← Chapters

အခန်း (၄၄၇-၄၄၈)

Vol. 23 Ch. 447-448

အခန်း (၄၄၇-၄၄၈)

Vol. 23 Ch. 447-448

အခန်း (၄၄၇)စတင်ခြင်း

ထိုနေရာရှိ မြေပြင်မှာ မြက်တစ်ပင်မျှပင် ပေါက်ရောက်ခြင်းမရှိဘဲ သက်ရှိဟူသမျှ ကင်းမဲ့နေသည့် မြေနက်မြေကြီး ဖြစ်ချေသည်။

“ဒါ ဘယ်နေရာလဲ”

ချင်ယွမ်ဖုန်းသည် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်ရှုလိုက်၏။ အဆုံးအစမရှိ ကျယ်ပြောလှသော မြေပြင်တစ်ခုလုံးမှာ သက်ရှိသတ္တဝါ ကင်းမဲ့နေသည့် မြေနက်မြေကြီးသက်သက်သာ ဖြစ်နေပြီး ကြည့်ရုံမျှဖြင့် စိတ်ပျက်အားငယ်မှုကို ဖြစ်ပေါ်စေပေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် သတိပြန်ဝင်လာကာ “ငါ အခု ရတနာပုတီးစေ့ထဲ ရောက်နေတာလား” ဟု ရေရွတ်လိုက်မိသည်။

ထိုစဉ် စနစ်ဖြစ်သော ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း “သခင်... အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်၊ ဒါဟာ တကယ့် ကမ္ဘာဦးအစ စကြဝဠာအပိုင်းအစတစ်ခုပဲ၊ အခု သခင်က အဲဒီ စကြဝဠာအပိုင်းအစထဲကို ရောက်နေတာပါ” ဟု ပြောကြားလိုက်၏။

ချင်ယွမ်ဖုန်းသည် မိမိပါးကို မိမိ ဆိတ်ဆွဲကြည့်လိုက်ရာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် အိပ်မက်မက်နေခြင်း မဟုတ်သည်ကို သိရှိသွားတော့သည်။

“ဟားဟားဟား... ဒါက တကယ့်ကို ကမ္ဘာငယ်လေးရဲ့ စကြဝဠာအပိုင်းအစပဲ” ချင်ယွမ်ဖုန်းသည် ဝမ်းသာအားရဖြစ်လွန်းသဖြင့် ပေါင်သုံးရာခန့် ဝဖြိုးသော လူဝကြီးတစ်ယောက်ကဲ့သို့ မိုးရေထဲတွင် ခုန်ပေါက်ကပြနေတော့သည်။

သို့သော်လည်း ထိုစကြဝဠာအပိုင်းအစထဲတွင် မိုးရွာသွန်းသည့် အသံမှတစ်ပါး အခြားအသံဟူသမျှ ဆိတ်ငြိမ်နေချေသည်။

ကျယ်ပြောလှသော်လည်း ဟာလာဟင်းလင်း ဖြစ်နေသည့် ထိုမြေရိုင်းကြီးသည် လူကို စိတ်ပျက်အားငယ်မှုသာ ပေးစွမ်းနိုင်ပေသည်။

ထို့ပြင် ယခုကဲ့သို့ သည်းထန်စွာ မိုးရွာသွန်းခြင်းမှာလည်း ချင်ယွမ်ဖုန်းက မိမိ၏ ကိုယ်တွင်းစွမ်းအင် အနည်းငယ်ကို ယင်းထဲသို့ ပို့လွှတ်လိုက်ပြီးနောက်မှသာ ဖြစ်ပေါ်လာခြင်း ဖြစ်ရာ ထိုအခြင်းအရာက ဘာကို ဆိုလိုသည်ကိုမူ ချင်ယွမ်ဖုန်း ကိုယ်တိုင်လည်း နားမလည်သေးပေ။

သည်းထန်စွာ ရွာသွန်းသော မိုးသည် ခဏမျှ ကြာပြီးနောက် မကြာမီပင် စဲသွားတော့သည်။ ကောင်းကင်ယံတွင် နေမင်းကြီးက ဆက်လက် ထွန်းလင်းတောက်ပနေဆဲ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းကို အံ့အားသင့်စေမည့် ကိစ္စတစ်ခု ဖြစ်ပျက်လာချေသည်။

မိမိခြေဖဝါးအောက်ရှိ စိုစွတ်နေသော မြေနက်မြေပေါ်တွင် စိမ်းစိုသော မြက်နုလေးများက ဖြည်းညှင်းစွာ စတင် ပေါက်ရောက်လာကြသည်။ ခဏမျှအတွင်းမှာပင် ကမ္ဘာတစ်ခုလုံး စိမ်းလန်းစိုပြည်သွားတော့၏။

“ဒါ ဘာဖြစ်တာလဲ” ချင်ယွမ်ဖုန်းက သက်ရှိအလင်းရောင်များဖြင့် ပြည့်နှက်သွားသည့် စကြဝဠာအပိုင်းအစကို ကြည့်ရင်း မေးမြန်းလိုက်သည်။

ရှောင်လင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် သေချာရေရာခြင်းမရှိသည့် လေသံဖြင့် “ဖြစ်နိုင်တာကတော့... သခင်က ဒီကမ္ဘာကို အသက်သွင်းလိုက်တာ နေမှာပါ” ဟု ပြောလိုက်ချေသည်။

ထိုကမ္ဘာငယ်လေး အသက်ဝင်လာသည့်အခါ ခပ်သိမ်းသော အရာတို့သည် စတင်ရှင်သန် ကြီးထွားလာပြီး သက်ရှိအလင်းရောင်များ ပေါ်ထွက်လာတော့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်း၏ စိတ်နှလုံးထဲ၌ ထိုစကြဝဠာအပိုင်းအစနှင့် နက်ရှိုင်းသော ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာချေသည်။

ဤကမ္ဘာငယ်လေးထဲတွင် ချင်ယွမ်ဖုန်းသည် အကြွင်းမဲ့ အာဏာပိုင်စိုးသူ ဖြစ်ပေသည်။ သေးငယ်သော မြက်ပင်လေးတစ်ပင်၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းမှအစ နေမင်းကြီး၏ ထွက်ပြူခြင်းနှင့် ဝင်ရောက်ခြင်းတို့ကိုပင် သူကသာ စီရင်ပိုင်ခွင့် ရှိချေသည်။

ထို့ပြင် စကြဝဠာအပိုင်းအစတစ်ခုလုံးရှိ အရာရာတိုင်းကိုလည်း ချင်ယွမ်ဖုန်းက စိတ်အာရုံဖြင့် အလုံးစုံ မြင်တွေ့နေရသည်။ သေးငယ်သော မြူမှုန်တစ်စေ့ပင်လျှင် ချင်ယွမ်ဖုန်း ပိုင်ဆိုင်သော အရာ ဖြစ်လာတော့သည်။

ထိုအရာအားလုံးမှာ ချင်ယွမ်ဖုန်းက ဤကမ္ဘာကို အသက်သွင်းပေးခဲ့သောကြောင့် ဖြစ်ပေရာသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဤကမ္ဘာ၏ လည်ပတ်မှုကို ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။

တစ်ချိန်တည်းမှာပင် ဤစကြဝဠာအပိုင်းအစသည် မိမိအလိုအလျောက် ဆင့်ကဲပြောင်းလဲလာနိုင်မလား၊ သို့မဟုတ် သက်ရှိလူသားများအထိ ပေါ်ထွက်လာနိုင်မလားဆိုသည်ကို ချင်ယွမ်ဖုန်း အလွန်ပင် စိတ်ဝင်စားမိချေသည်။

စကြဝဠာအပိုင်းအစတစ်ခုလုံး၏ ပုံသဏ္ဌာန်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ထင်ဟပ်နေသည်။ ထိုအခါမှသာ ဤစကြဝဠာအပိုင်းအစသည် လုယွဲ့အင်ပါယာ ခန့်မျှ ကျယ်ဝန်းပြီး ပုံသဏ္ဌာန်မမှန်သော စည်းဝိုင်းပုံရှိသော်လည်း အစွန်းတစ်ဖက်တွင် ကြီးမားသော ဟာကွက်တစ်ခု လိုအပ်နေသည်ကို ချင်ယွမ်ဖုန်း သိရှိသွားတော့သည်။

ယင်းက ကိုက်ဖြတ်ထားသည့် ပန်းသီးတစ်လုံးကဲ့သို့ ထင်ရှားလွန်းလှပေသည်။

ချင်ယွမ်ဖုန်းသည် စိတ်ကူးလိုက်ရုံမျှဖြင့် မိမိ၏ ခန္ဓာကိုယ်ကို ထိုဟာကွက်ကြီးရှိရာ အစွန်းသို့ ချက်ချင်း ရောက်ရှိသွားစေသည်။

ဤကဲ့သို့ ဟင်းလင်းပြင်နှင့် အချိန်ကာလကို ဖြတ်သန်းသွားလာရသည့် ခံစားချက်က ချင်ယွမ်ဖုန်းကို အတိုင်းထက်အလွန် သက်တောင့်သက်သာ ရှိစေပေသည်။

ဤနေရာတွင် သူသည် ဖန်ဆင်းရှင် ဖြစ်သဖြင့် မိမိအလိုရှိရာ မှန်သမျှကို ပြုလုပ်နိုင်ပေသည်။

ထိုဟာကွက်ကြီးမှာ အလွန်ပင် ကျယ်ဝန်းလှပြီး အနည်းဆုံး ဆေးနတ်ဘုရားဂိုဏ်း၏ နယ်မြေခန့်မျှ ရှိချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ နောက်ကွယ်ရှိ မြေနက်မြေကြီးကို ချက်ချင်းပင် တွေးတောမိသွားသည်။

မိမိ၏ အိမ်ဂေဟာသဖွယ် သတ်မှတ်ထားသော ထိုနေရာကို ဤကမ္ဘာငယ်လေးထဲသို့ ရွှေ့ပြောင်းလိုက်လျှင် မည်သို့ ဖြစ်မည်နည်း။

“ရှောင်လင်... အပြင်က မြေပြင်ကို ဒီထဲ ရွှေ့လာလို့ ရမလား” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

ရှောင်လင်က မျက်မှောင်ကြုတ်လျက် “ကျွန်မလည်း သေချာမသိဘူး သခင်၊ ဒါပေမဲ့ သခင် စမ်းကြည့်လို့တော့ ရပါတယ်၊ ဒါပေမဲ့ အရင်ဆုံး ထိုက်ချင်း နတ်လေပြည် အစီအရင်ကို အဆင့်မြှင့်တင်ဖို့ လိုလိမ့်မယ်၊ အဲဒီလိုလုပ်မှ အစီအရင်နဲ့ မြေနက်မြေကြီးက တစ်သားတည်း ဖြစ်သွားပြီး ဖြစ်နိုင်ခြေ ရှိလာမှာပါ” ဟု ပြန်လည်ဖြေကြားသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ချေသည်။ ထိုက်ချင်း နတ်လေပြည် အစီအရင်မှာ တတိယအဆင့် အစီအရင်မျှသာ ဖြစ်သဖြင့် အဆင့်မြှင့်တင်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။

သို့သော်လည်း အစီအရင်ကို အဆင့်မြှင့်တင်ရန်အတွက် အမြောက်အမြားလိုအပ်သော လက်နက်သွန်းလုပ်ရေး ပစ္စည်းများက ချင်ယွမ်ဖုန်းကို စိတ်ရှုပ်ထွေးသွားစေသည်။

“ရှောင်လင်... ဘယ်လို ပစ္စည်းတွေ လိုအပ်လဲ၊ ငါ့အတွက် စာရင်းရေးပေးပါ၊ ရအောင် ရှာနိုင်မလား ကြည့်ရတာပေါ့” ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်၏။

ရှောင်လင်က ခေါင်းညိတ်ကာ ပစ္စည်းအမည်များ သိပ်သည်းစွာ ရေးမှတ်ထားသည့် စာရွက်အရှည်ကြီးတစ်ခုကို ချင်ယွမ်ဖုန်းထံသို့ ဆတ်ကနဲ ကမ်းပေးလိုက်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုပစ္စည်းများနှင့် ပတ်သက်၍ အပေါ်ယံမျှသာ သိရှိသဖြင့် ရှောင်လင်ထံမှ ‘ကမ္ဘာမြေရတနာ စုံလင်ခြင်းကျမ်း’ တစ်စောင်ကို ဝယ်ယူလိုက်ရတော့သည်။

မကြည့်ခင်က ဘာမျှမသိသော်လည်း ကြည့်လိုက်သည့်အခါတွင်မူ သူ အလွန်ပင် ထိတ်လန့်သွားရချေသည်။

လိုအပ်သော ပစ္စည်းများမှာ အလွန်တရာ အမြောက်အမြား ဖြစ်နေပြီး အထူးသဖြင့် ရှောင်လင်က အနီရောင်ဖြင့် ဝိုင်းပြထားသည့် ပစ္စည်းအချို့မှာ ဆဋ္ဌမအဆင့် ရတနာလက်နက်များကို သွန်းလုပ်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

“ဒါတွေက အစီအရင်ကို ဆဋ္ဌမအဆင့်အထိ မြှင့်တင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပါ၊ ကျွန်မ ခန့်မှန်းရသလောက်တော့... မြေနက်မြေကို ဒီစကြဝဠာအပိုင်းအစထဲ ရွှေ့ပြောင်းချင်ရင် ထိုက်ချင်း နတ်လေပြည် အစီအရင်ကို အနည်းဆုံး ဆဋ္ဌမအဆင့်အထိ မြှင့်တင်ဖို့ လိုပါလိမ့်မယ်” ဟု ရှောင်လင်က တည်ငြိမ်စွာ ပြောကြားလိုက်သည်။

“ကောင်းပြီလေ... ငါ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ့မယ်” ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်မိချေသည်။

ယခင်က ချင်ယွမ်ဖုန်းသည် လူတစ်ဦးကို သတ်ဖြတ်ပြီးတိုင်း ထိုသူ၏ သိုလှောင်အိတ်ထဲရှိ အရာအားလုံးကို သိမ်းဆည်းလေ့ ရှိသည်။

ယခုအချိန်တွင် သူ၏ သိုလှောင်လက်စွပ်ထဲ၌ လက်နက်သွန်းလုပ်ရေး ပစ္စည်းအများအပြား ရှိနေသော်လည်း ဤစာရင်းနှင့် နှိုင်းယှဉ်ပါက မပြောပလောက်အောင် သေးငယ်နေသေးသည်။

အနည်းဆုံး လိုအပ်ချက်၏ လေးပုံသုံးပုံခန့် လက်နက်သွန်းလုပ်ရေး ပစ္စည်းများနှင့် အခြား အလွန်အဖိုးတန်သော ပစ္စည်းအချို့ ထပ်မံ လိုအပ်နေသေးချေသည်။

ဤကိစ္စမှာ အလောတကြီး လုပ်ဆောင်၍ ရနိုင်သောအရာ မဟုတ်သဖြင့် ချင်ယွမ်ဖုန်းသည် ယခုလောလောဆယ်တွင် ဤအကြောင်းအရာကို ဘေးဖယ်ထားလိုက်တော့သည်။

ချင်ယွမ်ဖုန်းသည် စကြဝဠာအပိုင်းအစထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏ စိတ်အာရုံက ရုတ်တရက် တုန်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်က ဝုန်းကနဲ လှုပ်ရှားသွားပြီး အခြားသော နေရာတစ်ခုသို့ ချက်ချင်း ရောက်ရှိသွားတော့၏။

ဤနေရာရှိ မြက်ခင်းပြင်မှာ ထူးခြားစွာ စိမ်းလန်းစိုပြည်နေပြီး အရေးကြီးဆုံးအချက်မှာ ချင်ယွမ်ဖုန်းသည် ထိုမြက်ခင်းများထဲတွင် အလွန်သေးငယ်သော သတ္တဝါလေးတစ်ကောင်ကို ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်ချေသည်။

“ဒီနေရာက ကမ္ဘာကြီးက ဘာလို့ ဒီလောက်မြန်မြန် ဆင့်ကဲပြောင်းလဲနေရတာလဲ” ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်လျက် ဝေခွဲမရစွာ မေးမြန်းလိုက်သည်။

ရှောင်လင်ကလည်း ခေါင်းခါယမ်းလျက် “ကျွန်မထင်တာတော့... အဓိက အကြောင်းရင်းက သခင်နဲ့ပဲ ဆက်စပ်နေပါတယ်၊ သခင် ဒီကမ္ဘာထဲကို ထည့်သွင်းလိုက်တဲ့ ကိုယ်တွင်းစွမ်းအင်က သခင်ရဲ့ သွေးသားစွမ်းအင် ဖြစ်နေပြီး ဒီကမ္ဘာကြီးက သခင် ရှိနေတဲ့ ကမ္ဘာအတိုင်း လိုက်လံပြောင်းလဲနေတာပါ” ဟု ဆို၏။

“အော်... ဒါကြောင့်ကိုး” ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “ဒါဆို ဒီနေရာမှာ လူသားတွေရော ပေါ်လာနိုင်မလား” ဟု မေးလိုက်သည်။

“နောက်ဆုံးတော့ ပေါ်လာလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်” ဟု ရှောင်လင်က ဖြေကြားသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် စိတ်ကူးလိုက်ရုံမျှဖြင့် ထိုစကြဝဠာအပိုင်းအစထဲမှ ထွက်ခွာခဲ့တော့သည်။

သူသည် ဝိညာဉ်လှေငယ်ပေါ်တွင် ပြန်လည်ပေါ်လာချေသည်။ ယခုအချိန်တွင် စကြဝဠာအပိုင်းအစ ပုတီးစေ့လေးမှာ သူ၏ ခြေရင်း၌ ငြိမ်သက်စွာ လဲလျောင်းနေပြီး မြွေဟောက်နက်ဖြစ်သော ရှောင်ဟေးမှာလည်း စိုးရိမ်ပူပန်စွာဖြင့် ဟိုဟိုဒီဒီ ကူးခတ်နေသည်။

ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ ယင်းက ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရင်းနှီးကျွမ်းဝင်စွာဖြင့် တွားတတ်လာတော့သည်။

ချင်ယွမ်ဖုန်းသည် ပုတီးစေ့ကို ကောက်ယူကာ လည်ပင်းတွင် ဆွဲလိုက်ပြီး ရှောင်ဟေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ယခင်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စကြဝဠာအပိုင်းအစထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခြင်းကြောင့်သာ ရှောင်ဟေးက သူ့ကို ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်သွားရခြင်း ဖြစ်ပေမည်။

“ကဲ... သွားကြစို့” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။ မိမိတွင် စကြဝဠာအပိုင်းအစတစ်ခု ရှိနေသည့် ကိစ္စကို လျှို့ဝှက်ထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

သို့မဟုတ်ပါက ချင်ယွမ်ဖုန်းသည် ရေတွက်၍မရနိုင်သော လိုက်လံဖမ်းဆီးသတ်ဖြတ်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ကမ္ဘာတစ်ခု၏ နတ်ဘုရား ဖြစ်လာနိုင်ခြင်းဟူသည် မည်သူမဆို မငြင်းဆန်နိုင်သည့် ကြီးမားလှသော မက်လုံးတစ်ခု ဖြစ်ပေရာ မည်သူမျှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။

နောက်ထပ် သုံးရက် ကုန်လွန်သွားသော်လည်း ချင်ယွမ်ဖုန်းသည် ကျင့်ကြံခြင်းကို တစ်ချက်မျှ မရပ်နားခဲ့ပေ။ မိမိ၏ ကျင့်စဉ်အဆင့် အတားအဆီးပင်လျှင် အနည်းငယ် လျော့ရဲလာသည်ဟု သူ ခံစားနေရသည်။

သူသည် ကျယ်ပြောလှသော ပင်လယ်ပြင်တစ်ခုသို့ ရောက်ရှိလာပြီးနောက် ခရီးစဉ်ကို ရပ်တန့်လိုက်ချေသည်။ သူသည် ဤပင်လယ်ပြင်ကို မှတ်မိနေသည်။

ယခင်က ဤနေရာတွင် သင်္ဘောကြီးနောက်သို့ အကြေးခွံဧရာ ပင်လယ်ဖျံကြီးတစ်ကောင် လိုက်ပါလာခဲ့ဖူးသည်။ ထိုစဉ်က ချင်ယွမ်ဖုန်း ကိုယ်တိုင် ပင်လယ်ထဲသို့ ဆင်းကာ ထိုအကြေးခွံဧရာ ပင်လယ်ဖျံကြီးကို ရှင်းလင်းခဲ့ရသဖြင့် သင်္ဘောကြီး ဆက်လက်ခရီးနှင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

အခန်း (၄၄၈) အကြေးခွံဧရာ ပင်လယ်ဖျံကြီး၏ ကလဲ့စားခြေခြင်း

ထိုသို့ဆိုသော်လည်း ချင်ယွမ်ဖုန်းသည် ယင်းပင်လယ်ပြင်အောက်ခြေ၌ ဧရာမကြေးညိုတံခါးကြီးတစ်ချပ် ရှိနေသည်ကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ချေသည်။

ယခုအခါ ဤနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် ထိုကြေးညိုတံခါးကြီး၏ နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသည်ကို ဆင်း၍ကြည့်ရှုလိုစိတ် ပြင်းပြနေမိပေသည်။

အထူးသဖြင့် ယင်းတံခါးကြီးသည် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်၏ ရတနာတိုက်တော်နှင့် အလွန်တရာ ဆင်တူယိုးမှား ဖြစ်နေသောကြောင့်ပင် ဖြစ်တန်ရာသည်။

ထိုအရာသည် ရှေးဟောင်းအဆောက်အအုံများမှ ကျန်ရစ်ခဲ့သော ရတနာတိုက်တော်တစ်ခုလည်း ဖြစ်နိုင်ပေသည်။

ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် မိမိ၏ ဝိညာဉ်လှေငယ်ကို သိမ်းဆည်းလိုက်ပြီးနောက် ရှောင်ဟေးကို ခေါ်ဆောင်ကာ ပင်လယ်ရေထဲသို့ ငုပ်လျှိုးဆင်းသွားခဲ့ချေသည်။

တိကျသော တည်နေရာကို ရေရေရာရာ မမှတ်မိတော့သော်လည်း ကြေးညိုတံခါးကြီးသည် ဤပင်လယ်ပြင်ဝန်းကျင်၌သာ ရှိရမည်ဟု ချင်ယွမ်ဖုန်း အသေအချာ သိရှိနေမိသည်။

ခေတ္တမျှ လိုက်လံရှာဖွေပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် ဧရာမကြေးညိုတံခါးကြီးကို လှမ်း၍မြင်လိုက်ရလေသည်။

ချင်ယွမ်ဖုန်းသည် ရင်တလှပ်လှပ် လှုပ်ရှားလျက် ကြေးညိုတံခါးကြီး၏ ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့သည်။

ဤတံခါးကြီးကို မြင်တွေ့ရခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်သော်ငြားလည်း ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ လွန်စွာပင် အံ့ဩတုန်လှုပ်မိဆဲ ဖြစ်ချေသည်။

ထိုကြေးညိုတံခါးကြီးသည် အမြင့်ပေ သုံးဆယ်ခန့် ရှိနေသဖြင့် ဘီလူးသတ္တဝါကြီးများသာလျှင် ယင်းတံခါးကြီးကို အသုံးပြုနိုင်လိမ့်မည်ဟု ထင်မှတ်ရပေသည်။

“ဒီကြေးညိုတံခါးကြီးက တကယ်တော့ ဘာကြီးလဲ” ဟု ချင်ယွမ်ဖုန်းက မိမိ၏ စိတ်အာရုံထဲ၌ ရှိနေသော ရှောင်လင်ကို တိုးညှင်းစွာ လှမ်း၍မေးမြန်းလိုက်သည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ ပေါ်လာပြီး ကြေးညိုတံခါးကြီးကို စေ့စေ့စပ်စပ် အကဲဖြတ်ကြည့်ရှုကာ မျက်မှောင်ကို အင်္ဂါစုံအောင် ကြုတ်လိုက်ရင်း “ဒီတံခါးကြီးက မှော်ရတနာတစ်ခုနဲ့လည်း တူတယ်၊ ဒါမှမဟုတ် တံဆိပ်တော် အစီအရင်တစ်ခုနဲ့လည်း ဆင်တူနေတယ်” ဟု ဆိုလေသည်။

“တံဆိပ်တော် အစီအရင် ဟုတ်လား” ချင်ယွမ်ဖုန်း လန့်ဖျပ်သွားပြီး “ဒါက မိစ္ဆာဂိုဏ်းသားတွေကို ပိတ်လှောင်ထားတဲ့ နေရာတွေထဲက တစ်ခုတော့ မဟုတ်ပါဘူးနော်၊ ဒီပင်လယ်ပြင်ထဲမှာ မိစ္ဆာဂိုဏ်းသားတွေနဲ့ ထပ်ပြီးတော့ မတိုက်ခိုက်ချင်တော့ဘူး” ဟု ရေရွတ်လိုက်သည်။

ရှောင်လင်က ဦးခေါင်းကို ခါယမ်းလိုက်ပြီး “မဟုတ်လောက်ပါဘူး၊ မိစ္ဆာဂိုဏ်းသားတွေကို ချုပ်နှောင်ထားတဲ့ ပုံစံမျိုးနဲ့တော့ မတူဘူး၊ ဒါပေမဲ့ ဒီကြေးညိုတံခါးကြီးကလည်း တော်တော်လေးကို ရှေးကျတဲ့အရာပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရှောင်လင် ရှင်းပြမနေလျှင်ပင် ချင်ယွမ်ဖုန်း ကိုယ်တိုင် မြင်တွေ့နိုင်ပေရာ ကြေးညိုတံခါးကြီးပေါ်၌ သံချေးများ တက်နေရုံမျှမက ခရုခွံများနှင့် သန္တာကျောက်တန်းများပါ တွယ်ကပ်နေသည်ကို တွေ့ရသည်။

လွန်ခဲ့သော အကြိမ်က ချင်ယွမ်ဖုန်းအနေဖြင့် အချိန်ကျဉ်းမြောင်းလှသဖြင့် စွမ်းအားအပြည့် မထုတ်နိုင်ခဲ့သောကြောင့် ဤကြေးညိုတံခါးကြီးကို တွန်းမဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ကြေးညိုတံခါးကြီး၏ ရှေ့သို့ ဖြည်းညှင်းစွာ ကူးခတ်သွားပြီး မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို စုစည်းကာ အားကုန်သုံး၍ ရှေ့သို့ တွန်းလွှတ်လိုက်လေသည်။

ပြင်းထန်လှသော ကိုယ်တွင်းစွမ်းအင်များသည် ပင်လယ်ရေအောက်၌ ဧရာမ ရေပူဖောင်းကြီးတစ်ခုကိုပင် ဖြစ်ပေါ်စေပြီး ချင်ယွမ်ဖုန်းအား လွှမ်းခြုံထားခဲ့ချေသည်။

ကြေးညိုတံခါးကြီးသည် အနည်းငယ် တုန်ခါသွားပြီး ယင်းပေါ်တွင် တွယ်ကပ်နေသော သံချေးများ တဖွဲဖွဲ ကွာကျလာသော်လည်း တံခါးကြားအက်ကြောင်းမှာမူ လုံးဝ ရွေ့လျားခြင်း မရှိခဲ့ပေ။

နောက်ဆုံးတွင်မူ ချင်ယွမ်ဖုန်းသည် ထိုအကြံကို လက်လျှော့လိုက်ရတော့သည်။ မိမိတစ်ယောက်တည်း၏ အင်အားဖြင့်မူ ဤကြေးညိုတံခါးကြီးကို တွန်းဖွင့်နိုင်ရန် မဖြစ်နိုင်ကြောင်း သူ နားလည်သွားခဲ့ရသည်။

အတိအကျပင် ထိုစဉ်၌ ချင်ယွမ်ဖုန်းသည် မိမိထံသို့ ပြင်းထန်သော အင်အားတစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို ရုတ်ခြည်း ခံစားလိုက်ရသဖြင့် ပင်ကိုယ်သိစိတ်အရ ဘေးဘက်သို့ အသာအယာ ရှောင်တိမ်းလိုက်ချေသည်။

ရေမြှားတစ်စင်းသည် ချင်ယွမ်ဖုန်း၏ အဝတ်အစားများကို သီသီလေး ဖြတ်သန်းသွားပြီး ကြေးညိုတံခါးကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကာ သံချေးအမြောက်အမြားကို လွင့်စင်သွားစေခဲ့သည်။

ချင်ယွမ်ဖုန်း ကပျာကယာ လှည့်ကြည့်လိုက်ရာ ပင်လယ်ရေအောက်၌ ဧရာမ အရိပ်မည်းကြီးတစ်ခုသည် ၎င်းတို့ထံသို့ အရှိန်အဟုန်ပြင်းစွာ ကူးခတ်လာနေသည်ကို မြင်လိုက်ရသည်။

သူက လက်ညှိုးကို တောက်တစ်ချက် ခတ်လိုက်ရာ မီးတောက်လုံးတစ်ခုသည် ၎င်းတို့၏ ဦးခေါင်းထက်၌ လျင်မြန်စွာ ပေါ်ထွက်လာပြီး ယင်း၏ အလင်းရောင်ကြောင့် ထိုအရိပ်မည်းကြီး၏ ပုံပန်းသဏ္ဌာန်မှာ ထင်ရှားပေါ်လွင်လာခဲ့ချေသည်။

ထိုအရာသည်ကား အကြေးခွံဧရာ ပင်လယ်ဖျံကြီးတစ်ကောင် ဖြစ်နေတော့သည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ မိမိအနေဖြင့် ဤမျှအထိ ကံဆိုးလှပြီး ဤနေရာ၌ပင် အကြေးခွံဧရာ ပင်လယ်ဖျံကြီးနှင့် ထပ်မံဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။

သို့သော် ထိုခဏ၌ပင် ချင်ယွမ်ဖုန်းသည် ထိုအကြေးခွံဧရာ ပင်လယ်ဖျံကြီး၏ ဘေးမှ သေးငယ်သော အကြေးခွံဧရာ ပင်လယ်ဖျံငယ်လေးတစ်ကောင် ကူးခတ်လာသည်ကို မြင်တွေ့လိုက်ရပြီး ယင်း၏ အကြေးခွံအချို့မှာလည်း စုတ်ပြတ်နေဟန် ရှိသည်။

ထိုအကြေးခွံဧရာ ပင်လယ်ဖျံငယ်လေးသည် ဝမ်ချိုင်ခန့်မျှသာ အရွယ်အစား ရှိသော်လည်း ပင်လယ်ဖျံကြီးမှာမူ ဆင်တစ်ကောင်ထက်ပင် ကြီးမားနေချေသည်။

ချင်ယွမ်ဖုန်း၏ အရွယ်အစားမှာ ထိုပင်လယ်ဖျံကြီး၏ ခြေထောက်တစ်ဖက်စာမျှသာ ရှိပေသည်။

“ဒါက ပြီးခဲ့တဲ့အကြိမ်က အကြေးခွံဧရာ ပင်လယ်ဖျံလေးပဲ” ဟု ချင်ယွမ်ဖုန်း ချက်ချင်း မှတ်မိသွားသည်။ ဤပင်လယ်ဖျံငယ်လေးသည် လွန်ခဲ့သော အကြိမ်က ၎င်းတို့၏ သင်္ဘောကြီးနောက်သို့ တကောက်ကောက် လိုက်ပါလာခဲ့သော သတ္တဝါလေး ဖြစ်ပေသည်။

ထိုပင်လယ်ဖျံကြီးမှာမူ ဤပင်လယ်ဖျံငယ်လေး၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ အကြီးအကဲ ဖြစ်တန်ရာသည်။ ယင်းတို့သည် ဤဝန်းကျင်၌ပင် အခြေချ နေထိုင်ရင်း ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။

“တကယ်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ” ဟု ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ ညည်းတွားလိုက်ရင်း “အဲဒီတုန်းက ဒီပင်လယ်ဖျံငယ်လေးကို တစ်ခါတည်း အပြတ်ရှင်းခဲ့ရမှာ” ဟု နောင်တရမိနေသည်။

ထိုအကြေးခွံဧရာ ပင်လယ်ဖျံငယ်လေးသည်ပင် ကိုးဆင့်မြောက် အဆင့်မြင့် သားရဲအဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီး ဤပင်လယ်ဖျံကြီးမှာမူ နတ်သားရဲ အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

နတ်သားရဲအဆင့်ရှိသော ပင်လယ်သားရဲများသည် လူသားသိုင်းပညာရှင်များထဲမှ ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူများနှင့် အလားသဏ္ဌာန်တူပေရာ ချင်ယွမ်ဖုန်းအနေဖြင့် ပင်ကိုယ်သိစိတ်အရ အန္တရာယ်အငွေ့အသက်ကို အထိုင်းအမှိုင်း ခံစားလိုက်ရချေသည်။

အကြေးခွံဧရာ ပင်လယ်ဖျံငယ်လေးသည် ချင်ယွမ်ဖုန်းကို မြင်တွေ့လိုက်ရသောအခါ လွန်စွာ စိတ်လှုပ်ရှားသွားပြီး မိမိစောင့်ဆိုင်းနေသော ရန်သူသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိကာ ပင်လယ်ရေထဲ၌ ဝေလငါးတစ်ကောင်ကဲ့သို့ အော်ဟစ်မြည်တမ်းလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ရှောင်ဟေး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်လိုက်ရင်း ပင်လယ်ဖျံငယ်လေးကို လက်ညှိုးထိုးပြကာ၊ ထို့နောက် ပင်လယ်ဖျံကြီးကို ညွှန်ပြလျက်၊ မိမိကိုယ်ကိုယ် ပြန်လည်ညွှန်ပြလိုက်ရာ ရှောင်ဟေးသည် ချက်ချင်းပင် သဘောပေါက် နားလည်သွားခဲ့ချေသည်။

ရှောင်ဟေးသည် ချင်ယွမ်ဖုန်းနှင့်အတူ ရှိနေစဉ်အတွင်း ယင်း၏ ကျင့်စဉ်အဆင့်မှာ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ချင်ယွမ်ဖုန်း၏ နတ်ဘုရားနှင့် ကမ္ဘာမြေ ရတနာပစ္စည်း အမြောက်အမြားကို စားသုံးခဲ့ရုံမျှမက လက်သီးဆုပ်ခန့်ရှိသော ကမ္ဘာမြေခြင်ဆီအရည်ကိုပင် သောက်သုံးခဲ့ရသေးသည်။

ဤမျှလောက်သော ရတနာပစ္စည်းများကို ကျွေးမွေးထားပါက ဝက်တစ်ကောင်ပင်လျှင် ကျင့်စဉ်အဆင့် အဆမတန် တိုးတက်နေမည် ဖြစ်ရာ စစ်မှန်သော နဂါးသွေးမျိုးနွယ် ပါရှိသည့် မြွေဟောက်နက်ကြီး ရှောင်ဟေးအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။

ပင်လယ်ဖျံကြီးသည် ရှောင်ဟေးကို လုံးဝ အရေးမစိုက်ဘဲ ချင်ယွမ်ဖုန်းကိုသာ ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ မိမိ၏ ရင်သွေးငယ်အား နှိပ်စက်ညှဉ်းပန်းခဲ့မှုအတွက် ချင်ယွမ်ဖုန်းအား ထိုက်တန်သော တန်ဖိုးကို ပေးဆပ်စေလိုဟန် ရှိချေသည်။

ချင်ယွမ်ဖုန်းသည် ပင်လယ်ဖျံကြီး၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်ပြီးနောက် ရုတ်ခြည်းပင် အပေါ်သို့ အဟုန်ပြင်းစွာ ကူးခတ်သွားခဲ့သည်။

ပင်လယ်ရေအောက်သည် အကြေးခွံဧရာ ပင်လယ်ဖျံကြီး၏ နယ်မြေဖြစ်သဖြင့် မိမိအနေဖြင့် အဘက်ဘက်မှ နာခံရလိမ့်မည်ဖြစ်ရာ ရေမျက်နှာပြင်ပေါ်သို့ ကူးခတ်သွားရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ပင်လယ်ဖျံကြီးသည် ချင်ယွမ်ဖုန်းအား ပင်လယ်ရေထဲမှ လွယ်လင့်တကူ ထွက်ခွာသွားခွင့် ပြုလိမ့်မည်မဟုတ်ပေ။

ရှောင်ဟေး၏ ခန္ဓာကိုယ်မှာ သေးငယ်လှသဖြင့် ပင်လယ်ရေထဲ၌ ကူးခတ်နေစဉ် သတိပြုမိရန် ခဲယဉ်းသော်လည်း အကြေးခွံဧရာ ပင်လယ်ဖျံငယ်လေးမှာမူ ရှောင်ဟေးအပေါ်၌ လွန်စွာ စိတ်ဝင်စားနေပုံရသည်။

ယင်းသည် ကလဲ့စားခြေမည့် ကိစ္စရပ်ကို မိမိ၏ မိဘဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီး ရှောင်ဟေးရှိရာဆီသို့ ဖြည်းညှင်းစွာ ကူးခတ်သွားခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် ရေမျက်နှာပြင်ပေါ်သို့ အတင်းအကျပ် ကူးခတ်ရန် ကြိုးပမ်းနေသော်လည်း မိမိဝန်းကျင်ရှိ ပင်လယ်ရေများသည် ကော်ကဲ့သို့ စေးကပ်ပျစ်ချွဲသွားကာ လှုပ်ရှားရလွန်စွာ ခက်ခဲသွားသည်ကို ရုတ်တရက် သတိပြုလိုက်မိသည်။

သူ နောက်သို့ လှည့်ကြည့်လိုက်ရာ အကြေးခွံဧရာ ပင်လယ်ဖျံကြီးထံမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။

ယင်းသည် ချင်ယွမ်ဖုန်းအား ပင်လယ်ရေထဲ၌ ပိတ်လှောင်ထားနိုင်ရန် ဝန်းကျင်ရှိ ရေထုကို ထိန်းချုပ်နေခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ဖျံကြီး၏ ရှေ့မှောက်၌ ပင်လယ်ရေဖြင့် ဖွဲ့စည်းထားသော ထက်မြက်လှသည့် ဆူးချွန်များ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပြီး နောက်တစ်ခဏ၌ ချင်ယွမ်ဖုန်းထံသို့ ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်လာတော့သည်။

ချင်ယွမ်ဖုန်း လွန်စွာ တုန်လှုပ်သွားရသည်။ နတ်သားရဲအဆင့်ရှိသော ပင်လယ်သားရဲများသည် အမှန်ပင် သာမန်ထက် ထူးကဲလှပြီး ယခုအခါ ၎င်းတို့သည် ယင်း၏ ကိုယ်ပိုင်နယ်မြေထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ပြင်းထန်လှသော မီးလျှံများသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ဝန်းကျင်ရှိ ပင်လယ်ရေများကို ချက်ချင်းပင် ဆူပွက်သွားစေခဲ့သည်။

ပိတ်လှောင်ချုပ်နှောင်ထားသည့် ခံစားချက်ကြီးသည်လည်း တစ်ခဏချင်းပင် အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားခဲ့ရသည်။

သို့သော်လည်း ထိုအချိန်၌ ဆူးချွန်များသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းအနေဖြင့် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်ရင်း မိမိ၏ ရှေ့မှောက်၌ မီးလျှံများဖြင့် ဖွဲ့စည်းထားသော စွမ်းအင်အလင်းတန်း အကာအကွယ်များကို တစ်ခုပြီးတစ်ခု တည်ဆောက်လိုက်ရုံမျှသာ တတ်နိုင်တော့သည်။

ပင်လယ်ရေ ဆူးချွန်များသည် ထိုမီးလျှံ အကာအကွယ်များကို ဖြတ်သန်းသွားသည့်အခါ အနည်းငယ်စီ လောင်ကျွမ်းကာ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရချေသည်။

သို့သော်ငြားလည်း ထိုခဏ၌ပင် အကြေးခွံဧရာ ပင်လယ်ဖျံကြီးသည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ယင်း၏ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် မီးလျှံအကာအကွယ်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်ရာ မီးလျှံများသည် ပတ်ပတ်လည်သို့ လွင့်စင်သွားပြီး ပင်လယ်ရေထဲ၌ လျင်မြန်စွာ ငြိမ်းသတ်သွားခဲ့ရသည်။

အကာအကွယ်တစ်ခုပြီးတစ်ခု ပင်လယ်ဖျံကြီး၏ ခြေမှုန်းခြင်းကို ခံလိုက်ရသောအခါ ချင်ယွမ်ဖုန်းသည်လည်း ဒေါသအမျက် ချောင်းချောင်းထွက်သွားခဲ့ရသည်။

သူ၏လက်ထဲ၌ ရှောင်ထျန်းတုတ်ရှည်ကြီး ပေါ်ထွက်လာပြီး ယင်း၏ ပတ်ပတ်လည်တွင် မီးလျှံများ အုန်းအုန်းတောက် တောက်လောင်လျက် အောက်သို့ ပြင်းထန်စွာ လွှဲရိုက်ချလိုက်လေသည်။

တုတ်ရှည်ကြီး ကျရောက်သွားသောအခါ ပင်လယ်ပြင်ထဲ၌ မုန်တိုင်းတစ်ခု ကျရောက်လာဘိသကဲ့သို့ ပင်လယ်ရေများကို အကြေးခွံဧရာ ပင်လယ်ဖျံကြီးထံသို့ တွန်းပို့လိုက်ချေသည်။

သို့သော်လည်း ပင်လယ်ဖျံကြီးသည် မိမိ၏ ရေယက်များကို ဝှေ့ယမ်းလိုက်ရာ ပင်လယ်ရေအားလုံးသည် လမ်းကြောင်းပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်းထံသို့သာ ပြန်လည်၍ ဒလဟော ပြေးဝင်လာခဲ့တော့သည်။

All Chapters