မဟာမီးတောက်မိစ္ဆာဘုရင်
Vol. 34 Ch. 472
အခန်း (၄၇၂) မဟာမီးတောက်မိစ္ဆာဘုရင်
ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့ က သူတို့ကို ဆွဲခေါ်သွားသော ကျောက်စိမ်းပင်လယ်ပင်မအစီအရင်အတွင်းသို့ အတူတကွ ဝင်ရောက်သွားကြသည်။
ပင်မအစီအရင်မှ ပြင်းထန်သောစွမ်းအားပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပြီးနောက် ကနဦးပြင်းထန်မှုက မသေခင်ထတောက်သည့် မီးတောက်ပမာ ပြန်လည်ငြိမ်သက်သွားသည်။
ဟွမ်ကွမ်လီနှင့် အန်းချင်လင်ကို ဆွဲခေါ်ရန်အတွက် စွမ်းအားမြှင့်ကာ လှည့်ပတ်သွားသောအစီအရင်သည် ယခုတော့ မလွဲမသွေ ပြန်လည်နှေးကွေးသွားခဲ့သည်။
မီးတောက်မိစ္ဆာများက အဆုတ်များပွင့်ထွက်မတတ် ကြုံးဝါးအော်ဟစ်လိုက်ကြသည်။ သူတို့ဆီမှ ပြင်းထန်သောစွမ်းအားများက အစီအရင်ကြီးကို ပွင့်ထွက်သွားစေပြီး ဟွမ်ကွမ်လီနှင့် အန်းချင်လင်ကို ဆွဲခေါ်လိုက်သောဝင်ပေါက်ကို ပြန်ပိတ်ရန် မဖြစ်နိုင်တော့ပေ။
စုန့်ဝူလျန်က ဟွမ်ကွမ်လီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ညှိုးလက်ခလယ်ကိုအသုံးပြုကာ သဏ္ဌန်မဲ့ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။ ဓားအလင်းတန်းက အဆုံးမရှိသောစီးကြောင်းများပမာ ကောင်းကင်ထက်သို့ လွင့်ပျံသွား၏။
ဟွမ်ကွမ်လီကလည်း ပင်မအစီအရင်ထဲရောက်လာပြီး ကျောက်စိမ်းပင်လယ်မြို့တော်၏မြေပြင်ထက် ခြေချမိသည်နှင့် လက်ဖဝါးများကိုအပေါ်သို့ ပင့်တင်လိုက်သည်။ ပြင်းထန်သောထူးကဲယန်စွမ်းအားနှင့်အတူ များပြားလှစွာသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ပျံသန်းသွားသည်။
များပြားလှစွာသော သဏ္ဌန်မဲ့ဓားဝိညာဉ်အလင်းတန်းများမှ ထူးကဲယင်စွမ်းအားများက ဟွမ်ကွမ်လီ၏လက်ဖဝါးမှ ထူးကဲယန်စွမ်းအားများဖြင့် ပေါင်းစပ်သွားသည်။
စွမ်းအားတစ်ခုက ခိုင်မာပြီး စွမ်းအားတစ်ခုက ပျော့ပြောင်းသည်။ စွမ်းအားနှစ်ခုက လုံးဝ ထပ်တူမကျသော်လည်း ယင်နှင့်ယန် အတူယှဉ်တွဲပေါင်းစည်းသွားကြသည်။
အဘိုးအို’မော့’ က သူ့လက်ချောင်းများကို ဆန့်ထုတ်ရင်း လေထဲတွင် ပန်းချီကားတစ်ချပ် ရေးဆွဲလိုက်သည်။ လေထုထဲတွင် အလင်းတန်းများထွက်ပေါ်လာပြီး တောင်နှင့်မြစ်ရေ ပန်းချီကားတစ်ချပ် ထွက်ပေါ်လာ၏။ ထိုပန်းချီကားထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ပါဝင်ခြင်းမရှိဘဲ အလွန်တရာပျော့ပြောင်းပြီး သာမန်ဆန်လွန်းသည်။
ပန်းချီကားထဲတွင် မြင့်မားခိုင်မာသော ယန်စွမ်းအားတောင်တန်းများနှင့် နူးညံ့စွာစီးဆင်းနေသော ယင်စွမ်းအားမြစ်တို့ပါဝင်သည်။ ယင်စွမ်းအားမြစ်တို့ပါဝင်သည်။ တစ်ခုနှင့်တစ်ခု ယှဉ်တွဲနေသည့်တိုင် သဟဇာတ မဖြစ်ကြပေ။
မသဲကွဲသော ထိုက်ကျိပုံစံက လေထဲတွင် ယောင်ဝါးဝါး ထွက်ပေါ်လာသည်။
တောင်နှင့်မြစ်ရေပန်းချီကားဖြင့် လွှမ်းခြုံထားသော ယင်ယန်စွမ်းအားများက စုန့်ဝူလျန်နှင့် ဟွမ်ကွမ်လီတို့၏ တိုက်ခိုက်မှုအတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားပြီး တစ်စုတစ်စည်းတည်း ပေါင်းစပ်သွားသည်။
ထူးကဲယင်နှင့် ထူးကဲယန်။
အလွန်တရာ ပျော့ပြောင်းခြင်းနှင့် အလွန်တရာ မာကျောခြင်း။
ထိုသို့ ဆန့်ကျင်ဘက်စွမ်းအားနှစ်ခု ပေါင်းစပ်သွားသည့်အခါ တွန်းအားက ပိုမိုအားကောင်းလာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာစွမ်းအားများ မရပ်မနား ထွက်ပေါ်လာသည်။
တစ်ဖက်တွင်လည်း အန်းချင်လင်က သူမ၏တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ အဖြူရောင်တိမ်တိုက်များက သူမခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံလျှက် သူမ၏လက်ညိုးလက်ခလယ်တွင် ဓားဝိညာဉ်တစ်ခု သက်ဝင်ဖြစ်တည်လာသည်။ ထူထဲမှိန်ဖျော့သောဓားအလင်းတန်းက အဆုံးမရှိသောတိမ်တိုက်များနှင့်အတူ ကောင်းကင်ထက်သို့ ထွက်ခွာသွားသည်။ ထိုဓားအလင်းတန်းက မီးတောက်များနှင့် ရင်ဆိုင်တွေ့ရသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။
သူမ၏ဓားသိုင်းက အလွန်တရာပျော့ပြောင်းပြီး အကန့်အသတ်မရှိသော ပုံရိပ်ယောင်များဖြင့်ပြည့်နက်နေလေရာ ထူးကဲယင်စွမ်းအား၏ ပြီးပြည့်စုံမှုကို ထုတ်ဖော်ပြသသည်။ တိမ်ဖြူအသွင်ဓားအလင်တန်းက ဟွမ်ကွမ်လီ၏ ထူးကဲယန်လက်သီးသိုင်းနှင့် စုန့်ဝူလျန်၏ ကျောက်စိမ်းပင်လယ်သဏ္ဌန်မဲ့ဓားသိုင်းနှင့်အတူ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာပင် အဆုံးမဲ့တောင်တန်း၏ဂိုဏ်းချုပ်’ချူးယန်’ က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုအနက်ရောင်အလင်းတန်းမှ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ပင့်မြှောက်ထားသော ချူးယန်၏လက်က တောင်တစ်တောင်အလား ခိုင်ခန့်သန်မာလှသည်။
သူက လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင်အလင်းတန်းက ရွေ့လျားသွားပြီး သူ့ရှေ့မှလေထဲတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ အက်ကွဲကြောင်းက ပြင်းထန်စွာပုံပျက်သွားပြီး အနှိုင်းမဲ့ပြင်းထန်လေးလံသောစွမ်းအားက ထိုအက်ကွဲကြောင်းကို ပိုပြီး ဆုတ်ဖြဲပစ်တော့မည့်အလား ထင်မှတ်ရသည်။
ထိုအရာသည်ကား အဆုံးမဲ့တောင်တန်းမှ အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ‘မိုးဖြိုပုဆိန်’ ၏ တန်ခိုးစွမ်းအားပင် ဖြစ်၏။
အနက်ရောင်အလင်းတန်းကိုယ်တိုင်ကပင် ‘မိုးဖြိုပုဆိန်’ အတိအကျဖြစ်ပြီး ကောင်းကင်ယံကို ထိုးဖောက်လျှက် ရန်သူများကို တိုက်ခိုက်ရန် ထွက်ခွာသွားသည်။ ရလဒ်ကတော့ ပုဆိန်နှင့်ထိမိသော နေရာတွင် အက်ကွဲကြောင်းများ ထင်ဟပ်လာခြင်းပင်။
သို့သော်လည်း အဘိုးအို’မော့’ ၏ တောင်နှင့်မြစ်ရေပန်းချီကားက လေထုထဲမှ အက်ကွဲကြောင်းများကို ပြန်လည်ပျောက်ကွယ်သွားစေခဲ့၏။
အလွန်မာကျောပြီး ကြောက်မက်ဖွယ်ရာစွမ်းအားသည် အသွင်သဏ္ဌန်ပြောင်းလဲသွားသော်လည်း စုန့်ဝူလျန်နှင့် ဟွမ်ကွမ်လီတို့၏ ပူးပေါင်းတိုက်ခိုက်မှုနှင့်အတူ ရောယှက်လျှက် ပိုမိုစွမ်းအားမြင့်မားလာစေသည်။
မိုးဖြိုပုဆိန်၏စွမ်းအားနှင့် အန်းချင်လင်၏ တိမ်စီးဆင်းဓားသိုင်း စွမ်းအားသည် အလွန်အမင်းမာကျောသော ထူးကဲယန်စွမ်းအားနှင့် သိမ်မွေ့သောထူးကဲယင်စွမ်းအား၏ ဆန့်ကျင်ဘက်အင်အားစုများအဖြစ် ပေါင်းစပ်ဖြစ်တည်သွားသည်။
ထိုစွမ်းအားနှစ်ခုက ထူးကဲယန်လက်သီးသိုင်းနှင့် ကျောက်စိမ်းပင်လယ်သဏ္ဌန်မဲ့ဓားသိုင်းကို အသီးသီးထောက်ပံ့ကူညီပေးထားကြသည်။
ယင်ယန်တည်ရှိမှုက အလွန်လျှင်မြန်စွာကြီးထွားကျယ်ပြန့်လာပြီး ပိုမိုကြီးကျယ်ခမ်းနားလာကာ မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်လျှက် ကောင်းကင်ယံ၌ စီးဆင်းနေသော မီးလျှံများစွာကို ငြိမ်းသတ်လိုက်သည်။
ထိုသို့နှယ်လွှမ်းမိုးနိုင်စွမ်းမြင့်မားသော စွမ်းအားများဖြင့် ရင်ဆိုင်ရသည့်အခါ မီးတောက်မိစ္ဆာများသည်ပင် သတိအနေအထား ဖြစ်သွားကြသည်။ သူတို့က ကောင်းကင်ထက်တွင်တောက်လောင်နေသောမီးတောက်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြပြီး ထိုစွမ်းအားစုစည်းမှုကို ခုခံကာကွယ်ရန် အလျှင်အမြန် လုပ်ဆောင်ကြသည်။
ရှေ့တန်းတွင်ရှိနေသော သိုင်းသူတော်စင်ဒုတိယအဆင့်နှင့်ညီမျှသည့် မီးတောက်မိစ္ဆာဘုရင်များသာလျှင် ထိုတန်ခိုးစွမ်းအားကို တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ မဟုတ်ပါက အားနည်းသည့်မီးတောက်မိစ္ဆာများအနေဖြင့် ထိုသို့ ရက်စက်ကြမ်းတမ်းသော တန်ခိုးစွမ်းအားများကြောင့် ဖျက်ဆီးခံရနိုင်ပေသည်။
ကြီးကျယ်ခမ်းနားသော အလင်းတန်းကြီးတစ်ခုက ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကို ထိုးဖောက်လျှက် ပင်လယ်ရေထဲ လွင့်ပျံထွက်ပေါ်လာကာ ကောင်းကင်ထက်ရှိ မီးတောက်ပင်လယ်ကြီးနှင့် ရောယှက်သွားသည်။ မီးတောက်ပင်လယ်ကြီး၏ အလယ်ဗဟိုတွင် အက်ကွဲကြောင်းကြီးထင်ဟပ်သွားပြီး နေရာလွတ်တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် တောက်လောင်နေသည့် မီးလျှံများသည်လည်း တမဟုတ်ချင်း ရပ်တန့်သွားသည်။
သို့သော် ဟွမ်ကွမ်လီ ၊ အဘိုးအို’မော့’ နှင့် အခြားသော သိုင်းသူတော်စင်များ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် သိပ်သည်းထားသော ခမ်းနားသောအလင်းတန်းကြီးသည် အလင်းမိုးများရွာသွန်းသည့်ပမာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလျှက် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။
မီးတောက်မိစ္ဆာဘုရင်များက နားကွဲလုမတတ် ကြုံးဝါးဟိန်းဟောက်သံကြီးများကို တညီတညွတ်တည်းထုတ်လွှတ်လိုက်ကြပြီး တောက်လောင်နေသောမီးတောက်များက လေထဲတွင် နောက်တစ်ကြိမ် စုဆုံသွားကာ ကျောက်စိမ်းပင်လယ်မြို့တော်ရှိရာသို့ ထပ်မံမြင့်တက်လာကြပြန်သည်။
ထိုအချိန် တစ်စစီကွဲကြေသွားသောအလင်းတန်းအမှုံအမွှားများကြားတွင် ထူးကဲယင်သရဖူက ဖြည်းညင်းစွာ မြင့်တက်လာသည်။ ထူးကဲယင်သရဖူမှ ထွက်ပေါ်လာသော လရောင်ခြည်နှင့် ထိတွေ့မိသည့် မိုးမြေတစ်ခွင်လုံး အေးစိမ့်သွားပြီး တောက်လောင်နေသောမီးတောက်များ အရှိန်လျော့ကျသွား၏။
ထိုအချိန်ခဏကို အခွင့်ကောင်းယူပြီး စုန့်ဝူလျန်က ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကို လျှင်မြန်စွာ လှုံ့ဆော်လိုက်သည်။ ပင်မအစီအရင်က အရှေ့နဂါးကျွန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့ကို နောက်တစ်ကြိမ် လွှမ်းခြုံလှည့်ပတ်သွားကာ မီးတောက်မိစ္ဆာများ၏ ပြင်ပမှတိုက်ခိုက်မှုကို တားဆီးလိုက်ပြန်သည်။
ထူးကဲယင်သရဖူကို ထိန်းချုပ်ထားသော မန်ဝမ်၏မျက်နှာသည် လရောင်ခြည်အောက်တွင် စက္ကူတစ်စပမာ ဖြူဖျော့လျှက် ရှိ၏။
ကြီးမားသောဖိအားကြီးကို ပင်တိုင်ထိန်းချုပ်ထားရသော ကျောက်စိမ်းပင်လယ်မြို့တော်သခင် စုန့်ဝူလျန်၏နှုတ်ခမ်းမှ သွေးများအန်ထွက်လာသည်။
သူ့အနားတွင်ရှိနေသော အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီ ၊ အန်းချင်လင်နှင့် ချူးယန်တို့အားလုံးမှာ ချီစွမ်းအားနှင့် သွေးစွမ်းအားများ ပရမ်းပတာဖြစ်ကုန်ပြီး မျက်နှာများက အနီတစ်လှည့် အစိမ်းတစ်လှည့် အရောင်ပြောင်းလဲနေကြသည်။
သိုင်းသူတော်စင်အဆင့်မရောက်ရှိသေးသော အဆုံးမဲ့တောင်တန်းဂိုဏ်းချုပ်’ချူးယန်’ ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူ့လက်ထဲတွင် မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိသည့်တိုင် ကောင်းကင်ထက်တွင်ရှိနေသော မိုးဖြိုပုဆိန်၏ အနက်ရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီး ပုဆိန်ကိုကိုင်ဆောင်သော သူ၏ညာလက်က အဆက်မပြတ် တုန်ယင်နေဆဲပင်။
ကျင်းကျုန်းနှင့် အခြားသောမီးတောက်မိစ္ဆာဘုရင်များသည်လည်း အခြေအနေကောင်းကြသည်မဟုတ်ပေ။ သို့သော် သူတို့က ဒဏ်ရာများရရှိလေ ဒေါသများပိုထွက်လာလေ ဖြစ်၏။
ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့ရောက်ရှိလာပြီး သူတို့ကို အောင်မြင်စွာတိုက်ခိုက်လိုက်ကြသဖြင့် သူတို့အားလုံး အလွန်အမင်းဒေါသထွက်သလို အရှက်လည်းရကာ ပြင်းထန်သော တိုက်ခိုက်မှုများကို ထပ်မံပြုလုပ်လိုက်ကြသည်။
စုန့်ဝူလျန် အသက်တစ်ချက်ရှူထုတ်လိုက်ပြီး သူ၏မျက်နှာတွင် သွေးရောင်ပြန်လွှမ်းလာသည်။ သူက ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကို ထိန်းချုပ်ရင်း ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကိုလည်း ဆုပ်ကိုင်လျှက် ရန်သူများကို နောက်တစ်ကြိမ်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီနှင့် အခြားသူများလည်း ထိုနည်း၎င်းပင်။
ကျောက်စိမ်းပင်လယ်ပင်မအစီအရင်မှ ပေးအပ်သော ပထဝီအနေအထားအားသာချက်နှင့် သူတို့အားလုံး၏စွမ်းအားများ ပေါင်းစပ်လိုက်သည့်အခါ မီးတောက်မိစ္ဆာဘုရင်များကို ခုခံရန် ပိုမိုလွယ်ကူလာသည်။ လူသားသိုင်းကျင့်ကြံသူများဘက်မှ တိုက်ပွဲတွင် အရေးနိမ့်ရသော်လည်း လက်ရှိမှာတာ့ ခံစစ်ကိုအာရုံစိုက်ပြီး တောင့်ခံထားနိုင်ကြသည်။
အနည်းဆုံးတော့ ကျောက်စိမ်းပင်လယ်မြို့တော်သည် ယခင်ကလို အချိန်မရွေးပြိုကျသွားတော့မည့်အလား ချိနဲ့နေခြင်း မရှိတော့ပေ။
“ယွမ်ကျန်းဖုန်းနဲ့ ချန်လီတို့ မြေကမ္ဘာနယ်မြေကို တည်ငြိမ်အောင်လုပ်ပြီးရင် ဒီ မီးတောက်မိစ္ဆာတွေကို တန်ပြန်တိုက်ခိုက်ဖို့ အစီအစဉ်ဆွဲနိုင်မှာပါ ၊ ဒီတစ်ခါတော့ ဒီကောင်တွေ ကိုယ့်နေရာကိုယ်သိအောင် လုပ်ပေးလိုက်မယ်”
“ဒီကောင်တွေက ကျောက်စိမ်းပင်လယ်မြို့တော်ကို အချိန်အကြာကြီး တိုက်ခိုက်ဖြိုခွင်းပြီးမှ တခြားဒေသတွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ”
မီးတောက်မိစ္ဆာများ၏ တိုက်ခိုက်မှုများကို ခုခံရင်း စုန့်ဝူလျန်နှင့် အခြားသူများ အမြင်ဖလှယ် စကားဆိုကြသည်။
ထိုစဉ် အရှေ့ဆီသို့ မျှော်ကြည့်ရင်း အဘိုးအို’မော့’ နှင့် ဟွမ်ကွမ်လီတို့ မျက်နှာပျက်သွားကြသည်။ မကြာခင်မှာပဲ စုန့်ဝူလျန်နဲ့ အန်းချင်လင် တို့ရဲ့ အမူအရာများလည်း ပြောင်းလဲသွားကြ၏။
အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၃)ခုဖြစ်သော ထူးကဲယင်သရဖူ ၊ ကျောက်စိမ်းပင်လယ်နတ်ဆေးဓားနှင့် မိုးဖြိုပုဆိန်တို့မှာလည်း အတူတကွ တုန်လှုပ်သွားကြသည်။
အဝေးတစ်နေရာမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်ကို ခံစားရသည်နှင့် မန်ဝမ်နှင့် ချူးယန်တို့ အလွန်ထိတ်လန့်သွားကြပြီး လေထဲသို့ခုန်ဝင်လျှက် သူတို့၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ထိန်းချုပ်လိုက်ကြသည်။
ကျောက်စိမ်းပင်လယ်မြို့တော်ကို လွှမ်းခြုံထားသည့် ပင်မအစီအရင်ကြီးက ပြင်းထန်စွာတုန်လှုပ်လာပြီး ကြေကွဲလုနီးပါးဖြစ်လာသည်။
ထိုအချိန်...
မီးတောက်ကောင်းကင်ထက်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကြုံးဝါးသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဟွမ်ကွမ်လီနှင့် အခြားသူများက တစ်ချက်ပင်မတုံ့ဆိုင်းဘဲ သူတို့၏စွမ်းအားများကို တစ်ဖန်ပေါင်းစပ်လိုက်ကြပြီး အပြင်းထန်ဆုံးသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ခမ်းနားထည်ဝါသော အလင်းတန်းကြီးက ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကို ထိုးဖောက်လျှက် အဆုံးမဲ့ကောင်းကင်ယံသို့ ထပ်မံမြင့်တက်ဝင်ရောက်သွားသည်။
သို့သော်...
ကောင်းကင်ထက်ရှိ မီးတောက်ပင်လယ်ကြီး နှစ်ခြမ်းကွဲသွားပြီး ကြီးမားသောပုံရိပ်ကြီးတစ်ခုက အောက်ဘက်သို့ မုန်တိုင်းတစ်ခုပမာ အားမာန်အပြည့်ဖြင့် သက်ဆင်းလာသည်။
အဘိုးအိုမော့၏မျက်နှာအမူအရာက ခါတိုင်းနှင့်မတူ အလွန်တရာ တည်ကြည်လေးနက်နေပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
“မဟာမီးတောက်မိစ္ဆာဘုရင်”