← Chapters

အခန်း (၄၅၃-၄၅၄)

Vol. 23 Ch. 453-454

အခန်း (၄၅၃-၄၅၄)

Vol. 23 Ch. 453-454

အခန်း (၄၅၃)ယမမင်း

“ဂြုန်း”

ထိုသို့သော ကျယ်လောင်လှသည့် အုန်းကနဲ မြည်ဟည်းသံကြောင့် ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် ထိတ်ခန့်သွားရချေသည်။ ဝေကျိအား ဆွဲထုရာတွင် မိမိ၏ ရှိသမျှ အားအင်အလုံးစုံကို သုံးစွဲခဲ့မိသဖြင့် ယင်းလူသတ်သမားမှာ တစ်စစီ ကြေမွပျက်စီးကာ သွေးသားအိုင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ကြေးညိုရောင် တံခါးကြီးသည် ပင်လယ်ကျွန်းငယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည့်အခါ ကျွန်းငယ်တစ်ခုလုံးကို ဖြတ်သန်းသွားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

ထိုပင်လယ်ကျွန်းငယ်မှာ သိပ်မကြီးမားလှသော်ငြား ယခုမူ ၎င်းအက်ကွဲကြောင်းကြီးကြောင့် ကျွန်းငယ်မှာ နှစ်ခြမ်းကွဲအက်၍ သွားရလေတော့သည်။

ဝေဖာသည် ချင်ယွမ်ဖုန်းအား ကြည့်ကာ ဆွံ့အမှင်တက်၍ နေချေပြီ။ တစ်ချက်တည်း ထုရုံမျှဖြင့် ပင်လယ်ကျွန်းငယ်တစ်ခုကို နှစ်ခြမ်းခွဲပစ်နိုင်သည့် အင်အားမျိုးကား မည်မျှပင် ကြီးမားလှသနည်း။

ချင်ယွမ်ဖုန်းက ပထမဦးဆုံး သတိပြန်ဝင်လာပြီး နှုတ်ခမ်းဖျားတွင် အေးစက်သော အပြုံးတစ်ခု ဆင်မြန်းလျက် ကြေးညိုရောင် တံခါးကြီးကို မြေပြင်ပေါ်သို့ တိုက်ရိုက် ချထားလိုက်သည်။

“ပြောစမ်း၊ မင်းတို့ရဲ့ နောက်ခံအကြောင်းအရင်းက အမှန်တကယ် ဘာလဲ”

ချင်ယွမ်ဖုန်းသည် ကြေးညိုရောင် တံခါးကြီးကို မှီလျက် လက်ပိုက်ကာ ဝေဖာအား စူးစိုက်ကြည့်ရင်း အေးစက်စွာ မေးမြန်းလိုက်သည်။ ထိုပုံစံမှာ ဝေဖာအား ထွက်ပေါက်မရှိအောင် ပိတ်ဆို့ထားသည့်နှယ် ရှိချေသည်။

ဝေဖာ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေမိသည်။ ထိုသို့သော ထိတ်လန့်ဖွယ် စွမ်းအင်မျိုး မိမိအပေါ် ကျရောက်လာပါက မိမိ၏ ဘဝအဆုံးသတ်သည်လည်း ဝေကျိထက် ထူးခြားမည်မဟုတ်ကြောင်း သိနေပေသည်။

“ကျွန်တော်တို့… ကျွန်တော်တို့က ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ကို သွားပြီး ဆေးလုံးတွေ ဝယ်ယူချင်ရုံသက်သက်ပါ…”

“တော်စမ်း”ချင်ယွမ်ဖုန်းက ဒေါသတကြီးဖြင့် စကားဖြတ်ပြောလိုက်သည်။ “ဒီလိမ်ညာမှုကို တစ်နေကုန် ကြားနေရတာ ငြီးငွေ့လှပြီ။ မင်းတို့ရဲ့ နာမည်အရင်းတွေက ဝေကျိနဲ့ ဝေဖာ မဟုတ်လား”

“မင်း… မင်း ဘယ်လိုသိတာလဲ” မိမိတို့၏ အမည်နာမကို ကွက်ကွက်ကွင်းကွင်း သိနေသော ချင်ယွမ်ဖုန်းကို ကြည့်ပြီး ဝေဖာ မျက်နှာ ပျက်သွားရသည်။

“ဟူး… မင်းတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ” ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် မေးလိုက်၏။

“ပြောပါ့မယ်၊ ကျွန်တော် အကုန်ပြောပါ့မယ်” ဝေဖာက ပျာပျာသလဲပင် ဆိုရှာသည်။ “တစ်ယောက်ယောက်က ငွေပေးပြီး မင်းရဲ့ အသက်ကို ဝယ်ခိုင်းလိုက်လို့ပါ”

“မင်းတို့က လူသတ်သမားတွေပေါ့” ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လျက် ခပ်ပြုံးပြုံးပင် ထပ်ဆင့်မေးမြန်းပြန်သည်။

“မင်း မသိဘူးလား” ဝေဖာက ချင်ယွမ်ဖုန်းအား အံ့အားသင့်စွာ ကြည့်၏။

“မင်းတို့နာမည်ကို ငါသိရုံနဲ့ မင်းတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကိုပါ ငါက သိနေရမှာလား” ချင်ယွမ်ဖုန်းက ခနဲ့တဲ့တဲ့ နှာခေါင်းရှုံ့လိုက်ရင်း “မင်းတို့ကို ဘယ်သူက ငှားရမ်းခဲ့တာလဲ” ဟု မေးလိုက်သည်။

“ဒါတော့ ပြောလို့မဖြစ်ဘူး။ တကယ်လို့ ပြောမိရင် လူသတ်သမားတွေ အားလုံးက ကျွန်တော့်ကို လိုက်လံ သတ်ဖြတ်ကြလိမ့်မယ်” ဝေဖာက အသည်းအသန်ပင် တောင်းပန်တိုးလျှိုးရှာသည်။

“မင်း မပြောရင်တော့ အခုချက်ချင်း သေရလိမ့်မယ်” ချင်ယွမ်ဖုန်းက ဘေးရှိ ကြေးညိုရောင် တံခါးကြီးကို ပုတ်လျက် အေးစက်စွာ ခြိမ်းခြောက်လိုက်ချေသည်။

ဝေဖာသည် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာရသည်။ အကယ်၍ လူသတ်သမားတို့၏ စည်းကမ်းကို ဖောက်ဖျက်ပါက ဆိုးဝါးစွာ သေဆုံးရမည် ဖြစ်သော်လည်း ယခု မပြောပါကလည်း ချင်ယွမ်ဖုန်း၏ ကြောက်မက်ဖွယ် အင်အားအောက်တွင် မြေစာပင် ဖြစ်ရတော့မည် မဟုတ်လော။

“ကျွန်တော် တကယ်ပြောလို့ မရဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိပါဘူး။ ဒီတာဝန်ကို လက်ခံခဲ့ရုံ သက်သက်ပါ။ အဲဒီတာဝန်ကို ပေးအပ်ခဲ့တဲ့သူက အမျိုးသမီးတစ်ယောက် ဆိုတာပဲ သိပါတယ်”

ဝေဖာမှာ ငိုမဲ့မဲ့ ဖြစ်နေချေပြီ။

“အမျိုးသမီးတစ်ယောက် ဟုတ်လား” ချင်ယွမ်ဖုန်း အနည်းငယ် အံ့ဩသွားမိသည်။ မိမိကိုယ်မိမိ အမျိုးသမီးများအပေါ် အမြဲတစေ သဘောကောင်းသူဟု မှတ်ယူထားပြီး ရန်ငြိုးဖွဲ့မိသူလည်း အလွန်နည်းပါးရာ မည်သည့်အမျိုးသမီးက မိမိအား သတ်ရန် လူသတ်သမား ငှားရမ်းရသနည်း။

“ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော့်အဖေလည်း မင်းလက်ချက်နဲ့ သေဆုံးသွားခဲ့ပြီပဲ” ဝေဖာသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသနားခံရှာသည်။

ချင်ယွမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဒီဝေဖာသည် လူသတ်သမားတစ်ယောက် ဖြစ်သော်လည်း မည်သည့် အရိုးအဆစ် ဇွဲသတ္တိမျှ မရှိချေ။

အဘိုးအိုသူတောင်းစား ကဲ့သို့သော သူမျိုးမှသာလျှင် တကယ့် အရည်အချင်းပြည့်ဝသည့် လူသတ်သမားဟု ခေါ်ဆိုထိုက်ပေသည်။

“ကောင်းပြီ၊ မင်းရဲ့ လက်တစ်ဖက်ကို မင်းကိုယ်တိုင် ဖြတ်တောက်မယ်ဆိုရင် ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်” ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ဆိုလိုက်၏။

ဝေဖာသည် မျှော်လင့်ချက်မဲ့သော မျက်ဝန်းများဖြင့် ချင်ယွမ်ဖုန်းအား တစ်ချက်ကြည့်ကာ မိမိ၏ လက်မောင်းကို ပြန်ကြည့်ပြီးနောက် နောက်ဆုံးတွင် သွားကို ကြိတ်လျက် လက်ထဲမှ သန်လျက်ဓားကို မြှောက်ကာ ပခုံးဆီသို့ လွှဲခုတ်ချလိုက်တော့သည်။

သွေးအလျဉ်းများ ပန်းထွက်သွားကာ ဝေဖာ၏ လက်မောင်းမှာ လွင့်စင်သွားရချေပြီ။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဝေဖာအား လွှတ်ပေးရန် စိတ်ကူးမရှိခဲ့ပေ။

ယင်းအစား ကြေးညိုရောင် တံခါးကြီးကို မြှောက်လျက် ဝေဖာ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ဆွဲထုလိုက်ပြန်သည်။

ဝေဖာသည်လည်း ဝေကျိကဲ့သို့ပင် ကြေးညိုရောင် တံခါးကြီး၏ အောက်တွင် သွေးသားအိုင်အဖြစ်သို့ ပြောင်းလဲသွားရရှာသည်။

ထိုသို့ ပြုလုပ်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားကာ ချွေးစေးများ ချက်ချင်းပင် ထွက်လာပြီး အဝတ်အစားများ စိုရွှဲသွားရုံမျှမက မျက်နှာမှာလည်း ဖြူဖျော့သွားကာ အားအင်ကုန်ခမ်းသည့် ပုံစံမျိုး ဖြစ်သွားရလေသည်။

“ဒီကြေးညိုရောင် တံခါးကြီးက တကယ်ကို လေးလံလွန်းတယ်…” ချင်ယွမ်ဖုန်း မောဟိုက်စွာ အသက်ရှူနေမိသည်။ ခုနက ဝေဖာနှင့် စကားပြောနေချိန်တွင် မိမိမှာ မတ်တတ်ပင် မရပ်နိုင်လုနီးပါး ဖြစ်နေခဲ့ရသည်။

အမှန်စင်စစ် ချင်ယွမ်ဖုန်းသည် ကြေးညိုရောင် တံခါးကြီးကို အသုံးပြုသည့်အခါ မိမိ၏ ရှိသမျှ စွမ်းအားအလုံးစုံကို တံခါးကြီးက စုပ်ယူသွားဟန် ရှိပြီး ထို့ကြောင့်ပင် ပင်လယ်ကျွန်းငယ်ကို နှစ်ခြမ်းကွဲစေနိုင်လောက်သည့် ကြီးမားသော စွမ်းအား ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် ဝေဖာအား ထပ်မံ ရင်ဆိုင်ရန် အားအင် မကျန်တော့သဖြင့် ချင်ယွမ်ဖုန်းသည် ဝေဖာ၏ ထိတ်လန့်မှုကို အခွင့်ကောင်းယူကာ လက်မောင်းကို ကိုယ်တိုင် ဖြတ်တောက်စေခဲ့ပြီး အခွင့်သာခိုက်တွင် တစ်ပါတည်း ထုသတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက မိမိ၏ အားနည်းချက်ကို သိသွားလျှင် ဝေဖာသည် လူသတ်သမားတစ်ဦး ဖြစ်သည့်အလျောက် ချင်ယွမ်ဖုန်းအား လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

ချင်ယွမ်ဖုန်း၏ အင်အားနှင့် ဆိုပါက ဤကြေးညိုရောင် တံခါးကြီးကို အရှိန်အကုန် သုံးစွဲနိုင်လျှင် နဝမအဆင့် မဟာဆရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးပင်လျှင် ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် အချိန်ကာလတစ်ခုအတွင်း ၎င်းကို အများဆုံး နှစ်ကြိမ်သာ အသုံးပြုနိုင်ချေသည်။

ထိုနှစ်ကြိမ် အသုံးပြုခြင်းသည်ပင် ချင်ယွမ်ဖုန်း၏ အားအင်အားလုံးကို ကုန်ခမ်းသွားစေမည် ဖြစ်သည်။

“အစွမ်းထက်ပေမယ့် စွမ်းအင် သုံးစွဲမှုက အရမ်းများလွန်းတယ်” ချင်ယွမ်ဖုန်းက မြေပြင်တွင် စိုက်ဝင်နေသော ကြေးညိုရောင် တံခါးကြီးကို ကိုင်တွယ်ရင်း ခပ်တိုးတိုး ဆိုလိုက်မိသည်။

ဝေကျိနှင့် ဝေဖာတို့သည် မတရား သေဆုံးသွားရသော်လည်း မိမိအား သတ်ရန် ရောက်ရှိလာသော လူသတ်သမား နှစ်ဦးအပေါ်တွင်မူ ချင်ယွမ်ဖုန်း၌ မည်သည့် သနားညှာတာမှုမျှ မရှိပေ။

ပြင်းထန်သော ထုရိုက်မှု နှစ်ကြိမ်အပြီးတွင် ကြေးညိုရောင် တံခါးကြီးပေါ်ရှိ သံချေးများ၊ ခရုခွံများနှင့် သန္တာကျောက်တန်းများမှာ ကြေမွ ပျက်စီးကာ ကွာကျကုန်သဖြင့် ယခုအခါ ကြေးညိုရောင် တံခါးကြီးမှာ အလွန်တရာ လက်ရာမြောက် ဆန်းပြားစွာ ပေါ်ထွက်လာချေပြီ။

တံခါးကြီးပေါ်တွင် သိမ်မွေ့လှပသော အဆောင်ပုံရိပ်များ ထုဆစ်ထားပြီး သံချေးများ ကင်းစင်သွားသည့်အခါ ကြေးညိုရောင် တံခါးနှစ်ချပ်မှာ အနုပညာ လက်ရာမွန်တစ်ခုကဲ့သို့ တင့်တယ်လှပနေတော့သည်။

ကြေမွပျက်စီးနေသော သွေးသားပုံများထဲမှ ချင်ယွမ်ဖုန်းသည် ဝေကျိနှင့် ဝေဖာတို့၏ သိုလှောင်အိတ်များကို ကောက်ယူလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုသိုလှောင်အိတ်များသည် တံခါးကြီး၏ တိုက်ရိုက် ထုရိုက်မှုကို မခံရသဖြင့် ပျက်စီးခြင်း မရှိခဲ့ပေ။ မဟုတ်ပါက ကြေမွသွားလောက်ချေပြီ။

ထိုသိုလှောင်အိတ်များထဲမှ အဆိပ်များ၊ အမျိုးမျိုးသော လက်နက်သွန်းလုပ်ခြင်း ပစ္စည်းများ၊ ဝိညာဉ်အဆောင်များ၊ ဆေးလုံးများ စသည့် စိတ်ဝင်စားဖွယ်ရာ ပစ္စည်းများစွာကို ချင်ယွမ်ဖုန်း ရှာဖွေတွေ့ရှိခဲ့သည်။

လူသတ်သမားတစ်ဦး ဖြစ်လာရန်အတွက် အရာရာကို ကျွမ်းကျင်နေဖို့ လိုအပ်ပုံရပေသည်။

သို့သော် အရေးကြီးဆုံးအချက်မှာ အိတ်ထဲ၌ ‘ယမမင်း’ ဟု ကမ္ပည်းထိုးထားသော တံဆိပ်ပြား နှစ်ခုကို တွေ့ရှိရခြင်းပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် မုန့်ချီလော့ထံမှ ‘ယမမင်း’ လူသတ်သမား အဖွဲ့အစည်းအကြောင်း ကြားဖူးခဲ့ဖူးရာ အဘိုးအိုသူတောင်းစား သည်လည်း ဤအဖွဲ့အစည်းမှ လူသတ်သမားတစ်ဦး ဖြစ်ဟန်တူပေသည်။

“ငါ့ကို သေစေချင်တဲ့သူက အခုထိ လက်မလျှော့သေးဘူးပဲ” ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။

ဝေဖာ၏ နှုတ်ထွက်စကားအရ ၎င်းအလုပ်ရှင်မှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းသာ သိရှိရသဖြင့် ချင်ယွမ်ဖုန်းမှာ လုံးဝ စဉ်းစားရ ခက်နေမိသည်။

“ထားလိုက်ပါတော့၊ လာဖို့ ကံပါလာရင်တော့ ရင်ဆိုင်ရမှာပဲ” ချင်ယွမ်ဖုန်းသည် ခေတ္တမျှ ထိုင်၍ အနားယူပြီးနောက် ပင်လယ်ကျွန်းငယ်၏ အလယ်ဗဟိုတွင် လှဲလျော်ကာ အိပ်စက်အနားယူလိုက်တော့သည်။

ကျင့်ကြံသူများသည် မအိပ်ဘဲ နေနိုင်သော်ငြား ကိုယ်တွင်းစွမ်းအင်များ ပြည့်ဝနေလင့်ကစား စုပြုံနေသော ပင်ပန်းနွမ်းနယ်မှုများကိုမူ အိပ်စက်ခြင်းဖြင့်သာ ဖြေဖျောက်နိုင်ပေသည်။

နိုးလာသည့်အခါ ချင်ယွမ်ဖုန်းသည် မိမိ၏ အားအင်အားလုံး ပြန်လည် ပြည့်ဝလာကြောင်း ခံစားလိုက်ရသည်။ ကြေးညိုရောင် တံခါးကြီးမှာ ထိုနေရာတွင်ပင် ရှိနေဆဲဖြစ်ပြီး သွေးသားအိုင် နှစ်ခုမှာမူ ဒီရေတက်လာသဖြင့် မျောပါသွားခဲ့ပြီ ဖြစ်သည်။

“ငါ မြန်မြန် ပြန်မှဖြစ်မယ်။ ကျောင်းအပ်ဖို့ တောင် နောက်ကျနေပြီ” ချင်ယွမ်ဖုန်းက ခပ်တိုးတိုး ဆိုရင်း မိမိ၏ ဝိညာဉ်လှေငယ်ကို ထုတ်ကာ ကြေးညိုရောင် တံခါးကြီးကို သိမ်းဆည်းလျက် ကုန်းတွင်းပိုင်းဒေသသို့ အလျင်အမြန်ပင် ဦးတည်မောင်းနှင်လိုက်တော့သည်။

လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် မည်သည့် ဘေးအန္တရာယ်မျှ ထပ်မံ မကြုံတွေ့ခဲ့ရသော်လည်း သုံးလမျှ ကြာမြင့်ခဲ့သဖြင့် ကျောင်းပြန်အပ်ရမည့် အချိန်ထက် ကျော်လွန်သွားခဲ့ချေပြီ။

ချင်ယွမ်အင်ပါယာ သို့ ဆိုက်ရောက်သည့်အခါ ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။

ထိုအချိန်တွင် လုယွဲ့အင်ပါယာ အတွင်းရှိ နိုင်ငံရေး အခြေအနေမှာ သိသာထင်ရှားစွာ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ လုယွဲ့အင်ပါယာ၏ တော်ဝင်မိသားစုသည် ရှာမိသားစု ၏ အင်အားကို အမှီပြုလျက် သေးငယ်သော ဂိုဏ်းအများစုကို သိမ်းပိုက်ရယူထားပြီး ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဆေးနတ်ဘုရားဂိုဏ်း ဦးဆောင်သော မဟာမိတ်အဖွဲ့ ဖြစ်ပြီး ၎င်းတို့သည် တော်ဝင်မိသားစု၏ လက်အောက်ခံ ဖြစ်မည့်အရေးနှင့် ၎င်းတို့၏ လက်ပါးစေ အစေခံများ ဖြစ်သွားမည့်အရေးကို အလိုမရှိသဖြင့် ယနေ့တိုင်အောင်ပင် ဆက်လက် တွန်းလှန် နေကြဆဲ ဖြစ်ပေသတည်း။

အခန်း(၄၅၄)

ဆေးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်

ချင်ယွမ်ဖုန်း အဝေးသို့ ရောက်ရှိနေသည့် လအနည်းငယ်အတွင်း မဟာမိတ်အဖွဲ့နှင့် တော်ဝင်မျိုးနွယ်စုတို့အကြား စစ်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ချေသည်။

သို့သော်လည်း မည်သည့်ဖက်ကမျှ အသာစီးမရရှိခဲ့သဖြင့် အင်ပါယာက အရှိန်အဟုန်ကို ခေတ္တရပ်တန့်ထားခဲ့၏။

အင်အားကြီး အဖွဲ့အစည်းနှစ်ခုစလုံးသည် ကြယ်ကြွေကန္တာရကို နယ်နိမိတ်အဖြစ် သတ်မှတ်ပိုင်းခြားထားကြရာ အနောက်ဘက်ဒေသသည် လုယွဲ့အင်ပါယာ၏ လက်အောက်ဖြစ်ပြီး အရှေ့ဘက်ဒေသမူ ဆေးနတ်ဘုရားဂိုဏ်း၏ ပိုင်နက်ဖြစ်ချေသည်။

ဤအချိန်တွင် လုယွဲ့အင်ပါယာသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးနေပြီ ဖြစ်သော်လည်း ယင်း၏ အင်အားမှာ ယခင်ကထက် များစွာ သာလွန်နေသေးသည် ဖြစ်တန်ရာသည်။

ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဒုန်ဖန်းရှန့်မင်နှင့် ဆုံတွေ့လေသည်။

ဒုန်ဖန်းရှန့်မင်သည်လည်း ထိုလောကီရေးရာ အရှုပ်အထုပ်များကြောင့် စိတ်သောကရောက်နေရဟန်တူပြီး အနည်းငယ် စိတ်ဓာတ်ကျဆင်းနေပုံ ရချေသည်။

ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာသည်ကို မြင်လျှင်မူ ဒုန်ဖန်းရှန့်မင်၏ မျက်နှာထက်၌ ပြုံးရိပ်သန်းလာတော့သည်။

“မင်း ဧကန်မုချ ပြန်လာလိမ့်မယ်ဆိုတာ ငါသိနေတာပေါ့” ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် ဆို၏။

ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာပြီ ဖြစ်ရာ ယင်း၏ခန္ဓာကိုယ်အတွင်းရှိ ခြိမ်းခြောက်မှုသည်လည်း မရှိတော့ပြီဟု ဆိုရပေမည်။

“ဟီးဟီး၊ ဒါတွေအားလုံးက ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကြောင့်ပါ” ဟု ချင်ယွမ်ဖုန်းက ခေါင်းကို ကုတ်လျက် ရယ်မောရင်း ပြောလိုက်သည်။ “ဒါနဲ့ စကားမစပ်၊ အခု အခြေအနေတွေက ဘယ်လိုရှိနေပြီလဲ”

ဒုန်ဖန်းရှန့်မင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ချင်ယွမ်ဖုန်းအား အသေးစိတ် ပြောပြလေရာ ချင်ယွမ်ဖုန်းသည်လည်း စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်လာရချေသည်။

“အင်း၊ ရှာမိသားစုက ဒီလောက်အထိ အင်အားတောင့်တင်းပြီး ဆေးနတ်ဘုရားဂိုဏ်းကိုတောင် ယှဉ်ပြိုင်အံတုနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်၏။

ဒုန်ဖန်းရှန့်မင်က ခေါင်းကို ခါယမ်းရင်း “အဲဒီအကြောင်းတွေကို အခုလောလောဆယ် ဘေးဖယ်ထားလိုက်ပါဦး၊ ရှာမိသားစုက ဘယ်လောက်ပဲ အင်အားကြီးကြီး ဆေးနတ်ဘုရားဂိုဏ်းကတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး၊ မင်းလည်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီဆိုတော့ ဝမ်းသာစရာပေါ့၊ အာ၊ ငါ့မှာ မင်းအတွက် သတင်းကောင်းတစ်ခု ရှိသေးတယ်” ဟု ဆိုသည်။

“သတင်းကောင်း ဟုတ်လား” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရုံမျှမက အံ့အားလည်း သင့်သွားရချေသည်။

“ဟုတ်တယ်၊ ဟိုဟိုဒီဒီ ကွဲလွင့်နေတဲ့ မင်းတို့ ချင်မိသားစုဝင်အချို့ကို ငါတို့ ရှာဖွေတွေ့ရှိခဲ့တယ်၊ အားလုံးပေါင်း ခြောက်ယောက် လွတ်မြောက်လာခဲ့ကြတာ၊ သူတို့တွေအားလုံးက မျိုးဆက်သစ် လူငယ်လေးတွေပဲ၊ ဒါပေမဲ့ တစ်ယောက်ယောက် အသက်ရှင်ကျန်ရစ်နေသေးတာကိုပဲ ကံကောင်းလှပြီလို့ ဆိုရမယ်” ဟု ဒုန်ဖန်းရှန့်မင်က ဆို၏။

ချင်ယွမ်ဖုန်း တစ်ချက်မျှ မှင်တက်သွားပြီးမှ ခေါင်းညိတ်ပြလိုက်ကာ “ဂိုဏ်းချုပ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ သူတို့ အခု ဘယ်မှာလဲ” ဟု မေးမြန်းလေသည်။

“သူတို့ကို မင်းရဲ့ မြေနက်မြေဆီ သွားဖို့ ငါစီစဉ်ပေးထားတယ်၊ မင်းအနေနဲ့ စိတ်ဆိုးမှာ မဟုတ်ဘူးမလား”

“ဒါပေါ့၊ စိတ်မဆိုးပါဘူး” ချင်ယွမ်ဖုန်းက အလျင်အမြန် ခေါင်းခါယမ်းလျက် “ဒီလို ကမ္ဘာပျက်မတတ် ဘေးဒုက္ခဆိုးကြီးနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာ သူတို့တွေ အများကြီး ရင့်ကျက်လာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဆို၏။

“မှန်တာပေါ့” ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်ထောက်ခံရင်း “ငါ့အနေနဲ့ မင်းကို တခြား ကူညီပေးနိုင်တာ သိပ်မရှိတော့ဘူး၊ အဲဒီ မြေနက်မြေဟာ အခုကစပြီး မင်းရဲ့ ပိုင်နက်နယ်မြေ ဖြစ်သွားပြီ၊ ဒါကို မင်းအတွက် ငါ တရားဝင် လက်ဆောင်ပေးလိုက်တာပါ” ဟု ပြောကြားလေသည်။

“ကျွန်တော့်ကို လက်ဆောင်ပေးတယ် ဟုတ်လား” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြန်သည်။

ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်လျက် “ငါက မင်း အသက်ရှင်လျက် ပြန်လာမယ့်အချိန်ကို စောင့်ပြီး ဒီမြေနက်မြေကို ပေးဖို့ ရည်ရွယ်ထားတာ၊ အခုကစပြီး အဲဒီမြေဟာ ဆေးနတ်ဘုရားဂိုဏ်းရဲ့ ပိုင်နက် မဟုတ်တော့ဘူး၊ ငါတို့အနေနဲ့ ဝိညာဉ်အပင်တွေ လိုအပ်ရင် မင်းဆီကနေ ပြန်ဝယ်ပါ့မယ်၊ မင်းလည်း မင်းရဲ့ ချင်မိသားစုဝင်တွေကို လုပ်ကျွေး စောင့်ရှောက်ရဦးမှာမလား” ဟု ပြောဆိုချေသည်။

ချင်ယွမ်ဖုန်းသည် အတိုင်းထက်အလွန် ကျေးဇူးတင်ရှိသွားသဖြင့် မည်သို့ စကားပြန်ရမည်ကိုပင် မသိတော့ပေ။

“ကဲပါ၊ ကျေးဇူးတင်စကားတွေ အလောတကြီး ပြောမနေပါနဲ့ဦး၊ ငါ့မှာလည်း တခြား ရည်ရွယ်ချက် တစ်ခုရှိလို့ပေါ့” ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် ဆိုသည်။

“ဂိုဏ်းချုပ်၊ သိပါရစေ၊ ပွင့်ပွင့်လင်းလင်းသာ မိန့်ကြားပါ” ချင်ယွမ်ဖုန်းက ယင်း၏ ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်သည်။ သူသည်လည်း ဤမြေနက်မြေကို ဝယ်ယူရန် စဉ်းစားနေခဲ့သော်လည်း ဒုန်ဖန်းရှန့်မင်ကို မည်သို့ စကားစရမည်ကို မသိဘဲ ဖြစ်နေခဲ့ရချေသည်။

ယခုမူ စကားစရာပင် မလိုတော့ပြီ မဟုတ်လော။

“နောင်တစ်ချိန်မှာ မင်း ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံပေးဖို့ ငါ မျှော်လင့်တယ်” ဟု ဒုန်ဖန်းရှန့်မင်က ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်လျက် လေးလေးနက်နက် ဆိုလေသည်။

ချင်ယွမ်ဖုန်း မျက်လုံးအစုံ ပြူးကျယ်သွားရပြန်သည်။ ဤသို့ ဖြစ်လာလိမ့်မည်ဟု ကြိုတင်အာရုံရခဲ့သော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ပေ။

“ချက်ချင်း အဖြေပေးဖို့ မလိုပါဘူး” ဒုန်ဖန်းရှန့်မင်က ပြုံးလျက် “ငါ မစွမ်းဆောင်နိုင်တော့တဲ့ အခါကျမှပဲ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့၊ လောလောဆယ်တော့ မင်း လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်ပါဦး” ဟု ဆို၏။

ချင်ယွမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်ပြီး “ကောင်းပါပြီ၊ အဲဒီအချိန်ကျမှပဲ အစီအစဉ် ဆွဲကြတာပေါ့” ဟု ပြောလိုက်သည်။

ထို့နောက် “အာ၊ ဂိုဏ်းချုပ်၊ ကျွန်တော်လည်း သတင်းတစ်ခု ပြောပြဖို့ ရှိသေးတယ်” ဟု ချင်ယွမ်ဖုန်းက အလျင်အမြန် ဖြည့်စွက်ပြောကြားလေသည်။

“ပြောလေ” ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ဆို၏။

ချင်ယွမ်ဖုန်းက ပြုံးလျက် “ကျွန်တော် ဂိုဏ်းချုပ်ရဲ့ စီနီယာအကို ချိုးချန်ချီနဲ့ ဆုံတွေ့ခဲ့တယ်” ဟု ဆိုသည်။

“စီနီယာအကို” ဒုန်ဖန်းရှန့်မင်၏ မျက်ဆန်းအိမ်များ ကျုံ့ဝင်သွားလျက် “သူ ဘာပြောလဲ” ဟု မေးမြန်းချေသည်။

“ထူးထူးခြားခြားတော့ မရှိပါဘူး၊ ဆရာတူဦးလေးက ဂိုဏ်းချုပ်ဆီ စကားပါးလိုက်တာကတော့ သူ ဧကန်မုချ ပြန်လာခဲ့ပါ့မယ်တဲ့၊ ပြီးတော့ အတိတ်က အကြောင်းအရာတွေကို သူ လုံးဝ လက်လွှတ်လိုက်ပြီ ဖြစ်ပေမဲ့ ပြန်လာဖို့ ရှက်ရွံ့နေခဲ့တာပါလို့ ပြောပါတယ်” ဟု ချင်ယွမ်ဖုန်းက ဆိုလေသည်။

ဒုန်ဖန်းရှန့်မင်က ပြုံးလိုက်ပြီး “ဟိုတုန်းက ဆရာသခင်က ငါ့ကို ဂိုဏ်းချုပ် ဖြစ်စေချင်ခဲ့တာ၊ ငါက ဒီတာဝန်ကြီးကို စီနီယာအစ်ကို့ဆီ တွန်းပို့ချင်ခဲ့တာပေါ့၊ ဒါပေမဲ့ သူက နှုတ်ပင်မဆက်ဘဲ ထွက်သွားလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ” ဟု ဆို၏။

“အခုတော့ ဆရာတူဦးလေးက သမားတော်တစ်ယောက် ဖြစ်နေပြီ” ချင်ယွမ်ဖုန်းက ပြုံးလျက် “သူ မကြာခင် ပြန်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဆိုချေသည်။

“ကောင်းတာပေါ့၊ သူသာ ပြန်လာနိုင်ရင် ငါလည်း အနည်းငယ် စိတ်သက်သာရာ ရသွားတာပေါ့” ဟု ဒုန်ဖန်းရှန့်မင်က အေးဆေးစွာ ဆိုလေသည်။

ထိုစဉ်မှာပင် အိုင်ဖေးသည် အဓိကခန်းမအတွင်းသို့ တိုက်ရိုက် ပြေးဝင်လာပြီး ဒုန်ဖန်းရှန့်မင်ကို ဦးညွှတ် ဂါရဝပြုကာ ချင်ယွမ်ဖုန်းအား ဖက်လဲတကဲ ပွေ့ဖက်လိုက်တော့သည်။

“ဖုန်းအစ်ကို၊ အစ်ကို နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့ဗျာ” အိုင်ဖေး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေဟန် ပေါ်လွင်နေချေသည်။

ချင်ယွမ်ဖုန်းက အိုင်ဖေး၏ ကျောကို ပုတ်ပေးလိုက်၏။ ဆေးနတ်ဘုရားဂိုဏ်း၏ တပည့်များအနက် အိုင်ဖေးတစ်ယောက်သာ ယင်း၏ ဘေးကင်းလုံခြုံမှုကို အမှန်တကယ် စိုးရိမ်ပူပန်ပေးခဲ့ခြင်း ဖြစ်ပေရာသည်။

“ယွမ်ဖုန်း၊ ကလဲ့စားချေဖို့ဆိုတာ အလောတကြီး လုပ်ရမယ့် အရာမဟုတ်ဘူး၊ မင်းမှာ လုံလောက်တဲ့ အင်အားရှိလာတဲ့ အခါကျမှပဲ ကလဲ့စားချေပါ၊ ရှာမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို မင်းအတွက် ငါ ချန်ထားပေးပါ့မယ်” ဟု ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ဆိုလေသည်။

“နားလည်ပါပြီ ဂိုဏ်းချုပ်” ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ကို ပူးယှက်လျက် အလေးအနက် ဆိုလိုက်၏။

ယင်းသည် စိတ်လိုက်မာန်ပါ မလုပ်မိစေရန်နှင့် ကလဲ့စားချေလိုစိတ်ဖြင့် အလောတကြီး မတိုးဝင်ရန် ဒုန်ဖန်းရှန့်မင်က သတိပေးလိုက်ခြင်း ဖြစ်ပေသည်။

စကားပြောပြီးနောက် ဒုန်ဖန်းရှန့်မင်သည် ထိုနေရာမှ တိုက်ရိုက် ထွက်ခွာသွားခဲ့ရာ အဓိကခန်းမကြီးအတွင်း၌ အိုင်ဖေးနှင့် ချင်ယွမ်ဖုန်း ညီအစ်ကိုနှစ်ဦးသာ ကျန်ရစ်ခဲ့တော့သည်။

ချင်ယွမ်ဖုန်းက အိုင်ဖေးအား ယွင်ယဲ့ယဲ့နှင့် ပတ်သက်ပြီး မေးမြန်းရာ ယင်းတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ကောင်းမွန်စွာ တိုးတက်နေပြီး အတူတကွ ကျင့်ကြံဖော်များ ဖြစ်လာရန် ရည်ရွယ်ချက် ရှိကြကြောင်း သိရလေသည်။

ထို ညီအစ်ကိုနှစ်ဦးသည် အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးမှ ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာခဲ့ပြီး မြေနက်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

မြေနက်မြေသည် ယခင်အတိုင်းပင် ရှိနေသေးသော်လည်း ချန်ဒါချောင်နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဦးက အကောင်းဆုံး ကြီးကြပ် ပျိုးထောင်ထားသဖြင့် စိမ်းလန်းစိုပြည်လျက် ရှိရုံမျှမက အမျိုးမျိုးသော ဝိညာဉ်အပင်များကလည်း ရှင်သန်ဝေဆာနေကြချေသည်။

ဝမ်ချိုင်သည် ချင်ယွမ်ဖုန်း၏ အနံ့ကို အဦးဆုံး ရရှိသွားသူ ဖြစ်ရာ မြေပြင်ပေါ်မှ ရုတ်တရက် ထရပ်ပြီး ချင်ယွမ်ဖုန်းရှိရာဆီသို့ အပြေးအလွှား တိုးဝင်လာတော့သည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည်လည်း တစ်စုံတစ်ခုကို အာရုံရမိဟန်တူကာ မော့ကြည့်လိုက်ရာ ချင်ယွမ်ဖုန်း၏ ပြုံးရွှင်နေသော မျက်နှာကို မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ကျဆင်းလာရချေသည်။

ချင်ယွမ်ဖုန်း အဝေးသို့ ရောက်ရှိနေသည့် လအနည်းငယ်အတွင်း ယင်းတို့ ညီအစ်မနှစ်ဦးသည် သူ၏ ဘေးကင်းလုံခြုံရေးအတွက် အစဉ်မပြတ် စိုးရိမ်ပူပန်နေခဲ့ကြရပြီး ချင်ယွမ်ဖုန်း ထွက်ခွာသွားကာ တစ်ဖန် ပြန်လည်ရောက်ရှိမလာတော့မည်ကို အမှန်ပင် ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်ပေသည်။

ယခုအခါ ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်ရာ ရင်ထဲတွင် တနင့်တပိုး ဖြစ်နေခဲ့ရသော စိုးရိမ်သောကများအားလုံး သက်ဆင်းပျောက်ကွယ်သွားရချေပြီ။

မြေနက်မြေအတွင်း၌ သစ်သားအိမ်ငယ် အချို့ ပေါ်ပေါက်နေပြီး ထိုအချိန်တွင် အိမ်အတွင်းမှ လူငယ်နှင့် မိန်းမပျို အချို့ လျှောက်လှမ်းထွက်လာကြလေသည်။

၎င်းတို့သည် ရှုပ်ထွေးလှသော မျက်နှာပေးများဖြင့် ချင်ယွမ်ဖုန်းကို စူးစိုက်ကြည့်နေကြကုန်၏။

ချင်ယွမ်ဖုန်းက ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့၏ ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်ပြီးနောက် ထိုသူများနှင့်အတူ သစ်သားအိမ်ငယ်များဆီသို့ လျှောက်လှမ်းသွားလေသည်။

“ယွမ်ဖုန်း… အစ်ကို” လူငယ်တစ်ယောက်က ချင်ယွမ်ဖုန်းကို ကြည့်ကာ သိသိသာသာပင် ကြောက်ရွံ့ရိုသေစွာဖြင့် လှမ်း၍ ခေါ်လိုက်၏။

ကျန်ရှိနေသော သူများသည်လည်း ချင်ယွမ်ဖုန်းက မိမိတို့အား ငြိုငြင်ငြင်းပယ်မည်ကို စိုးရိမ်သော မျက်နှာပေးများဖြင့် ကြည့်နေကြသည်။

၎င်းတို့သည် စုစုပေါင်း ခြောက်ယောက်ရှိပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်ကာ အားလုံးက ချင်ယွမ်ဖုန်းနှင့် မျိုးဆက်တူများ ဖြစ်ကြချေသည်။

ထိုအထဲတွင် ချင်ယုံဟုန်း၏ သား၊ ချင်ယုံရှင်း၏ သမီးတို့ ပါဝင်ပြီး ချင်ယွမ်ဖုန်းသည် ချင်မိသားစု၏ ဒုတိယအကြီးအကဲ ဖြစ်သော ချင်မင်ယန်၏ အငယ်ဆုံးသမီးကိုပင် မြင်တွေ့လိုက်ရသေးသည်။

ချင်မင်ယန်တွင် သားနှစ်ဦးနှင့် သမီးတစ်ဦး ရှိချေသည်။ သူ၏သမီးကိုမူ အသက်ကြီးပိုင်းကျမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ချင်ယွမ်ဖုန်းထက် တစ်နှစ်မျှ ငယ်သော်လည်း ချင်ယွမ်ဖုန်းထက် တစ်မျိုးဆက် ပို၍ ကြီးမြင့်ချေသည်။

“မင်းတို့ အသက်ရှင်နေသရွေ့တော့ ချင်မိသားစုဟာ ပျက်သုဉ်းသွားမှာ မဟုတ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်၏။

ထိုစကားကို ကြားလိုက်ရလျှင်ပင် ချင်မိသားစု၏ မျိုးဆက်သစ် လူငယ်အနည်းငယ်တို့သည် ဝမ်းနည်းပက်လက်ဖြင့် ခေါင်းချင်းရိုက်ကာ ငိုကြွေးကြလေတော့သည်။

၎င်းတို့သည် မိမိတို့ မျိုးနွယ်စုတစ်ခုလုံး သတ်ဖြတ်ချေမှုန်းခံရသည့် ကြေကွဲဖွယ် ဒုက္ခဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပြီးနောက် လွတ်မြောက်လာခဲ့ကာ နေရာအနှံ့ လွင့်ပါးအခြေမဲ့ဖြစ်နေခဲ့ရပြီးမှ နောက်ဆုံးတွင် ဆေးနတ်ဘုရားဂိုဏ်းမှ လူများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံရကာ ဤနေရာသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရခြင်း ဖြစ်ပေသတည်း။

All Chapters