← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း(252)

“အော် ပြီးတော့.. ခရမ်းရောင်ဇီချောင်မြစ်နည်းနည်းလောက်ကို နှမ်းဆီပူပူထဲမှာ စိမ်ပြီး ငါ့ဆီ ယူလာခဲ့ဦး”

ဝူလီက ခပ်သွက်သွက်ပင် ခေါင်းကို ညိတ်ပြလိုက်လေ၏။

“ကျွန်မ အခုပဲ အိမ်ပြန်ပြီးသွားလုပ်လိုက်ပါ့မယ်”

“မြေပဲနီထည့်ထားတဲ့ ကောက်ညှင်းဆန်ပြုတ်ကိုလည်း နည်းနည်း ချက်ခဲ့ဦး”

လော်ယွီရှို့က ညွှန်ကြားလိုက်လေသည်။

ထိုဆန်ပြုတ်က လီရှန်းအတွက် သူမ၏ ကိုယ်တွင်းအင်္ဂါများကို နွေးထွေးစေပြီး အာဟာရဖြစ်စေရန် စားသောက်ရန်အတွက် ဖြစ်၏။

သူမက ကလေးမွေးပြီးစ ဖြစ်သောကြောင့် အသားအမြောက်အမြားကို စားရန်အတွက် မသင့်တော်ပေ။

ကောက်ညှင်းဆန်က နွေးထွေးပြီး အာဟာရဖြစ်စေသော ကောက်ပဲသီးနှံဖြစ်သောကြောင့် လူများအတွက် အာဟာရအဖြစ်ဆုံး အစားအစာ ဖြစ်သည်။

ဝူလီက အလောတကြီး ထွက်ခွာသွားခဲ့လေ၏။

ကျန်းကျူးရိနှင့် သူ၏ဇနီး၊ ကျန်းကျူးပင်းနှင့် သူ၏ဇနီးတို့ ရောက်ရှိလာကြသည့်အချိန်တွင် ကလေးငယ်က ဂန္ဓမာပန်းရေနွေးကြမ်းကို သောက်သုံးပြီးဖြစ်၍ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့လေပြီ။

လော်ယွီရှို့က ခုံတန်းလျားလေးပေါ်တွင် ထိုင်ပြီး ကလေး၏ သေးခံကို လျှော်ဖွတ်ပေးနေခဲ့လေသည်။

ဖန်ချင်းက ရောက်ရှိလာခဲ့သည်နှင့် လော်ယွီရှို့၏ လက်ကို ဆွဲကိုင်ပြီးပြောလိုက်လေ၏။

“ခမည်းခမက်ကြီး၊ ရှန်းရှန်းနဲ့ သမီးလေး ဘေးကင်းကျန်းမာကြရဲ့လား”

“ ဘေးကင်းပါတယ်၊ ရှန်းရှန်းက ကျန်းမာရေးကောင်းလို့ ကလေးကို အမြန် မွေးနိုင်ခဲ့တာ”

လော်ယွီရှို့က ဖန်ချင်း၏ လက်ကို စိတ်အေးစေရန်အတွက် ပုတ်ပေးလိုက်ပြီးနောက် ဖန်ချင်း၏ မျက်ဝန်းများက နီရဲနေသည်ကို သတိပြုမိသွားခဲ့သည်။

“ရှင် မသိလောက်ဘူး၊ သတင်းကြားတုန်းက ကျွန်မဖြင့် ပျာယာခတ်သွားတာပဲ၊ တပ်ခွဲမှူးစုပြောတာတော့ ကလေးက ခုနစ်ပေါင်နဲ့ သုံးအောင်စ ရှိတယ်ဆို”

ဖန်ချင်းက လော်ယွီရှို့၏ မျက်နှာအမူအရာကို စောင့်ကြည့်ရင်း ပြောဆိုလိုက်ခြင်း ဖြစ်၏။

လီရှန်းက မိန်းကလေးကို မွေးဖွားခဲ့ခြင်းကြောင့် လော်ယွီရှို့အနေဖြင့် ကန့်ကွက်လိုစိတ်ရှိမည်ကို သူမက စိုးရိမ်နေခဲ့ရသည်။

ကံကောင်းမစွာဖြင့် လော်ယွီရှို့၏ ပြုမူပုံက အပြစ်ပြောစရာမရှိဘဲ သူမက ကလေးငယ်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးနေခဲ့၏။

“ဟုတ်တယ်၊ သူမက ခန္ဓာကိုယ် ထွားကြိုင်းပြီး ဖောင်းအိနေတဲ့ မိန်းကလေးလေ၊ စက်ရုံဝန်းတစ်ခုလုံးမှာ အဝဆုံး ကလေးတွေထဲက တစ်ယောက်ဖြစ်မှာပဲ၊

ဒေါက်တာတင်းကတောင် သူမ မွေးပေးခဲ့ဖူးတဲ့ ကလေးတွေထဲမှာ အသန်မာဆုံး ကလေးလို့ ပြောခဲ့သေးတယ်”

လော်ယွီရှို့က သူမ၏ ထွားကြိုင်းလွန်းသော မြေးမလေးအကြောင်းကို ပြောဆိုသည့်အချိန်တွင် သူမ၏ လေသံတွင် ဂုဏ်ယူဝင့်ကြွားမှုများက ပြည့်နှက်နေခဲ့လေသည်။

ဖန်ချင်းက စိတ်သက်သာရာရသွားခဲ့ပြီး ထိုအချိန်မှသာ လီရှန်းအတွက် ပျော်ရွှင်ပေးရန် သတိရလေတော့၏။

တစ်ချိန်တည်းမှာပင် ကွမ်းရှောင်ထင်းက ပုခက်နားသို့ တိုးကပ်ပြီး ကလေးငယ်ကို ကြည့်ရှုနေခဲ့ပြီး သူမ၏ လေသံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒါက ကျွန်မတို့တွေရဲ့ မျိုးဆက်သစ် သမီးလေးပေါ့၊ သူမရဲ့ အရေပြားကို ကြည့်စမ်းပါဦး၊ ဖြူဖွေးပြီး နူးညံ့နေတာပဲ၊

ဆံပင်တွေကလည်း နက်မှောင်နေတယ်၊ နှုတ်ခမ်းလေးကလည်း အရမ်း လှတယ်၊ ပန်းရောင်သန်းနေတာပဲ

အိုး၊ မျက်ရစ် နှစ်ထပ်တောင် ပါသေးတယ်၊ ဒီကလေးကတော့ သေချာပေါက် အလှလေး ဖြစ်လာမှာပဲ၊ ဘယ်မိသားစုဆီ ရောက်သွားမလဲ မသိဘူးနော်”

တခြားသူများက မည်သည့်စကားမှပြန်မပြောနိုင်သေးမီမှာပင် ဤစကားများက ထွက်ပေါ်လာခဲ့လေပြီ။

စုဝေ့ချင်းက ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်ရင်း ပြောလိုက်လေသည်။

“ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး၊ ကျွန်တော့်သမီးလေးက အိမ်မှာပဲ နေမှာ”

သူ့ကို ကြည့်ရသည်က သူ့သမီးလေးကို တစ်စုံတစ်ဦးက လုယူသွားမည်ကို စိုးရိမ်နေသည့်ကဲ့သို့ ဖြစ်နေခဲ့လေ၏။

စုဝေ့ချင်း၏ စိုးရိမ်လွန်နေသော မျက်နှာအမူအရာကြောင့် လူတိုင်းက ရယ်မောမိကြတော့၏။

အထူးသဖြင့် ကွမ်းရှောင်ထင်းက မတ်တတ်ရပ်လိုက်ပြီး စနောက်သော အပြုံးဖြင့် ပြောလိုက်လေသည်။

“ မင်းက တခြားလူကို မပေးချင်ရင်၊ အိမ်မှာပဲ ထားပြီး အပျိုကြီး လုပ်ခိုင်းထားမှာလား”

“ကျွန်တော့်သမီးကို ကျွန်တော် ကိုယ်တိုင် ကျွေးမွေး စောင့်ရှောက်နိုင်ပါတယ်”

သူ့၏ အရှေ့မှ အမျိုးသမီးက ရင်းနှီးမှု မရှိသော်လည်း သူမ၏ လေသံနှင့် ဘေးနားတွင် မတ်တတ်ရပ်နေသော စစ်ဝတ်စုံဝတ် အမျိုးသားကြီးကို ကြည့်ခြင်းအားဖြင့် သူမက လီရှန်း၏ ဒုတိယအဒေါ် ဖြစ်ကြောင်းကို သိနိုင်၏။

လူကြီးသူမများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက အမြဲ တွန့်ဆုတ်နေတတ်သော်လည်း သူ၏ ချစ်လှစွာသော သမီးလေးနှင့် ပတ်သက်လာလျှင် ခိုင်မာသော အသံဖြင့် တုံ့ပြန်ခဲ့လေ၏။

ကွမ်းရှောင်ထင်းက ဖန်ချင်းဘက်သို့ လှည့်ပြီး ပြုံးလိုက်ရင်း ပြောလိုက်လေသည်။

“ကောင်းပြီ၊ ကြည့်ပါဦး.. အလိုလိုက်ခံထားရတဲ့ ငတုံးလေး နောက်တစ်ယောက်ပဲ”

ဖန်ချင်းက အတော်လေး ကျေနပ်သွားခဲ့ရ၏။ ယခုခေတ်ကာလတွင် သမီးထက် သားကို ပို၍ မျက်နှာသာပေးသည့် မိသားစုများစွာ ရှိနေခဲ့ကြသည်။

သမီးလေးကို ရရှိခြင်းအပေါ် စိတ်မကွက်ကြသော ခင်ပွန်းနှင့် ယောက္ခမကို တွေ့ရခဲလွန်း၏။

ထို့ကြောင့် သူမက စုဝေ့ချင်းဘက်မှ ချက်ချင်းပင် ကာကွယ်ပြောဆိုပေးလိုက်လေ၏။

“အခုခေတ်မှာ ဝေ့ချင်းလို သားမက်ကောင်းမျိုးက ရှားပါတယ်”

ဤစကားများကြောင့် စုဝေ့ချင်းမှာ လွန်ခဲ့သော ဆောင်းတွင်းတုန်းကကဲ့သို့ မျက်နှာတစ်ခုလုံး နီရဲသွားရလေတော့သည်။

လီရှန်းက အိပ်မက်များ မမက်ဘဲ အလွန် ရှည်လျားသော အချိန်အထိ အိပ်ပျော်နေခဲ့၏။

သူမက နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ခြင်းဖြစ်ပြီး သားအိမ်ပြန်ကျုံ့သည့် နာကျင်မှုကပင် သူမကို အိပ်စက်ခြင်းမှ မနိုးထစေနိုင်ခဲ့ပေ။

အဆုံးတွင် သူမက အလွန် ဆာလောင်လာသောကြောင့်သာ မျက်ဝန်းများကို ဖွင့်လိုက်ရလေတော့၏။

“သူမ နိုးပြီ၊ သူမ နိုးလာပြီ”

မျက်ဝန်းများကို ဖွင့်လိုက်သည့် ခဏမှာပင် သူမ၏ နားထဲတွင် ဖန်ချင်း၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရလေ၏။

လီရှန်းက အသံလာရာဘက်သို့ ဝေဝါးစွာ လှမ်းကြည့်လိုက်လျှင် ဖန်ချင်းက နီရဲနေသော မျက်ဝန်းများဖြင့် သူမကို သနားကရုဏာသက်စွာ ကြည့်ရှုနေသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် သူမက တခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်လျှင် လော်ယွီရှို့ကလည်း ထိုနေရာတွင် ရပ်နေကြောင်းတွေ့ခဲ့လေ၏။ သူမ၏ မျက်နှာတွင် သိသိသာသာသော အံ့ဩဝမ်းသာမှုများ ရှိနေခဲ့လေ၏။

စုဝေ့ချင်းကရော။

သူကတော့ နေရာမရှိသောကြောင့် အပြင်သို့ တွန်းထုတ်ခြင်းကို ခံထားရလေပြီ။ ယခုအချိန်တွင် ပုခက်ဘေးတွင် သနားစရာကောင်းသည့်အမူအရာဖြင့် ထိုင်နေခဲ့ရသည်။

သူက ပုခက်ဘက်သို့ မျက်နှာမူထားသော်လည်း သူ၏ ခေါင်းက လီရှန်း လဲလျောင်းနေသည့် ဆေးရုံခုတင်ဆီသို့ ခေါင်းမာစွာ လှည့်ကြည့်နေခဲ့လေ၏။

သူ၏ တစ်ဖက်တွင်တောသ သူ၏ ဦးလေးအကြီးဆုံး ကျန်းကျူးရိက ရပ်နေခဲ့ပြီး တခြားတစ်ဖက်တွင် ဒုတိယဦးလေး ကျန်းကျူးပင်းက ရပ်နေခဲ့လေသည်။

သူက အလယ်တွင် ထိုင်နေခဲ့ရပြီး သနားစရာကောင်းသော ခွေးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့လေ၏။

“ကျွန်မ ဘာဖြစ်လို့လဲ”

လီရှန်းက ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်တွင် သူမ၏ အသံက ဝင်နေပြီဖြစ်ကြောင်းကို သတိပြုမိသွားခဲ့သည်။

“မင်း အကြာကြီး အိပ်ပျော်နေခဲ့တာလေ၊ မင်းရဲ့ ယောက္ခမနဲ့ ငါက မင်းအတွက် စိုးရိမ်နေခဲ့ကြတာ”

ဖန်ချင်းက လေသံအနည်းငယ် ကျယ်လောင်သွားပါက လီရှန်းကို ထိတ်လန့်သွားစေမည်ကို စိုးရိမ်သည့်ကဲ့သို့ တိုးဖွစွာ ပြောဆိုလိုက်လေ၏။

သူမက စကားပြောရင်း လီရှန်း၏ လက်မောင်းကို လှမ်းကိုင်လိုက်လေသည်။

“ အိမ်သာသွားဖို့ လိုလား၊ ဗိုက်က နာနေသေးလား”

“သန့်စင်ခန်း သွားရမယ်”

လီရှန်းက စကားပြောရင်း ထထိုင်ရန်အတွက် ရုန်းကန်လိုက်လေ၏။ ဖန်ချင်း၏ သတိပေးချက်ကြောင့် သူမက ဆီးသွားချင်စိတ်တို့ ချက်ချင်းပြည့်လာရသည်။

သူမက သဘာဝအတိုင်း မွေးဖွားခဲ့ခြင်းဖြစ်ပြီး ခေတ္တမျှ အိပ်စက်ခဲ့ရသောကြောင့် ခွန်အားအများစုကို ပြန်လည်၍ ရရှိခဲ့လေပြီ။

အကယ်၍ သူမ ခံစားနေရဆဲဖြစ်သော နာကျင်မှုသာ မရှိပါက သူမက လေကဲ့သို့ပင် လျင်မြန်စွာ လျှောက်လှမ်းနိုင်လောက်သည်။

သို့သော် သူမ၏ ခြေထောက်များက မြေပြင်ပေါ်သို့ ထိမိလိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိပြုမိသွားခဲ့၏။

သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းက ကွဲအက်တော့မည့်အတိုင်း ခံစားလိုက်ရသည်။

ခြေလှမ်း လှမ်းလိုက်တိုင်း သူမ၏ အရိုးများက ယိမ်းထိုးနေခဲ့ပြီး နောက်ထပ်တစ်လှမ်းကို လှမ်းလိုက်တိုင်းလည်း ထပ်မံ၍ ယိမ်းထိုးနေခဲ့ပြန်၏။

သူမက သူမ၏ အရိုးများနှင့် အဆစ်များက တိုက်မိနေသည့် အသံကို ကြားနေရသည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်မိတော့သည်။

“ခမည်းခမက်ကြီး၊ ကူတွဲပေးပါဦး”

ဖန်ချင်းလည်း လီရှန်းတစ်ယောက် လမ်းပင် မလျှောက်နိုင်တော့သည်ကို မြင်တွေ့လိုက်ရသောကြောင့် လီရှန်း၏ လက်မောင်းတစ်ဖက်ကို လှမ်းတွဲလိုက်ပြီး လော်ယွီရှို့ကိုလည်း ကူညီရန် လှမ်းခေါ်လိုက်လေသည်။

လော်ယွီရှို့က လီရှန်း၏ တခြားလက်မောင်းတစ်ဖက်ကို ခပ်သွက်သွက် လှမ်းတွဲလိုက်လေ၏။

ဤသို့ဖြင့် ခမည်းခမက်နှစ်ယောက်က လီရှန်းကို အိမ်သာသို့ ပိုက်ပို့ပေးပြီး ဆီးသွားရန်အတွက် ကူညီပေးခဲ့ကြသည်။ ပြီးနောက် သူမကို ပြန်လည်၍ တွဲခေါ်လာခဲ့ကြသည်။

သူတို့ အခန်းထဲသို့ ဝင်ရောက်လာကြချိန်တွင် လော်ယွီရှို့က ညည်းတွားလိုက်လေ၏။

“မဖြစ်ဘူး၊ ဒီလေကြမ်းက အေးလွန်းတယ်၊ မင်း မီးနေသည်ကာလအတွင်းမှာ အိမ်ထဲမှာပဲ သေချာ ဂရုစိုက်ရမယ်”

“ဆီးအိုးကိုပဲ သုံးလိုက်ရအောင်”

ဖန်ချင်းတို့တွင် အများသုံးအိမ်သာက အနီးတွင်မရှိသည့် အိမ်ဝန်းလေးတစ်ခုတွင် နေထိုင်ကြသောကြောင့် ပုံမှန်အားဖြင့် ညဘက်၌ ဆီးအိုးဖြင့်သာ အပေါ့အပါးသွားလေ့ရှိကြသည်။

မနက်ခင်းကျမှ ဆီးအိုးကို အများသုံးအိမ်သာသို့ သယ်ဆောင်သွားကာ သွားရောက် သွန်ပစ်လေ့ ရှိကြသည်။

သို့သော် စုမိသားစု၏ အဆောက်အအုံအသေးစားလေးတွင် ထိုသို့ ပြုလုပ်ရန် မလိုအပ်ပေ။

အထပ်တိုင်းတွင် အများသုံးအိမ်သာ ရှိနေသောကြောင့် ဆီးအိုးကို မလိုအပ်ခဲ့ပေ။

လက်ရှိတွင်တော့ လော်ယွီရှို့က ဖန်ချင်း၏ စကားက အဓိပ္ပာယ်ရှိသည်ဟု တွေးတောမိပြီး ထိုသို့လုပ်ရန်ဆုံးဖြတ်လိုက်လေတော့၏။

“ဒါဆိုရင် ကျွန်မ အိမ်ပြန်ပြီး သမဝါယမအရောင်းဆိုင်ကို သွားကြည့်လိုက်မယ်”

“အမေ၊ ကျွန်မ ဆိုင်ကနေ သယ်လာပေးလို့ ရပါတယ်၊ အမေ အဲဒီလောက်အထိ ဒုက္ခခံနေဖို့ မလိုပါဘူး”

လူနာဆောင်တံခါးဝတွင် စောင့်ဆိုင်းနေသော ဝူလီက ထိုစကားကို ကြားလျှင် ဝင်ရောက် ပြောဆိုလိုက်လေ၏။

စျေးဆိုင်တွင် အလုပ်လုပ်နေသော လူတစ်ယောက်အနေဖြင့် သူမကသာ ယခုအချိန်တွင် ဝင်ရောက်မပြောဆိုပါက နောက်ပိုင်းတွင် သူမဘက်မှ မည်မျှပင် ပြောဆိုပါစေ အသိအမှတ်ပြုခံရတော့မည် မဟုတ်ပေ။

သေချာပေ၏။ ယမန်နေ့က လီရှန်း ကလေးမွေးဖွားမှုကို မြင်တွေ့ပြီး ထိတ်လန့်ချောက်ချားနေခဲ့သော ဝူလီက နောက်ဆုံးတွင်တော့ အနည်းငယ် ပြန်လည်တည်ငြိမ်သွားခဲ့လေပြီ။

*

All Chapters