အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ စွမ်းအားအမြင့်မားဆုံး
Vol. 34 Ch. 474
အခန်း (၄၇၄) အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ စွမ်းအားအမြင့်မားဆုံး
သိုင်းသူတော်စင်အဆင့်။
သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်နှင့် သိုင်းသူတော်စင်အဆင့်ဆိုသည်က ကမ္ဘာခြားသည့်ပမာကွာခြားသည်။ မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် အလွန်တရာ ခက်ခဲသည်။
မဟာကပ်ဘေးကြီးအလွန်ကာလတွင်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူတော်စင် (၆)ယောက်သာလျှင် ရှိခဲ့၏။
ပြိုင်ဘက်ကင်း’ရန်’ (ရန်ဝူတိ) ဟု လူသိများသော ရန်တိသည် ကျင့်ကြံခြင်းလောကသို့ စတင်ဝင်ရောက်ချိန်ကတည်းက သူနှင့်အဆင့်တူသိုင်းသမားများအား တစ်ကြိမ်တစ်လေပင် ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။ သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည်ပင် သူ့ကို ရှုံးနိမ့်ခဲ့ရသည်။
လွန်ခဲ့သော (၂)နှစ်ခန့်က ရန်တိ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ တက်ရောက်ခဲ့ပြီး သိုင်းဆရာသခင်များကြားတွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။ ရန်တိသည် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်သည့်တိုင် သိုင်းသူတော်စင်များကိုပင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည်ဟု အများက သိရှိကြသည်။
ထို့ကြောင့် ရန်တိ သိုင်းသူတော်စင်အဆင့် တက်ရောက်နိုင်ခြင်းကို မည်သူမှ သံသယမဝင်ကြပေ။ တကယ်တော့ သူက မဟာကပ်ဘေးကြီးအလွန်ကာလ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်အငယ်ဆုံး သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာမည်ဟု အားလုံး ခန့်မှန်းထားပြီး ဖြစ်၏။
သို့ပေသိ ရန်တိအပေါ် အလွန်အမင်း အထင်ကြီးသူများပင်လျှင် အချိန် (၂)နှစ်အတွင်း သိုင်းသူတော်စင်အဆင့်ရောက်ရှိမည်ဟု ထင်မှတ်မထားကြပေ။
အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီ ၊ စုန့်ဝူလျန်နှင့် အန်းချင်လင်တို့အားလုံး အမြင်မားမှားလေသလားဟု အချိန်အတော်ကြ သံသယဝင်မိကြသည်ပင်။
“ဂရား...”
ကောင်းကင်ထက်မှ မဟာမီးတောက်မိစ္ဆာဘုရင်က ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကြုံးဝါးသံကြီးတစ်ချက်ပြုလိုက်ရာ ပတ်ဝန်းကျင်မှ မီးလျှံများကိုပင် လှုပ်ယမ်းသွားစေသည်။
ထိုသတ္တဝါကြီးက သူ၏လက်သည်းနှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်ရာ ဗလာနယ်တစ်ခုလုံးနှင့် ကောင်းကင်တစ်ပြင်လုံး ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းများ ထင်ဟပ်သွားသည်။
မီးတောက်များဖြင့် လွှမ်းခြုံနေသော မိုးမြေတစ်ခွင်သည် ပြိုကျလုနီးပါး ထင်မှတ်ရ၏။
လူသားသိုင်းကျင့်ကြံသူများအားလုံး သတိပြန်ဝင်လာသည့်အခါ သူတို့အားလုံးစိတ်ထဲ အေးခဲသွားသလို ခံစားရသည်။ ရန်သူ၏တိုက်ခိုက်မှုကိုကြည့်ခြင်းအားဖြင့် သူတို့အားလုံး၏ သံသယများကို ရှင်းလင်းသွားစေသည်။
မဟာမီးတောက်မိစ္ဆာဘုရင်၏အမြင်တွင် ဤနေရာမှလူများအားလုံးထက် ရန်တိက အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေခဲ့သည်။
မိုးမြေကိုထက်ပိုင်းကွဲအက်သွားစေသော မီးတောက်မီးလျှံများနှင့် ရင်ဆိုင်ရသည့်တိုင် ရန်တိက လုံးဝ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပေ။ သူက လက်ထဲမှဓားကိုကိုင်မြှော်ကလျှက် ခုတ်ပိုင်းချလိုက်လေရာ ခရမ်းရောင်ဓားအလင်းတန်းက ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားသည်။
ကြီးကျယ်ခမ်းနားပြီး ထက်မြက်ကာပြိုင်ဘက်ကင်းသော ဓားဝိညာဉ်က တောက်ပပြင်းထန်သောမီးတောက်များနှင့်ရိုက်ခတ်သွားပြီး စွမ်းအားနှစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
အပိုင်းပိုင်းကွဲကြေသွားသော ဓားဝိညာဉ်က မီးတောက်များအတွင်းတွင် တောက်ပနေပြီး များပြားလှစွာသော ဟာရီကိန်းမုန်တိုင်းများပမာ လှည့်ပတ်သွားပြီး ကြောက်မက်ဖွယ်ရာ ဓားမုန်တိုင်းများဖြစ်ပေါ်လာကာ ကောင်းကင်ယံ၌ လှိုင်းလုံးကြီးများ လွင့်တက်လာ၏။
မဟာမီးတောက်မိစ္ဆာဘုရင်က ရန်တိဆီသို့ဦးတည်ပြီး ခေါင်းကိုငုံ့လျှက် ပခုံးထက်မှ ဦးချိုကြီးများဖြင့် ထိုးပက်လိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် ဟာရီကိန်းမုန်တိုင်းပမာ လှည့်ပတ်နေသော ဓားဝိညာဉ်များ အက်ကွဲကုန်ကာ ဗလာနယ်ထဲတွင် ပေါက်ကွဲထွက်သွားသည်။
ရန်တိမှာ သူ့လက်ထဲမှ ကောင်းကင်နဂါးဓားကို ပြန်လည်ရုတ်သိမ်းချိန် မရတော့သော်လည်း မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ၏ဘယ်ဘက်လက်ဖဝါးကို ဓားသွားကဲ့သို့ အသုံးချလျှက် သူ့ထံဝင်ရောက်လာသော မဟာမီးတောက်မိစ္ဆာဘုရင်ကို ခုတ်ပိုင်းချလိုက်သည်။
ဤဓားချက်က ရန်တိ အမြဲတမ်းအသုံးပြုလေ့ရှိသော အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းနှင့် မတူကွဲပြားသည်။ ဓားဝိညာဉ်က အလွန်တရာခမ်းနားပြီး ထူးဆန်းသောပုံရိပ်ယောင် အသေင်္ချကို ဓားချက်နှင့်အတူ သယ်ဆောင်လာသည်။
ထိုဓားသိုင်းအခြေခံက ဝါဒတောင်၏ကိုယ်ပိုင်သိုင်းပညာဖြစ်သော နက်ရှိုင်းချီစွမ်းအားကျင့်စဥ်နှင့် အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းပေါင်းစပ်ထားခြင်းမှ ဆင်းသက်လာခြင်း ဖြစ်၏။ သို့ပေသိ ထိုဓားသိုင်း၏ ခမ်းနားမှုနှင့် အရှိန်အဟုန်က အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းနှင့် တူညီခြင်းမရှိပေ။
ဓားချက်မှ ကြည်လင်ရှင်းလင်းသော ခံစားချက်တစ်ခုကိုသာ ထုတ်ဖော်ပေးသည်။
လွှမ်းမိုးနိုင်စွမ်းမြင့်မားခြင်း။
လွှမ်းမိုးနိုင်စွမ်းမြင့်မားခြင်းပြီးလျှင် ‘လွှမ်းမိုးနိုင်စွမ်းမြင့်မားခြင်း’ ကိုသာလျှင် ထပ်မံထုတ်ဖော်ပေးသည်။
ရန်တိ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိချိန်တွင် သူ တစ်ဘဝလုံးလေ့လာသင်ယူခဲ့သမျှ သိုင်းပညာများကို ချို့ယွင်းချက်မရှိ ချိတ်ဆက်ခဲ့ပြီး အမြင့်မားဆုံး ကိုယ်ပိုင်ဓားသိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
အစွန်းရောက်ကောင်းကင်လွှမ်းခြုံဓားသိုင်း။
ထိုဓားသိုင်းက ဤကမ္ဘာတွင် မည်သူမှတတ်ကျွမ်းခြင်းမရှိသော အသစ်စက်စက်ဓားသိင်းဖြစ်ပြီး ကျင့်ကြံသူများအားလုံးရှေ့တွင် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းပင်။
ထိုဓားသိုင်းက ရန်တိနှင့် အကိုက်ညီဆုံးဓားသိုင်းဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသလို မိုးမြေတစ်ခွင်မှ ကြီးမားသောဒွိဟတရားများကို ချိတ်ဆက်ထားသည်။ ထိုဓားသိုင်းဖြင့်ဆိုလျှင် ရန်တိ၏စွမ်းအား အပြည့်အဝ ထွက်ပေါ်လာမည် ဖြစ်၏။
ရန်တိက လက်ဖဝါးကို ဓားသွားအဖြစ်အသုံးပြုပြီး မဟာမီးတောက်မိစ္ဆာဘုရင်ကို ခုတ်ပိုင်းချလိုက်သည်။
ထို့နောက် နှစ်ယောက်သားတစ်ညီတစ်ညွတ်တည်း တုန်လှုပ်သွားကြပြီး နောက်ပြန်ဆုတ်သွားကြသည်။
မဟာမီးတောက်မိစ္ဆာဘုရင်သည် ဒေါသတကြီးဖြင့် ဆွဲ့အသွားခဲ့သည်။ သူ၏ ပခုံးထက်မှ ဦးချိုကြိးတစ်ခုသည် ရန်တိဓားချက်ဖြင့် ပြတ်တောက်သွားပြီ မဟုတ်ပါလား။
ရန်တိသည်လည်း ထိတ်လန့်စွာဖြင့် နောက်ပြန်ဆုတ်သွားပြီး ခပ်တိုးတိုးတစ်ချက် အော်ဟစ်လိုက်သည်။ သို့တိုင် သူက လျှင်မြန်စွာပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်နိုင်သည်။
ထို့နောက် သူက ညာဘက်လက်တွင်ကိုင်ထားသော ကောင်းကင်နဂါးဓားကို ကိုင်မြှောက်လျှက် နောက်ထပ်ဓားချက်တစ်ချက် ထပ်မံခုတ်ပိုင်းလိုက်သည်။
လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ရောင်ဝါများ လွင့်ပျံလာသည်နှင့်အမျှ ရန်တိ၏ အဆင့်မြင်မှော်ဝင်ဓားဖြစ်သော ကောင်းကင်နဂါးဓားသည်ပင် အစွန်းရောက်ကောင်းကင်လွှမ်းခြုံဓားသိုင်း၏ ပြင်းထန်သော ဓားဝိညာဉ်ကို ခံနိုင်ရည်မရှိဘဲ အနည်းငယ် တုန်လှုပ်သွားရသည်။ ရန်တိ သိုင်းသူတော်စင်အဆင့်ရောက်ရှိပြီးနောက်ပိုင်း သူ၏သိုင်းစွမ်းက အလွန်တရာ မြင့်မားနေခဲ့ပေသည်။
မဟာမီးတောက်မိစ္ဆာဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး နောက်တစ်ကြိမ် ရှေ့သို့တိုးလာကာ ထပ်မံတိုက်ခိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်မီးလျှံများက တဟုန်းဟုန်း တောက်ပနေ၏။
ကောင်းကင်ထက်မှ အဆုံးမရှိမီးတောက်ပင်လယ်သည်လည်း သူ၏တိုက်ခိုက်မှုနှင့်အတူ အလွန်ပြင်းထန်စွာ လှုပ်ရှားနေသည်။
မဟာမီးတောက်မိစ္ဆာဘုရင်၏စွမ်းအားက တဟုန်ထိုးမြင့်တက်လာပြီး နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားသည်။
မိုးမြေတစ်ခုလုံး အဆုံးမရှိသော အလင်းတန်းများ တောက်ပသွားသည့်အတွက် သိုင်းသူတော်စင်များနှင့် မီးတောက်မိစ္ဆာဘုရင်များသည်ပင် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရတော့ပေ။
တောက်ပမှု အဆုံးသတ်သွားသည်နှင့် အဆုံးမရှိသော မီးတောက်မီးလျှံများနှင့် ရန်တိ၏ဓားဝိညာဉ်ရိုက်ခတ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ စွမ်းအားများက မရပ်မနား ပျံ့နှံ့သွားသည်။ အဆုံးမရှိမီးတောက်လှိုင်းများနှင့် ဓားဝိညာဉ်တို့က အရှေ့ပင်လယ်ကိုပင် ဖြတ်ကျော်သွားသည်။
အရှေ့ပင်လယ်ကိုလွှမ်းခြုံသွားသည့် ချီစွမ်းအားစီးဆင်းမှုက ရေနယ်မြေသာမက ရေနယ်မြေနှင့်ထိစပ်နေသည့် ကုန်းတွင်းပိုင်းသို့ပါ ရောက်ရှိသွားပြီး ပင်လယ်နှင့်နီးသောဒေသများတွင် ရုတ်တရက် လေပြင်းများတိုက်ခတ်ကာ မိုးများရွာသွန်းလာတော့သည်။
ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိရာ အရှေ့နဂါးကျွန်းထက်တွင် ရန်တိက မယိမ်းယိုင်သောအသွင်ဖြင့် လက်ထဲတွင် ဓားတစ်လက်ကိုင်ဆောင်ထားသည်။
မဟာမီးတောက်မိစ္ဆာဘုရင်၏ အနီရောင်မျက်ဝန်းများက ရန်တိကို စူးစိုက်ကြည့်နေသည်။ ဦးချိုတစ်ချောင်းသာ သူ၏ပခုံးထက်တွင်ကျန်ရှနေပြီး ဦးချိုကျိုးသွားသော ပခုံးတစ်ဖက်ဆီမှ မီးပွားများ အဆက်မပြတ် ထွက်လာနေသည်။
သူက ကျိုးသွားသောဦးချိုတစ်ဖက်ကို လက်ဖြင့်ဆုပ်ကိုင်ထားရင်း ရန်တိကို စူးစိုက်ကြည့်နေသည်။ သူ့အကြည့်ထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နက်နေသည်။
ရန်တိက သူ၏ခရမ်းရောင်ဓားကို ရင်ဘတ်ရှေ့သို့ တည်ငြိမ်စွာပင့်တင်လိုက်သည်။ မှိန်ဖျော့နေသောဓားရောင်ကိုကြည့်ရင်း သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“မိတ်ဆွေဟောင်းကြီးရေ... မင်းတော့အခက်တွေ့ပြီပဲ”
သို့သော် သူ့အသံတွင် စိတ်မကောင်းဖြစ်ခြင်းများ ပါဝင်မနေပေ။
အောက်ဘက်တွင်ရှိနေသော မီးတောက်မိစ္ဆာဘုရင်များနှင့် သိုင်းကျင့်ကြံသူများမှာ ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ ကောင်းကင်ထက်မှ ထိတ်လန့်တုန်လှုပ်ဖွယ်တိုက်ပွဲကို အာရုံစိုက်ကြည့်ရှုနေကြ၏။
အဘိုးအို’မော့’ က ညည်းညူသံတစ်ချက်ပြုရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချသည်။
“သိုင်းသူတော်စင် ပထမအဆင့်မှာပဲ သူ့ရဲ့စွမ်းအားက ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီကို ကျော်လွန်သွားပြီပဲ ၊ သူက သိုင်းတာအိုမှာတောင် ကျန်းဒေါင်ဂီရေးဆွဲခဲ့တဲ့စက်ဝန်းထဲက ခုန်ထွက်နိုင်ခဲ့တယ်”
သူက ဆက်ပြောသည်။
“တူညီတဲ့သိုင်းပညာတစ်ခုကို မတူညီတဲ့သူတွေ ကျင့်ကြံတဲ့အခါ စွမ်းအားကွာခြားမှုတွေ အများကြီးရှိတယ် ၊ ရန်တိရဲ့ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းက ယွမ်ကျန်းဖုန်းထက်တောင် သာသေးတယ်”
“ဘာပဲဖြစ်ဖြစ် အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းက ဟန်ထျန်းပုဂ္ဂိုလ်မြတ်တီထွင်ခဲ့တဲ့ ဓားသိုင်းပဲလေ ၊ ဒါပေမဲ့ အခု ရန်တိက အဲဒီဓားသိုင်းကိုအခြေခံပြီး ကိုယ်ပိုင်ဓားသိုင်းတစ်ခု တီထွင်နိုင်ခဲ့ပြီ ၊ သူ့ရဲ့ ဓားသိုင်းစွမ်းအားနဲ့ အသုံးပြုတဲ့ ဓားကွက်နှစ်ကွက်ကို ကြည့်လိုက်ရင် ရန်တိရဲ့ ဓားသိုင်းက တကယ်ပဲ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို ကျော်လွန်သွားပြီ”
အန်းချင်လင်က သက်ပြင်းချရင်း...
“ကောင်းကင်ဝါဒလက်ဝါးသိုင်း ၊ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းနဲ့ အဆုံးမဲ့ကောင်းကင်ဓားသိုင်းတွေအပြင် ဝါဒတောင်ရဲ့ စတုတ္ထမြောက် ထိပ်တန်းသိုင်းပညာတစ်ရပ် ထပ်မံမွေးဖွားလာခဲ့ပြီပေါ့”
စုန့်ဝူလျန်က ခဏမျှတိတ်ဆိတ်နေပြီးမှ သက်ပြင်းချရင်း...
“စွမ်းအားပြင်းထန်မှုနဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုကိုကြည့်ရရင် အခု သူ အသုံးပြုလိုက်တဲ့ဓားသိုင်းက မဟာကပ်ဘေးကြီးအလွန် အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ သမိုင်းတစ်လျှောက်မှာ နံပါတ် (၁) ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ ရန်တိက သိုင်းသူတော်စင်အဆင့်ရောက်သွားတာနဲ့ အဲဒီ မဟာမီးတောက်မိစ္ဆာဘုရင်ကို အနိုင်ယူနိုင်ပါ့မလား”
စုန့်ဝူလျန်က စိုးရိမ်ပူပန်ဟန်ဖြင့်...
“မဟာမီးတောက်မိစ္ဆာဘုရင်တောင် ဒဏ်ရာရသွားတာကြည့်ရရင် သူ့ဓားချက်က အရမ်းပြင်းထန်တာ အသေအချာပဲ ၊ ဒါပေမဲ့ တိုက်ပွဲအချိန်ကြာလာတာနဲ့အမျှ ရန်တိဘက်က အရေးနိမ့်သွားမှာ ငါ စိုးရိမ်မိတယ်”
အဘိုးအို’မော့’ က ရုတ်တရက် ပြုံးလိုက်ရင်း...
“တခြားဟာတွေမတွေးနဲ့ ၊ ဒီ ဓားချက်နှစ်ချက်တည်းနဲ့တင် ရန်တိက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ စွမ်းအားအမြင့်မားဆုံးလို့ သတ်မှတ်လို့ရတယ်”
ထိုစကားကိုကြားသည်နှင့် အားလုံးပါးစပ်ပိတ်သွားကြသည်။
ကောင်းကင်ထက်မှ ရန်တိကို စက္ကန့်မလပ် စူးစိုက်ကြည့်နေသည့် ဟွမ်ကွမ်လီကတော့ အစကတည်းက စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။
ရန်တိက သူ့ရှေ့မှ မဟာမီးတောက်မိစ္ဆာဘုရင်ကို ဓားဖြင့် ထိုးညွှန်ရင်း မတ်တတ်ရပ်နေသည်။
သူက တည်ငြိမ်သည့်အမူအရာဖြင့်...
“မင်းတို့တွေ ဆက်တိုက်နိုင်သေးလား”
စုန့်ဝူလျန်က ခေါင်းခါယမ်းရင်း...
“မတိုက်နိုင်တော့ဘူးဆိုရင်တောင်မှ ငါတို့ ဆက်တိုက်ဦးမှာပဲ”
တိုက်ပွဲကိုကြည့်နေကြသည့် ကျင်းကျုန်းနှင့် အခြားမီးတောက်မိစ္ဆာဘုရင်များလည်း သတိပြန်ဝင်လာကြသည်။
သူတို့က ကောင်းကင်ထက်တွင်လောင်ကျွမ်းနေသောမီးတောက်များကို မငြိမ်မသက်ဖြစ်စေလျှက် တိုက်ပွဲပြန်လည် စတင်ရန် ပြင်ဆင်ကြသည်။
ရန်တိက...
“ဒါဖြင့် ငါတို့ တိုက်ကြတာပေါ့”