စက္ကန့်တိုင်းကအရေးကြီး
Vol. 34 Ch. 471
အခန်း (၄၇၁) စက္ကန့်တိုင်းကအရေးကြီး
အရှေ့ပင်လယ်အခြေအနေက အရေးပေါ်ဖြစ်နေသည်ပင်။
ထို့ကြောင့် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့ အလျှင်အမြန် ထွက်ခွာသွားကြသည်။
လှိုင်းနက်ဂေဟာနှင့် နေသူတော်စင်ဂိုဏ်းမှ အမတလက်ဖွဲ့အဆင့် ကျင့်ကြံသူများကတော့ မြေကမ္ဘာနယ်မြေတွင် ဆက်လက်ကျန်ရစ်ခဲ့ပြီး အနက်ရောင်အခိုးအငွေ့များအတွင်းမှ ထွက်ပေါ်လာသော နတ်ဆိုးများကို ဆက်လက်သုတ်သင်ကြသည်။
ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ကတော့ အတူတကွ မတ်တတ်ရပ်လျှက် လက်ဖဝါးများကို ရှေ့သို့ဆန့်ထုတ်ကာ ချောက်နက်ကြီးအတွင်းမှ စည်းတံဆိပ်ကို ဆက်လက်အားဖြည့်ပေးနေကြသည်။ သိုင်းသူတော်စင် (၂)ယောက်၏ စွမ်းအားက အောက်ဘက်ရှိ ရွှေရောင်စည်းတံဆိပ်ကို ထောက်ပံ့ပေးထားပြီး ချောက်နက်ကြီးအတွင်းမှ ထိုးဖောက်ထွက်လာမည့် အနက်ရောင်အခိုးအငွေ့များကို အတူတကွ တားဆီးဖိနှိပ်ထားသည်။
ချောက်နက်အတွင်းမှ နေရောင်ခြည်က တောက်ပစွာထွန်းလင်းနေပြီး မရေမတွက်နိုင်သောအပ်ချောင်းများပမာ အရပ်ရပ်သို့ခွဲဖြာထွက်လျှက် အနက်ရောင်အခိုးအငွေ့များကို အဆက်မပြတ်ဖယ်ရှားသုတ်သင်လျှက်ရှိ၏။
ချောက်နက်ကြီးထက် ကောင်းကင်ပြင်မှ ကြည့်မည်ဆိုလျှင် မရေမတွက်နိုင်သောအလင်းတန်းများ လွင့်ပျံနေမည်ကို တွေ့မြင်ရပေမည်။ သို့သော် ရွှေရောင်အလင်းတန်းများက တဖြည်းဖြည်းပါးလွှာအားနည်းလာပြီး အနက်ရောင်အခိုးအငွေ့များက ပိုမိုများပြားလာပြီဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်လာသည်။
မှောင်မိုက်သောချောက်နက်ကို ပင့်ကူမျှင်များအလား ဖုံးအုပ်ရစ်သိုင်းထားသော ရွှေရောင်အလင်းတန်းများက တဖြည်းဖြည်း မှိန်ဖျော့လျှက်နစ်မြုပ်လာသည်။
ချောက်နက်ထဲမှ ရွှေရောင်နေဝန်းကြီးက လင်းလက်လာလိုက် ၊ မှေးမှိန်သွားလိုက်ဖြစ်နေစဉ် အနက်ရောင်အခိုးအငွေ့များကတော့ စိတ်အားတက်ကြွဟန်ဖြင့် ပိုမိုပြင်းထန်လာကြသည်။
အနက်ရောင်မြူခိုးများနှင့် ကြီးမားသောနေဝန်းကြီး အဆက်မပြတ်ရိုက်ခတ်နေရာနေရာတွင် ပုံပျက်နေသည့်ဗလာနယ်တစ်ခု ဖြစ်ပေါ်နေကြောင်း ရန်ကျောက်ကဲ သတိပြုမိသည်။ ပုံပျက်နေသည့်ဗလာနယ်က ပုံမှန်အတိုင်းပြန်ကောင်းသွားလိုက် ၊ မကြာမီ ပြန်လည်ပုံပျက်သွားလိုက်ဖြင့် ဖြစ်စဉ်တစ်ခု အဆက်မပြတ် သံသရာလည်နေ၏။
ထိုနေရာရှိ အဖျက်စွမ်းအားအတွင်းသို့ မည်သူမှ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။ ထိုနေရာသို့ ကျရောက်သွားသည်နှင့် လူတစ်ယောက်၏ရုပ်ခန္ဓာ အပိုင်းပိုင်းကွဲအက်သွားပေမည်။
မည်သို့ပင်ဖြစ်စေ ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့အဆက်မပြတ် စွမ်းအားများ ဖြည့်ပေးနေသည့်အဆုံး ကြီးမားသော ရွှေရောင်နေဝန်း စည်းတံဆိပ်က ပြန်လည်တည်ငြိမ်လာပြီး ငရဲကိုးထပ်မှ အနက်ရောင်မြူခိုးများကို အားအင်အပြည့်ဖြင့် ပြန်လည်ဖိနှိပ်ထားနိုင်ခဲ့သည်။
ပတ်ဝန်းကျင်သို့ နယ်မြေချဲ့ထွင်လာသော အနက်ရောင်အခိုးအငွေ့များက ကြီးမားသောသံကြိုးကြီးများပမာ မပြတ်တမ်း ဝှေ့ယမ်းလျှက်ရှိသည်။ အင်းသင်္ကေတကွင်းဆက်များက အဆက်မပြတ်လည်ပတ်နေပြီး အနက်ရောင်အခိုးအငွေ့များထဲတွင် သွေးနီရောင်အလင်းတန်းများကလည်း တောက်လောင်စီးဆင်းနေသည်ပင်။
အနက်ရောင်အခိုးအငွေ့များအတွင်းမှ ထွက်ပေါ်လာသော နတ်ဆိုးများကို လူသားသိုင်းသမားများက အဆက်မပြတ် သုတ်သင်သတ်ဖြတ်လျှက် ရှိကြသည်။ သို့သော် နတ်ဆိုးများက ကုန်ဆုံးသွားသည်မရှိဘဲ တစ်ယောက်ကိုသတ်လျှင် နှစ်ယောက်ထွက်ပေါ်လာသည့်အလား ပိုမို၍ပင် များပြားလာသည်။
ချောက်နက်ကြီးအတွင်းမှ နတ်ဆိုးညည်းသံများက ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လျှက်ရှိသည်။
လူသားသိုင်းသမားမျာက နတ်ဆိုးများကို ရိုးရှင်းစွာထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ ထိုနတ်ဆိုးများ စည်းတံဆိပ်ကို ဖျက်ဆီးနိုင်ခြင်းမရှိစေရန် လှည့်ကွက်ပေါင်းစုံအသုံးပြု ကာကွယ်နေကြသည်။
ရန်ကျောက်ကဲက ချောက်နက်အောက်ဘက်သို့ အနည်းငယ်ဆင်းသက်လိုက်သည်။ ထိုနေရာတွင် ရွှေရောင်အလင်းတန်းများနှင့် အနက်ရောင်အခိုးအငွေ့များကြား နစ်မြုပ်နေသော ‘ဖန်ကျွင်း’ ရှိနေလေသည်။
“ဒုတိယဆရာဦးလေး”
ရန်ကျောက်ကဲက သူ့လက်ဖဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး တန်ခိုးစွမ်းအားထုတ်ဖော်ကာ ဖန်ကျွင်းခန္ဓာကိုယ်ထက်မှ အနက်ရောင်အခိုးအငွေ့ကြိုးမျှင်များကို ဖယ်ရှားရန် ကြိုးစားသည်။
သို့သော် အနက်ရောင်ကြိုးမျှင်များက တုန်ခါသွားပြီး ဖန်ကျွင်းမှာ အနက်ရောင်မြူခိုးများကြား နစ်မြုပ်သွားပြန်သည်။
ဖန်ကျွင်းက...
“အလျင်မလိုနဲ့ ၊ ချိတ်ပိတ်ထားတဲ့စည်းတံဆိပ်ကိုပဲ အာရုံစိုက်...”
ယခင်က ထိုသို့သောအနက်ရောင်ကြိုးများကို ချိုးဖျက်ရခြင်းကို ရန်ကျာက်ကဲ ပြန်လည်စဉ်းစားလိုက်ပြီး အတွင်းထဲမှ စွမ်းအားပြောင်းလဲမှုများကို စီစစ်လျှက် ခေါင်းတစ်ချက်ညိတ်လိုက်သည်။
ဖန်ကျွင်းက အောက်ဘက်မှ ရွှေရောင်နေဝန်းကြီးကို ခေါင်းငုံ့ကြည့်လိုက်ပြီး ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ကို လှမ်းကြည့်သည်။
“ဒီပုံစံအတိုင်းဆိုရင် မြေကမ္ဘာနယ်မြေ အန္တရယ်မရှိလောက်ပါဘူး”
သူက ဆက်ပြောသည်။
“ပြီးတော့ အရှေ့ပင်လယ်က မီးတောက်မိစ္ဆာတွေကို တားဆီးနိုင်ဖို့ ငါတို့တေါ အာရုံစိုက်ရမယ် ၊ ဒီပုံအတိုင်းဆိုရင် နေရာတကာမှာပြဿနာရှာပြီး လူတွေအားလုံး ဒုက္ခရောက်အောင်လုပ်ဖို့ မီးတော်ကမိစ္ဆာတွေက အင်အားဖြန့်ထားနိုင်တယ် ၊ ရေနယ်မြေတစ်ခုတည်းမဟုတ်ဘဲ ရေကန်နယ်မြေနဲ့ မိုးကြိုးနယ်မြေတွေလည်း တိုက်ခိုက်ခံရနိုင်တယ် ၊ သူတို့ကို ဟန့်တားနိုင်ဖို့ လုံလောက်တဲ့စွမ်းအားတွေလိုအပ်တယ် ၊ ပြည်မပျက်ဆီးသွားမယ်ဆိုရင် ပင်လယ်ပြင်ပျက်ဆီးမှုထက်ပိုပြီး ပြင်းထန်နိုင်တယ်”
“မြေကမ္ဘာနယ်မြေကိစ္စ အမြန်ဆုံးတည်ငြိမ်သွားရင် ဆရာနဲ့ ချန်လီလည်း အနားမယူနိုင်ဘဲ အရှေ့ပင်လယ်ကို သွားကြရမှာပဲ”
ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...
“ဒါပေမဲ့ ဒီနေရာကိုလည်း ဒီအတိုင်းလွှတ်ထားလို့ မဖြစ်သေးဘူး ၊ ရန်သူက အချိန်မရွေး တန်ပြန်တိုက်စစ်ဆင်လာနိုင်တယ်”
ဖန်ကျွင်းက ခေါင်းညိတ်ရင်း...
“ဒါတော့ အမှန်ပဲ”
မြေကမ္ဘာနယ်မြေတွင် ချိတ်ပိတ်ထားသောစည်းတံဆိပ် ပျက်ဆီးမသွားအောင် အပြင်းအထန် အားပြိုင်နေရစဉ် အရှေ့ပင်လယ်မှစစ်ပွဲကတော့ အရေးပေါ်အခြေအနေ ရောက်ရှိနေပေပြီ။
အရှေ့ပင်လယ်အပြင်ပိုင်းရော အရှေ့ပင်လယ်အတွင်းပိုင်းပါ လူသူကင်းမဲ့နေပြီး ပင်လယ်ရှည်မြို့တော်ကဲ့သို့ နေရာမျိုးတွင် လူသူတစ်ယောက်တစ်လေပင် မကျန်ရစ်တော့ပေ။ ရေနယ်မြေ၏ မြို့တော်ကိုးခုတွင်အပါအဝင်ဖြစ်သော ပင်လယ်ရှည်မြို့တော်တည်ရှိရာကျွန်းနယ်မြေသည် ဘာမှမကျန်အောင် ဖျက်ဆီးခံခဲ့ရပြီဖြစ်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိရာ ပင်လယ်ဒေသသည်ပင်လျှင် ပရမ်းပတာအခြေအနေဖြင့် ပြည့်နက်နေ၏။
ယခုတစ်ကြိမ် ကျောက်စိမ်းပင်လယ်မြို့တော်ရင်ဆိုင်ရသော ကပ်ဘေးကြီးက ယခင်တစ်ခေါက် စစ်ပွဲထက်ပင် အတိုင်းအတာ ပိုမိုကြီးမားသည်။
ကျင်းကျုန်းဦးဆောင်လျှက် သိုင်းသူတော်စင်ဒုတိယအဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင် (၄)ယောက်က အရှေ့နဂါးကျွန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်ကို ဝိုင်းထားကြသည်။ ၎င်းတို့၏ခေါင်းဆောင်မှုအောက်တွင် အခြားသော မီးတောက်မိစ္ဆာဘုရင်များနှင့် မဟာမီးတောက်မိစ္ဆာများက အပြင်းအထန် ထိုးစစ်ဆင်လျှက်ရှိ၏။
ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီးက စွမ်းအားများဖြန့်ကျက်လျှက် ကျောက်စိမ်းပင်လယ်မြို့တော် မီးလောင်ပြာကျမသွားအောင် ကာကွယ်ပေးထားသည်။
ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ က ကျောက်စိမ်းပင်လယ်ပင်မအစီအရင် ဗဟိုမဏ္ဍိုင်နှင့် တစ်သားတည်းဖြစ်လာပြီး သဏ္ဌန်မဲ့ဓားအလင်းတန်းများက အဆုံးမရှိစီးကြောင်းများပမာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လှည့်ပတ်လျှက်ရှိသည်။
စုန့်ဝူလျန်က ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ကိုင်ဆောင်ထားပြီး ပင်မအစီအရင်ကြီးကို အမာခံထိန်းချုပ်ထားလေရာ ယခင်ကထက် နှိုင်းဆာလျှင် အစီအရင်စွမ်းအားက အလွန်တရာမြင့်မားသည်ဟု ဆိုနိုင်သည်။
ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ က စုန့်ဝူလျန်ဘေးတွင် မတ်တတ်ရပ်နေပြီး လက်တစ်ဖက်ကို နောက်ပစ်လျှက် ကျန်လက်တစ်ဖက်က မရပ်မနား လေထဲတွင်ပန်းချီရေးဆွဲဟန် ပြုလုပ်နေသည်။ လေထုထဲတွင် ရေးဆွဲနေသောပန်းချီကားက အဆုံးမရှိသော အစစ်အမှန်ပန်းချီကားတစ်ခုအဖြစ် ပြောင်းလဲပေါ်လွင်လာသည်။
အဘိုးအို’မော့’ ရေးဆွဲနေသည့်ပန်းချီကားက အဆုံးမရှိသော ပင်လယ်ပြင်ကြီးဖြစ်၏။
ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကို သရုပ်ဖော်ထားပြီး ပန်းချီကားချပ်ကြီးက ကောင်းကင်ထက်တွင်တောက်ပနေသော မီးတောက်မီးလျှံများကို တွန်းလှန်ရန် ကျောက်စိမ်းပင်လယ်မြို့တော် ပင်မအစီအရင်နှင့် ပေါင်းစပ်သွားသည်။
အဝေးတစ်နေရာမှ လှမ်းကြည့်မည်ဆိုလျှင် ကောင်းကင်တစ်ခုလုံး တောက်လောင်နေသောမီးလျှံများဖြင့် ပြည့်နက်နေပြီး အောက်ဖက်မှပင်လယ်ရေက တဟုန်ထိုးလျှံတက်လာသည်ကို တွေ့ရမည် ဖြစ်၏။
ရေနှင့်မီးများအဆက်မပြတ်တိုက်ခတ်နေသဖြင့် ကောင်းကင်နှင့်ပင်လယ်ကြားမှ နယ်နိမိတ်မျဉ်းကြောင်းသည်ပင် ပျောက်ကွယ်နေခဲ့ပေပြီ။ အဖြူရောင်ရေခိုးရေငွေ့များက သိပ်သည်းသွားပြီး တောက်ပသောမီးလျှံများနှင့် ထိပ်တိုက်ရင်ဆိုင်လျှက် ပင်လယ်တစ်ခုလုံး ရေခိုးရေငွေ့များနှင့် မီးတောက်များ လွှမ်းခြုံသွားသည်။
စုန့်ဝူလျန်ကို ကျောက်စိမ်းပင်လယ်အစီအရင်နှင့် အဘိုးအို’မော့’ က ကူညီပေးထားသော်လည်း တစ်ဖက်မှ ရန်သူအင်အား ကြီးမားလွန်းလေရာ ကူရာကယ်ရာမဲ့သည့်အနေအထားပင်။
ပြင်းပြင်းထန်ထန် တောက်လောင်နေသော မီးတောက်များ၏ တိုက်ခိုက်မှုအောက်တွင် ကျောက်စိမ်းပင်လယ်မြို့တော်၏ ပင်မအစီအရင်ကြီးက မုန်တိုင်းအလယ်တွင် ယိမ်းခါနေသည့်အလား လှုပ်ခါလျှက် အက်ကွဲကြောင်းများလည်း ထင်ဟပ်နေပေပြီ။
ပင်မအစီအရင်ကြီးထဲတွင် နေသူတော်စင်ဂိုဏ်းမှ မန်ဝမ်သည်လည်း ထူးကဲယင်သရဖူကိုဆင်မြန်းလျှက် ၊ အဆုံးမဲ့တောင်တန်း၏ဂိုဏ်းချုပ် ချူးယန်သည်လည်း မိုးဖြိုပုဆိန်ကိုကိုင်ဆောင်လျှက် အက်ကွဲကြောင်းများမှ ကျူးကျော်ဝင်ရောက်လာကြသော မီးတောက်မိစ္ဆာများကို တားဆီးတိုက်ခိုက်နေကြသည်။
သွေးစွန်းတိုက်ပွဲကြီးတွင် နှစ်ဖက်လုံး အကျအဆုံးများခဲ့ပြီး စုန့်ဝူလျန် ၊ အဘိုးအို’မော့’ ၊ မန်ဝမ်နှင့် ချူးယန်တို့အားလုံး ဒဏ်ရာရရှိထားကြသည်။
သို့တိုင် သူတို့အားလုံး အနားမယူနိုင်ကြဘဲ အံတင်းတင်းကြိတ်လျှက် ဆက်လက်တိုက်ခိုက်နေကြသည်ပင်။
ထိုအချိန် မီးတောက်မိစ္ဆာများ၏ တိုက်ခိုက်မှုက ရုတ်တရက် အားလျော့သွားသည်။
ကျင်းကျုန်းနှင့် အခြားသောမီးတောက်မိစ္ဆာများက အနောက်ဘက်ကောင်းကင်မှတစ်ဆင့် ပင်လယ်ကိုဖြတ်လာသည့် တစ်စုံတစ်ရာကို လှမ်းမျှော်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် နေတစ်စင်းတောက်ပစွာ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ နေမင်း၏အနီးပတ်ဝန်းကျင်တွင် တိမ်ဖြူများရစ်သိုင်းလျှက် တောက်ပနေသည်ကိုလည်း တွေ့ရ၏။
စစ်ကူရောက်လာကြသော ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့ ဖြစ်ကြသည်။
မီးတောက်မိစ္ဆာဘုရင် ကျင်းကျုန်းနှင့် အခြားသူများက ထိုသူများကိုတားဆီးရန် သူတို့၏ ထိပ်တန်းကျင့်ကြံသူအချို့ကို စေလွှတ်ပြီးနောက် ကျန်လူများက ပြိုကွဲလုနီးပါးဖြစ်နေသော ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီးကို အရင်ဆုံးဖျက်ဆီးပစ်ရန် ကြိုးစားကြသည်။
သို့သော်...
မီးတောက်မိစ္ဆာများက ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီးကို တိုက်ခိုက်ရန်ဟန်ပြင်စဉ်မျာပင် အစီအရင်ကြီးမှ ပြင်းထန်သောစွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
အဆုံးမရှိသော ဒီရေလှိုင်းများက ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့ရှိရာ အကွာအဝေးထိတိုင် ဆန့်ထွက်ရွေ့လျားသွားသည်။
ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့က သူတို့စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ကျောက်စိမ်းပင်လယ်ပင်မအစီအရင်မှ ဒီရေလှိုင်းများနှင့်အတူ ကျောက်စိမ်းပင်လယ်မြို့တော်ဆီသို့ လိုက်ပါသွားကြလေတော့သည်။