အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း(251)
“လီရှန်း ဒီလောက်တောင် နာနေတာ မဆန်းပါဘူး၊ ဒီလောက်ကြီးတဲ့ ကလေးဆိုရင် သူမ ကလေးမွေးရတာ အတော်လေး ခက်ခဲခဲ့မှာပဲ”
“ကလေးမွေးတယ်ဆိုတာ ဘယ်တော့မှ မနာဘဲ မနေပါဘူး၊ ရှောင်လီရဲ့ ကလေးမွေးဖွားမှုက မြန်ဆန်တယ်လို့ သတ်မှတ်နိုင်ပြီး လုပ်ငန်းစဉ်ကလည်း အဆင်ပြေချောမွေ့ခဲ့တာ၊
ငါ စစ်ဆေးရုံမှာရှိနေတုန်းက စစ်ဗိုလ်ဇနီးတချို့ ကလေးမွေးတာကို မြင်ခဲ့ဖူးတယ်၊
အခြေအနေ အမျိုးမျိုး ရှိကြတယ်လို့ပြောရမယ်၊ သွေးတွေအမြောက်အမြား ထွက်တာ၊ မွေးရခက်တာတွေပေါ့၊
အမျိုးသမီးငယ်တစ်ယောက်ဆိုရင် ပထမဆုံး ကလေးကို သုံးရက်နဲ့ သုံးညကြာအောင် ဗိုက်နာနေပြီးမှ မွေးခဲ့ရတာ၊ တကယ့်ကို ဒုက္ခ ခံစားခဲ့ရတာပဲ”
မတိုင်မီကတော့ ဒေါက်တာလျို့က ဤသို့သော မကောင်းသည့် အကြောင်းအရာများကို ပြောဆိုရန်အတွက် တွန့်ဆုတ်နေခဲ့သည်။
သို့သော် ယခုအချိန်တွင် မိခင်ရော သမီးပါ ဘေးကင်းချောမွေ့သွားခဲ့ပြီ ဖြစ်သောကြောင့် ဒေါက်တာလျို့လည်း စိုးရိမ်ပူပန်မှုမရှိဘဲ လွတ်လပ်စွာ ပြောဆိုနိုင်ခဲ့လေပြီ။
ဝူလီတစ်ယောက် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အလွန်ပင် တုန်လှုပ်သွားခဲ့ရတော့သည်။
ဒါဆိုရင် လီရှန်းရဲ့ ကလေးမွေးဖွားမှုက အတော်လေး အဆင်ပြေချောမွေ့ခဲ့တာပေါ့။
“ဝေ့ယန်၊ မင်း ဘာလို့ ဒီလိုအချိန်မျိုးမှာ ရုတ်တရက် ပြန်လာရတာလဲ”
သူမ၏ မြေးမဦးလေးကို ချစ်ခင်ယုယပြီးနောက်တွင်မှ လော်ယွီရှို့က သူမ၏ ဘေးနားတွင် ဤသို့သော သားတစ်ယောက် ရှိနေသည်ကို သတိရသွားခဲ့လေ၏။
စုဝေ့ယန် : “...”
သူက ဒီမှာ နာရီဝက်လောက် မတ်တတ်ရပ်နေခဲ့တာကို အမေဖြစ်သူက အခုမှ သတိရတာလား။
စုဝေ့ယန်မှာ စိတ်ထဲတွင် ညည်းတွားနေခဲ့သော်လည်း အပြင်တွင်တော့ တိတ်ဆိတ်ပြီး တည်ငြိမ်နေဆဲဖြစ်ပြီး နှာတစ်ချပ်မှုတ်ကာ အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။
“အခုက မိသားစုဆီ လာလည်ဖို့အတွက်ခွင့်ရက်လေ၊ တခြားစစ်သားတွေလည်း နှစ်သစ်ကူးအတွက် အိမ်ပြန်ဖို့ လိုအပ်ကြတယ်လ”
သူက တပ်ခွဲမှူးဖြစ်သည့်အတွက် အချိန်ကြာမှသာ ပြန်လာနိုင်ခဲ့ခြင်းဖြစ်လေ၏။
“အော်၊ အဲလိုလား”
လော်ယွီရှို့လည်း သဘောပေါက်သွားသည့် ပုံစံဖြင့် ထပ်ခါတလဲလဲ ခေါင်းကိုညိတ်လိုက်လေသည်။
ဝူလီက သူမ၏ ယောက္ခမကို ကြည့်လိုက်ပြီးနောက် စုဝေ့ယန်ကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်လေ၏။
ထိုသို့ဆိုလျှင် ဤလူက စုဝေ့ဟိုင်၏ နောက်ထပ်ညီငယ်တစ်ယောက်ဖြစ်သော စုဝေ့ယန်ပင် ဖြစ်ပေလိမ့်မည်။
စုမိသားစုရှိ အမျိုးသားအားလုံးက ရုပ်ရည်ချောမွေ့ပြီး ထူးချွန်ကြလေ၏။
စုဝေ့ယန်၏ အရေပြားက ကျွန်းပေါ်ရှိ လေတိုက်ခတ်မှုကြောင့် ညိုမည်းနေခဲ့သော်လည်း သူ၌ ထူးခြားသော ချောမောမှုတစ်ခုက ရှိနေဆဲ ဖြစ်သည်။
ထို့နောက် စုဝေ့ယန်က ဆက်ပြောလိုက်လေသည်။
“တပ်ရင်းမှူးကျန်းလည်း ဒီတစ်ခေါက် ပြန်လာတယ်”
တပ်ရင်းမှူးကျန်းလား။
ဝူလီက လော်ယွီရှို့၏ မျက်ဝန်းများက တောက်ပသွားသည်ကို မြင်တွေ့လိုက်ရ၏။
“ရှန်းရှန်းရဲ့ ဒုတိယဦးလေး ပြန်လာတာပဲ၊ ငါတို့တွေရဲ့ မြေးမလေးမွေးတဲ့အချိန်နဲ့ ကွက်တိပဲ၊
ဘယ်လောက်တောင် ကံကောင်းလိုက်လဲ၊ ဒါနဲ့.. ဝေ့ယန်၊ မင်းရဲ့ တပ်ရင်းမှူးကျန်းက ဘယ်မှာ နေလဲဆိုတာ သိလား”
“သူတို့က တုန်ယွမ်ပတ်ဝန်းကျင်က နေရာမှာနေတယ်လို့ ပြောကြတယ်”
အိမ်သို့ မပြန်မီ စုဝေ့ယန်က ကျန်းကျူးပင်းကို တုန်ယွမ်သို့ ပို့ဆောင်ပေးခဲ့ရသည်။
သူက လမ်းကြားဝအထိသာ လိုက်ပို့ပေးခဲ့ပြီး ပြန်လာခဲ့ခြင်း ဖြစ်သော်လည်းပေါ့။
“ဒါဆိုရင် မင်း သွားပြီးတော့ ရှန်းရှန်းနဲ့ သူမရဲ့ သမီးလေး ဘေးကင်းကြောင်းကို သွားအကြောင်းကြားပေးပါဦး၊
ဝေ့ချင်းကို ကြည့်ရတာ သူက အတော်လေး အားနည်းပြီး ပျာယာခတ်နေတာ၊
သူ အပြင်ထွက်သွားရင် တစ်စုံတစ်ခု ဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်၊ မင်းပဲ ခရီးကြုံ သွားပေးလိုက်ဦး”
စုဝေ့ယန်တစ်ယောက် ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် လူနာဆောင်မှ လှည့်ထွက်သွားခဲ့လေ၏။
ထိုအချိန်တွင်ပင် မီးဖွားခန်းတံခါးက ပြန်ပွင့်လာခဲ့ပြန်သည်။
စုဝေ့ချင်းက အပြေးအလွှား ပြန်ထွက်လာခဲ့လေ၏။ သူက လီရှန်းကို သူ၏ ရင်ခွင်ထဲသို့ ပွေ့ချီထားပြီး မေးမြန်းလာခဲ့သည်။
“လူနာဆောင်ကို တန်းသွားရမှာလား”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အမြန် သွားလှဲခိုင်းလိုက်ပါ”
သူနာပြုအနေဖြင့် သူမ၏ဘဝတွင် ဤသို့သော အမျိုးသားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေလိမ့်မည်။
သူမက အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း ရိုးသားစွာ ပြောရလျှင် စုဝေ့ချင်း၏ လုပ်ဆောင်ချက်က သူတို့ကို များစွာ ကူညီပေးနိုင်ခဲ့သည်။
သူတို့က စုဝေ့ချင်းအား လီရှန်းကို လူနာဆောင်ထဲသို့ အမြန် သယ်ဆောင်သွားခိုင်းလိုက်ပြီး လီရှန်းကို လှဲလျောင်းရန် စီစဉ်ပေးခဲ့လေ၏။
လီရှန်းက အလွန် ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။ သူမက ကလေးငယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သေးငယ်လွန်းသော လက်လေးများနှင့် ခြေထောက်လေးများကို အနှီးထဲမှ ထုတ်ယူပြီး လက်ချောင်းများနှင့် ခြေချောင်းများကို ရေတွက်လိုက်သည်။
အရေအတွက် မှန်ကန်ကြောင်းကို အတည်ပြုပြီးနောက်တွင်မှသာ သူမ၏ မျက်ဝန်းများကို မှိတ်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေတော့၏။
သူမက မမွေးဖွားမီတုန်းက ကျန်းကျူးရိနှင့် သူ၏ ဇနီးတို့ကို တွေ့မြင်ချင်ပါသည်ဟု အမြဲပြောဆိုနေခဲ့သော်လည်း ယခု သူမတွင် အားအင်များက မရှိတော့ပေ။
စုဝေ့ချင်းက ခုတင်၏ ဘေးရှိ ခုံတန်းလျားပေါ်တွင် ထိုင်ပြီး လီရှန်း၏ လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။
လီရှန်းက ဤမျှအထိ အားနည်းနေသည်ကို ကြည့်ရင်း သူ၏ မျက်ဝန်းများက စိတ်မကောင်းဖြစ်မှုကြောင့် နီရဲလာခဲ့ရ၏။
သူက သူမ၏ လက်ကို ညှစ်လိုက်ပြီး သူ၏ နဖူးကို သူမ၏ လက်ဖမိုးပေါ်သို့ ဖိကပ်ထားရင်း...
သူက ဤကမ္ဘာတွင် ဤကလေးတစ်ယောက်သာ ယူမည်ဖြစ်ပြီး နောက်ထပ် လုံးဝမယူတော့ဟု တိတ်တဆိတ် သစ္စာဆိုလိုက်မိတော့၏။
သူ့အနေဖြင့် လီရှန်း ဒုက္ခခံရသည်ကို အမှန်တကယ်ပင် ဆက်ကြည့်မနေနိုင်တော့ပေ။
လော်ယွီရှို့ကတော့ စုဝေ့ချင်းမှ ဤသို့ ဆုံးဖြတ်ချက်ချထားသည်ကို မသိရှိခဲ့ပေ။
သူမက ထွားကြိုင်းလွန်းသော မြေးမလေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ သားကိုကြည့်ကာ နောက်ဆုံးတွင်တော့ သူ့ကို ရိုက်နှက်ရန် ဆုံးဖြတ်လိုက်တော့သည်။
“မင်း အထဲကို ဝင်လာတုန်းက မင်းရဲ့ ဇနီးကိုပဲ မြင်တာလား၊ မင်းရဲ့ သမီးကိုတောင် တစ်ချက်မှ မကြည့်ချင်တော့ဘူးလား”
ဟုတ်သားပဲ။
သူ့ရဲ့ သမီးလေး။
စုဝေ့ချင်းက ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး သူမ၏ နောက်ရှိ ခုတင်အသေးစားလေးပေါ်မှ ထွားကြိုင်းလွန်းသော သမီးလေးကို လှမ်းကြည့်လိုက်လေ၏။
သူမက အမှန်တကယ်ပင် ခုနစ်ပေါင်နှင့် သုံးအောင်စရှိသော အလေးချိန်နှင့် ထိုက်တန်လွန်းသည်။
သူမ၏ မျက်နှာလေးက အလွန် ဝိုင်းစက်ပြီး ဖောင်းအိနေခဲ့သောကြောင့် ဖြစ်ညှစ်ချင်စိတ်ဖြစ်လာစေသည်။
သူမက ငိုရလွန်းသောကြောင့် ပင်ပန်းသွားခြင်းဖြစ်ပေမည်။။
သူမ၏ နှုတ်ခမ်းကို နှစ်ကြိမ်မျှ စုပ်လိုက်ပြီး မျက်ဝန်းများကို မှိတ်ကာ အိပ်ပျော်သွားခဲ့လေသည်။
ဒေါက်တာလျို့က ပြုံးပြီးပြောလိုက်လေ၏။
“သူမက ဂျီကျတတ်တဲ့ ကလေး မဟုတ်ပါဘူး”
သူမက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မိုးမလင်းသေးခင်အချိန်ဖြစ်သောကြောင့် မှောင်မည်းနေဆဲပင်။
သူမက သမ်းဝေလိုက်ရင်း ပြောလိုက်လေ၏။
“မိခင်ရော သမီးပါ ဘေးကင်းသွားပြီဆိုတော့ ကျွန်မ အခု ပြန်ပြီး အိပ်တော့မယ်၊ မနက်ဖြန်ကျရင် အလုပ်သွားရဦးမှာ”
“ကျွန်မ တကယ်ပဲ အားနာရပါတယ်၊ ကလေးမွေးတာနဲ့တင် ရှင်က ညတစ်ဝက်ကျော်လောက် အတူ နေပေးခဲ့ရတာပဲ”
လော်ယွီရှို့က ဒေါက်တာလျို့ကို ဆေးရုံအပေါက်ဝအထိ လိုက်ပို့ရင်း အားနာစွာဖြင့် ပြောလိုက်လေသည်။
ဒေါက်တာလျို့က ပြုံးလိုက်ပြီးပြောလိုက်လေ၏။
“ဘာကိစ္စရှိလို့လဲ၊ ကျွန်မ ဒီမှာ ရှိနေရင် မိခင်ရဲ့ ဘေးကင်းမှုကို အာမခံနိုင်တာပဲလေ၊ ကျွန်မဆိုရင် ဆေးရုံမှာ နေ့တိုင်း နေချင်တာ”
လော်ယွီရှို့က လက်ရှိတွင် မည်သည့်အရာမှ ပြင်ဆင်ထားခြင်း မရှိသောကြောင့် သူမအနေဖြင့် ကျေးဇူးတင်စကားပြောချင်သော်လည်း ပေးစရာ မရှိခဲ့ပေ။
ထို့ကြောင့် သူမက ဒေါက်တာလျို့ကို ကတိအလွတ်သာ ပေးနိုင်ခဲ့တော့၏။
“ကလေးမွေးပြီး သုံးရက်မြောက်နေ့ကျရင် ရှင်စားဖို့အတွက် ကြက်ဥအနီတွေ ယူလာပေးပါ့မယ်”
“သတင်းကောင်းကို အကြောင်းကြားဖို့ မမေ့နဲ့ဦး”
ဒေါက်တာလျို့က ကြက်ဥအနီစားရုံမျှဖြင့် အားမရဘဲ သတင်းကောင်းကို သယ်ဆောင်လာမည့် ကြက်ဥအနီများကိုသာ အလိုရှိနေခြင်း ဖြစ်သည်။
ဤကလေးငယ်မွေးဖွားခြင်းကို သူမ ကိုယ်တိုင် စောင့်ကြည့်ခဲ့ရသည် မဟုတ်ပါလား။
ကလေးငယ်များက ပုံမှန်အားဖြင့် ငါးပေါင်၊ ခြောက်ပေါင်မျှသာ ရှိတတ်သည့် ခေတ်ကာလတွင် ခုနစ်ပေါင်ကျော်ရှိသော ကလေးငယ်တစ်ဦးက ရုတ်တရက် ပေါ်ပေါက်လာခြင်းက ဒေါက်တာလျို့အတွက် အတော်လေး အံ့ဩစရာ ဖြစ်ခဲ့ရသည်။
သူမက အလွန် စိတ်လှုပ်ရှားနေခဲ့သောကြောင့် ကလေးကို ကိုယ်တိုင် ပွေ့ချီချင်နေခဲ့သော်လည်း ထိုမိန်းကလေးကို မွေးဖွားခြင်းက နာရီဝက်မျှသာ ရှိသေးသောကြောင့် သူမက ကလေးငယ် တစ်လပြည့်သည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်လေတော့၏။
“စိတ်ချပါ၊ ကျွန်မ ရှင့်ကို ပထမဆုံး အကြောင်းကြားပါ့မယ်”
ဒေါက်တာလျို့က ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်သွားခဲ့ပြီး လော်ယွီရှို့ကလည်း လူနာဆောင်သို့ အပြေးအလွှား ပြန်လာခဲ့လေ၏။
သူမက ဝင်ရောက်လာသည်နှင့် မြင်တွေ့လိုက်ရသည်က စုဝေ့ချင်းက ပုခက်ဘေးတွင် ကြောင်အအ ရပ်နေကြောင်းတွေ့လိုက်ရသည်။
ပုခက်ပေါ်မှ ကလေးငယ်ကတော့ အလွန် စိတ်ဆိုးဒေါသထွက်နေသကဲ့သို့ ငိုယိုကာ ခြေထောက်များဖြင့် ကန်ကျောက်နေခဲ့သည်။
အနှီးက ကန်ထုတ်ခြင်းကို ခံလိုက်ရသောကြောင့် ပြုတ်ထွက်နေခဲ့ပြီး ဝူလီကတော့ အနှီး၏ ထောင့်စွန်းကို ကိုင်ထားရင်း စိတ်ရှုပ်ထွေးနေခဲ့လေ၏။
သေချာပေေ၏။ သူမသည်လည်း ကလေးကို မည်သို့ ပြုစုစောင့်ရှောက်ရမည်ကို မသိရှိခဲ့ပေ။
လော်ယွီရှို့ကို မြင်လိုက်ရသည်နှင့် စုဝေ့ချင်းက ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ပျာပျာသလဲ အော်ဟစ်လိုက်လေ၏။
“အမေ၊ အမြန်လာကြည့်ပေးပါဦး၊ ဘာဖြစ်တာလဲမသိဘူး၊ သမီးလေးက ဗိုက်ဆာလို့လား”
လော်ယွီရှို့က အနှီးကို ခက်သွက်သွက် ဖြန့်လိုက်ပြီး သေးခံကို မကြည့်ပြီး ပြောလိုက်လေသည်။
“ချက်ကြိုးကနေတစ်ဆင့် အီးပါချလိုက်တာပဲ၊ သွားဦး၊ ရေနွေးနွေးလေး သွားယူချေ”
ဝူလီက သေးခံပေါ်မှ မည်းမှောင်နေသော အရာကို မြင်လိုက်ရသည့်အချိန်တွင် မသိစိတ်ဖြင့် အနောက်သို့ သုံးလှမ်းမျှ ဆုတ်လိုက်မိတော့၏။
ဒီကလေးရဲ့ အီးက ဘာလို့ ဒီလောက်တောင် မည်းနေရတာလဲ။
“ဒါက မိခင်ရဲ့ဝမ်းထဲမှာ ရှိနေခဲ့တာတွေလေ၊ ကုန်သွားရင် အဆင်ပြေသွားမှာပါ၊
မင်း မကြိုက်ရင်လည်း ပြန်သွားပြီးတော့ ဂန္ဓပန်း တချို့ ယူပြီး ရေနွေးအိုးထဲကို ထည့်ပြုတ်လာခဲ့”
ကလေးငယ်၏ ဗိုက်ထဲတွင် ရေမြွှာရည်နှင့်အညစ်အကြေးများက ပြည့်နှက်နေသည်။
ဂန္ဓမာပန်းရေနွေးကြမ်း အနည်းငယ်ကို သောက်ပေးခြင်းက ဝမ်းသွားရန်အတွက် အထောက်အကူပြုပြီး ကလေးကိုလည်း ထိခိုက်မှု မရှိစေပေ။
ထိုဂန္ဓမာပန်းရေနွေးကြမ်းကို ကလေး၏ ဖင်ဆေးရန်နှင့် ခြေထောက်များကို သုတ်ပေးရန်အတွက်လည်း အသုံးပြုနိုင်သောကြောင့် သဘာဝ ပိုးသတ်ဆေးတစ်မျိုးပင် ဖြစ်ပေသည်။
*