အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အခန်း ၁၂၁ - စုန်ဖျင်ခရိုင် လက်ပြောင်းခြင်း
လျိုသယ်ကန်းသည် လမ်းကြားတစ်ခုထဲသို့ လျှောက်ဝင်လာစဉ်မှာပင် ဒုတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် သာမန်အရပ်သား တစ်ဒါဇင်ကျော်က သူ့ရှေ့မှ ပိတ်ဆို့ကာ ရုတ်တရက် ထွက်ပေါ်လာကြသည်။
"လျိုသယ်... မင်းလို အကျင့်ပျက်ခြစားတဲ့ အရာရှိက ငါတို့ကို မှတ်မိသေးရဲ့လား။" မျက်နှာတစ်ခုလုံး ဓားဒဏ်ရာ အမာရွတ်များဖြင့် ပြည့်နေသည့် လူတစ်ယောက်က ဒေါသကြီး ကြုံးဝါးလိုက်သည်။
လျိုသယ်ကန်းသည် တုန်လှုပ်သွားသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ "မင်း... မင်းတို့ လူမှားနေပြီ။ ငါက သူတောင်းစားတစ်ယောက်
ပါ..."
"ပေါက်ကရတွေ ပြောမနေနဲ့။" ဆံပင်ဖြူဖြူ အဖိုးအိုတစ်ဦးက ပြေးဝင်လာပြီး လျိုသယ်၏ ကပ်ခွာဆံပင်တုကို ဆွဲခွာလိုက်ရာ ဆူဖြိုးပြီး နားရွက်ကားကားနှင့် မျက်နှာကြီး ပေါ်လာတော့သည်။ "မင်းပဲ။ မင်းက ငါ့သားကို စစ်တပ်ထဲ အတင်းအကျပ် အမှုထမ်းခိုင်းလို့ ငါ့သား စစ်မြေပြင်မှာ သေခဲ့ရတာ။ မင်း ပြာဖြစ်သွားရင်တောင် ငါမှတ်မိတယ်။ ငါ့သားအသက်ကို ပြန်ပေးစမ်း။"
ဒေါသအမျက်ချောင်းချောင်း ထွက်နေသည့် အရပ်သားများသည် ရှေ့သို့ တိုးဝှေ့လာကြပြီး လျိုသယ်အား လက်သီးများ၊ ခြေထောက်များဖြင့် ဝိုင်းဝန်း ထုထောင်း ရိုက်နှက်ကြတော့သည်။
လျိုသယ်မှာ အော်ဟစ်ငိုယိုကာ အသက်ချမ်းသာပေးရန် တောင်းပန်နေသော်လည်း မည်သူကမျှ ဂရုမစိုက်ကြချေ။
ကံကောင်းထောက်မစွာဖြင့် ထိုလမ်းမှ ဖြတ်သန်းသွားသည့် တပ်ဖွဲ့မှ စစ်သည်တစ်စုက မြင်တွေ့သဖြင့် အမြန်ပြေးလာပြီး ဆူပူမှုကို တားဆီးပေးခဲ့သည်။
သို့မဟုတ်ပါက လျိုသယ်တစ်ယောက် ရိုက်နှက်ခံရပြီး သေဆုံးသွားလောက်ပြီ ဖြစ်သည်။
မကြာမီမှာပင် ရိုက်နှက်ခံရသဖြင့် ဖူးရောင်စုတ်ပြတ်နေသော လျိုသယ်သည် ကြိုးတုပ်ခံရပြီး ခရိုင်အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
ယခင်ကမူ သူသည် မြင့်မြတ်သော နေရာတွင် ထိုင်ခဲ့သူ ဖြစ်သည်။
သို့သော် ယခုအခါ စားပွဲနောက်ကွယ်မှ ထိုထိုင်ခုံကြီးပေါ်တွင် အခြားသူတစ်ဦးက အစားထိုး ထိုင်နေပြီ ဖြစ်သည်။
ကြမ်းပြင်ပေါ်တွင် မျက်နှာတစ်ခုလုံး ဖူးရောင်ကာ လဲလျောင်းနေသည့် ခရိုင်ဝန်ကို ကြည့်ပြီး ကျောက်ဖေးက လှောင်ပြုံး ပြုံးကာ "ခရိုင်ဝန်လျို.. မင်း တော်တော် မြန်မြန် ပြေးနိုင်တာပဲ" ဟု ဆိုလိုက်သည်။
လျိုသယ်သည် ထိန်းမနိုင်သိမ်းမရ ငိုကြွေးလျက် အကြိမ်ကြိမ် ဦးခိုက်ကာ "တပ်မှူးကြီး... အသက်ချမ်းသာပေးပါ။ အသက်ချမ်းသာပေးပါ။ ကျွန်တော်ရဲ့ စည်းစိမ်ဥစ္စာ အားလုံးကို အပ်နှံပါ့မယ်။ ကျွန်တော်ရဲ့ အသက်ကလေးကိုပဲ ချမ်းသာပေးပါ..."
"တပ်မှူးကြီး... ဒီလို အကျင့်ပျက် ခြစားတဲ့ အရာရှိကို ခွင့်မလွှတ်သင့်ပါဘူး။"
သူတို့နောက်သို့ လိုက်ပါလာသည့် အရပ်သား တစ်ဒါဇင်ကျော်ထဲမှ တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
အထူးသဖြင့် ရာထူးကြီးသူများထဲတွင် ငွေမမက်သူဟူ၍ လောကတွင် ရှားပါးလှပေသည်။
ထို့ကြောင့် သူတို့သည် ကျောက်ဖေးကလည်း ငွေမက်သူတစ်ယောက် ဖြစ်နေမည်ကို အလွန် စိုးရိမ်နေကြခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ဆံပင်ဖြူဖြူ အဖိုးအိုတစ်ဦးက လူအုပ်ထဲမှ တိုးထွက်လာပြီး တုန်ရီနေသော လက်ညှိုးဖြင့် လျိုသယ်ကို ထိုးကာ "ကျွန်တော့်သားလေးက အသက် ၁၃ နှစ်ပဲ ရှိသေးတာ။ ဒီအကျင့်ပျက်အရာရှိက သူ့ကို စစ်တပ်ထဲ အတင်းဆွဲသွင်းသွားခဲ့တယ်။ သူ မြောက်ပိုင်းကို ရောက်သွားကတည်းက ပြန်မလာတော့ဘူး။ အသက်ရှင်နေသေးလား၊ သေသွားပြီလားတောင် မသိရဘူး။ သူ့အမေဆိုရင် အော်ဟစ်ငိုကြွေးလွန်းလို့ မျက်စိတောင် ကွယ်သွားပြီ..."
သူက ပြောရင်းပြောရင်းဖြင့် ပိုမို စိတ်လှုပ်ရှားလာပြီး ဘေးနားရှိ တိမ်နီစစ်သည်များကသာ မတားဆီးထားပါက လျိုသယ်ကို ပြေးကိုက်မိတော့မည့်အတိုင်း ဖြစ်နေသည်။
"ပြီးတော့ ကျွန်မသမီးလေးလည်း ရှိသေးတယ် ဆရာကြီး။" အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ငိုကြွေးအော်ဟစ်သည်။ "အဲဒီ တိရစ္ဆာန်က ကျွန်မသမီးလေးကို သဘောကျပြီး သူ့အဖေက အစိုးရကို အခွန်ကြွေးတင်နေတယ်ဆိုပြီး ကြွေးဆပ်ဖို့ သမီးလေးကို အတင်းဖမ်းခေါ်သွားခဲ့တယ်။ နောက်ရက်ကျတော့... သမီးလေးက ရေတွင်းထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရတယ်။ ဝါး... ဟီး..."
လူအများအပြားသည် ရှေ့သို့ တိုးထွက်လာကာ ၎င်းတို့၏ နာကျည်းမှုများကို ရင်ဖွင့်ကြသည်။
လူအုပ်ကြီးမှာ အမျက်ဒေါသ ထွက်နေကြပြီး ၎င်းတို့၏ ငိုကြွေးသံများသည် သွေးနှင့် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
ကျောက်ဖေးက လက်ကို မြှောက်လိုက်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
သူက မျက်နှာပြာနှမ်းနေသော လျိုသယ်ကို အေးစက်စွာ ကြည့်ပြီး "မင်း ကြားတယ်မလား။ ငါက မင်းကို ခွင့်လွှတ်ပေးနိုင်ရင်တောင် ဒီမြို့က ပြည်သူတွေက ခွင့်လွှတ်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
လျိုသယ်သည် ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး ကြောက်လွန်းသဖြင့် ဘောင်းဘီတွင် ဆီးပင် ထွက်ကျနေသော်လည်း လက်မလျှော့သေးဘဲ "တပ်မှူးကြီး... ကျွန်တော်မှာ ငွေစင် တစ်သောင်းကျော် ရှိပါတယ်။ တန်ဖိုးဖြတ်မရတဲ့ အဖိုးတန် ရှေးဟောင်းပစ္စည်း သေတ္တာအနည်းငယ်လည်း ရှိပါသေးတယ်။ ကျွန်တော်မှာ တခြားတောင်းဆိုစရာ မရှိပါဘူး။ ကျွန်တော်အသက်ကိုပဲ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်..."
"တော်စမ်း။" ကျောက်ဖင်က အေးစက်စွာ ဖြတ်ပြောလိုက်သည်။ "မင်းအသက်ကို ငွေနဲ့ ဝယ်လို့ရမယ် ထင်နေတာလား။"
သူက ပြည်သူများဘက်သို့ လှည့်ကာ အသံကို မြှင့်၍ "စိတ်အေးအေးထားကြပါ။ ဒီနေ့ ငါတို့ တပ်ဖွဲ့က မြို့ထဲကို ဝင်လာတာ ပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေပေးဖို့ ဖြစ်တယ်။ ဒီလို အကျင့်ပျက်ခြစားတဲ့ အရာရှိတွေထဲက တစ်ယောက်မှ လွတ်မြောက်သွားစေရမှာ မဟုတ်ဘူး။"
"ကျေးဇူးတင်ပါတယ် တပ်မှူးကြီး။"
"တပ်မှူးကြီးရဲ့ မဟာကရုဏာနဲ့ သီလကို ကျွန်တော်တို့ တစ်သက်လုံး မမေ့ပါဘူး..."
ပြည်သူများ၏ ကျေးဇူးတင် စကားသံများသည် အဆက်မပြတ် ထွက်ပေါ်လာသည်။
"ငါ့အမိန့်ကို နာခံစမ်း။"
ကျောက်ဖင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ "ပထမအချက်... ဘဏ္ဍာတိုက်ကို ဖွင့်ပြီး ပြည်သူတွေကို ကူညီထောက်ပံ့ပေးရမယ်။ ဒုတိယအချက်... ပြည်သူတွေ စိတ်အေးချမ်းသာ ရှိစေဖို့ ကြေညာချက်တွေ ကပ်ရမယ်။ တတိယအချက်... မြို့တံခါးတွေကို ပိတ်ပြီး ဘယ်အရာရှိကိုမျှ ထွက်ပြေးခွင့် မပြုရဘူး..."
သူသည် အမိန့်ခုနစ်ခုကို ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ခြေဟန်လက်ဟန် တုပ်နှောင်ခံထားရသည့် ခရိုင်ဝန်ကို အေးစက်စွာ ကြည့်ကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ "ဒီအကျင့်ပျက်အရာရှိကို မနက်ဖြန် မွန်းတည့်အချိန်မှာ လူထုရှေ့မှောက် တရားစီရင်မယ်။"
အောက်တွင် ဝပ်စင်းနေသော လျိုသယ်၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားတော့သည်။
လျိုသယ်နှင့် သူ၏ အကျင့်ပျက်အရာရှိ အုပ်စုတို့၏ အတိတ်က မကောင်းမှုများကြောင့် တိမ်နီတပ်ဖွဲ့သည် စုန်ဖျင်ခရိုင်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
အထူးသဖြင့် လူထုရှေ့မှောက် တရားစီရင်
မှုသည် သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။
ရိုးသားဖြောင့်မတ်သော အရာရှိ အနည်းငယ်မှလွဲ၍ ခရိုင်ဝန် လျိုသယ်အပါအဝင် အခြားသော အရာရှိ အားလုံးနီးပါး ခေါင်းဖြတ် စီရင်ခြင်း ခံခဲ့ရသည်။
ထိုလုပ်ရပ်ကြောင့် ပြည်သူများ၏ ချီးမွမ်းထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပြီး လူထု၏ စိတ်နှလုံးကို ငြိမ်းချမ်းစေခဲ့သည်။
မြို့သူမြို့သားများက အလိုအလျောက် ရေးစပ်ထားသော ကဗျာသီချင်းများပင် ပေါ်ထွက်လာခဲ့သည်။
"တိမ်နီ တပ်မတော် (ချီရှောင်တပ်ဖွဲ့)၊ တရားမျှတပြီး ကရုဏာကြီးမားသော အင်အားစု၊ စပါးဆန်ရေနှင့် ဇနီးမယားများကို ဘယ်သောအခါမျှ လုယက်ဖျက်ဆီးခြင်း မပြု..."
စုန်ဖျင်ခရိုင်၏ ဘဏ္ဍာတိုက်ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် တပ်ဖွဲ့သည် တိုတောင်းသော ကာလတစ်ခုအတွင်း စစ်ရိက္ခာအတွက် ပူပန်
စရာ မလိုတော့ချေ။
နောက်တစ်ဆင့်အနေဖြင့် လက်နက်ချလာသော စစ်သည်များကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် မြို့တွင်းရှိ စစ်သည်ရဲမက်များကို စည်းရုံးခြင်းဖြင့် တပ်ဖွဲ့၏ အင်အားသည် ထပ်မံတိုးပွားလာပြီး ငါးထောင်နီးပါးအထိ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း အင်ပါယာနန်းတော်၏ အမြင်တွင်မူ တပ်ဖွဲ့၏ လုပ်ရပ်များသည် ပုန်ကန်မှုပင် ဖြစ်သည်။
ကံကောင်းသည်မှာ မြောက်ပိုင်းရှိ ခေါင်းဝါတပ်ဖွဲ့က အစိုးရတပ်များကို ဆက်တိုက် အရေးနိမ့်စေသဖြင့် လက်ရှိအချိန်တွင် တိမ်နီတပ်ဖွဲ့ကို လာရောက်နှိမ်နင်းရန် အင်ပါယာ၌ အပိုအင်အား မရှိသေးခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့သည် စုန်ဖျင်ခရိုင်နှင့် နီးစပ်သော ခရိုင်မြို့များကိုသာ ခံစစ်မြှင့်တင်ရန်နှင့် တပ်ဖွဲ့၏ လှုပ်ရှားမှုများကို အထူးသတိထားရန် အမိန့်ပေးနိုင်ခဲ့သည်။
စုန်ဖျင်ခရိုင်ကို သိမ်းပိုက်ပြီးနောက် ချီရှောင်တပ်ဖွဲ့သည် နယ်မြေချဲ့ထွင်ရန် အလျင်မလိုဘဲ စစ်သည်များကို လေ့ကျင့်ပေးခြင်းအပေါ်၌သာ အာရုံစိုက်ခဲ့သည်။
အညှံ့ခံ စစ်ဗိုလ်များနှင့် စစ်သည်များထဲတွင် စစ်ဗျူဟာနှင့် စစ်ကစားနည်းများကို ကျွမ်းကျင်သူ အများအပြား ပါဝင်သဖြင့် ကျောက်ဖေးသည် ၎င်းတို့အား စစ်သင်တန်းစခန်းသို့ ပို့ဆောင်ကာ စစ်သည်သစ်များကို လေ့ကျင့်ပေးစေခဲ့သည်။
နေမင်းသည် ရက်ပေါင်းများစွာ ဆက်တိုက် ပြင်းထန်စွာ တောက်ပနေခဲ့သည်။
စစ်ရေးပြကွင်းပြင်တွင် နည်းပြများ၏ အမိန့်ပေးသံအောက်၌
ထောင်ပေါင်းများစွာသော စစ်သည်များသည် ချွေးဒီးဒီးကျလျက် စစ်ဗျူဟာပုံစံများကို လျင်မြန်စွာ ပြောင်းလဲနေကြသည်။ ရှေ့တွင် ဒိုင်းသမားများနှင့် ဓားသမားများ၊ အလယ်တွင် လှံသမားများနှင့် နောက်ဆုံးတွင် လေးသမားများက နေရာယူထားကြသည်။
၎င်းတို့၏ လှုပ်ရှားမှုများသည် ကျွမ်းကျင်မှု မရှိသေးသော်လည်း ယခင်က ပရမ်းပတာ ပုံစံနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသော တိုးတက်မှုကြီး ဖြစ်သည်။
ဟွမ်သာလီကဲ့သို့သော အရာရှိကြီးများပင် စစ်ဗျူဟာများကို လေ့ကျင့်နေကြပြီး ယခင်က ဓားပြဟောင်းများ ဖြစ်ခဲ့ကြသော ထိုသူများသည် ယခုအခါ အလွန် တည်ကြည်လေးနက်နေကြပြီ ဖြစ်သည်။
လက်တွေ့တွင် လူတိုင်းသည် ဤကဲ့သို့သော ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိရန် မလွယ်ကူသလို၊ လူတိုင်းက ဇွဲလုံ့လရှိရှိ ကြိုးစားလိမ့်မည်ဟု မျှော်လင့်ရန်လည်း မဖြစ်နိုင်ပေ။
သို့သော် ကိစ္စမရှိချေ။ စစ်စည်းကမ်းက သူတို့ကို ကြိုးစားလာအောင်နှင့် လေးနက်လာအောင် ဖိအားပေးနိုင်ပေသည်။
ကျောက်ဖေး၏ ကိုယ်ပွါးများသည် စစ်စည်းကမ်းထိန်းသိမ်းရေး အရာရှိများအဖြစ် ဆောင်ရွက်ကာ စစ်တပ်အတွင်း၌ အပြန်အပြန်အလှန်လှန် ကင်းလှည့်နေကြသည်။ အကယ်၍ မည်သူမဆို ပျင်းရိခြင်း သို့မဟုတ် လိမ်လည်ခြင်းကို တွေ့ရှိပါက ချက်ချင်းပင် ကြာပွတ်ဖြင့် ရိုက်နှက် အပြစ်ပေးကြသည်။
ဟွမ်သာလီကဲ့သို့သော အရာရှိကြီးများသည် ကြာပွတ်ဖြင့် အရိုက်ခံရခြင်း မရှိသော်လည်း ၎င်းတို့၏ စစ်သည်များရှေ့တွင် ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည် ဖြစ်သည်။
အကယ်၍ စစ်စည်းကမ်းထိန်းသိမ်းရေး အရာရှိက ၎င်းတို့၏ အမှားကို မှတ်တမ်းတင်ပြီး ကျောက်ဖင်ထံ တင်ပြလိုက်ပါက ၎င်းတို့သည် သေချာပေါက် အရိုက်ခံရမည် ဖြစ်သည်။
မှန်မှန်ကန်ကန် ပြောရလျှင် စစ်ပွဲအစစ်အမှန် ဖြစ်လာပါက ကျောက်ဖေး ယခင်က သင်ကြားပေးခဲ့သော စစ်ရေးပြ လေ့ကျင့်ခန်းများသည် မလုံလောက်သေးချေ။
အကြောင်းမူကား ဤကမ္ဘာသည် ယခင်ဘဝကကဲ့သို့ ခေတ်မီလက်နက်များဖြင့် တိုက်ခိုက်သော စစ်ပွဲမျိုး မဟုတ်သောကြောင့် ဖြစ်သည်။
ရှေးဟောင်းနည်းပညာများသည် မဖွံ့ဖြိုးသေးသော်လည်း အသက်ရှင်သန်ရန် နည်းလမ်းများ ရှိနေဆဲ ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် စုန်ဖျင်ခရိုင်မှ စစ်သည်များနှင့် အရာရှိများသည် မစွမ်းဆောင်နိုင်ကြဘဲ တိုက်ခိုက်လိုစိတ် ကင်းမဲ့နေကြခြင်း ဖြစ်သည်။
သို့မဟုတ်ဘဲ အကယ်၍ ၎င်းတို့သည် အင်ပါယာတပ်မတော်၏ အထူးရွေးချယ်ထားသော အထူးတပ်ဖွဲ့များ ဖြစ်ပြီး ၎င်းတို့၏ စစ်ဗျူဟာများ ပံ့ပိုးမှု ရှိနေပါက တိမ်နီတပ်ဖွဲ့သည် စုန်ဖျင်ခရိုင်ကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင် အကျအဆုံး အလွန် များပြားနိုင်ပေသည်။
ကျောက်ဖေးသည် စင်မြင့်ထက်တွင် ထိုင်ကာ သူ၏ လက်ထဲရှိ နဂါးခြေလှမ်းကိုယ်ခံပညာကျမ်းကို လှန်လှောကြည့်ရှုနေသည်။
ကျောက်ဖေး ဤအင်အားစုကို တည်ထောင်ခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိမိကိုယ်တိုင် ကျင့်ကြံခြင်းအတွက် အထောက်အကူပြုမည့် သယံဇာတများနှင့် လျှို့ဝှက်ကျမ်းစာများကို စုဆောင်းရန် ဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက တပ်ဖွဲ့သည် မြို့တွင်းရှိ ကိုယ်ခံပညာ သင်တန်းကျောင်းအသီးသီးမှ ကိုယ်ခံပညာကျမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်
သံသဲပွင့်လက်သီး၊ တံခါးဖျက်ဓားသိုင်း၊ လျှို့ဝှက်ခြေလှမ်း...
အမှန်စင်စစ် တိမ်နီတပ်ဖွဲ့သည် ၎င်းတို့အား အတင်းအကျပ် မတောင်းဆိုခဲ့ချေ။ သို့သော် ထိုကိုယ်ခံပညာကျောင်းများသည် တပ်ဖွဲ့၏ ရည်ရွယ်ချက်ကို သိရှိကြသဖြင့် တိမ်နီတပ်ဖွဲ့၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ၎င်းတို့၏ ပစ္စည်းများကို အစပျိုးကာ လာရောက် အပ်နှံကြခြင်း ဖြစ်သည်။
ဤအရာများသည် အဆင့်နိမ့် ကျင့်ကြံခြင်း နည်းစနစ်များသာ ဖြစ်သော်လည်း ကျောက်ဖေးအတွက်မူ အလွန် ကောင်းမွန်သော ကိုးကားစရာပစ္စည်းများ ဖြစ်ပေသည်။
ထို့ကြောင့် သူကိုယ်တိုင် ဖန်တီးထားသော ကျင့်ကြံခြင်းအတတ်ကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့သည်။
သို့သော်လည်း ကျောက်ဖေး ပိုမို အလိုရှိနေသည့် မှော်အတတ် လျှို့ဝှက်ကျမ်းစာများကိုမူ ရှာဖွေရန် အလွန် ခက်ခဲနေဆဲ ဖြစ်သည်။
လာရောက်အပ်နှံကြသော မှော်ကျမ်းစာများသည် သာမန် အရပ်သုံး မှော်အတတ်များသာ ဖြစ်ပြီး ထိုအရာအများစုကို ကျောက်ဖေးက တတ်မြောက်ထားပြီးသား ဖြစ်နေသောကြောင့် ဖြစ်သည်။
အခန်း ၁၂၂ - ရေဓာတ်ဝိညာဉ်မှို
ကျောက်ဖေး၏ ကိုယ်ပိုင်စွမ်းရည်များ တိုးတက်လာသည်နှင့်အမျှ ယခုအခါ သူသည် အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ခြေလှမ်းလှည့်လာခဲ့ပြီ ဖြစ်သည်။
သဘာဝကျကျပင် သူ၏စံနှုန်းများသည်လည်း မြင့်မားလာခဲ့သည်။
ယခင်က တန်ဖိုးကြီးလှပါသည်ဆိုသော အရပ်သုံးမှော်အတတ်များကို ယခုအခါ သူလုံးဝ အထင်မကြီးတော့ချေ။
မကြာမီမှာပင် ကိုယ်ပွားဖြစ်သူ ကျောက်ဖင်သည် သတ္တမအဆင့် ကိုယ်ခံပညာကျမ်းဖြစ်သော ပျံသန်းနေသော နဂါးခြေလှမ်းကို ဖတ်ရှုပြီးစီးသွားခဲ့သည်။
"တပ်မှူးကြီး... ကျွန်တော်တို့ ခန္ဓာကိုယ်သန်စွမ်းစေတဲ့ ဆေးရည်ဖော်စပ်နည်းကို ရှာဖွေတွေ့ရှိထားပါတယ်" အရာရှိတစ်ဦးက စိတ်လှုပ်ရှားစွာ သတင်းပို့လာသည်။
ကျောက်ဖင်က ထိုအရာကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး စိတ်ဝင်စားမှု သိပ်မပြခဲ့ချေ။
ဤကဲ့သို့သော အဆင့်နိမ့်ဆေးနည်းများသည် ယခုအခါ သူ့အတွက် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသလောက်ပင် ဖြစ်နေပြီ။
သို့သော်လည်း သူက အမိန့်ပေးလိုက်ဆဲ ဖြစ်သည်။ "ဒါကို ထောက်ပံ့ရေးတပ်ရင်းကို ပေးလိုက်ပါ။ နောင်ကျရင် စစ်သည်သစ်တွေရဲ့ အခြေခံအုတ်မြစ် ချပေးတဲ့နေရာမှာ အသုံးပြုလို့ရတာပေါ့။"
မကြာမီမှာပင် အခြားအရာရှိတစ်ဦး သတင်းပို့ရန် ရောက်လာပြန်သည်။
"မြို့စားမင်း... ခရိုင်တပ်မှူး လျူချန်ချွန်းရဲ့ နောက်ဖေးခြံထဲက ရေတွင်းထဲကနေ ရတနာတစ်ခုကို ဆယ်ယူရရှိထားပါတယ်။ ကျေးဇူးပြုပြီး ကြည့်ရှုပေးပါဦး။"
ကျောက်ဖင်သည် ထိုအရာရှိထံမှ လက်ဖဝါးခန့်ရှိသော သစ်သားသေတ္တာငယ်တစ်ခုကို လှမ်းယူလိုက်သည်။ ထိုသေတ္တာငယ်မှာ စိုစွတ်နေဆဲဖြစ်ရာ ရေထဲမှ ဆယ်ယူလာခဲ့သည်မှာ မကြာသေးကြောင်း သိသာလှပေသည်။
သစ်သားသေတ္တာကို ဖွင့်လိုက်သောအခါ လင်းဇီးမှိုနှင့် တူညီပြီး အပြာရောင်အစက်အပြောက်များစွာ ပါရှိသည့် အမည်းရောင်အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။ ၎င်းကို ကိုင်တွယ်ကြည့်ရာ အလွန်နူးညံ့ပြီး အေးမြသော ခံစားချက်ကို ပေးစွမ်းသည်။
အရာရှိက ဆက်လက်၍ "ကျွန်တော်တို့ လျူမိသားစုရဲ့ အစေခံတွေကို စစ်ဆေးမေးမြန်းခဲ့ရာမှာ လျူမိသားစုရဲ့ အိမ်အကူအဖွဲ့ခေါင်းဆောင်က ဝန်ခံပါတယ်။ ခရိုင်တပ်မှူး လျူချန်ချွန်းက ဒီအရာထဲကနေ အပိုင်းအစလေးတစ်ခုကို ဖြတ်ပြီး အကြိမ်ပေါင်းများစွာ အစိမ်းလိုက် စားသုံးခဲ့တာကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်" ဟု တင်ပြသည်။
ကျောက်ဖင်က ခေါင်းညိတ်ပြလိုက်ပြီး ထိုအရာရှိကို ထွက်ခွာသွားရန် လက်ရိပ်ပြလိုက်သည်။
သူသည် မိမိလက်ထဲရှိ အမည်းရောင်နှင့် အပြာရောင် ရောယှက်နေသော လင်းဇီးမှိုပုံသဏ္ဌာန် အရာဝတ္ထုကို သေချာစွာ စစ်ဆေးကြည့်ရှုနေမိသည်။
ဤအရာသည် မည်သည့်ရတနာအမျိုးအစားဖြစ်သည်ကို သေသေချာချာ မသိရသေးသော်လည်း ၎င်းအတွင်း၌ အလွန်
ပြင်းထန်သော ရေဓာတ်စွမ်းအင်ကိန်းဝပ်တည်ရှိနေသည်ကိုမူ သူခံစားသိရှိနေရသည်။
ဤအရာသည် သာမန်အရာဝတ္ထုတစ်ခု မဟုတ်သည်မှာ ထင်ရှားလှပေသည်။
သူ စုန်ဖျင်ခရိုင်သို့ ရောက်ရှိနေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူ၏မျက်စိကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုကို ရရှိခဲ့ခြင်းမှာ ဤအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
ကျောက်ဖေးတစ်ယောက် ကျေနပ်ပီတိမဖြစ်ဘဲ မနေနိုင်တော့ချေ။
ရွှမ်ယွင်ကျောင်းတော်
ကျောက်ဖေးသည် ရွှမ်ယွင်ကျောင်းတော်၏ ဆေးဖော်စပ်ရာ အခန်းအပြင်ဘက်တွင် ရပ်တန့်ကာ တံခါးကို ညင်သာစွာ ခေါက်
လိုက်သည်။
"ဝင်ခဲ့ပါ" ဟု အတွင်းမှ ဒုတိယစီနီယာအစ်မ ဖြစ်သူ လျူချင်ရွှမ်၏ အေးမြသောအသံ ထွက်ပေါ်လာသည်။
တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သောအခါ ဆေးဖိုကြီး၏ရှေ့တွင် ထိုင်နေသည့် စီနီယာအစ်မကို မြင်တွေ့လိုက်ရသည်။
သူမသည် လက်တစ်ဖက်မှ ထန်းရွက်ယပ်တောင်ကို ကိုင်ဆောင်ကာ မီးတောက်ကို ရံဖန်ရံခါ ယပ်ခတ်ပေးနေပြီး ကျန်လက်တစ်ဖက်တွင်မူ စာအုပ်တစ်အုပ်ကို ကိုင်ထားကာ ဆေးလုံးများ ဖော်စပ်နေရင်း ဖတ်ရှုနေခြင်း ဖြစ်သည်။
လျူချင်းရွှမ်က ကျောက်ဖေးဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်သည်။ "ဆဋ္ဌမမြောက် ဂျူနီယာညီလေး... မင်း စီနီယာအစ်မရဲ့ နေရာဆီကို ဘယ်လိုအကြောင်းကြောင့် လမ်းလျှောက်ထွက်လာတာလဲ။"
ကျောက်ဖေးက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး "ကျွန်တော် ဘာမှလုပ်စရာမရှိတာနဲ့ စီနီယာအစ်မ ဆေးလုံးတွေ ဘယ်လိုဖော်စပ်လဲဆိုတာ လာကြည့်တာပါ။ အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါ" ဟု ဆိုလိုက်သည်။
လျူချင်းရွှမ်က "ဟီးဟီး... ငါလည်း ပျင်းနေတာနဲ့ အတော်ပဲ။ မောင်လေး မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ ထိုင်ပြီး ငါ့ကို အဖော်လုပ်ပေးဦး" ဟု ဖိတ်ခေါ်သည်။
ထို့ကြောင့် ကျောက်ဖေးသည် ဘေးနားရှိ အခြားသော ထိုင်ခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။
မသိလိုက်ဘာသာဖြင့်ပင် သူတို့နှစ်ဦး စကားပြောဖြစ်ခဲ့ကြသည်မှာ တစ်နာရီကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ကျောက်ဖေးအနေဖြင့် အလွန်အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ဟု ခံစားရသည်။
ဆေးဖော်စပ်ခြင်းအတတ်ပညာဟုခေါ်သော အသိပညာသည် အမှန်တကယ်ပင် ကျယ်ပြောနက်ရှိုင်းလှပေသည်။
သူ၏ ဒုတိယစီနီယာအစ်မသည် ဆေးဖော်စပ်ခြင်းပညာရပ်ကို နှစ်ပေါင်း ငါးဆယ်ကျော်တိုင်တိုင် လေ့လာဆည်းပူးခဲ့သူ ဖြစ်ရာ သူမ၏ သာမန်စကားတစ်ခွန်းတွင်ပင် ဆေးဖော်စပ်ခြင်းဆိုင်ရာ အတွေ့အကြုံများစွာ ပါဝင်နေတတ်သည်။
အကယ်၍ စီနီယာအစ်မသာ သူမ၏ စွမ်းရည်များနှင့်အတူ တောင်အောက်သို့ ဆင်းသွားခဲ့ပါက မည်သည့် တာအိုမှော်အတတ်ကိုမျှ အသုံးမပြုလျှင်တောင် အနည်းဆုံးတော့ ခေတ်တစ်ခေတ်၏ ကျော်ကြားသော သမားတော်ကြီးတစ်ဦး ဖြစ်လာနိုင်ပြီး အာဏာရှိသူများနှင့် သူဌေးကြီးများ၏ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ဆက်ဆံခြင်း ခံရမည်မှာ သေချာလှပေသည်။
တစ်ချိန်တည်းမှာပင် လျူချင်းရွှမ်သည်လည်း အံ့အားသင့်နေမိသည်။
ကနဦးတွင် သူမသည် ကျောက်ဖေးအား တာအိုဆေးဖော်စပ်ခြင်းဆိုင်ရာ အခြေခံအသိပညာအချို့ကိုသာ ရှင်းပြခဲ့ခြင်း ဖြစ်သည်။
သို့သော် စကားပြောဆိုကြည့်ရာမှတစ်ဆင့် ကျောက်ဖေး၏ ဆေးပညာအခြေခံသည် သူမထင်ထားသည်ထက် ပိုမိုခိုင်မာနေကြောင်း တွေ့ရှိခဲ့ရသည်။
ကျောက်ဖေးသည် ရွှမ်ယွင်ကျောင်းတော်သို့ မဝင်ရောက်မီကပင် ဆေးပညာကို အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာခဲ့ဖူးပုံ ရသည်။
ဆေးပညာနှင့် ဆေးဖော်စပ်ခြင်းပညာသည် သဘာဝအရ အပြန်အလှန် ဆက်နွှယ်နေကြသည်။ ဆေးဖော်စပ်ခြင်းကို ကျင့်ကြံရန်အတွက် နက်ရှိုင်းသော ဆေးပညာဗဟုသုတ ရှိထားရန် လိုအပ်ပြီး အမှန်စင်စစ်တွင် ဆေးပညာသည် ဆေးဖော်စပ်ခြင်း၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
ရွှမ်ယွင်ကျောင်းတော်သို့ မဝင်ရောက်မီက လျူချင်းရွှမ်သည် သမားတော်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး သူမ၏အဖိုးမှာ ထိုဒေသတွင် အလွန်ကျော်ကြားသော သမားတော်ကြီးတစ်ဦး ဖြစ်ခဲ့သည်။
လျူချင်းရွှမ်သည် ငယ်စဉ်ကတည်းက ဆေးပညာနှင့် ထိတွေ့ခွင့်ရခဲ့ပြီး မိမိကိုယ်တိုင်လည်း စိတ်ဝင်စားခဲ့သဖြင့် ကျောင်းတော်သို့ မရောက်ခင်ကပင် အဆင့်အတန်းတစ်ခုအထိ ဆေးပညာကို တတ်မြောက်ထားခဲ့သည်။
ဤသည်မှာလည်း လျူချင်းရွှမ်ကျောင်းတော်သို့ ရောက်ရှိပြီးနောက် ဆေးဖော်စပ်ခြင်းကို သူမ၏ အဓိကကျင့်ကြံခြင်းလမ်းစဉ်အဖြစ် ရွေးချယ်ခဲ့ရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။
သို့သော်လည်း ကျောက်ဖေး၏ ခိုင်မာသော ဆေးပညာအခြေခံက လျူချင်းရွှမ်ကို အံ့အားသင့်စေခဲ့ခြင်း မဟုတ်ပေ။
လျူချင်းရွှမ်ကို အမှန်တကယ် မှင်သက်သွားစေခဲ့သည်မှာ ကျောက်ဖေး၏ ဉာဏ်အလင်းပွင့်မှုပင် ဖြစ်သည်။
ကျောက်ဖေးသည် သူမရှင်းပြသမျှ အသိပညာအားလုံးကို အလွယ်တကူ နားလည်နိုင်ရုံတင်မကဘဲ အခြားသောအခြေအနေများတွင်ပါ အသုံးချပြီး အကျိုးအကြောင်း ဆင်ခြင်တွေးခေါ်နိုင်စွမ်း ရှိပေသည်။
ကနဦးတွင် လျူချင်းရွှမ်သည် အခြေခံများကိုသာ ရှင်းပြခဲ့သော်လည်း မမျှော်လင့်ဘဲ ဆွေးနွေးမှုသည် ပိုမိုနက်ရှိုင်းသည်ထက် နက်ရှိုင်းလာခဲ့သည်။
သူမ သတိပြုမိလိုက်ချိန်တွင်မူ လက်ရှိဖော်စပ်နေသည့် ရာစုသစ်ပင်ဆေးလုံးကို မည်သို့ဖော်စပ်ရမည်ကိုပင် ကျောက်ဖေးအား ရှင်းပြနေမိပြီ ဖြစ်သည်။
သူမကိုယ်တိုင်ပင် ကျောင်းတော်သို့ ဝင်ရောက်ပြီးနောက် ဆေးဖော်စပ်ခြင်းပညာကို ခုနစ်နှစ်၊ ရှစ်နှစ်ခန့် စနစ်တကျ လေ့လာပြီးမှသာ ဤကဲ့သို့ စစ်မှန်သော ဆေးဖော်စပ်ခြင်းအဆင့်သို့ စတင်ထိတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်ကို သတိပြုရပေမည်။
သဘာဝကျကျပင် တစ်နာရီကျော်ဟူသော အချိန်သည် အလွန်တိုတောင်းလွန်းလှသည်။
အကယ်၍ ဆေးဖော်စပ်ခြင်းပညာကို သစ်ရွက်များဖြင့် ဝေဆာနေသော သစ်ပင်ကြီးတစ်ပင်အဖြစ် တင်စားမည်ဆိုပါက လျူချင်းရွှမ် ကျောက်ဖေးကို ပြောပြခဲ့သည်မှာ ထိုသစ်ပင်ကြီး၏ ပင်စည်မကြီးမျှသာ ရှိသေးပြီး ၎င်းသည် ဆေးဖော်စပ်ခြင်း၏ မဟာလမ်းစဉ်ကြီးသို့ တိုက်ရိုက်ဦးတည်နေသည်။
ရှင်းလင်းစွာ ပြောပြရန် အချိန်မရသေးသည့် အသေးစိတ်အချက်အလက်များစွာ ရှိနေဆဲ ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ...
သူမ ကျောက်ဖေးကို သင်ကြားပေးခဲ့သည့် အသိပညာများသည် အခြားသူများဆိုပါက သင်ယူရန် နှစ်ပေါင်းများစွာ အချိန်ယူရမည့် အရာများ ဖြစ်သည်။
လျူချင်းရွှမ်ကိုယ်တိုင်မှာ ဆေးဖော်စပ်ခြင်းတွင် ပါရမီထူးချွန်သူဖြစ်ပြီး ဆရာဖြစ်သူ၏ ချီးကျူးမှုကို ခံခဲ့ရသူ ဖြစ်သော်လည်း...
သူမ တာအိုဆေးဖော်စပ်ခြင်းကို လေ့လာစဉ်က အချို့သော အခက်အခဲများကြောင့် ရက်ပေါင်းများစွာ၊ သို့မဟုတ် ဆယ်ရက်မှ လဝက်ခန့်အထိ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရဖူးသည်။
ယခင်က လျူချင်းရွှမ်ကို ဒုက္ခပေးခဲ့သော ထိုအသိပညာရပ်များသည် ကျောက်ဖေးအတွက်မူ ရေသောက်၊ ထမင်းစားသကဲ့သို့ လွယ်ကူနေပြီး မည်သည့်အတားအဆီးမျှ ဖြစ်မနေခဲ့ချေ။
"ဆရာက ဆဋ္ဌမမြောက်မောင်လေးကို ဉာဏ်ပညာ ကြီးမားလွန်းတယ်လို့ အမြဲချီးကျူးတာ မဆန်းပါဘူး။ အခုတော့ ငါကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ"
လျူချင်းရွှမ်က သူမ၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချရင်း ရေရွတ်မိသည်။
"ချီးမွမ်းလွန်းရာ ရောက်နေပါပြီ စီနီယာအစ်မ။ တကယ်တော့ စီနီယာအစ်မ သေသေချာချာ ရှင်းပြပေးလို့ပါ"
ကျောက်ဖေးက နှိမ့်ချစွာ ပြောလိုက်သည်။
ထို့နောက် ခဏမျှ ထပ်မံစကားပြောဆိုပြီးနောက်...
ကျောက်ဖေးသည် နောက်ဆုံးတွင် သူလာခဲ့သည့် အဓိကရည်ရွယ်ချက်ကို စတင်တင်ပြလိုက်သည်။ "ဒါနဲ့ စီနီယာအစ်မ... ကျွန်တော် တောင်အောက်မှာ ရှိစဉ်က မတော်တဆ ဝိညာဉ်ပစ္စည်းတစ်ခု ရရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒါ ဘာလဲဆိုတာ ကျွန်တော် သေသေချာချာ မသိဘူး ဖြစ်နေလို့။"
ထို့နောက် ကျောက်ဖေးသည် အပြာနှင့်အမည်းရောင် ရောယှက်နေသော လင်းဇီးမှိုပုံသဏ္ဌာန် အရာဝတ္ထုအကြောင်းကို လျူချင်းရွှမ်အား အသေးစိတ် ရှင်းပြလိုက်သည်။
ကျောက်ဖေး ပြောကြားပြီးနောက် လျူချင်းရွှမ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားခဲ့သည်။ "ငါ မမှားဘူးဆိုရင် မောင်လေး ရရှိခဲ့တဲ့အရာက ရေဓာတ်ဝိညာဉ်မှိုဖြစ်ရမယ်။"
"ရေဓာတ်ဝိညာဉ်မှို ဟုတ်လား" ဟု ကျောက်ဖေးက ပြန်မေးသည်။
လျူချင်းရွှမ်က ခေါင်းညိတ်ပြီး "ဟုတ်တယ်။ ဒါက ရေဓာတ်အမျိုးအစား ဝိညာဉ်ပစ္စည်းတစ်ခုပဲ၊ တော်တော်လေး ရှားပါးတယ်။ ရေဓာတ်ဝိညာဉ်မှိုတွေက အတော်အေးမြပြီး ယင်ဓာတ်လွှမ်းမိုးတဲ့ ရေကန်ကြီးတွေရဲ့ အောက်ခြေမှာ အများဆုံး ပေါက်ရောက်တတ်ပြီး ဖြစ်တည်လာဖို့ နှစ်ပေါင်းရာချီ အချိန်ယူရတယ်။ သက်တမ်းရင့်လေလေ၊ အာနိသင် ပိုကောင်းလေလေပဲ။ မင်းအခုပြောပြချက်အရ ဆိုရင်တော့ မင်းရခဲ့တဲ့အရာက အနည်းဆုံး သက်တမ်း နှစ်နှစ်ရာ၊ သုံးရာလောက် ရှိနေပြီ။"
"မောင်လေး... အဲဒီ ရေဓာတ်ဝိညာဉ်မှိုကို မင်းနဲ့အတူ ယူလာခဲ့လား။ စီနီယာအစ်မလည်း အဲဒါကို မြင်ဖူးချင်လို့ပါ"
လျူချင်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် တောင်းဆိုလာသည်။
သူမသည် ရှားပါးပြီး အဖိုးတန်သော ဆေးဘက်ဝင်ပစ္စည်းများအကြောင်းကို အများအပြား သိရှိထားသော်လည်း အများစုမှာ စာအုပ်များ သို့မဟုတ် ဆရာဖြစ်သူ လျိုယွင်
ထံမှတစ်ဆင့် သိရှိခဲ့ခြင်းသာ ဖြစ်သည်။
ရေဓာတ်ဝိညာဉ်မှိုကို သူမတစ်ခါမျှ မမြင်ဖူးသဖြင့် သဘာဝကျကျပင် စိတ်ဝင်စားမိခြင်း ဖြစ်သည်။
ကျောက်ဖေးက ခေါင်းယမ်းပြီး "ကျွန်တော် အဲဒီ ရေဓာတ်ဝိညာဉ်မှိုကို သူငယ်ချင်းတစ်ယောက်ဆီမှာ အပ်နှံထားခဲ့တာပါ။ ကျွန်တော် တစ်ယောက်တည်း လောကအနှံ့ လှည့်လည်သွားလာနေခဲ့တာဆိုတော့ ရတနာတွေကို ကိုယ်နဲ့မကွာ ယူဆောင်သွားရတာ အဆင်မပြေဘူးလေ၊ ပျောက်ဆုံးသွားမှာ စိုးရိမ်လို့”
“ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းက သိပ်မဝေးတဲ့နေရာမှာ နေတာပါ၊ အလွန်ဆုံးသွားရရင် တစ်ရက်ခရီးပေါ့။ စီနီယာအစ်မ ကြည့်ချင်တယ်ဆိုရင် နောက်မှ ကျွန်တော် သွားယူပေးပါ့မယ်”
“ဒါနဲ့... ဒီရေဓာတ်ဝိညာဉ်မှိုရဲ့ အာနိသင်က ဘာတွေလဲဆိုတာ ကျွန်တော် မမေးရသေးဘူးနော်" ဟု မေးမြန်းလိုက်သည်။
လျူချင်းရွှမ်က ခေါင်းညိတ်ကာ ရှင်းပြသည်။ "ရေဓာတ်ဝိညာဉ်မှိုက ထူးခြားဆန်းပြားတဲ့ ဆေးဘက်ဝင်အာနိသင်တွေ ရှိပြီးတော့ မီးဆိပ်တွေကို ကုသတဲ့နေရာမှာ အလွန်ထိရောက်တယ်”
“ဒါ့အပြင် သာမန်လူတွေ စားသုံးမယ်ဆိုရင် ရောဂါမရှိသူတွေတောင် ကျန်းမာရေး ပိုမိုကောင်းမွန်လာစေနိုင်တယ်၊ အထူးသဖြင့်..."
သူမ စကားကို ခေတ္တရပ်လိုက်ပြီး ဖြူဝင်းသော ပါးပြင်ထက်တွင် ရှက်သွေးဖြာကာ နီမြန်းသွားလျက် ထပ်လောင်းပြောဆိုသည်။ "အထူးသဖြင့်... အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် သိသာထင်ရှားတဲ့ အာနိသင် ရှိတယ်..."
"အဲ့လိုကိစ္စ ဟုတ်လား... ဘယ်လိုကိစ္စမျိုးလဲ"
ကျောက်ဖေး ခဏမျှ ကြောင်အသွားသည်။
"အဲဒါက... ယောက်ျားနဲ့ မိန်းမကြားက ကိစ္စတွေကို ပြောတာပါ..."
လျူချင်းရွှမ်မျက်နှာနီမြန်းလျက် ကျောက်ဖေးကို မျက်စောင်း ထိုးလိုက်သည်။
"ဩော်... ကျွန်တော် နားလည်ပါပြီ။"
ကျောက်ဖေး အနည်းငယ် ချောင်းဆိုးလိုက်
မိသည်။
အမှန်စင်စစ် သူသည် ရှက်ရွံ့ခြင်း လုံးဝမရှိပေ။ အကြောင်းမူကား သူသည် အမျိုးသမီးများစွာနှင့် ပတ်သက်ခဲ့ဖူးသူ မဟုတ်သော်လည်း ဤကိစ္စရပ်များတွင် အတွေ့အကြုံမရှိသည့် လူသစ်တစ်ယောက် မဟုတ်တော့ချေ။ ယခင်ဘဝကပင် သူ၌ ရည်းစား တစ်ဒါဇင်ကျော် ရှိခဲ့ဖူးသည်။
သို့သော်လည်း သူ၏ စီနီယာအစ်မ ရှက်နေသည်ကို မြင်သောအခါ သူသည် အကြောင်းအရာကို ချက်ချင်း ပြောင်းလဲလိုက်ရတော့သည်။ "ဒါဆိုရင် သာမန်လူတွေအတွက် အကျိုးရှိတာအပြင်... ကျွန်တော်တို့လို ကျင့်ကြံသူတွေအတွက်ရော ဒီရေဓာတ်ဝိညာဉ်မှိုက ဘာတွေ အသုံးဝင်နိုင်လဲ စီနီယာအစ်မ။"
အခန်း ၁၂၃ အခြေခံအုတ်မြစ်ပျိုးထောင်ခြင်း ပြီးမြောက်ခြင်း
လျူချင်းရွှမ်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားပြီးနောက် “ ဒါက တကယ်ကို အသုံးဝင်မှာပါ"
"ဥပမာပြောရရင် တို့ရဲ့ရွှမ်ယွင်ကျောင်းတော်မှာ ရေထိန်းချုပ်ခြင်းအတတ်ဆိုတာ ရှိတယ်။ အဲဒီအတတ်ကို ရေဓာတ်ဝိညာဉ်မှိုရဲ့ အကူအညီနဲ့ လေ့ကျင့်လို့ရတယ်။ ဒီအတတ်ကို တတ်မြောက်သွားရင် ရေစီးကြောင်းကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ရှိသွားလိမ့်မယ်"
သူမက ခဏမျှ ရပ်တန့်လိုက်ပြီးမှ ထပ်လောင်းပြောဆိုသည်
"တကယ်လို့ ဂျူနီယာညီလေးက မန္တန်အစီအရင်တွေကို မလေ့ကျင့်ချင်ဘူးဆိုရင်လည်း တို့က ဒီရေဝိညာဉ်မှိုကို သုံးပြီး မှော်ရေစင်ဆေးလုံးကို ဖော်စပ်ပေးလို့ရတယ်။ အဲဒီဆေးလုံးက ရေဓာတ်ဝိညာဉ်အမြစ် ရှိတဲ့ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်တယ်"
"ဂျူနီယာညီလေးမှာက ငါးပါးဓာတ်ဝိညာဉ်ခန္ဓာ ရှိနေတာဆိုတော့ မှော်ရေစင်ဆေးလုံးကို သောက်သုံးလို့ ရနေတုန်းပဲ"
ထိုစကားကို ကြားရသောအခါ ကျောက်ဖေး အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။
သူ့တွင် ငါးပါးဓာတ်ဝိညာဉ်ခန္ဓာ ရှိနေပြီးသားဖြစ်ရာ ဆေးလုံးများကို အသုံးပြု၍ မိမိ၏ ရေဓာတ်ကျင့်ကြံခြင်းစွမ်းရည်ကို မြှင့်တင်နိုင်မည်ဆိုပါက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
သို့သော် ချက်ချင်းဆိုသလိုပင် သူ ပြန်လည်တွေးတောမိသည်မှာ
မိမိ၌ ကိုယ်ပွါးစနစ် ရှိနေသည်ဖြစ်ရာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက ကိုယ်ပွါးများကို ပွားထုတ်ခြင်းဖြင့် ကျင့်ကြံခြင်းအရှိန်အဟုန်ကို မြှင့်တင်နိုင်ပေလိမ့်မည်။
ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင်မူ
သူသည် မန္တန်အတတ်ပညာများကို လေ့ကျင့်ရန် ပိုမိုစိတ်အားထက်သန်သည်မှာ အမှန်ပင်။
"စီနီယာအစ်မ... ရေဝိညာဉ်မှိုကို ရလာတဲ့အခါကျရင် ကျွန်တော် ရေထိန်းချုပ်ခြင်းအတတ်ကို အရင်ဆုံး စမ်းပြီး လေ့ကျင့်ကြည့်ချင်တယ်"
လျူချင်းရွှမ်၏ မျက်နှာပေါ်မှ နှမြောတသဖြစ်သွားသော အရိပ်အယောင်ကို မြင်ရ၏။ ကျောက်ဖေးက ဆက်လက်၍
"တကယ်လို့ ရေဝိညာဉ်မှိုတွေ သုံးလို့ကျန်တာရှိရင် အဲဒီအခါကျမှ စီနီယာအစ်မကို ဆေးလုံးဖော်ဖို့ ပေးပါ့မယ်။ အဲဒီအချိန်ကျရင်တော့ အစ်မကို ဒုက္ခပေးရဦးမှာပဲ" ဟု ဆိုလိုက်သည်။
လျူချင်းရွှမ်သည် သူမ၏ နှမြောစိတ်ကို ဖျောက်ဖျက်ကာ ခပ်ဖွဖွ ပြုံးလိုက်ရင်း "မင်းရဲ့ပစ္စည်းပဲ... မင်းစိတ်ကြိုက် သုံးပိုင်ခွင့်ရှိတာပေါ့"
"ဒါပေမဲ့ တို့တစ်ခုတော့ သတိပေးပါရစေ။ မန္တန်အတတ်တွေကို လေ့ကျင့်ရတာက အချိန်နဲ့ စွမ်းအင် အလွန်ကုန်ခမ်းစေတယ်။ အတတ်ပညာ တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ကိုပဲ အထူးပြုပြီး လေ့ကျင့်တာက အကောင်းဆုံးပဲ။ လောဘတကြီးနဲ့ အများကြီး လိုက်လေ့ကျင့်နေရင် ဘယ်အရာကိုမှ စိကျကျ တတ်မြောက်မှာ မဟုတ်ဘူး"
"သတိပေးတာ ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။ ကျွန်တော့်ဘာသာ ကျွန်တော် အတိုင်းအဆ သိပါတယ်"
ကျောက်ဖေး ခေါင်းညိတ်ပြလိုက်သည်။
အမှန်တော့ ဤအကြောင်းကို သူ၏ဆရာဖြစ်သူ လျိုယွင်ထံမှလည်း ကြားသိခဲ့ဖူးသည်။
မန္တန်အတတ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် အချိန်၊ စွမ်းအင်နှင့် ရင်းမြစ်များစွာ ပေးဆပ်ရတတ်သည်။
ရေရှည်အတွေ့အကြုံများနှင့် အဆက်မပြတ် နားလည်သဘောပေါက်အောင် လေ့ကျင့်ယူရခြင်း ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံသူအများစုသည် အဓိက မန္တန်အနည်းငယ်ကိုသာ အာရုံစိုက် လေ့ကျင့်လေ့ရှိကြသည်။
သို့သော် အဆန်းတကြယ် မန္တန်အတတ်များထက်စာလျှင် မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပြီး တာအိုတန်ခိုးစွမ်းအားကို တိုးပွားစေခြင်းကသာ ထာဝရရှင်သန်ခြင်းသို့ သွားရာ စစ်မှန်သော လမ်းစဉ် ဖြစ်ပေသည်။
သို့သော်ငြား... ဤစည်းမျဉ်းသည် အခြားသူများအတွက်သာ အကျုံးဝင်ပေလိမ့်မည်။
ကျောက်ဖေးတွင်မူ ကိုယ်ပွါးစနစ် ရှိနေသည်။ ကိုယ်ပွါးများကို ပိုမိုဆင့်ခေါ်နိုင်လေလေ သူသည် အရာရာကို ပို၍ အာရုံစိုက်နိုင်လေလေဖြစ်ရာ သာမန်လူများထက် အချိန်နှင့် စွမ်းအင် အဆပေါင်းများစွာ ပိုမိုပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
ကျောက်ဖေး ဆေးဖော်ဆောင်ထဲမှ ထွက်လာသောအခါ
အပြင်ဘက်တွင် နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်လိုက်ရာ တောင်တန်းနှင့် သစ်တောတစ်ခုလုံးသည် ရွှေရောင်ကော်ဇောကြီး ခင်းကျင်းထားသကဲ့သို့ ရွှေအိုရောင်အဆင်း သန်းနေပြီး ထူးခြားသော သဘာဝအလှတရားကို ဖော်ဆောင်နေသည်။
ကျောက်ဖေးက ထိုရှုခင်းကို ခဏမျှ ကြည့်ရှုပြီးနောက် မိမိအခန်းသို့ ပြန်လာခဲ့သည်။
အိပ်ရာပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်စဉ်ကို လည်ပတ်စေပြီး ထိုနေ့၏ ယင်စွမ်းအင်အနှစ်သာရကို စတင်စုပ်ယူလေတော့သည်။
ဤရက်ပိုင်းအတွင်း ကျင့်ကြံခဲ့ပြီးနောက် ကျောက်ဖေး၏ ခန္ဓာကိုယ်အတွင်းရှိ ယင်နှင့် ယန်စွမ်းအင်များသည် သိပ်သည်းနက်ရှိုင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
စွမ်းအင်စုရပ်အတွင်း၌ အဖြူနှင့် အမည်း ရောင်စုံ ယင်ယန်ငါးနှစ်ကောင်သည် ခေါင်းနှင့်မြီး အပြန်အလှန် ချိတ်ဆက်ကာ ဖြည်းညှင်းစွာ လည်ပတ်နေကြသည်။
ယင်ငါး၏ အတွင်း၌ သန့်စင်သော ယန်စွမ်းအင် အရိပ်အယောင်တစ်ခု စတင်စီးဆင်းနေပြီး ယန်ငါး၏ အတွင်း၌လည်း နက်ရှိုင်းသော ယင်စွမ်းအင် အရှိန်အဝါတို့ ကိန်းအောင်းနေပြီ ဖြစ်သည်။
ယင်နှင့် ယန်ဓာတ်နှစ်ပါး လုံးဝဥဿုံ တစ်သားတည်း ပေါင်းစည်းရန် လမ်းစအနည်းငယ် လိုအပ်နေသေးသော်လည်း
ကျောက်ဖေး၏ တိုးတက်မှုအရှိန်အဟုန်မှာ အံ့မခန်းစရာ ကောင်းလှသည်ဟု ဆိုရမည်။
ဤသည်မှာ နေ့စဉ်မပြတ် ကူညီပေးနေသော ကိုယ်ပွါးများကြောင့်ပင် ဖြစ်သည်။
ထို့အပြင် ထူးခြားသည်မှာ
ပထမဆုံးနေ့က ကျောက်ဖေးသည် ယင်စွမ်းအင် အနှစ်သာရအားလုံးကို စုပ်ယူခဲ့ရာ ဒုတိယနေ့ နံနက်ခင်းတွင် ခန္ဓာကိုယ်တွင်း ယင်ယန်ညီမျှမှုကို ပြန်လည်ထိန်းညှိရန် ယန်စွမ်းအင် အနှစ်သာရကို တူညီသော ပမာဏအတိုင်း ထပ်မံစုပ်ယူခဲ့ရသည်။
ထိုစဉ်က သူသည် ငရဲတံခါးဝသို့ ရောက်ရှိလုနီးပါး ခံစားခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ဆိုးရွားစွာ အထိနာခဲ့ဖူးသည်။
ထို့ကြောင့်ပင် ကျောက်ဖေးသည် သူ၏ကျင့်ကြံခြင်းအစီအစဉ်ကို မွမ်းမံပြင်ဆင်ခဲ့သည်။
သူသည် ကိုယ်ပွါးများကို ညနေဆည်းဆာအချိန်တွင် ယင်အနှစ်သာရကို စုပ်ယူစေပြီး၊ နံနက်အာရုဏ်တက်အချိန်တွင် ယန်အနှစ်သာရကို စုပ်ယူစေသည်။
ခန္ဓာကိုယ်တွင်း ယင်နှင့် ယန်ဓာတ်များ မျှခြေဖြစ်သွားသည့် အချိန်ကျမှသာ သူသည် ကိုယ်ပွါးများထံမှ ယင်ယန်အနှစ်သာရကို တစ်ပြိုင်နက်တည်း စုပ်ယူတော့သည်။
ထိုသို့ ပြောင်းလဲလိုက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ယင်ယန်ဓာတ်မမျှတမှု ပြဿနာ နောက်ထပ်မဖြစ်ပွားတော့ချေ။
၎င်းက ကျောက်ဖေးအား နေ့စဉ် ကိုယ်ပွါးများထံမှ ယင်ယန်အနှစ်သာရများကို ပိုမိုထုတ်ယူနိုင်စေပြီး စွမ်းအင်စုရပ် သိုလှောင်နိုင်စွမ်း ပမာဏကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။
သူသည် တစ်ရက်အတွင်း ကိုယ်ပွါးရှစ်ခုထံမှ ယင်ယန်စွမ်းအင်များကို ထုတ်ယူနိုင်သည်။
တစ်နည်းအားဖြင့် ကျောက်ဖေး၏ အခြေခံကျင့်ကြံခြင်းအရှိန်အဟုန်သည် သာမန်လူများထက် ရှစ်ဆမျှ ပိုမိုမြန်ဆန်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ကျောက်ဖေး၏ စွမ်းအင်စုရပ်အတွင်းရှိ ယင်ယန်စွမ်းအင်များသည် အဆက်မပြတ် သန့်စင်ခြင်း ခံနေရသည်။
သာမန်လူတစ်ဦးသာ ယင်ယန်ဝိညာဉ် ပျိုးထောင်ခြင်း နည်းလမ်းကို လေ့ကျင့်မည်ဆိုပါက နေ့စဉ်သန့်စင်ရန် ယင်အနှစ်သာရနှင့် ယန်အနှစ်သာရ မလုံလောက်မည်ကို စိုးရိမ်ရလိမ့်မည်။
သို့သော် ကျောက်ဖေးအတွက်မူ ယင်ယန်စွမ်းအင် မလောက်ငှမည်ကို မပူရဘဲ သန့်စင်ခြင်းလုပ်ငန်းစဉ် နှေးကွေးနေမည်ကိုသာ စိုးရိမ်နေရသည်။
ဒါကတော့ တကယ့်ကို ချမ်းသာလွန်းလို့ ဖြစ်ရသည့် သောကမျိုးပင်။
တောင်ပေါ်ကျောင်းတော်၏ လူနေမှုဘဝသည် ရိုးရှင်းပြီး အေးချမ်းလှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့၏
ဩဂုတ်လသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုနေ့နံနက်၊ မနက်စာ သုံးဆောင်ပြီးနောက် ကျောက်ဖေးသည် ပုံမှန်အတိုင်း တောင်ပေါ်တွင် လမ်းလျှောက်ထွက်ခဲ့သည်။
လျိူယွင်နှင့် အခြားသူများသည်လည်း ဤအမူအရာကို ကျင့်သားရနေကြပြီ ဖြစ်သည်။ ဤရက်ပိုင်းအတွင်း ကျောက်ဖေးသည် မနက်စာစားပြီးတိုင်း အပြင်ထွက်၍ လမ်းလျှောက်လေ့ရှိသည်။
သို့သော် ဤလုပ်ရပ်က ထူးဆန်းသည်တော့ မဟုတ်ပေ။
လမ်းလျှောက်နေစဉ်အတွင်း ကျောက်ဖေးသည် သူ၏ ကိုယ်ပွါးရှစ်ခုထံမှ ယင် ယန်စွမ်းအင်များကို စုပ်ယူလိုက်သည်။
ထို့နောက် တစ်နေ့လုံး အချိန်ယူ၍ ပြန်လည်သန့်စင်ခဲ့သည်။
ထိုနေ့ ညနေခင်းသို့ ရောက်သောအခါ ကျောက်ဖေးသည် သူ၏ စွမ်းအင်စုရပ်အတွင်း ယင်နှင့် ယန်ဓာတ်နှစ်ပါးကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့လေပြီ။
ကျောက်ဖေးသည် တင်ပလ္လင်ခွေထိုင်ကာ သူ၏အသိစိတ်ကို စွမ်းအင်စုရပ်အတွင်းသို့ အာရုံစိုက်ကြည့်လိုက်သည်။
ဓာတ်နှစ်ပါးသည် တစ်ခုနှင့်တစ်ခု အစနှင့်အဆုံး ချိတ်ဆက်လျက်၊ ယန်အတွင်း၌ ယင်ရှိပြီး ယင်အတွင်း၌ ယန်ရှိနေကာ ပြီးပြည့်စုံသော တိုင်ချီသင်္ကေတအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းက တစ်ပတ်လည်လိုက်တိုင်း ကောင်းကင်နှင့် မြေပြင်အကြားရှိ ယင်ယန်စွမ်းအင် အရိပ်အယောင်များကို အလိုအလျောက် စုပ်ယူပြီး ခန္ဓာကိုယ်တွင်းရှိ ယင်ယန်ငါးများကို ဖြည့်တင်းပေးနေသည်။
ဤသည်မှာ ယင်ယန်အလိုအလျောက် ဖြစ်ထွန်းခြင်းပင်။
ကျောက်ဖေး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိသည်။
ယင်ယန်စွမ်းအင်ကို အလိုအလျောက် ဖြစ်ထွန်းစေနိုင်ခြင်းက သူ၏ အခြေခံအုတ်မြစ်ပျိုးထောင်ခြင်းအဆင့်အား ပြီးပြည့်စုံစွာ ပြီးမြောက်သွားခြင်းကို ဆိုလိုသည်။
သူသည် ယင်ယန်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် တကူးတက ကျင့်ကြံနေစရာ မလိုတော့ဘဲ ကောင်းကင်နှင့် မြေပြင်၏ ယင်
ယန်ဓာတ်များကို အလိုအလျောက် စုပ်ယူနိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျောက်ဖေးသည် ချက်ချင်းပင် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဆိတ်ငြိမ်ခန်းအတွင်း တရားမှတ်နေသော လျိုယွင်ထံသို့ သွားရောက်ခဲ့သည်။
"ယင်နဲ့ယန်က အလိုအလျောက် ဖြစ်ထွန်းပြီး အခြေခံအုတ်မြစ်က ပြည့်စုံခြင်းသို့ ရောက်နေပြီလား”
လျိုယွင်သည် ကျောက်ဖေး၏ ခန္ဓာကိုယ်အတွင်းသို့ စမ်းသပ်ထားသော ဝိညာဉ်စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မျက်နှာတွင် မချီးမွမ်းဘဲ မနေနိုင်သော အရိပ်အယောင်များဖြင့် “မဆိုးဘူး... မင်း ဒီအဆင့်ကို ရောက်ဖို့ အနည်းဆုံး သုံးလလောက် ကြာလိမ့်မယ်လို့ ငါထင်ထားတာ။ ဒါပေမဲ့ နှစ်ဆယ့်တစ်ရက်အတွင်းမှာတင် အခြေခံပျိုးထောင်ခြင်းရဲ့ ပြည့်စုံခြင်းအဆင့်ကို ရောက်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
တာအိုဘုန်းကြီးသည် ဤအခိုက်အတန့်တွင် အမှန်တကယ် အံ့အားသင့်သွားရသည်။
သူကိုယ်တိုင်သည် ယင်ယန်စွမ်းအင်ဖြင့် အခြေခံတည်ဆောက်ခဲ့ခြင်း မဟုတ်သလို ယင်ယန်ဝိညာဉ်ပျိုးထောင်ခြင်း နည်းလမ်းကိုလည်း မလေ့ကျင့်ဖူးသော်လည်း
ဤကျင့်စဉ်ဖြင့် အခြေခံတည်ဆောက်ရခြင်း၏ ခက်ခဲမှုသည် ငါးပါးဓာတ်အခြေခံတည်ဆောက်ခြင်းအတတ်ထက် အဆပေါင်းများစွာ ပိုမိုနက်နဲကြောင်း သူသိရှိသည်။
လျိုယွင်ကိုယ်တိုင် ငါးပါးဓာတ်အခြေခံတည်ဆောက်ခြင်း အတတ်ကို လေ့ကျင့်စဉ်ကပင် အခြေခံပျိုးထောင်ခြင်းအဆင့်၌ နှစ်လနီးပါး အချိန်ပေးခဲ့ရသည်။
ထိုစဉ်ကပင် သူ၏ဆရာက သူ့ကို ပါရမီရှင်တစ်ဦးဟု ချီးမွမ်းခဲ့ဖူးသည်။
ကျောက်ဖေး၏ ထူးကဲလှသော ပါရမီကို မြင်တွေ့ရသောအခါ တာအိုဘုန်းကြီးသည် မိမိကိုယ်ကိုယ် ပါရမီရှင်ဟု မသတ်မှတ်ရဲတော့ချေ။ လူအချင်းချင်း နှိုင်းယှဉ်ရသည်မှာ အမှန်တကယ်ပင် စိတ်ပျက်စရာ ကောင်းလှသည်။
သို့သော်ငြား အဘိုးအိုသည် အလွန်ဝမ်းမြောက်မိသည်မှာ အမှန်ပင်။
ဤကဲ့သို့သော တပည့်မျိုးကို ရရှိထားမှတော့ ဘာများ ထပ်ပြီး တောင်းတနေစရာ လိုဦးမည်နည်း။
ကျောက်ဖေးက ရိုသေလေးစားစွာဖြင့် “ ဒါတွေ အားလုံးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆရာ့ရဲ့ ဂရုတစိုက် လမ်းညွှန်ပြသမှုတွေကြောင့်ပါ" ဟု ဆိုလိုက်သည်။
လျိုယွင်က ခေါင်းခါပြီး ရယ်မောလိုက်ရင်း
"ဒါက မင်းရဲ့ ကိုယ်ပိုင်ကံတရားနဲ့ ပါရမီကြောင့်ပါပဲ"
သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်လက်၍ “အခုဆို မင်း အခြေခံတည်ဆောက်ခြင်းရဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကို ပြီးမြောက်သွားပြီ။ နောက်ထပ်အဆင့်ကတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းပဲ"
"ဒီအဆင့်က ကြည့်ရတာ ရိုးရှင်းပုံပေါ်ပြီး စွမ်းအင်စုရပ်ထဲမှာ တာအိုအခြေခံအုတ်မြစ် ဖြစ်လာဖို့ ယင်ယန်စွမ်းအင်တွေကို အပြည့်အဝ တည်ငြိမ်အောင် လုပ်ဖို့ပဲ လိုတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါက အရေးအကြီးဆုံး အဆင့်ပဲ။ တကယ်လို့ အမှားအယွင်း အနည်းငယ်ပဲ ရှိခဲ့ရင်တောင် တစ်သံသရာလုံး ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားလိမ့်
မယ်"
"ပထမအဆင့် နှစ်ခုနဲ့ မတူတာကတော့... အဲဒီအဆင့်တွေမှာ မှားယွင်းခဲ့ရင် ပြန်ပြင်ဖို့ အခွင့်အရေး ရှိသေးပေမဲ့၊ ဒီအဆင့်မှာတော့ မှားယွင်းသွားရင် နောင်တရရုံကလွဲလို့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"
ထိုစကားကို ကြားရသောအခါ ကျောက်ဖေး၏ မျက်နှာအမူအရာသည်လည်း ချက်ချင်း တည်ကြည်လေးနက်သွားတော့သည်။