အခန်း (၄၅၁-၄၅၂)
Vol. 23 Ch. 451-452
အခန်း (၄၅၁) ရှောင်ဖေး
“ရှောင်ဟေး... မင်း ဘာမှမဖြစ်ဘူးပဲ၊ တော်သေးတာပေါ့”
ချင်ယွမ်ဖုန်းသည် ဝမ်းသာအားရဖြင့် ရေရွတ်လိုက်မိလေသည်။
ရှောင်ဟေးသည် ချင်ယွမ်ဖုန်း၏ ကိုယ်ခန္ဓာကို တွယ်ကပ်လျက် ၎င်း၏ခေါင်းဖြင့် အချစ်တော်မျက်နှာကို နွဲ့ဆိုးဆိုးပွတ်သပ်နေရှာသည်။
ထို့နောက်တွင်မူ ၎င်း၏ပါးစပ်ကို ထူးဆန်းသောထောင့်ချိုးတစ်ခုအတိုင်း ဟိုက်ခနဲဖွင့်ဟကာ လုံးဝန်းအေးမြနေသည့် ရတနာပုလဲလုံးကြီးတစ်လုံးနှင့် အလုံးငယ်တစ်လုံး၊ ပေါင်း နှစ်လုံးကို ထွေးထုတ်လိုက်လေတော့သည်။
“ဒါတွေက... အကြေးခွံဧရာ ပင်လယ်ဖျံကြီးရဲ့ အတွင်းစွမ်းအင်ဗဟိုချက် ဆေးလုံးတွေလား”
ချင်ယွမ်ဖုန်းမှာ မျက်လုံးများအဝိုင်းသားဖြစ်သွားရသည်။
ရှောင်ဟေးက ခေါင်းကို တဆတ်ဆတ်ညိတ်ပြနေသည်မှာ ချင်ယွမ်ဖုန်း၏ ချီးမွမ်းစကားကို စောင့်မျှော်နေသည့်နှယ် ရှိချေသည်။
“တော်လိုက်လေခြင်း” ချင်ယွမ်ဖုန်းသည် ချီးကျူးလိုက်သော်ငြား စိတ်ထဲ၌ သံသယမေးခွန်းများ ပြည့်နှက်နေသဖြင့် “ဒါတွေကို မင်း ဘယ်ကရခဲ့တာလဲ” ဟု ဆက်လက်မေးမြန်းလိုက်သည်။
ထိုအခါ ရှောင်ဟေးက ရှေ့မှောက်ရှိ ထူထပ်လှသော မြူနှင်းထုကြီးဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်ရာ ချင်ယွမ်ဖုန်း၏ စိတ်အာရုံ၌ မသိစိတ်အရ စိုးရိမ်ထိတ်လန့်မှုတစ်ရပ်က အလိုအလျောက် ပေါ်ပေါက်လာခဲ့ရသည်။
ထိုခဏ၌ပင် ရှေ့မှောက်ရှိ လေးလံထူထပ်လှသော မြူနှင်းထုကြီးသည် တရွေ့ရွေ့ဖြင့် လွင့်ပြယ်စပြုလာပြီး မြူခိုးများကြားမှ မည်းမှောင်သော အရိပ်ဆိုးကြီးသည် ၎င်း၏စစ်မှန်သော ရုပ်သွင်သဏ္ဌာန်ကို တဖြည်းဖြည်းချင်း ထင်ရှားစွာ ပြသလာလေတော့သည်။
ချင်ယွမ်ဖုန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရရုံမက ဂုတ်ပိုးမှနေ၍ ချွေးစေးများပင် တစိမ့်စိမ့်စီးကျလာရချေပြီ။
ချင်ယွမ်ဖုန်း၏ မျက်စိရှေ့မှောက်၌ ပေါ်လာသောအရာမှာ တောင်တန်းကြီးတစ်တောင် လုံးဝမဟုတ်ဘဲ အမြင့်ပေအဝန်းအဝိုင်း အတောင်တစ်ရာခန့်မျှ ရှိမည့် သတ္တဝါဆန်းကြီးတစ်ကောင် ဖြစ်နေပေရာသည်။
ထိုသတ္တဝါကြီးသည် ရေဘဝဲကြီးတစ်ကောင်နှင့် အလွန်တူလှပြီး အစောပိုင်းက မြင်တွေ့ခဲ့ရသော ရေဘဝဲလက်တံကြီးများမှာ ၎င်း၏ မရေမတွက်နိုင်သော လက်တံများအနက်မှ တစ်ခုမျှသာ ဖြစ်ကာ ချင်ယွမ်ဖုန်း မြင်တွေ့ခဲ့ရသည်မှာ သုံးပုံတစ်ပုံခန့်သာ ရှိသေးကြောင်း သိလိုက်ရသည်။
ရေဘဝဲသတ္တဝါကြီး၏ နေမင်းနှစ်စင်းအလား ကြီးမားလှသော မျက်လုံးကြီးနှစ်လုံးသည် တရွေ့ရွေ့ ပွင့်လန်းလာပြီး ချင်ယွမ်ဖုန်းကို စိုက်ကြည့်လာခဲ့သည်။
ထို့နောက်တွင်မူ ထိုရေဘဝဲသတ္တဝါကြီးက ချင်ယွမ်ဖုန်းအား မေးရိုးပြုတ်လုမတတ် အံ့အားသင့်သွားစေမည့် စကားတစ်ခွန်းကို ပြောကြားလိုက်လေတော့သည်။
“ကြေးညိုရောင် တံခါးကြီးကို အရည်မဖျော်ပါနဲ့နော်၊ ရပါမလား”
ရေဘဝဲသတ္တဝါကြီးထံမှ ထွက်ပေါ်လာသော အသံမှာ ချိုသာအေးမြသော မိန်းကလေးပျိုတစ်ဦး၏ အသံမျိုး ဖြစ်နေပေရာ မိမိမျက်စိရှေ့မှောက်ရှိ တောင်တစ်မျှ ကြီးမားလှသော ရေဘဝဲသတ္တဝါကြီးနှင့် ယခုကြားလိုက်ရသည့် ချိုသာလှသော မိန်းကလေးအသံကို ချင်ယွမ်ဖုန်းအနေဖြင့် မည်သို့မျှ ဆက်စပ်တွေးတော၍ မရနိုင်အောင် ဖြစ်ရလေသည်။
“အဆိုးမဆိုပါနဲ့၊ မလုပ်ပါနဲ့၊ ရှောင်ဟေးကိုလည်း ရှင်ခေါ်သွားဖို့ ပြန်ပေးလိုက်ပါပြီ၊ ကျွန်မ သူ့ကို စားမလို့ မဟုတ်ပါဘူး၊ အခြားသက်ရှိ သတ္တဝါတွေကို မမြင်တွေ့ရတာ ကြာမြင့်လှပြီဖြစ်လို့ အထဲဝင်လာပြီး စကားစမြည်ပြောမယ့်သူတစ်ယောက်ကို ရှာဖွေချင်ရုံ သက်သက်ပါ”
ရေဘဝဲသတ္တဝါကြီး၏ အသံထဲတွင် ကြောက်ရွံ့ခြင်းနှင့် တောင်းပန်တိုးလျှိုးခြင်း အရိပ်အယောင်များ စွက်ဖက်နေပြီး ကြေးညိုရောင် တံခါးကြီးကို အရည်ဖျော်ပစ်မည်ဟူသော ချင်ယွမ်ဖုန်း၏ စကားအပေါ် အလွန်အမင်းပင် ထိတ်လန့်နေပုံရသည်။
ချင်ယွမ်ဖုန်းသည် အတန်ကြာမှ စိတ်ကို ပြန်လည်စုစည်းနိုင်ကာ “မင်း... မင်းက ဘယ်သူလဲ” ဟု မေးမြန်းလိုက်ရသည်။
မူလကမူ ‘မင်းက ဘာကောင်လဲ’ ဟု မေးမြန်းရန် ကြံရွယ်သော်လည်း ယဉ်ကျေးမှုမရှိရာ ရောက်မည်ကို စိုးရိမ်မိသည့်အပြင် စကားပြောနိုင်စွမ်းရှိသော မိစ္ဆာသားရဲဟူသည် နတ်သားရဲအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သိုင်းပညာရှင်များထဲမှ ဘုရင်နယ်ပယ်အဆင့်ကဲ့သို့ပင် အလွန်တရာ ရှားပါးပြီး စွမ်းအားကြီးမားလှပေသည်။
“ကျွန်မလား... ရှင်က ကျွန်မနဲ့ စကားပြောချင်လို့လား” ရေဘဝဲသတ္တဝါကြီးက အံ့အားသင့်သွားသည့်အသံဖြင့် ပြန်လည်မေးမြန်းလာခဲ့သည်။
ချင်ယွမ်ဖုန်းသည် တံတွေးတစ်ချက် မြိုချလိုက်မိသည်။ ဤရေဘဝဲသတ္တဝါကြီးသည် ခန္ဓာကိုယ်သာ ကြီးမားသော်လည်း စိတ်နေစိတ်ထားမှာ ကလေးသူငယ်တစ်ဦးနှင့် အလားသဏ္ဌာန်တူလှပေသည်။
“ဟုတ်တယ်၊ ငါ မင်းနဲ့ စကားပြောချင်ပါတယ်” ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။
“သိပ်ကောင်းတာပေါ့၊ ဒါဆို ဒီဘက်ကို လာခဲ့ပါဦး”
ရေဘဝဲသတ္တဝါကြီးက ဝမ်းမြောက်ဝမ်းသာ ပြောဆိုလိုက်ရာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်ရှိ ထူထပ်လှသော မြူနှင်းထုကြီးသည် ကွက်လပ်အလိုက် လွင့်ပြယ်သွားပြီးနောက် သတ္တဝါကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ထင်ရှားစွာ ပေါ်ထွက်လာခဲ့လေသည်။
ထိုအခါမှပင် ချင်ယွမ်ဖုန်းသည် ရေဘဝဲသတ္တဝါကြီး၏ လက်တံများအားလုံးမှာ သံခြေကျင်းများဖြင့် ချည်နှောင်ပိတ်လှောင်ခြင်း ခံထားရကြောင်း သတိပြုမိလေတော့သည်။
ပေရာပေါင်း ရာချီရှည်လျားသော လက်တံတစ်ခုသာ လှုပ်ရှားနိုင်ပြီး ကျန်ရှိသော လက်တံများမှာမူ မြေပြင်၌ သံကန်းခြေများဖြင့် စွဲမြဲစွာ ရိုက်နှက်နှိပ်ကွပ်ထားခြင်း ခံထားရရှာသည်။
၎င်းသည် ရေဘဝဲသတ္တဝါကြီးထံသို့ တရွေ့ရွေ့ လှမ်းလျှောက်သွားပြီး “မင်း... မင်းက အမှန်တကယ် ဘယ်သူလဲ” ဟု မေးခွန်းကို ထပ်မံ၍ မေးမြန်းလိုက်သည်။
“ကျွန်မနာမည်က ရှောင်ဖေးပါ၊ လက်တွဲဖော် မိစ္ဆာသားရဲတစ်ကောင်ပါ” ရေဘဝဲသတ္တဝါကြီး၏ အသံမှာ ပြုံးရွှင်နေသည့်နှယ် ရှိသော်လည်း ၎င်း၏မျက်နှာပြင်ထက်၌ မည်သည့်အမူအရာကိုမျှ မြင်တွေ့ခွင့်မရချေ။
“လက်တွဲဖော် မိစ္ဆာသားရဲ ဟုတ်လား ထိုသို့သောအရာမျိုးက အမှန်တကယ် ရှိနေတာလား” ချင်ယွမ်ဖုန်းမှာ မျက်လုံးများအဝိုင်းသားဖြစ်လျက် အံ့ဩတသ ညည်းတွန်းလိုက်မိသည်။
လက်တွဲဖော် မိစ္ဆာသားရဲဟူသည် အိမ်မွေးတိရစ္ဆာန်အချစ်တော်တစ်မျိုး ဖြစ်သော်ငြား သာမန်သားရဲများနှင့် မတူဘဲ သိုင်းပညာရှင်တစ်ဦးအနေဖြင့် မိမိသက်တမ်းတစ်လျှောက်တွင် လက်တွဲဖော် မိစ္ဆာသားရဲနှင့်သာ ပဋိညာဉ်စာချုပ် ချုပ်ဆိုခွင့်ရှိပေသည်။
၎င်းတို့သည် အေးအတူပူအမျှ၊ အကျိုးစီးပွားချင်း မျှဝေခံစားကြရသည်။
လက်တွဲဖော် မိစ္ဆာသားရဲများသည် ထူးကဲလှသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့၏ အထင်ရှားဆုံးသော စွမ်းရည်မှာ ‘ကိုယ်ခန္ဓာပေါင်းစပ်ခြင်း’ ပင် ဖြစ်သည်။
လက်တွဲဖော် မိစ္ဆာသားရဲနှင့် ၎င်း၏အရှင်သခင်သည် စိတ်ချင်းဆက်နွှယ်နေကြပြီး အန္တရာယ်ကြုံတွေ့ရချိန်၌ တစ်ကိုယ်တည်းအဖြစ် ပေါင်းစပ်သွားနိုင်ကာ အရှင်သခင်ဖြစ်သူသည် လက်တွဲဖော် မိစ္ဆာသားရဲ၏ စွမ်းအားအားလုံးကို အပြည့်အဝ ရရှိအသုံးပြုနိုင်မည် ဖြစ်ချေသည်။
သို့သော်ငြား လက်တွဲဖော် မိစ္ဆာသားရဲရရှိရန်အတွက် သတ်မှတ်ချက်များမှာ အလွန်တရာ အဆမတန် တင်းကျပ်လှသဖြင့် လွန်ခဲ့သော ကာလအဆက်ဆက်ကပင် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ တိုက်ပွဲဝင်အချစ်တော် သားရဲကို အသုံးပြုသူ မရှိတော့သကဲ့သို့ လက်တွဲဖော် မိစ္ဆာသားရဲအဖြစ် သတ်မှတ်ရန် သင့်တော်မည့် မိစ္ဆာသားရဲဟူ၍လည်း မရှိတော့ပေ။
လက်တွဲဖော် မိစ္ဆာသားရဲဟူသော ကိစ္စရပ်မှာ တဖြည်းဖြည်းနှင့် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်ကျန်ရစ်ခဲ့ရသည်။
မထင်မှတ်ဘဲ ယခုနေရာ၌ ချင်ယွမ်ဖုန်းသည် သက်ရှိထင်ရှားရှိနေသော လက်တွဲဖော် မိစ္ဆာသားရဲတစ်ကောင်ကို ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့ရလေပြီ။
“မင်းရဲ့အရှင်သခင်က ဘယ်မှာလဲ၊ မင်းကို ဘာဖြစ်လို့ ဒီမှာ ပိတ်လှောင်ထားရတာလဲ” ချင်ယွမ်ဖုန်းက စပ်စုလိုသောစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ကျွန်မရဲ့ အရှင်သခင်က ကွယ်လွန်သွားပါပြီ” ရှောင်ဖေးက ဝမ်းနည်းပူဆွေးသော လေသံဖြင့် “ဟိုတုန်းက ရှောင်ဖေး အမှားတစ်ခု ပြုလုပ်ခဲ့မိလို့ ဂိုဏ်းတော်ရဲ့ အကြီးအကဲတွေက ရှောင်ဖေးကို သတ်ပစ်ချင်ခဲ့ကြတာ၊ အရှင်သခင်က အသက်နဲ့လဲပြီး ကာကွယ်ပေးခဲ့ပြီး ရှောင်ဖေးကို ဒီနေရာမှာပဲ ပိတ်လှောင်ထားစေခဲ့လို့ ရှောင်ဖေး အသက်ဘေးက လွတ်မြောက်ခဲ့ရတာပါ၊ ဒါပေမဲ့ အရှင်သခင်ကတော့ မိစ္ဆာတွေနဲ့ တိုက်ခိုက်ရင်း အသက်ပေးသွားခဲ့ရပါတယ်” ဟု ပြောပြရှာသည်။
“မိစ္ဆာတွေနဲ့ တိုက်ခိုက်ရင်း ဟုတ်လား” ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ရှောင်ဖေးက ထိုခေတ်ကာလကတည်းကပင် ယခုတိုင် အသက်ရှင်ကျန်ရစ်နေလိမ့်မည်ဟု ၎င်းအနေဖြင့် မထင်မှတ်ထားခဲ့ပေ။
“ဒါဆို မင်းက ဒီနေရာမှာ တစ်ယောက်တည်း နှစ်ပေါင်း သန်းနဲ့ချီပြီး အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရတာပေါ့” ချင်ယွမ်ဖုန်းသည် ရှောင်ဖေးအပေါ် စာနာသနားစိတ်များ အလိုလို ပေါ်ပေါက်လာခဲ့ရသည်။
“မှန်ပါတယ်၊ အထီးကျန်လွန်းလို့ ကြေးညိုရောင် တံခါးကြီး ပွင့်ဟလာတာကို မြင်လိုက်ရတဲ့အခါ တံခါးကြီးက ၎င်းရဲ့ အရှင်သခင်သစ်ကို ရှာဖွေတွေ့ရှိသွားပြီဆိုတာ ကျွန်မသိလိုက်ရတယ်၊ ဒါကြောင့်မလို့ ရှောင်ဟေးကို ဖမ်းဆီးပြီး ခေါ်ဆောင်လာခဲ့မိတာပါ၊ ကျွန်မကို အပြစ်မယူပါနဲ့နော်” ရှောင်ဖေးက ရိုကျိုးကြောက်ရွံ့စွာဖြင့် တောင်းပန်ရှာသည်။
ချင်ယွမ်ဖုန်းသည် ပြုံးလိုက်မိပြီး စိတ်ထဲရှိ မူလက ကြောက်ရွံ့မှုများလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ရချေပြီ။ “ဒါဆို ငါ မင်းကို ဘေးမဲ့လွှတ်ပေးလို့ ရမလား”
“မရသေးပါဘူး၊ ရှင်က အခုထိ အားနည်းလွန်းပါသေးတယ်” ရှောင်ဖေးက ဆိုလာသည်။ “ကျွန်မရဲ့ အရှင်သခင် ပြောခဲ့ဖူးတာကတော့ ကြေးညိုရောင် တံခါးကြီးကို ဖွင့်လှစ်နိုင်တဲ့သူက ကျွန်မရဲ့ နောက်ထပ် အရှင်သခင်သစ် ဖြစ်လာလိမ့်မယ်တဲ့၊ ဒါပေမဲ့ ရှင်က အခုအချိန်မှာ ကျွန်မရဲ့ စွမ်းအားတွေကို ခံယူနိုင်စွမ်းမရှိလောက်အောင် အားအင်ချိနဲ့လွန်းနေပါသေးတယ်”
ချင်ယွမ်ဖုန်းလည်း ခေါင်းညိတ်လိုက်မိသည်။ လက်တွဲဖော် မိစ္ဆာသားရဲ၏ အရှင်သခင် ဖြစ်လာစေရန်အတွက်မူ မိမိကိုယ်တိုင်၏ စွမ်းအားသည်လည်း ထိုသားရဲနှင့် အဆင့်အတန်း တူညီရန် လိုအပ်ပေရာ ယခုအချိန်၌ မိမိသည် အမှန်တကယ်ပင် အားနည်းလွန်းနေသေးသည် မဟုတ်လော။
“ငါ နားလည်ပါပြီ၊ ဒါပေမဲ့ ငါ မင်းကို တစ်နေ့ကျရင် အမှန်တကယ် လာရောက်ကယ်တင်ပါ့မယ်” ချင်ယွမ်ဖုန်းက ကတိစကား ဆိုလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်၊ ကျွန်မ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီးပြီမလို့ နောက်ထပ် ထပ်မံစောင့်ဆိုင်းရမှာကို မကြောက်တော့ပါဘူး” ရှောင်ဖေးက အေးဆေးတည်ငြိမ်စွာ ပြောကြားလိုက်သည်။
“ဒါပေမဲ့ လောလောဆယ်မှာတော့ ကျွန်မ ရှင့်ကို ဘာမှ ကူညီပေးနိုင်ဦးမှာ မဟုတ်ပါဘူး”
ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။
ဤလက်တံများအားလုံး မြေပြင်၌ ရိုက်နှက်နှိပ်ကွပ်ထားခြင်း ခံရသည့်ကြားမှ စောစောက လက်တံတစ်ခုကို အပြင်သို့ ဆန့်ထုတ်နိုင်ခဲ့ခြင်းမှာပင် ရှောင်ဖေး၏ စွမ်းအားအားလုံးကို ကုန်စင်အောင် အသုံးပြုခဲ့ရခြင်း ဖြစ်တန်ရာသည်။
“ဒါဆို ငါ သွားတော့မယ်၊ နောက်မှ ပြန်တွေ့ကြတာပေါ့” ချင်ယွမ်ဖုန်းက နှုတ်ဆက်လိုက်သည်။
“နှုတ်ဆက်ပါတယ်” ရှောင်ဖေးကလည်း ပြန်လည်ပြောဆိုလိုက်လေသည်။
ချင်ယွမ်ဖုန်းသည် လာခဲ့သည့် လမ်းကြောင်းအတိုင်း ပြန်လည်လှောက်လှမ်းလာခဲ့ရာ လေးလံထူထပ်လှသော မြူနှင်းထုကြီးသည် တရွေ့ရွေ့ ပြန်လည်ထွက်ပေါ်လာပြီး ရှောင်ဖေး၏ ရုပ်သွင်ကို ဖုံးကွယ်ပစ်လိုက်လေတော့သည်။
မကြာမီပင် ချင်ယွမ်ဖုန်းသည် ကြေးညိုရောင် တံခါးကြီး၏ ထွက်ပေါက်ဝသို့ ရောက်ရှိလာခဲ့ပြီး သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
အကယ်၍သာ ရှောင်ဖေးကို ဘေးမဲ့လွှတ်ပေးနိုင်ခဲ့ပါမူ မိမိအနေဖြင့် ဤရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဘဲ ရင်ကော့၍ လျှောက်လှမ်းနိုင်မည်မှာ အပိုအလွန် ပြောခြင်းမဟုတ်ပေ။
၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး တစ်ခုတည်းနှင့်တင် မည်သူမျှ ရှောင်ဖေး၏ တိုက်ခိုက်မှုတစ်ချက်ကို တောင့်ခံနိုင်မည် မဟုတ်ချေ။
နှမြောစရာကောင်းသည်မှာ မိမိ၏ ကိုယ်ပိုင်စွမ်းအားက အားနည်းလွန်းနေသဖြင့် ရှောင်ဖေးကို ကယ်တင်နိုင်စွမ်းမရှိသကဲ့သို့ ၎င်း၏ အရှင်သခင်လည်း မဖြစ်နိုင်သေးခြင်းပင်။
“အို... ဒါဟာ ကံကြမ္မာပဲပေါ့” ချင်ယွမ်ဖုန်းသည် သက်ပြင်းချလျက် ကြေးညိုရောင် တံခါးကြီးကို တွန်းဖွင့်ကာ အပြင်သို့ လှမ်းမျှော်ထွက်ခွာခဲ့လေသည်။
ကြေးညိုရောင် တံခါးကြီးသည် မြည်ဟိန်းသံနှင့်အတူ ပြန်လည်ပိတ်ဆို့သွားခဲ့သော်လည်း ထိုခဏ၌ ချင်ယွမ်ဖုန်းသည် ထူးခြားသော ခြားနားချက်တစ်ခုကို သတိပြုမိလိုက်ရသည်။
စောစောက ကြေးညိုရောင် တံခါးကြီးအတွင်းသို့ မိမိမဝင်ရောက်မီက တံခါးကြီးကို ဝိညာဉ်လှေငယ်ပေါ်၌ အသေအချာ တင်ဆောင်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ထိုဝိညာဉ်လှေငယ်သည် ရှေ့သို့ အဟုန်ပြင်းစွာ လွင့်ပျံမောင်းနှင်နေခြင်း ဖြစ်ပေသည်။
ထို့အပြင် ချင်ယွမ်ဖုန်းအနေဖြင့် လားရာအရပ်ကို စိစစ်ကြည့်ရှုလိုက်သည့်အခါ ထိုလှေငယ်သည် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ဆီသို့ ဦးတည်မောင်းနှင်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် ၎င်းမှာ ထိတ်လန့်တုန်လှုပ်သွားရရှာသည်။
၎င်းသည် ခေါင်းကို လှည့်လည်ကြည့်ရှုလိုက်ရာ မိမိ၏ ဝိညာဉ်လှေငယ်မှာ အခြားသော ဝိညာဉ်လှေငယ်တစ်ခုနှင့် တွဲချည်ထားခြင်း ခံရကြောင်း မြင်တွေ့လိုက်ရပြီး ထိုလှေပေါ်၌မူ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲတစ်ဦးနှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးတို့ ထိုင်နေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
“ကျွန်တော့်ရဲ့ ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ သဘောအတိုင်း ယူဆောင်သွားတာကတော့ နည်းနည်းတော့ လမ်းစဉ်မကျဘူးလို့ ထင်ပါတယ်” ချင်ယွမ်ဖုန်းသည် ထိုခဏ၌ အေးစက်လှသော လေသံဖြင့် တင်းမာစွာ ပြောဆိုလိုက်လေတော့သည်။
အခန်း(၄၅၂)
ရှေ့တွင် ရှိနေသော ဝိညာဉ်လှေငယ်ထက်မှ လူနှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ချင်ယွမ်ဖုန်းရှိရာသို့ ကပျာကယာ လှည့်ကြည့်လာကြသည်။
“မင်း... မင်းက ဘယ်ကနေ ရောက်လာတာလဲ” ဟု ထိုအဘိုးအိုက ချင်ယွမ်ဖုန်းအား လက်ညှိုးထိုးလျက် မေးမြန်းလိုက်၏။
“ကျွန်တော်ကလည်း ခင်ဗျားတို့နှစ်ယောက်ကို မေးမလို့ပဲ” ချင်ယွမ်ဖုန်းက ဒေါသအမျက်ခြောင်းခြောင်းထွက်နေသော မျက်နှာပေးဖြင့် “ဒီဝိညာဉ်လှေငယ်နဲ့ ကြေးညိုရောင် တံခါးကြီးကို ဒီနားမှာ ခဏထားခဲ့တာ၊ ခင်ဗျားတို့က ဘာဖြစ်လို့ ခွင့်ပြုချက်မရဘဲ ယူသွားကြတာလဲ” ဟု ပြန်လည်ပြောဆိုလိုက်သည်။
ထိုအသက်လတ်ပိုင်းလူကြီးက ချင်ယွမ်ဖုန်းကို အကဲခတ်ကြည့်ရှုပြီးနောက် အဘိုးအို၏ နားနားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် တီးတိုးပြောဆိုလိုက်၏။ အဘိုးအိုသည်လည်း ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်လာရာ သူ၏မျက်ဝန်းအစုံမှာ အရောင်တလက်လက် တောက်ပနေတော့သည်။
“ဪ... အဆင်မပြေဖြစ်သွားတာ ခွင့်လွှတ်ပါ ညီလေးရာ၊ ငါတို့က ပင်လယ်ပြင်မှာ ဝိညာဉ်လှေငယ်တစ်စင်း မျောနေတာကို မြင်လို့၊ ပြီးတော့ အဲဒီအပေါ်မှာလည်း တံခါးချပ်နှစ်ချပ် ရှိနေတာကိုး၊ အဲဒီတံခါးကြီးက အရမ်းလေးလွန်းလို့ မချီနိုင်တာနဲ့ ဘယ်သူမှ အလိုမရှိတော့ဘဲ စွန့်ပစ်ထားတာအမှတ်နဲ့ ငါတို့ ဆွဲယူလာခဲ့မိတာပါ” ဟု ထိုအဘိုးအိုက တောင်းပန်တိုးလျှိုးသော လေသံဖြင့် ဆိုလာသည်။
ဤတွင် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ “ဝေကျိထံမှ သူတစ်ပါးဆင်းရဲခြင်းကို ဝမ်းမြောက်ခြင်း +၁၀၀” နှင့် “ဝေဖာထံမှ သူတစ်ပါးဆင်းရဲခြင်းကို ဝမ်းမြောက်ခြင်း +၁၀၀” ဟူသော အသိပေးချက်နှစ်ခု ပေါ်ပေါက်လာသဖြင့် သူ အနည်းငယ် မှင်တက်သွားရ၏။
ကြည့်ရသည်မှာ ဤလူနှစ်ဦးသည် သားအဖများ ဖြစ်ဟန်တူပေသည်။
“ရပါတယ်၊ ငါတို့က လမ်းခရီးချင်း တူတာမှ မဟုတ်တာ၊ ကျွန်တော်ပစ္စည်းတွေ ပြန်ယူပါရစေ၊ ခရီးဆက်ရဦးမှာမို့လို့ပါ” ချင်ယွမ်ဖုန်းက အေးတိအေးစက် ပြောဆိုရင်း သူ၏ဝိညာဉ်လှေငယ်ကို ချည်နှောင်ထားသည့် ကြိုးကို ဖြတ်တောက်လိုက်တော့သည်။
ချင်ယွမ်ဖုန်းသည် ထိုကြေးညိုရောင် တံခါးကြီးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းရန် ကြံစည်သော်လည်း ကြေးညိုရောင် တံခါးကြီးနှစ်ချပ်လုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်း၍မရနိုင်ကြောင်း တွေ့ရှိသွားရ၏။
ဤအချက်က ချင်ယွမ်ဖုန်းအား အနည်းငယ် အကျပ်ရိုက်သွားစေသော်လည်း နောက်ဆုံးတွင်မူ သူသည် နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။
ယင်းမှာ ကြေးညိုရောင် တံခါးကြီးကို လက်သည်းခွံပမာဏခန့်အထိ သေးငယ်သွားအောင် ဆက်တိုက်ကျုံ့လိုက်ပြီးနောက် သူ၏ရင်ဘတ်ရှိ ပုတီးစေ့တွင် ချည်နှောင်ထားလိုက်ခြင်းပင် ဖြစ်ချေသည်။
ဝေကျိနှင့် ဝေဖာ သားအဖနှစ်ယောက်မှာ ချင်ယွမ်ဖုန်း၏ လုပ်ရပ်ကို မြင်တွေ့ရသောအခါ အံ့အားသင့်သွားကြသည်မှာ အထင်အရှားပင် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အချိန်ပိုင်းက ၎င်းတို့နှစ်ဦးစလုံး စွမ်းအင်ကုန်သုံး၍ မစွမ်းဆောင်နိုင်ခဲ့သော တံခါးကြီးကို ဤလူငယ်က အလွယ်တကူ မယူနိုင်ရုံမျှမက သေးငယ်အောင်ပင် ပြုလုပ်နိုင်သောကြောင့်ပင်။ ဤသည်ကို ထောက်ဆရလျှင် ကြေးညိုရောင် တံခါးကြီးသည် ရတနာတစ်ပါး ဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ညီလေး... ဒီအဘိုးကြီးက လီဆန်း ပါ၊ ပြီးတော့ ဒါက ငါ့သား လီဝမ်ဝူး လို့ ခေါ်တယ်၊ ညီလေးရဲ့ အမည်နာမကို သိပါရစေဦး” ဟု အဘိုးအိုက မေးမြန်းလာ၏။
ချင်ယွမ်ဖုန်းကမူ စိတ်ထဲမှ တဟားဟား ရယ်မောလိုက်ပေသည်။ လီဆန်း ဟုတ်လား။ ခင်ဗျားတို့က ဝေကျိနဲ့ ဝေဖာ ဆိုတာ ထင်ရှားနေတာပဲ၊ အခုလို မူလအမည်ကို ဖုံးကွယ်ထားတာဟာ တစ်ခုခုကို ကြံစည်နေလို့ပဲ ဖြစ်ရမယ်။
သို့သော်လည်း ချင်ယွမ်ဖုန်းက မသိနားမလည်ဟန် ဆောင်လျက် “ကျွန်တော်အမည်က ချင်ယွမ်ဖုန်း ပါ” ဟု ပြန်လည်ပြောကြားလိုက်၏။
“ဪ... ညီလေးချင် ကိုး၊ ငါတို့ ပထမဆုံး ဆုံတွေ့ရတာ ဖြစ်ပေမဲ့ ညီလေးကို မြင်ဖူးသလိုလိုနဲ့ ရင်းနှီးနေတာ ကြာလှပြီလို့ ခံစားရတယ်ဗျ၊ ညီလေးက ဘယ်ကို ဦးတည်သွားနေတာလဲ”
“ဪ... အဲလိုလား၊ ကျွန်တော်လည်း စီနီယာ့ကို မြင်ဖူးသလိုလို ရှိသားပဲ” ချင်ယွမ်ဖုန်းက ပြုံးယောင်သန်းရင်း “ ကုန်းမြေကြီးဆီ ပြန်မလို့ပါ” ဟု ဆို၏။
“တိုက်ဆိုင်လိုက်တာ၊ ဒါ တကယ့်ကို တိုက်ဆိုင်တာပဲ မဟုတ်လား” ဟု ဝေကျိက တဟားဟား ရယ်မောကာ “ငါနဲ့ ငါ့သားလည်း ကုန်းမြေကြီးဆီ သွားမလို့ပဲ၊ လမ်းချင်း တူနေတာပေါ့၊ ပြီးတော့ ညီလေးရဲ့ ဝိညာဉ်လှေငယ်ကလည်း ပျက်စီးနေတာ မြင်ရတော့ ငါတို့နဲ့အတူ ခရီးသွားကြရင် မကောင်းဘူးလား” ဟု ဖိတ်ခေါ်လာပေသည်။
ချင်ယွမ်ဖုန်းသည် ဤသားအဖနှစ်ဦး မည်သို့သော အကြံအစည် စက်ဆုပ်ဖွယ်ရာများ ကြံစည်နေသည်ကို သိရှိသော်လည်း ကြောက်ရွံ့ခြင်း အလျှင်းမရှိသဖြင့် ခေါင်းညိတ်လက်ခံလိုက်၏။
“တကယ်ပဲ လမ်းခရီးချင်း တူတာလား၊ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်က တောင်ဘက်ကို ဦးတည်သွားနေသလိုပဲနော်” ဟု ချင်ယွမ်ဖုန်းက ရည်ရွယ်ချက်ရှိရှိ စမ်းသပ်မေးမြန်းလိုက်သည်။
ဝေကျိက ရယ်မောလျက် “ညီလေး အထင်မှားတာ နေမှာပါ၊ ငါတို့က ကုန်းမြေကြီးဆီကို သွားနေတာပါ” ဟု ပြောဆို၏။
“ဪ... ဒါဆိုရင်တော့ ခင်ဗျားတို့နှစ်ယောက်ကို ဒုက္ခပေးရဦးမှာပေါ့” ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်လှေငယ်ကို သိမ်းဆည်းလိုက်ပြီး ၎င်းတို့၏ ဝိညာဉ်လှေငယ်ပေါ်သို့ ခုန်တက်လိုက်တော့သည်။
ဝေဖာကလည်း ချက်ချင်းပင် လှေဦးကို လှည့်ကာ ကုန်းမြေကြီးရှိရာသို့ ဦးတည်မောင်းနှင်လေသည်။
“ဒါနဲ့ စီနီယာ၊ စီနီယာ့ကို လီဆန်း လို့ ခေါ်ပြီး ခင်ဗျားရဲ့ သားကိုကျတော့ ဘာဖြစ်လို့ လီဝမ်ဝူး လို့ ခေါ်ရတာလဲ” ချင်ယွမ်ဖုန်းက ပြုံးလျက် မေးမြန်းလိုက်၏။
ဝေကျိက သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးကာ “ညီလေး... မင်းအနေနဲ့ ‘တာအိုကနေ တစ်ကို မွေးဖွားတယ်၊ တစ်ကနေ နှစ်ကို မွေးဖွားတယ်၊ နှစ်ကနေ သုံးကို မွေးဖွားတယ်၊ သုံးကနေ ခပ်သိမ်းသော အရာတွေကို မွေးဖွားတယ်’ ဆိုတဲ့ စကားကို ကြားဖူးလား” ဟု ဆိုသည်။
ချင်ယွမ်ဖုန်းမှာ ခပ်တိုးတိုး ရယ်မောလိုက်မိပြီး ဤလူနှစ်ဦးက ထိုစကားစုအပေါ် အခြေခံကာ နာမည်ပေးထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ချင်ယွမ်ဖုန်းက ထပ်မံ၍ အသေးစိတ် မမေးမြန်းတော့ဘဲ ဤလူနှစ်ဦးသည် မိမိ၏ ကြေးညိုရောင် တံခါးကြီးကို လောဘဇောတိုက်ကာ မကောင်းသောအကြံများ ဖော်ဆောင်လျက် ပိုင်ဆိုင်လိုနေကြသည်ကို ရိပ်မိလိုက်ပေသည်။
ကြေးညိုရောင် တံခါးကြီး၏ ဆန်းကြယ်လှသော သဘာဝကို မြင်တွေ့ရပြီးနောက် ၎င်းတို့နှစ်ဦးမှာ စိတ္တဇစိတ်ဖြင့် စွဲလန်းသွားကြရသည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။
လောလောဆယ်တွင်မူ ဤသည်မှာ ချင်ယွမ်ဖုန်း၏ စိတ်ကူးတွေးတောချက်မျှသာ ဖြစ်ပြီး ၎င်းတို့၏ တကယ့်ရည်ရွယ်ချက်ကိုမူ အတည့်အလင်း မသိရသေးပေ။
၎င်းတို့နှင့် အတူတကွ နေထိုင်ပြီးနောက် ချင်ယွမ်ဖုန်းသည် ၎င်းတို့ပြောသမျှ စကားတစ်ခွန်းကိုမျှ ယုံကြည်ခြင်းမရှိသော်လည်း ဤသားအဖနှစ်ဦး၏ ကျင့်စဉ်အဆင့်မှာ နဝမအဆင့် မဟာဆရာနယ်ပယ် မျှသာ ဖြစ်ကြောင်း သိရှိရသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် ၎င်းတို့အား အမှုထားခြင်း မရှိပေ။
ထို့ကြောင့် လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် တင်ပလ္လင်ခွေထိုင်လျက် မိမိ၏ ဒဏ်ရာများကို ဖြည်းညင်းစွာ ကုသနေတော့သည်။
သူသည် အကြေးခွံဧရာ ပင်လယ်ဖျံကြီးနှင့် တိုက်ခိုက်စဉ်က ကိုယ်တွင်းစွမ်းအင် အမြောက်အမြား ကုန်ဆုံးခဲ့ရသဖြင့် ပြန်လည်ဖြည့်တင်းရန် လိုအပ်နေပေသည်။
ဝိညာဉ်လှေငယ်သည် တစ်ရက်တိုင်တိုင် ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ပင်လယ်ကျွန်းငယ်လေးတစ်ခုကို လှမ်းမျှော်မြင်တွေ့ရသဖြင့် ၎င်းတို့သည် ထိုကျွန်းဆီသို့ ကပျာကယာ ဦးတည်မောင်းနှင်ခဲ့ကြသည်။
ထိုကျွန်းငယ်လေးမှာ ကြီးမားလှသည်မဟုတ်ဘဲ သဲသောင်ပြင်များဖြင့်သာ ဖုံးလွှမ်းနေပြီး အဝန်းအဝိုင်းအားဖြင့် မီတာတစ်ရာပင် မပြည့်ချေ။
ဒီရေတက်ချိန်တွင် ရေအောက်သို့ နစ်မြုပ်သွားနိုင်ခြေရှိပြီး ကျွန်း၏အလယ်ဗဟိုတွင်မူ အုန်းပင်အနည်းငယ်သာ ရှိပေသည်။
“ညီလေး... ငါတို့ ဒီညတော့ ဒီမှာပဲ နားခိုပြီး မနက်ဖြန်ကျမှ ခရီးဆက်ကြတာပေါ့” ဟု ဝေကျိက ချင်ယွမ်ဖုန်းအား ပြောဆို၏။
ချင်ယွမ်ဖုန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
သူ၏ဒဏ်ရာများမှာ အားလုံးနီးပါး သက်သာပျောက်ကင်းသွားပြီဖြစ်ပြီး ကိုယ်တွင်းစွမ်းအင်များလည်း ပြန်လည်ပြည့်ဝလာပြီဖြစ်ရာ ဤလူနှစ်ဦးကို ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ပေ။
ဝေကျိသည် မီးကို ဂရုတစိုက် မွှေးမြိုက်ပြီးနောက် အစားအစာများကို ထုတ်ယူကာ ချင်ယွမ်ဖုန်းနှင့် အတူတကွ မျှဝေသုံးဆောင်ရန် ပြုလုပ်လာရာ သူ၏ စိတ်အားထက်သန်လွန်းသော အမူအရာကြောင့် ချင်ယွမ်ဖုန်းပင် အနည်းငယ် အားနာမိမလို ဖြစ်သွားရ၏။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဝေကျိပေးသော အစားအစာများကို စားသုံးပြီးနောက် ထိုအစားအစာများထဲတွင် အဆိပ်ခတ်ထားကြောင်း ချက်ချင်း သိရှိလိုက်ပေသည်။
“ဟင်း... နောက်ဆုံးတော့လည်း မင်းတို့ရဲ့ ဇာတိရုပ် အစစ်အမှန် ပေါ်လာပြီပေါ့လေ” ချင်ယွမ်ဖုန်းက စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း အမူအရာ ပျက်ယွင်းခြင်းမရှိဘဲ ပုံမှန်အတိုင်း အစားအစာများကို မြိန်ရှက်စွာ ဆက်လက်စားသုံးနေလိုက်၏။
ချင်ယွမ်ဖုန်းသည် အဆိပ်တစ်သောင်း ပညာရပ်ကို ကျင့်ကြံထားသူ ဖြစ်ရုံမျှမက သူ၏ စိတ်အာရုံထဲတွင် အဆိပ်အတောက်များနှင့် ပတ်သက်သော ဗဟုသုတများလည်း စုံလင်စွာ ရှိနေပေသည်။
အစားအစာများ ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ချင်ယွမ်ဖုန်းသည် ယင်း၌ပါဝင်သော အဆိပ်ကို ခွဲခြားစိတ်ဖြာနိုင်ခဲ့သဖြင့် စားသောက်နေဟန် ဆောင်ရင်း ထိုလူနှစ်ဦး သတိမမူမိခိုက်တွင် အစားအစာများကို သိုလှောင်လက်စွပ်ထဲသို့ တိတ်တဆိတ် ထည့်သွင်းထားလိုက်တော့သည်။
စားသောက်ပြီးနောက် ချင်ယွမ်ဖုန်းက မိမိအနေဖြင့် ပင်ပန်းနွမ်းနယ်နေသဖြင့် အနားယူလိုကြောင်း ပြောဆိုကာ တိုက်ရိုက် လဲလျောင်းအိပ်စက်လိုက်၏။
ခဏမျှ ကြာသောအခါ ချင်ယွမ်ဖုန်းသည် နှစ်ခြိုက်စွာ အိပ်ပျော်နေဟန် ဆောင်နေလိုက်ရာ ဝေကျိ မိမိအနီးသို့ တိုးကပ်လာသော ခြေသံကို ကြားလိုက်ရသည်။
“ညီလေးချင်...” ဟု ဝေကျိက ခပ်တိုးတိုး ခေါ်လိုက်၏။
သို့သော်လည်း ချင်ယွမ်ဖုန်းမှာ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ငြိမ်သက်စွာ လဲလျောင်းနေပေသည်။
ဝေကျိက ချင်ယွမ်ဖုန်းအား ထပ်မံ၍ တွန်းဆွကြည့်သောအခါ ချင်ယွမ်ဖုန်းမှာ လုံးဝ နိုးထလာခြင်းမရှိသဖြင့် မိမိတို့ခတ်ထားသော အဆိပ်မှာ အာနိသင်ပြသွားပြီဟု ယူဆလိုက်တော့သည်။
“ဟားဟားဟား... ချင်ယွမ်ဖုန်းတစ်ယောက် ငါတို့လက်ထဲကို တကယ်ပဲ သက်ဆင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ဝေကျိက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောလိုက်ပြီး “တွေ့လား... ဒါဟာ ဘာအင်အားမှ မစိုက်ထုတ်ရဘဲနဲ့ အလွယ်တကူ ရလိုက်တာပဲ” ဟု ဆို၏။
“ကဲ... လေရှည်မနေနဲ့တော့၊ လုပ်စရာရှိတာ မြန်မြန်လုပ်ကြစို့” ဟု ဝေဖာက ဤအချိန်တွင် အေးစက်စက် လေသံဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။
ဝေကျိက ပြုံးလျက် ခေါင်းညိတ်ကာ “ကောင်းပြီ... သူ့လည်ပင်းမှာ ဆွဲထားတဲ့ ကြေးညိုရောင် တံခါးကြီးကလည်း ရတနာတစ်ပါးပဲ၊ သူ့ကို သတ်လိုက်ရင် အဲဒီရတနာက ငါတို့အပိုင် ဖြစ်သွားမှာ ဖြစ်သလို ဆုကြေးငွေ အမြောက်အမြားကိုလည်း ရရှိမှာပဲ၊ တကယ့်ကို ကောင်းမွန်လှပေတယ်” ဟု ဆိုလာပေသည်။
ချင်ယွမ်ဖုန်းသည် ထိုအချိန်တွင် သံလျက်ဓားရှည်တစ်စင်းကို အိမ်မှ ထုတ်နုတ်လိုက်သော အသံကို ကြားလိုက်ရသဖြင့် ဆက်လက်၍ ပုန်းကွယ်နေ၍ မရနိုင်တော့ကြောင်း သိရှိကာ မြေပြင်မှ ဝုန်းကနဲ ထခုန်လိုက်တော့သည်။
ဝေဖာသည် ချင်ယွမ်ဖုန်းနှင့် အနည်းငယ် ကွာဝေးသော နေရာတွင် ရှိနေသဖြင့် ချင်ယွမ်ဖုန်း ထခုန်လာသည်ကို မြင်တွေ့ရသောအခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရ၏။
ဝေကျိမှာမူ ချင်ယွမ်ဖုန်း၏ အနီးအနားတွင်ပင် ရှိနေသဖြင့် မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိသေးဘဲ သူ၏ လှပသော အိပ်မက်ထဲတွင်သာ နစ်မြောနေဆဲ ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် သူ၏လည်ပင်းတွင် ဆွဲထားသော ကြေးညိုရောင် တံခါးကြီးကို ဆွဲဖြတ်လိုက်ပြီး စိတ်အာရုံတစ်ခုဖြင့် စေခိုင်းလိုက်ရာ ကြေးညိုရောင် တံခါးကြီးသည် ရုတ်ချည်းပင် မီတာနှစ်မီတာခန့်အထိ ကြီးမားကျယ်ပြန့်သွားပြီးနောက် ၎င်းကို ဝေကျိရှိရာသို့ ပြင်းထန်စွာ ဝှေ့ယမ်းနှိပ်စက်၍ ရိုက်ချလိုက်လေတော့သည်။