ရန်တိ တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီ
Vol. 34 Ch. 473
အခန်း (၄၇၃) ရန်တိ တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီ
ကျောက်စိမ်းပင်လယ်မြို့တော်ကို အမာခံထားလျှက် လူသားကျင့်ကြံသူများက မီးတောက်မိစ္ဆာများကို ခံစစ်တိုက်ခိုက်ခဲ့ကြသည်။
ထူးကဲယန်လက်သီးနှင့် ကျောက်စိမ်းပင်လယ်သဏ္ဌန်မဲ့ဓားသိုင်းကို ပင်မထားပြီး မိုးဖြိုပုဆိန် ၊ တိမ်စီးဆင်းဓားသိုင်း ၊ ထူးကဲယင်သရဖူနှင့် အဘိုးအို’မော့’ ၏ပန်းချီကားတို ပူးပေါင်းလျှက် စွမ်းအားကို မြှင့်တင်ထားသည်။
ခိုင်ခံ့မာကျောမှုနှင့် ပျော့ပြောင်းမှုတို့ ပေါင်းစပ်ထားသော ယင်နှင့်ယန်ယှဉ်တွဲတည်ရှိခြင်းတန်ခိုးစွမ်းအားက ပေါက်ကွဲထွက်ကာ အထက်သို့ထိုးဖောက်သွားလေတိုင်း ပြင်းထန်သောစွမ်းအားများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ကျင်းကျုန်းနှင့် အခြားသေသာ မီးတောက်မိစ္ဆာဘုရင်များက ကြောက်မက်ဖွယ်ရာ တညီတညွတ်တည်း ကြုံးဝါးလိုက်ကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်မီးလျှံများ ဟုန်းဟုန်းထလာသည်။
စွမ်းအားနှစ်ခု လေထဲတွင် ပြင်းထန်စွာ ရိုက်ခတ်မိကြသည်။
ယခု...
ကြီးမားသောခြေထောက်ကြီးတစ်ချောင်းက ကျောက်စိမ်းပင်လယ်မြို့တော်ကို ကောင်းကင်ကြီးပြိုကျသည့်ပမာ စောင့်နင်းချလိုက်သည်။
စုန့်ဝူလျန်နှင့် အခြားလူများ၏ မျက်နှာများသည် ပြာဝေသွားသည် ။
ကြီးမားသောခြေဖဝါးကြီးအောက်တွင် အဆက်မပြတ်တောက်လောင်နေသောမီးတောက်များနှင့်အတူ ပြင်းထန်သော ဖိအားများလည်းပါဝင်သည်။
ယခင်က မီးတောက်မိစ္ဆာများ၏ ကျူးကျော်ဝင်ရောက်မှုကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ဖူးသော ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော အဘိုးအို’မော့’ ၏ မျက်နှာက နင့်နဲသွား၏။
“မဟာမီးတောက်မိစ္ဆာဘုရင်”
မဟာမီးတောက်မိစ္ဆာဘုရင်ကို အဘိုးအို’မော့’ မှလွဲပြီး အခြားသူများ မကြုံတွေ့ဖူးကြသော်လည်း မည်မျှစွမ်းအားမြင့်မားကြောင်း အာရုံခံနိုင်ကြသည်။
ကြောက်မက်ဖွယ်ရာစွမ်းအားကြီးတစ်ခုက အောက်ဘက်သို့ အဆက်မပြတ်ဖိနှိပ်လျှက် ကျောက်စမ်းပင်လယ်အစီအရင်ကြီးကို ဖြိုခွဲပစ်လိုက်သည်။
ဟွမ်ကွမ်လီ ၊ စုန့်ဝူလျန်နှင့် အခြားသူများ တစ်ညီတစ်ညွတ်တည်း ကြုံးဝါးသံပြုလုပ်လိုက်ကြပြီး သူတို့၏ ပြင်းထန်သော ကြယ်တာရာချီစွမ်းအားအနှစ်သာရများစုစည်းကာ အဆုံးမရှိမြင့်တက်လာသောဒီရေများအလား ဆင်းသက်လာသောစွမ်းအားကို ထိုးခွင်းဟန့်တားထားကြသည်။
ယခုတော့ ကောင်းကင်ထက်မှ ကြီးမားသောပုံရိပ်ကြီးတစ်ခု အလုံးစုံ ထွက်ပေါ်လာပေပြီ။
ထိုသဏ္ဌန်ကြီးက တောင်မြင့်ကြီးတစ်လုံးပမာ ကြီးမားလှပြီး ခန္ဓာကိုယ်အောက်ပိုင်းက နွားတစ်ကောင်နှင့်ဆင်တူပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက ကျားတစ်ကောင်ပမာ ဖြစ်သည်။ ၎င်း၏ပခုံးထက်တွင် ကြီးမားသော ဦးချိုကြီးများ ကွေးညွှတ်တည်ရှိနေပြီး ဦးခေါင်းကတော့ နွားရိုင်းကြီးတစ်ကောင်ပမာ ဖြစ်၏။ ထိုသတ္တဝါကြီး၏ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများက ပြင်းထန်စွာ တောက်လောင်နေလေသည်။
သူ၏ မီးရောင်တောက်နေသော အနီရောင်မျက်ဝန်းများက အောက်ဘက်ရှိ ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီးအား ရူးသွပ်စွာ စိုက်ကြည့်နေသည်။
ထို့နောက် ကျယ်လောင်သောအသံနက်ကြီးတစ်သံနှင့်အတူ ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီး ပြင်းထန်စွာ အက်ကွဲသွားသည်။
ကျောက်စိမ်းပင်လယ်မြို့တော်ကို ကာကွယ်ပေးထားသော ပင်မအစီအရင် ပျက်ဆီးသွားသည်နှင့် ပတ်ဝန်းကျင်မှ ပင်လယ်ရေများက အရှေ့နဂါးကျွန်းဆီသို့ အသဲအသန် စီးဆင်းဝင်ရောက်လာကြသည်။ သို့သော် ထိုသို့စီးဝင်လာသောရေများမှာ တောက်လောင်နေသောမီးတောက်များကြောင့် ချက်ချင်းအငွေ့ပျံသွားရလေသည်။
ထိုအချိန်...
အနက်ရောင်အရိပ်တစ်ခုက အဖြူရောင်တိမ်တိုက်များကို ထိုးခွင့်ဝင်ရောက်သွားသည်။
မဟာမီးတောက်မိစ္ဆာကြီးနှင့် အနီးဆုံးတွင်ရှိနေသော အဆုံးမဲ့တောင်တန်း၏ဂိုဏ်းချုပ် ‘ချူးယန်’ က အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော မိုးဖြိုပုဆိန်ကို ကိုင်မြှောက်လျှက် တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းတစ်ခု လေထဲတွင် ပွင့်ထွက်သွားသော်လည်း တောက်လောင်နေသောမီးတောက်များက လွှမ်းခြုံသွားသဖြင့် ချက်ချင်းပြန်လည် ပျောက်ကွယ်သွားသည်။ မီးတောက်များအောက်တွင် အက်ကွဲကြောင်းက အတိအကျ ပျောက်ဆုံးသွား၏။
ထိုခဏတွင် ချူးယန်မှာ မိုးဖြိုပုဆိန်နှင့်အတူ နောက်သို့ လွင့်စင်ထွက်သွားသည်။
မိုးဖြိုပုဆိန်မှ အနက်ရောင်အလင်းတန်း မှိန်ဖျော့သွားသလို ချူးယန်၏လက်တစ်ခုလုံးလည်း တုန်ခါသွားသည်။ အဆုံးမဲ့တောင်တန်းဂိုဏ်းချုပ်၏မျက်နှာက စက္ကူတစ်စပမာ ဖြူဖျော့သွားပြီး သွေးများပွက်ကနဲ အန်ချလိုက်သည်။
ချူးယန်၏ဘေးနားတွင်တော့ ထူးကဲယင်သရဖူ၏ ကြည်လင်သောလရောင်က အဆက်မပြတ် လှိုင်းထလျှက်ရှိသည်။
သရဖူကိုဆောင်းထားသော မန်ဝမ်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူမ၏မျက်နှာသည်လည်း ဖြူဖျော့လျှက်ပင်။
စောစောက မန်ဝမ်သာ ကူညီမပေးလျှင် ချူးယန် အသက်ရှင်နိုင်မည် မဟုတ်ပေ။ မိုးဖြိုပုဆိန်လည်း အကြီးအကျယ် ပျက်ဆီးသွားမည်ဖြစ်သလို ချူးယန်သည်လည်း တစ်ချက်တည်းဖြင့် အသက်ပျောက်သွားနိုင်၏။
လေထဲတွင်ရပ်တန့်နေသော နွားရိုင်းခေါင်း မဟာမီးတောက်မိစ္ဆာဘုရင်ကြီးက အထွတ်ထိပ်မှော်ဝင်လက်နက်ကို ကိုင်ဆောင်ထားသည့် ချူးယန်ကို အနီးကပ်ပင် ရိုးရှင်းပေါ့ပါးစွာ တန်ပြန်တိုက်ခိုက်လိုက်ခြင်းပင်။
ထို့နောက် သူက ချူးယန်နောက်သို့ ဆက်မလိုက်တော့ဘဲ ဟွမ်ကွမ်လီ ၊ အဘိုးအို’မော့’ ၊ စုန့်ဝူလျန်နှင့် အခြားသူများ၏ စုပေါင်းအင်အားကို ရင်ဆိုင်လိုက်သည်။
ဟွမ်ကွမ်လီထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံး တောက်ပဖြာလင်းသွားစေလျှက် ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ကောင်းကင်ကိုးထပ်မှ ရွှေရောင်နေမင်းကြီးတစ်စင်း ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီး ပျက်ဆီးသွားသည်နှင့် စုန့်ဝူလျန်က ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ဆွဲကိုင်ပြီး သဏ္ဌန်မဲ့ဓားဝိညာဉ်ကို ထုတ်ဖော်ကာ ကြီးမားသော စွမ်းအားလှိုင်းလုံးကြီးများဖြင့် မဟာမီးတောက်မိစ္ဆာဘုရင်ကို ဝင်ရောက်တိုက်ခိုက်သည်။
သူက သိုင်းသူတော်စင် ပထမအဆင့် ကျင့်ကြံသူဖြစ်လေရာ ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ဆွဲကိုင်လိုက်သည့်အခါ သူ၏စွမ်းအားက ချူးယန်နှင့် မိုးဖြိုပုဆိန်ထက် များစွာပိုမိုအားကောင်းသည်။
သဏ္ဌန်မဲ့ဓားအလင်းတန်းက အဆုံးမရှိထင်ရှားသော်လည်း ပိုင်းခြားရန်ခက်ခဲသဖြင့် သူ၏တိုက်ခိုက်မှုကို တစ်ဖက်ရန်သူက ခန့်မှန်းနိုင်ရန် ခက်ခဲသည်။
အကြီးအကဲ’မော့’ ၏မျက်နှာက တည်ငြိမ်နေပြီး ယခုတစ်ကြိမ်တော့ သူက လေထဲတွင် ပန်းချီရေးဆွဲခြင်း မရှိတော့ပေ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ များပြားလှစွာသော သွေးစွမ်းအားစီးကြောင်းများ ပေါက်ကွဲထွက်လာသည်။ သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို လေထဲသို့စီးဆင်းစေလိုက်ပြီး သွေးပန်းချီကားတစ်ချပ်အဖြစ် အသွင်ပြောင်းသွားသည်။
ပန်းချီဆရာသူတော်စင်က ရန်သူများကိုသတ်ဖြတ်ပြီးလျှင် ရန်သူ၏အသွေးဖြင့် ပန်းချီရေဆွဲလေ့ရှိသည်။ ထိုပန်းချီကားချပ်များက သိပ်သည်းလွန်းပြီး အချိန်ကြာမြင့်စွာ ပျောက်ကွယ်သွားခြင်းမရှိပေ။ ဤသည်က အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ကြောက်မက်ဖွယ်ရာ ဒဏ္ဍာရီတစ်ခုပင် ဖြစ်၏။
ယခုတော့ သူက သူကိုယ်တိုင်၏သွေးစွမ်းအားအနှစ်သာရများဖြင့် ပန်းချီဆွဲနေပြီ ဖြစ်သည်။ မိုးမြေပြိုကျသွားသော ခမ်းနားထည်ဝါသည့် ကပ်ဘေးကြီးတစ်ခုမြင်ကွင်းကို ပန်းချီရေးဆွဲနေခြင်းဖြစ်ပြီး ပန်းချီကားအတွင်းမှ မိုးမြေအက်ကွဲသွားစေသော စွမ်းအားအရှိန်အဟုန် ထွက်ပေါ်လာသည်။
သို့ပေသိ...
မဟာမီးတောက်မိစ္ဆာဘုရင်ကြီးက ထူးဆန်းစွာ ရယ်မောလိုက်၏။ ထို့နောက် မိုးကြိုးပစ်သံပမာ ကျယ်လောင်သော ကြုံးဝါးသံကြီး ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
သူ၏ ဘယ်ဘက်လက်သည်းများက ဟွမ်ကွမ်လီဆီသို့ ဦးတည်နေပြီး သူ၏ညာဘက်လက်က အဘိုးအို’မော့’ ကို ပစ်မှတ်ထားသည်။ သူ၏ဘယ်ဘက်လက်သည်းမှ ထွက်ပေါ်လာသော မီးတောက်များက ဟွမ်ကွမ်လီကို မီးတောက်လှောင်အိမ်တစ်ခုပမာ လွှမ်းခြုံထားသည်။
စွမ်းအားမြင့်မားလှပါသည်ဆိုသော အရှေ့အရပ်မှထွက်သောနေသူတော်စင်’ဟွမ်ကွမ်လီ’ သည် မီးတောက်လှောင်အိမ်ထဲတွင် ခိုင်မာစွာပိတ်မိနေပြီး ရုန်းမထွက်နိုင် ရှိရသည်။ အဆုံးသတ်မှာတော့ ဟွမ်ကွမ်လီက ကျယ်လောင်သောကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်ပြီး ရွှေရောင်နေဝးန်းကြီးတစ်ခု ပေါက်ကွဲထွက်ကာ မီးတောက်များဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ရွှေရောင်အလင်းတန်းများနှင့် မီးတောက်မီးလျှံများ ထိပ်တိုက်တွေ့ပြီးနောက် ဟွမ်ကွမ်လီ နာကျင်စွာညည်းညူရင်း နောက်သို့ လွင့်ထွက်သွားသည်။ မဟာမီးတောက်မိစ္ဆာဘုရင်၏ညာဘက်လက်သည်းများက အဘိုးအို’မော့’ ၏သွေးစွမ်းအားအနှစ်သာရပန်းချီကားကို အပြင်းအထန်ပစ်မှတ်ထား တိုက်ခိုက်လိုက်၏။
ပြိုကျလုဆဲဆဲ မိုးမြေတစ်ခွင်သည် ယခုတော့ လုံးဝ ပြိုကျသွားပြီ ဖြစ်သည်။
သို့သော် မဟာမီးတောက်မိစ္ဆာဘုရင်ကတော့ မည်သည့်ထိခိုက်မှုမှ မရှိဘဲ သူ၏လက်သည်းများက ဗလာနယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားပြီး အဘိုးအို’မော့’ ကို ကုတ်ခြစ်ချလိုက်သည်။
တစ်ချိန်တည်းပင် ပါးစပ်ထဲမှ မီးများမှုတ်ထုတ်လျှက် ဝင်ရောက်လာသော စုန့်ဝူလျန်၏ ဓားဝိညာဉ်ကို တားဆီးထားလိုက်၏။
အဆုံးမရှိသော မီးတောက်မီးလျှံများက လေထုထဲတွင် မရေမတွက်နိုင်သော အင်းသင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး အဆက်မပြတ် တဟုန်းဟုန်းတောက်လောင်လာသည်။ အသင်္ချေသော အင်းသင်္ကေတများက မီးတောက်ပင်လယ်ကြီးထဲတွင် စုဝေးရောယှက်သွားပြီး စုန့်ဝူလျန်၏ ဓားဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
အကန့်အသတ်မဲ့မီးတောက်ပင်လယ်ကြီးက တဖြည်းဖြည်းကျယ်ပြန့်လာပြီး ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်၏ အဆုံးမရှိသော သဏ္ဌန်မဲ့ဓားအလင်းရောင်ထက်ပင် ပိုမိုကြီးကျယ်ခမ်းနားလေသည်။
သိုင်းသူတော်စင်များ၏ စွမ်းအားပြည့်တိုက်ခိုက်မှုကို ကျော်ဖြတ်ပြီးသည်နှင့် မဟာမီးတောက်မိစ္ဆာဘုရင်က ရှေ့ဆက်တိုးလာသည်။ သူ၏ နွားခွာခြေထောက်များ လှမ်းလျှောက်လိုက်သည်နှင့် လေထုထဲတွင် မီးလျှံများလောင်ကျွမ်းလျှက် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အဆုံးမရှိသောပင်လယ်ရေများ အငွေ့ပျံလျှက် မိုးမြေတစ်ခွင် မီးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်ရှိ ပကတိမီးသွေးကြောများ ပေါက်ကွဲထွက်ခြင်းမရှိသေးသော်လည်း မဟာမီးတောက်မိစ္ဆာကြီး ခြေလှမ်းလိုက်တိုင်း ပင်လယ်ရေပြင်တစ်ခုလုံး မီးလောင်ကျွမ်းနေသည့်အလား ထင်မှတ်ရသည်။
မဟာမီးတောက်မိစ္ဆာကြီး၏ နွားရိုင်းဦးခေါင်းကြီးက အနည်းငယ်နိမ့်ဆင်း ဝှေ့ယမ်းလိုက်ရာ ပေါက်ကွဲသံများက ကောင်းကင်ထက်တွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
မြို့တော်သခင်’စုန့်ဝူလျန်’ ချက်ချင်းဒဏ်ရာရသွားပြီး ကျောက်စိမ်းပင်လယ်နတ်ဆေးဓားမှာလည်း အနည်းငယ် မှေးမှိန်သွားသည်။
မဟာမီးတောက်မိစ္ဆာဘုရင်က အရှေ့သို့ လက်သည်းများထိုးစိုက်ကုတ်ခြစ်လိုက်ရာ မိုးမြေတစ်ခွင်ကို သိမ်းပိုက်လိုက်သည့်အလား ထင်မှတ်ရ၏။
ဟွမ်ကွမ်လီနှင့် အဘိုးအို’မော့’ တို့၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး ထိုတိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ခုခံရင် နောက်သို့ ဆက်တိုက်ဆုတ်ခွာသွားရသည်။
အန်းချင်လင် ၊ မန်ဝမ် ၊ ချူးယန်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများအားလုံးသည်လည်း အခြားသော မီးတောက်မိစ္ဆာဘုရင်များ၏ အပြင်းအထန်ဖိအားပေးခြင်းကို ခံနေရသည်။
မဟာမီးတောက်မိစ္ဆာဘုရင်က ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်ပြီး သူ၏ကြီးမားသောခန္ဓကိုယ်ကြီးက အရှေ့နဂါးကျွန်းဆီသို့ ဆင်းသက်လာ၏။
ထိုသတ္တဝါကြီး ခြေချလိုက်သည်နှင့် အရှေ့နဂါးကျွန်းက ချက်ချင်းဆိုသလို အက်ကွဲသွားသည်။ ကျွန်းပေါ်တွင်တည်ရှိသော ကျောက်စိမ်းပင်လယ်မြို့တော်မှာ သဲမြေများအလား ပင်လယ်ရေစီးကြောင်းအတိုင်း ပြိုကျလုနီးပါး ဖြစ်နေပေပြီ။
အဘိုးအို’မော့’ က...
“ဒီနေရာက ပြိုကျတော့မယ်”
လူတိုင်း၏ မျက်နှာထက်တွင် ခါးသီးသောအမူအရာများ ပေါ်လာသည်။
ဤနေရာသာ ပြိုကျသွားပါက အဘိုးအို’မော့’ နှင့် ဟွမ်ကွမ်လီမှလွဲပြီး အခြားသူများအနေဖြင့် ထွက်ပြေးရန် အခွင့်အရေး ရှိမည်မဟုတ်ပေ။ သူတို့ (၂)ဦးသည်ပင် ဤနေရာမှ အသက်အန္တရင်ကင်းစွာ ဖောက်ထွက်နိုင်ပါမည်လား မသေချာပေ။
စုန့်ဝူလျန်သည် ကျောက်စိမ်းပင်လယ်မြို့နှင့် အရှေ့နဂါးကျွန်းကို စူးစူးစိုက်စိုက်ကြည့်ရင်း စိတ်နာကျင်သောအမူအရာဖြင့် ဓားကိုတင်းတင်းဆုပ်ကိုင်ထားသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများသည် ကျွန်းထက်သို့ ဆင်းသက်လာသော ဧရာမမီးတောက်မိစ္ဆာကြီးကို ကြည့်ရင်း စိတ်ပျက်အားလျော့သွားကြသည်။
ထိုအချိန်...
မဟာမီးတောက်မိစ္ဆာဘုရင်၏ မီးရောင်တောက်နေသောမျက်ဝန်းများထဲတွင် အံ့အားသင့်မှုများထွက်ပေါ်လာပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်ကို သူတို့အားလုံး တွေ့မြင်ရသည်။
သူတို့အားလုံး မှင်တက်သွားကြပြီး မဟာမီးတောက်မိစ္ဆာဘုရင် လှမ်းကြည့်သည့် အဝေးဆီသို့ ကြည့်လိုက်ကြသည်။
မိုးကုတ်စက်ဝိုင်းဆီမှ ခရမ်းရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာပြီး ကျယ်လောင်သော နဂါးဟိန်းသံကြီး ထွက်ပေါ်လာသည်။
ခရမ်းရောင်အလင်းတန်းက တဖြည်းဖြည်း ကြီးမားလာပြီး ကောင်ကင်ဘုံဓားသွားအလား အဆုံးမရှိပင်လယ်ပြင်နှင့် ကောင်းကင်တစ်ခွင်သို့ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ထိုးခွင်းလိုက်သည်။
တောက်ပနေသော ဓားဝိညာဉ်အလင်းတန်း အနားကပ်လာသည်နှင့် လူတစ်ယောက်ပုံရိပ် ထွက်ပေါ်လာလေသည်။
ထိုသူက အသက် (၃၀)ဝန်းကျင်ခန့် ရှိဟန်တူသော်လည်း မျက်ခုံးမွှေးများက နှင်းခဲပမာ ဆွတ်ဆွတ်ဖြူလျှက်ရှိသည်။ သို့သော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သွက်လက်ထက်မြက်လျှက် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မြင့်မားကာ အိုမင်းရင့်လျော်ခြင်းကို အနည်းငယ်ပင် မခံစားရပေ။
ထိုသူကိုတွေ့တော့ သူတို့အားလုံး ရေရွတ်လိုက်ကြသည်။
“ရန်တိ”
“သူက သိုင်းသူတော်စင်အဆင့် ရောက်သွားပြီလား”