့် အားအင်များကို ဆက်လက်စုပ်ယူ ဝါးမြိုနေသောကြောင့် ဖြစ်ပေသည်။ ချင်ယွမ်ဖုန်းတစ်ယောက် စိတ်ပျက်အားငယ်သွားရချေပြီ။
သန့်စင်ခြင်းဆေးလုံးသည် ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အား နေရခက်အောင်သာ လုပ်နိုင်ပြီး ယင်းကို အမြစ်ပြတ်အောင် မဖယ်ရှားနိုင်ပါလား။
သူ၏ နောက်ဆုံးကျန်ရှိနေသော အသက်ရှူသံမှာလည်း လုံးလုံးလျားလျား စုပ်ယူဝါးမြိုခြင်း ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး တစ်လောကလုံး ချက်ချင်းပင် မှောင်အတိ ကျသွားလေတော့သည်။
မုန့်ချီလော့သည် ချင်ယွမ်ဖုန်းအား စိုးရိမ်တကြီး ကြည့်နေမိသော်လည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွားသည်ကို မြင်လိုက်ရသောအခါ သူမ၏မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး မေ့လဲလုနီးပါး ဖြစ်သွားရရှာသည်။
လွန်ခဲ့သော သုံးရက်ပတ်လုံး အစိုးရိမ်ဆုံးအရာက နောက်ဆုံးတော့ ဖြစ်ပျက်ခဲ့ချေပြီ။ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အကြောင်းကို ချင်ယွမ်ဖုန်း ပြောပြကတည်းက မုန့်ချီလော့တစ်ယောက် သူ့အတွက် စိုးရိမ်ပူပန်နေခဲ့ရသည်ဖြစ်ရာ ယခုအခါ ချင်ယွမ်ဖုန်း အမှန်တကယ်ပင် အသက်ပျောက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ မုန့်ချီလော့၏ ကမ္ဘာလေးတစ်ခုလုံး ပြိုလဲပျက်စီးသွားရတော့သည်။
လင်းထျန်းနှင့် ချိုးချန်ချီတို့လည်း သက်ပြင်းကြီးစွာ ချလိုက်ကြ၏။ ချင်ယွမ်ဖုန်းကဲ့သို့ ထူးချွန်ပြောင်မြောက်လှသော ဂျူနီယာလေးတစ်ယောက် ဤသို့ဖြစ်ရသည်ကို မြင်ရသဖြင့် သူတို့မှာ နှမြောတသစွာဖြင့် ညည်းတွားမိကြသည်။
ကြယ်တစ်ပွင့် ကြွေလွင့်သွားခဲ့ချေပြီ။
သို့သော်လည်း မုန့်ချီလော့ ရှေ့သို့တိုးကာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်မိချိန်တွင် သူမ၏နှလုံးသားမှာ ရုတ်ချည်းပင် တုန်လှုပ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ဤအချိန်၌ ချင်ယွမ်ဖုန်းတွင် အားနည်းလှသော နှလုံးခုန်သံ သဲ့သဲ့မျှ ကျန်ရှိနေသေးသောကြောင့် ဖြစ်၏။
“ရသေးတယ်... သူ မသေသေးဘူး” မုန့်ချီလော့က ဝမ်းသာအားရ ငိုကြွေးအော်ဟစ်လိုက်မိသည်။
သို့သော်ငြားလည်း ချင်ယွမ်ဖုန်း၏ အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်မနေသည်ကတော့ ထင်ရှားလှပေသည်။ အားနည်းလှသော နှလုံးခုန်သံမှာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကြီး လုံးလုံးလျားလျား သေဆုံးမသွားသေးကြောင်း ပြသနေရုံမျှသာ ရှိချေ၏။
ချိုးချန်ချီလည်း အမြန်ပြေးလာပြီး အခြေအနေကို စစ်ဆေးရန် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ကိုယ်တွင်းစွမ်းအင်များ ထည့်သွင်းရန် ကြိုးပမ်းလိုက်သည်။
သို့သော် သူ၏ ကိုယ်တွင်းစွမ်းအင်များက ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်နှင့် ထိမိသည်နှင့် တပြိုင်နက် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ပူပြင်းလှသော အနီရောင်အလင်းတန်းတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ချိုးချန်ချီ၏ ကိုယ်တွင်းစွမ်းအင်ကို တိုက်ရိုက်ပင် ပယ်ထုတ်ပစ်လိုက်လေတော့သည်။
သေးငယ်သော ဝိညာဉ်ပုံရိပ်တစ်ခုသည် ချင်ယွမ်ဖုန်း၏ နောက်ကျောဘက်တွင် ဖြည်းည်းချင်း ပေါ်ထွက်လာ၏။
မုန့်ချီလော့သည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိပြီး လင်းထျန်းနှင့် ချိုးချန်ချီတို့ နှစ်ဦးစလုံးမှာလည်း အံ့အားသင့်စွာဖြင့် နောက်သို့ ဆုတ်သွားကြရသည်။
“ဒါ... ဒါရေခဲဝိညာဉ်နဂါးပြာဌက် ဝိညာဉ်ပုံရိပ်လား” ချိုးချန်ချီက ထိုဝိညာဉ်ပုံရိပ်ထံမှ ထွက်ပေါ်နေသော ကျယ်ပြောလှပြီး ခန့်ညားထည်ဝါလှသည့် အရှိန်အဝါကို မယုံကြည်နိုင်လောက်အောင် ကြည့်ရင်း ဆိုရှာသည်။
“ဒါတင်မကသေးဘူး... ဒါက နတ်သားရဲ အဆင့်ပဲ...” လင်းထျန်းက တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း “သူက နတ်သားရဲတစ်ကောင်ရဲ့ အနှစ်သာရသွေးကို ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ” ဟု ရေရွတ်မိသည်။
နတ်သားရဲတစ်ကောင်သည် လူသားသိုင်းပညာရှင်များထဲမှ ဘုရင်နယ်ပယ်နှင့် ညီမျှပေရာ ယင်းသည် အမြင့်ဆုံးသော အင်အားကို ကိုယ်စားပြုပေသည်။
ထိုရေခဲဝိညာဉ်နဂါးပြာဌက်၏ ဝိညာဉ်ပုံရိပ်သည် အခြားသော ဝိညာဉ်ပုံရိပ်များကဲ့သို့ တောင့်တောင့်ကြီး ဖြစ်မနေဘဲ အစစ်အမှန် နှင်းပိုးနဂါးတစ်ကောင်ကဲ့သို့ အသက်ဝင်လှပေသည်။
နောက်တစ်ခဏ၌မူ ထိုရေခဲဝိညာဉ်နဂါးပြာဌက်၏ ဝိညာဉ်ပုံရိပ်သည် ချင်ယွမ်ဖုန်း၏ ဦးခေါင်းအတွင်းသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားလေတော့သည်။
အခြားသူများ မမြင်နိုင်သော နေရာတစ်ခု၌မူ ဤအချိန်တွင် ရေခဲဝိညာဉ်နဂါးပြာဌက်၏ ဝိညာဉ်ပုံရိပ်သည် ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီးနောက် ဝိညာဉ်ပုံရိပ်တစ်ခုလုံး အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ချေသည်။
ကောင်းကင်ဘုံသုဉ်း ‘ဂူ’ မှာ တုန်ခါသွားပြီးနောက် ရုတ်ချည်းပင် ပေါက်ကွဲသွားကာ သန့်စင်သော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲ၍ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်
ဤအရာသည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သဖြင့် မုန့်ချီလော့နှင့် အခြားသူများ မသိရှိကြသော်လည်း ချင်ယွမ်ဖုန်း၏ ပိန်ချောင်ချောင်ဖြစ်နေသော ခန္ဓာကိုယ်ကြီးမှာ ယခင်ကဲ့သို့ ပြန်လည်သန်မာထွားကျိုင်းလာသည်ကိုမူ မြင်တွေ့လိုက်ကြရသည်။
၎င်းပြင် ခန္ဓာကိုယ်ထဲရှိ အသက်ဇီဝစွမ်းအင်များသည်လည်း တဖြည်းဖြည်း ပြည့်စုံကြွယ်ဝလာချေပြီ။
ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဆက်လက်မှိတ်ထားဆဲ ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း မတ်သွားကာ လက်နှစ်ဖက်ကို သူ၏ဒန်တျန်တွင် ထားရှိထားပြီး ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းစွမ်းအင်များမှာလည်း မပြတ်တမ်း စီးဆင်းနေလေတော့သည်။
“အဆင်ပြေသွားပြီ... သူ အဆင်ပြေသွားပြီ မဟုတ်လား” မုန့်ချီလော့သည် သူမ၏မျက်ဝန်းများကို အားရပါးရ ပွတ်သပ်ရင်း စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ရှာပေ။
လင်းထျန်းနှင့် ချိုးချန်ချီတို့လည်း သက်ပြင်းအရှည်ကြီး ချနိုင်ကြပြီ ဖြစ်သည်။ ယခုကြည့်ရသည်မှာ ချင်ယွမ်ဖုန်းတစ်ယောက် လုံးဝကို ကောင်းမွန်သွားခဲ့ချေပြီ။
သို့သော်လည်း သူတို့ထဲမှ မည်သူမျှ ဤအချိန်၌ ချင်ယွမ်ဖုန်းကို နှောင့်ယှက်ခြင်း မပြုကြပေ။
ခဏအကြာတွင် ချင်ယွမ်ဖုန်းသည် သူ၏မျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်လှစ်လိုက်ပြီး သံသယအချို့ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ မိမိ၏ခန္ဓာကိုယ်ကို ပြန်လည်ဆန်းစစ်လိုက်သည်။
“ ဘာတွေဖြစ်သွားခဲ့တာလဲ” ချင်ယွမ်ဖုန်းက မေးလိုက်၏။
“ယွမ်ဖုန်း...” မုန့်ချီလော့က ငိုကြွေးအော်ဟစ်ရင်း ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အထိန်းအကွပ်မဲ့စွာ ရှိုက်ကြီးတငင် ငိုရှာတော့သည်။
ချင်ယွမ်ဖုန်းသည် မုန့်ချီလော့၏ နောက်ကျောကို အသာအယာပုတ်ရင်း “အဆင်ပြေသွားပါပြီ... အဆင်ပြေသွားပါပြီ... အားလုံး အဆင်ပြေသွားပါပြီ... ဒါပေမဲ့ ငါ့မှာ တကယ်ပဲ ဘာတွေဖြစ်သွားခဲ့တာလဲ” ဟု ညင်သာစွာ ချော့မြှူရင်း မေးလိုက်ပြန်သည်။
“ဘာတွေကို မှတ်မိသေးလဲ” ချိုးချန်ချီက ရှေ့သို့တိုးကာ မေးလိုက်၏။
“ကျွန်တော်မှတ်မိတာက သန့်စင်ခြင်းဆေးလုံးက ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အပေါ် ဘာအာနိသင်မှ မပြခဲ့ဘူးဆိုတာပဲ... အဲဒီနောက်ပိုင်းတော့ ဘာကိုမှ မမှတ်မိတော့ဘူး” ဟု ချင်ယွမ်ဖုန်းက ဆိုသည်။
လင်းထျန်းက ပြုံးလိုက်ပြီး ရေခဲဝိညာဉ်နဂါးပြာဌက်အကြောင်းကို ချင်ယွမ်ဖုန်းအား ပြောပြလိုက်ရာ ချင်ယွမ်ဖုန်းမှာ အလွန်တရာ အံ့အားသင့်သွားရချေသည်။
“ဒါဆို... ရေခဲဝိညာဉ်နဂါးပြာဌက်က ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တာပေါ့” ချင်ယွမ်ဖုန်းက သူ၏နှလုံးသားထဲတွင် ရေခဲဝိညာဉ်နဂါးပြာဌက်အပေါ် ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်နေလျက် ဆိုလိုက်သည်။
မုန့်ချီလော့သည် မျက်ရည်အဝိုင်းသားဖြင့် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်ကာ “ယွမ်ဖုန်း... အခု ဘယ်လိုနေသေးလဲ... မသက်မသာဖြစ်တဲ့ နေရာမျိုး ရှိသေးလား” ဟု မေးရှာသည်။
“မရှိပါဘူး” ချင်ယွမ်ဖုန်းက ခေါင်းခါပြရင်း “အခု ကျွန်တော် တကယ်ပဲ လုံးဝကို နေကောင်းသွားသလို ခံစားရတယ်” ဟု ဆိုလိုက်၏။
ချင်ယွမ်ဖုန်းသည် ခုတင်ပေါ်မှ ကြမ်းပြင်ထက်သို့ ထရပ်ကာ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ပျောက်ကွယ်သွားခြင်းကြောင့် သူ၏ခန္ဓာကိုယ်မှာ သံခြေကျင်းအချို့ကို ဖြုတ်ပယ်လိုက်ရသကဲ့သို့ အလွန်တရာ ပေါ့ပါးသွက်လက်သွားရချေပြီ။
ခန္ဓာကိုယ်ထဲတွင် စုပ်ယူဝါးမြိုခြင်း ခံခဲ့ရသမျှသော အသက်ဇီဝစွမ်းအင်အားလုံး ပြန်လည်ရောက်ရှိလာခဲ့ပြီး ချင်ယွမ်ဖုန်းသည် သူ၏ ပါရမီအရည်အချင်းများ ပြန်လည်နိုးထလာသည်ကို ခံစားလိုက်ရသည်။
ရှောင်လင် ပြောခဲ့သကဲ့သို့ပင် ပါရမီအရည်အချင်းများ ပြန်လည်ကောင်းမွန်လာရန် အချိန်အတန်ငယ် လိုအပ်ဦးမည်ဖြစ်သော်လည်း ဤရလဒ်သည်ပင် ချင်ယွမ်ဖုန်းအား အလွန်တရာ စိတ်ကျေနပ်မှု ရရှိစေခဲ့ပြီ ဖြစ်၏။
အချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ဖြစ်သော ကောင်းကင်ဘုံသုဉ်း ‘ဂူ’ မရှိတော့သည့်နောက် ချင်ယွမ်ဖုန်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မည့်အရာ မရှိတော့ပေ။
၎င်းပြင် သူ၏ပါရမီအရည်အချင်းများ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သူသည် သူ၏ကျင့်စဉ်နယ်ပယ်ကို ပိုမိုမြင့်မားသော အဆင့်သို့ တိုးမြှင့်သွားနိုင်တော့မည် ဖြစ်သည်။
ယခုအချိန်ထက် ပိုမိုကောင်းမွန်သော အခိုက်အတန့်ဟူ၍ မရှိနိုင်တော့ပြီ။
“ပျင်းစရာကြီး...” တံခါးအပြင်ဘက်၌ မုဟွိုက်သည် နံရံကို မှီထားရင်း သူမ၏မျက်နှာတွင် မျက်ရည်စများ ထင်ထင်ရှားရှား ရှိနေသော်လည်း ညင်သာသော အပြုံးတစ်ခုကို ဆင်မြန်းထားလျက် “ချင်ယွမ်ဖုန်း... နင် အသက်မသေတာ ကံကောင်းသွားတယ်... မဟုတ်ရင် ပိုပြီးတော့ ပျင်းစရာကောင်းနေမှာ” ဟု ခပ်တိုးတိုး ဆိုလိုက်လေတော့သည်။
အခန်း(၄၄၆)
ချင်ယွမ်ဖုန်း၏ အသက်ဘေးကို ကယ်တင်နိုင်ခဲ့သည်မှာ သန့်စင်ခြင်းဆေးလုံး မဟုတ်ချေ။ အမှန်စင်စစ်တွင်မူ ရေခဲဝိညာဉ်နဂါးပြာဌက်၏ အနှစ်သာရသွေးအတွင်း ကိန်းအောင်းနေသော စွမ်းအားကသာ ယင်းကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
ဤအခြင်းအရာကြောင့် လောကကြီးတွင် အဆိုးနှင့်အကောင်း၊ အကြောင်းနှင့်အကျိုးတို့သည် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလောက်အောင် တိုက်ဆိုင်တတ်ပါလားဟု ချင်ယွမ်ဖုန်းတစ်ယောက် စိတ်တွင်းမှ ကျိတ်၍ ရေရွတ်မိချေသည်။
ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ပိုးကောင်ကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်းသည် သေဘေးမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ယင်း၏ ပါရမီအရည်အသွေးသည်လည်း တရွေ့ရွေ့ ပြန်လည်ကောင်းမွန်လာနေပြီ ဖြစ်ရာ နှလုံးသားဝယ် အတိုင်းအဆမရှိ ဝမ်းမြောက်ကြည်နူးခြင်း ဖြစ်ရလေသည်။
သို့သော်လည်း ရက်အနည်းငယ် ကြာလွန်သောအခါ မုန့်ချီလော့က ခရီးဆက်ရန် နှုတ်ဆက်စကား ဆိုလာခဲ့သည်။
“မင်းကို တကယ် မခွဲနိုင်ဘူး” ချင်ယွမ်ဖုန်းက မုန့်ချီလော့၏ လက်ကလေးကို ဆုပ်ကိုင်ရင်း ပြုံးလျက် ပြောလိုက်သည်။
မုန့်ချီလော့ကလည်း နူးညံ့စွာ ပြုံးပြန်ကာ “ငါတို့တွေ ပြန်ဆုံဖို့ အခွင့်အရေး အမြဲရှိတာပဲဥစ္စာ” ဟု ဆိုသည်။
“အင်း” ချင်ယွမ်ဖုန်းက အပြုံးမပျက်ဘဲ “နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါကျရင် ငါ အခုထက်မက ပိုပြီး သန်မာလာစေရမယ်” ဟု ကတိပြုလိုက်လေသည်။
ယခုအခါ ချင်ယွမ်ဖုန်း အဓိကထား လုပ်ဆောင်ရမည်မှာ ကျင့်ကြံခြင်းကို စွဲစွဲမြဲမြဲ အားထုတ်ရန် ဖြစ်သည်။ ပါရမီအရည်အသွေးများ ပြန်လည်ရရှိလာပြီ ဖြစ်သောကြောင့် ချင်ဝူယန်းကို ယှဉ်ပြိုင်အံတုရန် ယင်းအတွက် အခွင့်အလမ်း ပိုမိုများပြားလာခဲ့ပြီ ဖြစ်သည်။
ချိန်းဆိုထားသော သုံးနှစ်သက်တမ်း ကာလအတွင်းမှ တစ်နှစ်တာ အချိန်အပိုင်းအခြားသည် ကုန်လွန်ခဲ့ပြီ ဖြစ်ရာ ယခုအခါ နှစ်နှစ်ခန့်သာ ကျန်ရှိတော့သည်။
သို့ရာတွင် မုန့်ချီလော့၏ အဆိုအရ ယခုအချိန်၌ ချင်ဝူယန်း၏ အစစ်အမှန် ကျင့်စဉ်အဆင့်ကို သူမကိုယ်တိုင်ပင် အတတ်မသိနိုင်ကြောင်း၊ သို့သော်လည်း ချင်ဝူယန်းသည် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းမှုတစ်မျိုး နိုးထလာခဲ့ပြီး လက်ရှိချင်ယွမ်ဖုန်းထက် ပိုမိုအစွမ်းထက်နေသည်မှာမူ ဧကန်မုချဖြစ်ကြောင်း သိရသည်။
ဤအချက်က ချင်ယွမ်ဖုန်းအပေါ် ကြီးမားသော ဖိအားများကို သက်ရောက်စေသော်လည်း နှစ်နှစ်တာအတွင်း စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပါက ချင်ဝူယန်းကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု မိမိကိုယ်မိမိ အပြည့်အဝ ယုံကြည်မှု ရှိနေချေသည်။
မုန့်ချီလော့ ထွက်ခွာသွားသော်လည်း ချင်ယွမ်ဖုန်းသည် ဝမ်းနည်းပူဆွေးခြင်း မဖြစ်မိပေ။ ယင်းသည် ကျင့်ကြံခြင်းကိုသာ မနားမနေ အားထုတ်ပြီး နောင်တစ်ချိန်တွင် မုန့်ချီလော့ကို သိက္ခာရှိရှိ၊ ဂုဏ်သရေရှိရှိဖြင့် အများအလယ်ဝယ် တင့်တောင့်တင့်တယ် ထိမ်းမြားလက်ထပ်ရန်သာ စိတ်ပိုင်းဖြတ်ထားသည်။
မုန့်ချီလော့ကဲ့သို့သော မိန်းမမြတ်တစ်ယောက်သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် အထူးချွန်ဆုံး၊ အတောက်ပဆုံးသော ယောက်ျားကောင်းနှင့်သာ ထိုက်တန်ပေရာ ချင်ယွမ်ဖုန်းသည် ထိုရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။
မခွဲခွာမီ ချင်ယွမ်ဖုန်းက မုန့်ချီလော့အား လက်သီးဆုပ်ခန့်ရှိသော ကမ္ဘာမြေခြင်ဆီခဲတစ်ုံးကို ပေးအပ်ခဲ့သည်။
ဤမျှကြီးမားသော ကမ္ဘာမြေခြင်ဆီခဲသည် ဖြတ်တောက်၍မရနိုင်သော တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်ပြီး ကမ္ဘာမြေခြင်ဆီအရည် အမြောက်အမြားကို ထွက်ရှိစေနိုင်သည်။
မုန့်ချီလော့အနေဖြင့် နေ့စဉ်ရက်ဆက် ကမ္ဘာမြေခြင်ဆီအရည်ဖြင့် ရေချိုးလျှင်ပင် လုံလောက်လှပေသည်။
ရှန်းဝူအကယ်ဒမီမှ ခွင့်ယူထားသော ကာလသည်လည်း ကုန်ဆုံးလုနီးပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် ပညာသင်ကြားရန် ရှန်းဝူအကယ်ဒမီသို့ ပြန်သွားရမည် ဖြစ်သည်။
ထို့ကြောင့် မုန့်ချီလော့ ထွက်ခွာသွားပြီးနောက် ချင်ယွမ်ဖုန်းသည်လည်း ရှန့်ရန်ကျွန်းမှ ခရီးဦးလှည့်ခဲ့လေတော့သည်။
မူလက ချိုးချန်ချီသည် ချင်ယွမ်ဖုန်းနှင့်အတူ ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်ရန် ကြံရွယ်ထားသော်လည်း စိတ်ကူးရုတ်တရက် ပြောင်းလဲသွားကာ ဒုန်ဖန်းရှန့်မင်အား မိမိဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လာမည့်အကြောင်း သတင်းစကား ပါးခိုင်းခဲ့သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် နေရပ်ပြန်ခရီးကို တစ်ဦးတည်းသာ လျှောက်လှမ်းခဲ့ရချေသည်။ ယင်းသည် ခရီးအမြန်ရောက်စေရန် နေရာပြောင်း အစီအရင်ကို အသုံးပြုရန် ကြံစည်ခဲ့သော်လည်း မြေနက်မြေရှိ နေရာပြောင်း အစီအရင်မှာ ချို့ယွင်းချက် ရှိနေပုံရပြီး အသုံးပြု၍ မရနိုင်ကြောင်း သိလိုက်ရသည်။
ဆယ်ရက်ခန့် ကြာလွန်သောအခါ ချင်ယွမ်ဖုန်းသည် ရှန့်ရန်ကျွန်းနှင့် ဝေးကွာသော အရပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် ကျင့်စဉ်ကို ပိုမိုခိုင်မာစေရန်နှင့် ပါရမီအရည်အသွေးများကို တရွေ့ရွေ့ ပြန်လည်ဆယ်တင်နိုင်ရန်အတွက် ကမ္ဘာမြေခြင်ဆီအရည်ကို မပြတ်မှီဝဲခဲ့သည်။
ကမ္ဘာမြေမှ ဖြစ်တည်လာသော ကောင်းကင်နှင့် မြေကမ္ဘာ၏ ရတနာများကို မှီဝဲခြင်းက ပါရမီအရည်အသွေးများကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေနိုင်ကြောင်း ရှောင်လင်က ချင်ယွမ်ဖုန်းအား ပြောပြခဲ့ဖူးရာ ဤအချက်သည် ယင်းအတွက် အလွန်ပင် အရေးပါလှပေသည်။
အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ဤခြေတစ်လှမ်းကိုမူ မိမိကိုယ်ပိုင်အစွမ်းဖြင့်သာ ဖြတ်ကျော်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။
“ဒါနဲ့ ရှောင်လင် ဒီအရာက ဘာပစ္စည်းလဲဆိုတာ ငါ့ကို ကူညီကြည့်ပေးလို့ ရမလား။ ဒါကို ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ရဲ့ ရတနာတိုက်တော်ထဲကနေ မရမက ယူခဲ့တာ။ ဘာမှန်းမသိရင် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေလို့” ချင်ယွမ်ဖုန်းက ယင်း၏လည်ပင်းတွင် ဆွဲထားသော ပုတီးစေ့ကို ချွတ်ယူရင်း မေးလိုက်သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်းလက်ထဲရှိ ပုတီးစေ့ကို အသေအချာ စစ်ဆေးကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်လျက် နက်နက်နဲနဲ စဉ်းစားဟန် ပြုသည်။
“ဤအရာက အရမ်းကို နက်နဲဆန်းကြယ်လွန်းတယ်။ ကျွန်မကိုယ်တိုင်တောင် အဆုံးအထိ ထိုးထွင်းမမြင်နိုင်ဘူး ဖြစ်နေတယ်” ဟု ရှောင်လင်က ဆိုသည်။
ချင်ယွမ်ဖုန်းသည် အံ့ဩလွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်သွားရသည်။ ယင်း၏ စိတ်အာရုံထဲတွင် ရှောင်လင်ဆိုသည်မှာ အရာခပ်သိမ်းကို သိမြင်နိုင်သော နတ်ဘုရားကဲ့သို့ အစွမ်းထက်သူ မဟုတ်လော။
“မင်း နောက်နေတာလား။ မင်းတောင် ထိုးထွင်းမမြင်နိုင်တဲ့အရာ ရှိလို့လား”
“အမှန်အတိုင်း ပြောတာပါ” ရှောင်လင်က ခေါင်းညိတ်ပြရင်း “ဒါပေမဲ့ ကျွန်မ ရှေးဟောင်းပုံပြင်တစ်ပုဒ်ကိုတော့ သတိရမိတယ်” ဟု ဆိုသည်။
“ဘာပုံပြင်လဲ” ချင်ယွမ်ဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။
“ပုံပြင်ထဲမှာတော့ စကြဝဠာကြီး စတင်ဖြစ်တည်စအချိန်က လောကကြီးဟာ အစက်အပြောက်လေး တစ်ခုတည်းသာ ဖြစ်ခဲ့ပြီး အဲဒီနောက်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဆိုတယ်။ ထိုသို့သော ကြီးမားတဲ့ ပေါက်ကွဲမှုကြီးကြောင့်ပဲ ကမ္ဘာမြေ၊ ရှန်းဝူ စကြဝဠာ တိုက်ကြီးနဲ့ အခြားသော လောကကမ္ဘာ အနန္တတို့ ဖြစ်တည်လာခဲ့ရတာပေါ့” ဟု ရှောင်လင်က ရှင်းပြသည်။
“အဲဒါနဲ့ ပုတီးစေ့နဲ့ ဘာဆိုင်လို့လဲ”
“မလောပါနဲ့ဦး” ရှောင်လင်က ပြုံးလျက် “ထိုပေါက်ကွဲမှုကြီးကြောင့် ကမ္ဘာလောကများစွာ ဖြစ်တည်လာခဲ့တယ် ဆိုပေမဲ့ လောကကမ္ဘာအသီးသီးကြားထဲမှာ လွင့်စင်ပျံ့နှံ့သွားတဲ့ ကမ္ဘာဦး အပိုင်းအစတွေလည်း အများကြီး ရှိခဲ့တယ်။ အချို့ အပိုင်းအစတွေမှာ ကောင်းကင်နဲ့ မြေကမ္ဘာ ဖြစ်တည်ပြီးသား ရှိနေတတ်သလို၊ အချို့မှာတော့ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတတ်တယ်”
“ကမ္ဘာဦး အပိုင်းအစ ဟုတ်လား” ချင်ယွမ်ဖုန်းက မိမိလက်ထဲရှိ ပုတီးစေ့ကို ငုံ့ကြည့်ရင်း “မင်းပြောချင်တာက ဤအရာက ကမ္ဘာဦး အပိုင်းအစတစ်ခု ဖြစ်နိုင်တယ်ပေါ့ ဟုတ်လား”
“အတတ်တော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ပုတီးစေ့ရဲ့ ပုံသဏ္ဌာန်ကို ကြည့်လိုက်ဦး။ ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ ပုံစံနဲ့ မတူဘူးလား” ဟု ရှောင်လင်က ပြန်မေးသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “တူတော့ တူသားပဲ။ ဒါပေမဲ့ ပုတီးစေ့လေး တစ်စေ့ထဲမှာ လောကကမ္ဘာကြီးတစ်ခုလုံး ရှိနေတယ်လို့ ပြောရင်တော့ ငါ တကယ် မယုံနိုင်ဘူး”
“ဒါက လောကကမ္ဘာကြီး မဟုတ်ဘူးလေ၊ ကမ္ဘာဦး အပိုင်းအစတစ်ခုပဲ။ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခု မဟုတ်တဲ့အတွက် ရတနာတိုက်တော်လို နေရာမျိုးလို့ပဲ သတ်မှတ်လို့ရမယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဤအရာက ကမ္ဘာဦး အပိုင်းအစတစ်ခု ဖြစ်တာကြောင့် တကယ်လို့သာ အခြားလောကကမ္ဘာတွေနဲ့ ပေါင်းစပ်သွားနိုင်ရင် ပြီးပြည့်စုံတဲ့ မဟာကမ္ဘာကြီးတစ်ခု ဖြစ်လာနိုင်ခြေ ရှိတယ်” ဟု ရှောင်လင်က ဆိုလေသည်။
“ပြီးပြည့်စုံတဲ့ မဟာကမ္ဘာကြီး…” ချင်ယွမ်ဖုန်းက ထိုစကားလုံးများကို စိတ်ထဲတွင် ရေရွတ်ရင်း “တကယ်လို့ ဤအရာက ကမ္ဘာဦး အပိုင်းအစတစ်ခု အမှန်ပဲဆိုရင် ငါ ယင်းကို ဘယ်လို နှိုးရမလဲ” ဟု မေးသည်။
ရှောင်လင်က ခေါင်းကို ခါယမ်းကာ “ပြောရခက်တယ်။ ကမ္ဘာလောကတစ်ခု ဖြစ်တည်လာဖို့ဆိုရင် လောကဦး အခြေခံစွမ်းအင် လိုအပ်တယ်။ အဲဒီစွမ်းအင်က အသစ်ဖြစ်တည်လာတဲ့ ကမ္ဘာကို လှုပ်နှိုးပေးနိုင်တာ။ ဒါပေမဲ့ ထိုလောကဦး အခြေခံစွမ်းအင်ဆိုတာက အရမ်းကို နက်နဲလွန်းလှတယ်။ အဲဒါက ကမ္ဘာလောကကြီး လည်ပတ်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တာကြောင့် ဘယ်သူမှ မရရှိဖူးသလို မမြင်ဖူးကြဘူး”
“နက်နဲလွန်းလို့ ငါတောင် ခေါင်းမူးလာပြီ” ချင်ယွမ်ဖုန်းသည် ဤမျှတိုတောင်းသော အချိန်အတွင်း၌ တစ်ခါမျှ မကြားဖူးသော အကြောင်းအရာများကို အဆက်မပြတ် ကြားသိခဲ့ရသဖြင့် စိတ်အာရုံများ ရှုပ်ထွေးဝေဝါး သွားရချေသည်။
ယင်း၏ လက်ထဲရှိ ပုတီးစေ့လေးသည်ကား မည်သို့မျှ ပြောင်းလဲခြင်း မရှိသေးချေ။ ချင်ယွမ်ဖုန်းသည် ယင်းကို ဓားဖြင့် ခုတ်ကြည့်ခြင်း၊ ပုဆိန်ဖြင့် ထုကြည့်ခြင်း၊ မီးဖြင့် ရှို့ကြည့်ခြင်းနှင့် လျှပ်စီးဓာတ်ဖြင့် ပစ်ခတ်ကြည့်ခြင်း စသည်ဖြင့် နည်းမျိုးစုံ သုံးခဲ့သော်လည်း အရာအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
“လောကဦး အခြေခံစွမ်းအင်ဆိုတာ တကယ်တော့ ဘယ်လို စွမ်းအားမျိုး ဖြစ်မလဲ” ချင်ယွမ်ဖုန်းက ဦးနှောက်ကို အစွမ်းကုန် ခြောက်ထုတ် စဉ်းစားသော်လည်း အဖြေရှာမရ ဖြစ်နေသည်။
“ဖြစ်နိုင်တာကတော့… လောကဦး အခြေခံစွမ်းအင်ဆိုတာ သက်ရှိတို့ရဲ့ ဇီဝအသက်စွမ်းအား ဖြစ်လိမ့်မယ်” ဟု ရှောင်လင်က ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ရုတ်တရက် အော်ဟစ်ကာ သတိပေးလိုက်သည်။
“ဇီဝအသက်စွမ်းအား ဟုတ်လား” ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။ ယင်းသည် မိမိ၏ ကိုယ်ပိုင်ဇီဝအသက်စွမ်းအား အနည်းငယ်ကို ပုတီးစေ့ထဲသို့ ထည့်သွင်းရန် ကြိုးစားကြည့်သည်။
ဇီဝအသက်စွမ်းအား ဆိုသည်မှာ စိတ်ကူးသက်သက်အရာ ဖြစ်ပြီး မျက်စိဖြင့် မမြင်နိုင်၊ လက်ဖြင့်လည်း ကိုင်တွယ်၍ မရနိုင်ချေ။
သို့သော်လည်း ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ပိုးကောင်သည် ချင်ယွမ်ဖုန်း၏ ဇီဝအသက်စွမ်းအားများကို စုပ်ယူခဲ့ပြီး ပျက်စီးသွားချိန်တွင် ယင်းစွမ်းအားအားလုံးကို ပြန်လည်ပေးအပ်ခဲ့ဖူးရာ ချင်ယွမ်ဖုန်းအနေဖြင့် ဇီဝအသက်စွမ်းအား၏ သဘောတရားကို အထိုက်အလျောက် နားလည်ထားပြီး ဖြစ်သည်။
ယင်းသည် ကိုယ်ရှိသမျှ အင်အားကို အသုံးပြု၍ မိမိ၏ ဇီဝအသက်စွမ်းအား အနည်းငယ်ကို ခွဲထုတ်ကာ ပုတီးစေ့အတွင်းသို့ တရွေ့ရွေ့ ပို့လွှတ်လိုက်ရာ ချင်ယွမ်ဖုန်းတစ်ယောက် နဖူးမှ ချွေးစက်များပင် စီးကျလာရသည်။
သို့သော် ထိုခဏ၌ပင် ပုတီးစေ့အတွင်း၌ အစစ်အမှန် ပြောင်းလဲမှုတစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။
အပေါ်ဘက်ရှိ ပြာလဲ့လဲ့အပိုင်းသည် ချက်ချင်းဆိုသလို ကတ္တရာစေးကဲ့သို့ မည်းနက်သွားပြီး ယင်းအတွင်း၌ မည်းမှောင်သော မိုးတိမ်များနှင့် လျှပ်စီးလက်မှုများ ကဲ့သို့သော အလင်းတန်းများ ဝဲလည် လှည့်ပတ်လာခဲ့သည်။
“ပြောင်းလဲမှု ဖြစ်လာပြီ” ချင်ယွမ်ဖုန်းက အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သည်။
ရှောင်လင်သည်လည်း မျက်မှောင်ကြုတ်လျက် “သခင်… တကယ်ပဲ ကံထူးသွားတာ ဖြစ်နိုင်တယ်။ ဤအရာက တကယ့်ကို ကမ္ဘာဦး အပိုင်းအစတစ်ခု ဖြစ်ပုံရတယ်” ဟု အားတက်သရော ဆိုသည်။
လက်ရှိအချိန်တွင် ချင်ယွမ်ဖုန်းသည် အလွန်နက်နဲဆန်းကြယ်သော အခြေအနေတစ်ရပ်သို့ ရောက်ရှိနေသည်။ ယင်း၏ စိတ်အာရုံများ ဝေဝါးနေပြီး ဦးခေါင်းထက်ရှိ မိုးကောင်းကင်သည်လည်း ရုတ်ချည်းဆိုသလို မည်းမှောင်သော မိုးတိမ်များနှင့် လျှပ်စီးတဖျတ်ဖျတ် လက်မှုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
မကြာမီပင် သည်းထန်စွာ ရွာသွန်းသော မိုးသက်မုန်တိုင်းက ကျရောက်လာပြီး ချင်ယွမ်ဖုန်း၏ တစ်ကိုယ်လုံးကို ရွှဲရွှဲစိုသွားစေသည်။
ထိုသို့သော အခြေအနေက ချင်ယွမ်ဖုန်းအား ရုတ်တရက် သတိပြန်ဝင်လာစေသည်။ မူလက ယင်းသည် မိမိ၏ ဝိညာဉ်လှေငယ်ပေါ်တွင် ထိုင်နေခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ မြေနက်မြေ ကွင်းပြင်ကြီးတစ်ခုပေါ်တွင် မတ်တပ်ရပ်နေမိပါလားဟု အံ့ဩစွာ သိရှိလိုက်ရလေတော့သည်။